← Chapters

အခန်း (၂၀၁)

Vol. 19 Ch. 201

အခန်း (၂၀၁)

Vol. 19 Ch. 201

“ကောင်းပြီ၊ တစ္ဆေနတ်ဆိုးစမ်းသပ်မှုက ပြီးဆုံးပြီဆိုမှတော့ စန်းယွမ်ပို့ဆောင်ရေးဌာနက လူတွေက မင်းတို့ကို လာခေါ်ကြလိမ့်မယ်။ အားလုံးပဲ ဒီမှာ ခနလောက်အနားယူလိုက်ကြပါဦး”

လင်းချင်းကျီက လုရှီရန်ကို လှမ်းပြောလိုက်ပြန်သည်။

“ကွမ်လန်နန်းတော်က တပည့်ကိုတော့ စန်းယွမ်ဌာနက လာခေါ်မှာ မဟုတ်ဘူး။ မင်းကို လာခေါ်မယ့်လူတွေက သိပ်မကြာခင် ရောက်လာလိမ့်မယ်လို့ ငါထင်တယ်”

“အို” လုရှီရန်က ခေါင်းညိတ်ပြလိုက်သည်။

ထိုအရာများကို လောလောဆယ်၌ သူမစိတ်မဝင်စားပါချေ။

သူတို့ပြောနေသည့်အခိုက်မှာပင် အဝေးတွင် အတောင်ပံခတ်ကာ လာနေသည့် ဧရာမ ငှက်အနက်ကြီးများကို မြင်တွေ့လိုက်ကြရသည်။

“သူတို့က ငါတို့ကို လာခေါ်နေပြီဟေ့” ယုဖန်ရှန်းက ငှက်နက်ကြီးကို မြင်သည်နှင့် သံဓားဂိုဏ်းမှ တပည့်များကို လှမ်းအော်ပြောလိုက်သည်။

“ချင်းလဲ့ဓားသခင်၊ ကျုပ်တို့ နောက်မှ ပြန်တွေ့ကြမယ်။ သံဓားဂိုဏ်းက ဒီကြင်နာမှုကို လုံးဝမမေ့ပါဘူး။ အနာဂတ်မှာ ဘာအကူအညီပဲလိုလို စာပို့ပြီးဆက်သွယ်လိုက်ပါ။ သံဓားဂိုဏ်းက ခင်ဗျားအတွက် မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် နောက်မတွန့်ဘူး”

ယုဖန်ရှန်းမှာ စစ်ဘီလူးတယောက်ဖြစ်သည့်တိုင်အောင် သစ္စာရှိကာ စကားတည်သူဖြစ်သည်။

“ကောင်းပြီ၊ ကျုပ်တို့ကို လိုက်ပို့စရာ မလိုဘူး”

လီချန်ချင်းက ဘာမှမပြောပဲ လက်သီးဆုပ်ကာ ဦးညွတ်လိုက်သည်။

“ချင်းလဲ့ဓားသခင်၊ သူပြောသလိုပဲ လိုအပ်တာရှိရင် စာသာပို့လိုက်ပါ” ယွမ်ဝုတီကလည်း ဆက်ပြောသည်။

မကြာမီ ဂိုဏ်းပေါင်းစုံကို လာခေါ်သော ငှက်ကြီးများ တကောင်ပြီးတကောင် ရောက်လာခဲ့သည်။ အားလုံးမှာ ထွက်သွားဖို့အတွက် ပြင်ဆင်နေကြပြီ။

သို့သော် သူတို့မသွားခင်တွင် လူတိုင်းက လီချန်ချင်းထံသို့ လာရောက်အရိုအသေပေးကာ နှုတ်ဆက်ကြသည်။

နှင်းလင်းယုန်နန်းတော်မှ မိုဟန်ပင်လျှင် မျက်နှာမပျက်စေရန်အတွက် လာရောက်နှုတ်ဆက်သော်လည်း လီချန်ချင်းက ထိုလူ၏ စကားကို စိတ်ထဲမထားပေ။ မိမိအကျိုးအမြတ်အတွက် မိတ်ဆွေကို သစ္စာဖောက်သော လူမျိုးထံမှ အကူအညီကို လီချန်ချင်းက မယူရဲပါ။

လူတိုင်းထွက်ခွာခါနီးမှာပင် ကောင်းကင်ထက်မှ ရဲရဲတောက်နေသော ဖီးနစ်ငှက်တကောင် ထိုးဆင်းလာခဲ့သည်။

ဖီးနစ်ငှက်ပေါ်တွင်တော့ ရုပ်သွင်နှစ်ခုရှိသည်။

တယောက်မှာ အဆင့်မြင့်ဆရာသခင်အဆင့် ကျင့်ကြံမှုရှိသော လူအိုကြီးတယောက်ဖြစ်ပြီး၊ နောက်တယောက်မှာမူ ငယ်ရွယ်သော အမျိုးသမီးတယောက်ဖြစ်၏။

သူတို့က ကွမ်လန်နန်းတော်၏ အမှတ်တံဆိပ်ဝတ်စုံများနှင့် ဖြစ်သည်။

မီးငှက်မှာ မြေပြင်ပေါ်သို့ ချက်ချင်းရောက်လာခဲ့၏။

လူအိုကြီးမှာ ငှက်ပေါ်မှ ဆင်းလာပြီးသည့်နောက်တွင် လင်းချင်းကျီကို တွေ့သည်နှင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“လူကြီးမင်းလင်း၊ မတွေ့တာကြာပြီ”

“နှစ်တွေအတော်တောင် ကြာပြီပဲ” လင်းချင်းကျီကလည်း ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။

“လုဟန်ရန်ရဲ့ အခြေအနေကြောင့်ထင်တယ် ကွမ်းယွမ်နန်းတော်သခင်ဖြစ်တဲ့ ခင်ဗျားကိုယ်တိုင်တောင်မှ ရောက်လာခဲ့တာပဲ။”

“လုဟန်ရန်ရဲ့ ဝိဉာဉ်ကျောက်ပြားကွဲကြေသွားတာနဲ့ သူမတခုခုဖြစ်နေပြီဆိုတာကို ဂိုဏ်းကသိတာနဲ့ စစ်ဆေးဖို့အတွက် ကျုပ်ကို လွှတ်လိုက်တာပါ”

“သူက ကွမ်းယွမ်နန်းတော်သခင် ဟယ်ကျူမင်ပဲ။ ကွမ်းယွမ်နန်းတော်က ကွမ်လန်နန်းတော်ရဲ့ နန်းဆောင် ၁၄ခုထဲက တခုပဲ” လီကျင်းစုန့်က လီချန်ချင်းကို တချိန်တည်းမှာပင် ရှင်းပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အသစ်ရောက်လာသည့်လူအား လီချန်ချင်းက စိတ်ဝင်တစားနှင့် အကဲခတ်နေခြင်းကြောင့်ပင် ဖြစ်သည်။

လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှတော့ ဆက်မပြောပေ။

သို့ပေမယ် ဟယ်ကျူမင်နှင့်အတူပါလာသော အမျိုးသမီး၏ မျက်နှာမှာ အေးစက်နေပြီး သူမ၏ ဒေါသတကြီးဖြစ်နေသော မျက်ဝန်းများမှာ လုရှီရန်ကို စိုက်ကြည့်နေခဲ့သည်။

လုရှီရန်က ဘာမှ မပြောနိုင်ခင်မှာပင် ထိုအမျိုးသမီးက သူမ၏ လက်ကိုမြှောက်လိုက်ပြီး လုရှီရန်ကို ပါးချလိုက်၏။

ထိုလုပ်ရပ်မှာ လွန်စွာမှကို လျင်မြန်လှသောကြောင့် လုရှီရန်က တုန့်ပြန်ချိန်ပင် မရလိုက်ချေ။ ထိုအမျိုးသမီးမှာ မူလအဆင့်ကျင့်ကြံသူဖြစ်သောကြောင့် လုရှီရန်က ရှောင်နိုင်စွမ်းမရှိပါချေ။

ကျယ်လောင်သောပါးရိုက်သံကြောင့် လူတိုင်းက အာရုံစိုက်မိသွားကြသည်။ ကွမ်လန်နန်းတော်က ပါရမီရှင်က အခုလိုပဲ အရိုက်ခံလိုက်ရတာလား

“ခင်ဗျား ဘာလုပ်တာလဲ” လီဟမ်ရှန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်

“နင်နဲ့ ဘာဆိုင်လဲ” ထိုအမျိုးသမီးက အေးစက်စွာဖြင့်ပြောလိုက်သည်။

“ဒါက ငါတို့ ကွမ်လန်နန်းတော်ရဲ့ ကိစ္စပဲ။ နင့်ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဝင်ပါစရာ ဘာသောက်ကြောင်းမှ မရှိဘူး ကောင်စုတ်လေး”

“သူက ငါ့မိတ်ဆွေပဲ” လီဟမ်ရှန်းက အကြောက်အရွံ့ကင်းစွာ ပြောလိုက်သည်။

“ဟမ့် မိတ်ဆွေတဲ့လား” အမျိုးသမီးမှာ လုရှီရန်အား သရော်ပြုံးနှင့် ကြည့်လိုက်သည်။

“နင့်လို ခွေးမက မိတ်ဆွေတွေဘာတွေနဲ့။ ငါဆရာ့ကို ပြောပါတယ်၊ နင့်ကို ကွမ်လန်နန်းတော်ထဲကို ခေါ်လာတာက ကံဆိုးမိုးမှောင်ကျစေနိုင်တယ်လို့။ နင်က ကံဆိုးမပဲ။ နင့်ကိုသာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ဆရာလိုက်မပို့ရင် ဆရာက အခုလို အဆုံးသတ်ရမှာ မဟုတ်ဘူး။ လုရှီရန်.. နင်က ဆရာ့ကို သတ်ခဲ့တာပဲ”

ထိုစကားကြောင့် လုရှီရန်၏ တကိုယ်လုံးမှာ တုန်ယင်သွားကာ မြေပြင်ပေါ်သို့ ခွေခေါက်ပြီး လဲကျသွားခဲ့၏။

မျက်ရည်များမှာ သူမ၏ မျက်နှာပြင်ထက်သို့ ဒလဟော စီးကျလာခဲ့သည်။

“ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ”

လီဟမ်ရှန်းက အော်လိုက်၏။

“အ အမ ကျွန်မက အဲ့လိုမဟုတ်ပါဘူး” လုရှီရန်က ငိုကြွေးနေရင်းနှင့် ရှိုက်ရင်း ပြောလိုက်သည်။

“ဒါက ဘာလဲ”

ထိုအမျိုးသမီးမှာ လုရှီရန်၏ လက်ထဲမှ ပန်းချီရတနာကို လှမ်းဆွဲလိုက်သည်။

“အမ ဒါက ဆရာက ကျွန်မကို ပေးခဲ့တာပါ”

လုရှီရန်က ကြောက်လန့်တကြီးနှင့် ပြန်ဆွဲယူရန် ကြိုးပမ်းလိုက်သည်။ သို့သော် အမျိုးသမီးမှာ အေးစက်စွာ အော်ဟစ်လိုက်ပြန်၏။

“ဒါက ဆရာ့ရဲ့ ကြယ်မြစ်တစ်ရာပန်းချီရတနာ။ နင့်ကို ပေးတယ်ဆိုရင်တောင် နင်သုံးရမယ့်အလှည့်လား။ ငါကဆရာ့ရဲ့ အကြီးဆုံးတပည့်ပဲ။ ငါက အရင်ရမှာ”

“ပြန်ပေးပါ”

လုရှီရန်က မတ်တပ်ရပ်ပြီး ပန်ချီကားကို ပြန်ဆွဲလုသည်။

“လုရှီရန်”

ထိုအခိုက်တွင် ဟယ်ကျူမင်က အေးစက်စွာနှင့် ပြောလိုက်သည်။

“ဒါက ဟန်ရန်ရဲ့ ပန်းချီရတနာပဲ။ ပေးရမယ်ဆိုရင်တောင် အကြီးဆုံးတပည့်ဖြစ်တဲ့ ဟန်နင်ကို ပေးရမှာ။ ဟန်ရန်က မဆုံးပါးခင်မှာ နင့်ကို ပေးခဲ့တယ်ဆိုရင်တောင် နင့်လို ပြန်လည်မွေးဖွားခြင်းအဆင့်လက်ထဲမှာ ဒီပန်းချီရတနာ ရှိနေတာက အလကားပဲ”

“မရဘူး။ ဆရာသခင်က ကျွန်မကိုပဲ ပေးခဲ့တာ” လုရှီရန်က ခေါင်းမာနေဆဲ

“ခွေးမ နင်တော့ သေချင်နေပြီ။ နင့်ကျင့်ကြံမှုတွေကို ငါ ဖျက်ဆီးပစ်မယ်” ဟန်နင်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖြစ်နေခဲ့သည်။

လေလွင့်ကလေးငယ်တယောက်မှာ ဘယ်ကမှန်းမသိ ထွက်လာခဲ့ပြီးနောက် ကွမ်လန်နန်းတော်၏ ပါရမီရှင်ဖြစ်လာသည်။ မြောက်မြားလှသော အရင်းအမြစ်များကို ပိုင်ဆိုင်ခဲ့ရပြန်သေးသည်။ ထို့အပြင် ကွမ်ကျူးကလည်း သူမကို ချစ်ခင်သေး၏။ ဟန်နင်မှာ မနာလိုပဲ မနေနိုင်ခဲ့ပေ။

“လုရှီရန်၊ ငါပြောတာကို ခုထိ နားမလည်သေးဘူးလား” ဟယ်ကျူမင်ကလည်း လျှောက်လာပြီးနောက်တွင် ဟန်နင်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ဂိုဏ်းပေါင်းစုံရှေ့တွင် ရှက်စရာဖြစ်အောင် မလုပ်သင့်သည် မဟုတ်ပါလား။

“စောက်အဖိုးကြီး အသက်ကြီးပြီးတော့ အချိန်မစီးဘူး။ လူကြားထဲမှာ ကလေးမလေးကို အနိုင်ကျင့်နေတာ မရှက်ဘူးလား။ နတ်မိမယ်ဟန်ရန်က သူ့ရဲ့ ပန်းချီရတနာကို လုရှီရန်ကို ပေးခဲ့တယ်ဆိုတာ ဒီမှာရှိတဲ့ လူတိုင်း မြင်တယ်၊ သိလည်းသိတယ်။ အခုနတ်မိမယ်ဟန်ရန်က မရှိတော့ပေမယ့် သူမရဲ့ဆုံးဖြတ်ချက်ကို အပြင်လူဖြစ်တဲ့ ခင်ဗျားက ဝင်စွက်ဖက်ဖို့ အခွင့်အာဏာဘာရှိလဲ”

လီဟမ်ရှန်းမှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် ထုတ်ဆဲသည့် အဆင့်သို့ ရောက်သွားတော့သည်။

“သေချင်နေတာလား။ မင်းကို စကားပြောခွင့် ဘယ်သူပေးလို့လဲ”

ဟယ်ကျူမင်၏ မျက်နှာအမူအရာမှာ ချက်ချင်းကို ပြောင်းလဲသွားတော့သည်။ ဘာမဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်ကများ သူ့ကို မလေးမစား လုပ်ရဲသေးတယ်။

လီဟမ်ရှန်း၏ မြင်ကွင်းများမှာ ချက်ချင်းကို မှုန်ဝါးသွားသည်။ ဟယ်ကျူမင်မှာ သူ့အရှေ့သို့ ချက်ချင်းကို ရောက်လာခဲ့ပြီး မျက်နှာကို ရိုက်ရန်အတွက် သူ့လက်ကို မြှောက်လိုက်လေ၏။

တခဏအတွင်းမှာပင် အဆင့်မြင့်ဆရာသခင်၏ ဖိအားမှာ လီဟမ်ရှန်းကို ဒူးထောက်ကျမတက်ပင်။

ထိုအခိုက်မှာပင် ဟယ်ကျူမင်၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားခဲ့သည်။ သူ့လက်မှာ လေထုထဲတွင် တန့်နေခဲ့သည်။

ဓားနှစ်လက်မှာ သူ့အရှေ့တွင် မျက်စိဖြင့်မမြင်နိုင်သော အရှိန်နှင့် ရုတ်တရက်ပေါ်လာခဲ့သည်။

ဓားတလက်မှာ ရေလှိုင်းဓားဖြစ်ပြီး သူ၏ နဖူးကို ထောက်ထားသည်။

နောက်တလက်မှာ အေးစက်နေသောအရှိန်အဝါထွက်ပေါ်နေသည့် ချင်းရွှမ်အာဏာဓားဖြစ်ပြီး သူ့လည်ပင်းကို ကန့်လန့်ဖြတ်တင်ထားသည်။

ဟယ်ကျူမင်သာ လှုပ်ရှားလိုက်ပါက ချက်ချင်း ခေါင်းပြတ်သွားမည် ဖြစ်သည်။

“ခင်ဗျားတို့ ဒါဘာသဘောလဲ”

ဟယ်ကျူမင်က လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်အား လှမ်းမေးလိုက်သည်။

“လီဟမ်ရှန်းက ငါ့ရဲ့ ဂိုဏ်းကပဲ။ ဆုံးမမယ်ဆိုရင်တောင် ငါပဲ ဆုံးမခွင့်ရှိတယ်။

မင်းရဲ့ ညစ်ပတ်နေတဲ့ လက်ကို ဖယ်ထားလိုက်။ မင်းမှာ သတ္တိရှိရင်တော့ ရိုက်လိုက်ပေါ့။ မင်းလက်ကပဲ မြန်မလား၊ ငါ့ရဲ့ဓားကပဲ မြန်မလားဆိုတာ လောင်းကြတာပေါ့”

ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီကလေးနှစ်ယောက်က ငါ့ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိတယ်”

လီချန်ချင်းက သူ၏ မျက်ဝန်းများကို မှေးကျဉ်းကာ ပြောလိုက်သည်။

“မင်းသူ့ကိုထိရဲထိကြည့်၊ မင်းခေါင်းကို ငါဖောက်ထုတ်ပစ်မယ်။ မင်းမှာ ဦးနှောက်ရှိ၊မရှိဆိုတာကို လူတိုင်းမြင်စေရမယ်။

ကောင်မလေးကိုလည်း မင်းထိရဲရင်ထိကြည့် ထိတာနဲ့ မင်းခေါင်းအပေါက်ပဲ”

“မင်းတို့ကောင်တွေက သတ္တိကောင်းနေတာပဲ”

ဟယ်ကျူမင်အား ချင်းရွှယ်အာဏာဓါးအရှင် ရွှယ်ချမ်းပိုင်နှင့် လက်တလောမှ နာမည်ကျော်ကြားလာသော ချင်းလဲ့ဓားသခင် နှစ်ယောက်ပေါင်း၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။

“မင်းတို့တွေက ငါ့ရဲ့ ကွမ်လန်နန်းတော်ကို အရုပ်များထင်နေလား”

ဟယ်ကျူမင်က အော်ဟစ်လိုက်သည်။

“မင်းက ကွမ်လန်နန်းတော်ကဆိုရင်ကော ဘာဖြစ်လဲ”

လီချန်ချင်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

“လုရှီရန်သာ ကွမ်လန်နန်းတော်မှာ အနိုင်ကျင့်ခံရရင် ငါကိုယ်တိုင် ကွမ်လန်နန်းတော်ကို သတ်ဖြတ်ပြီးတော့ ဖောက်ဝင်လာခဲ့မယ်။ သူမကို အနိုင်ကျင့်တာ မင်းဖြစ်နေရင် မင်းသေရမယ်။ မင်းမဟုတ်ရင်တောင် သူမ အနိုင်ကျင့်ခံရပြီဆိုတာနဲ့ ကွမ်လန်နန်းတော်ကို ငါ ရောက်လာရင် အရင်ဆုံး အသတ်ခံရမှာက မင်းပဲ”

“ဟာသပဲ၊ မင်းတယောက်ထဲနဲ့လား”

ဟယ်ကျူမင်မှာ ဟာသတပုဒ်ကို ကြားလိုက်ရသည်နှယ် မခိုးမခန့်ပြုံးလိုက်လေသည်။ ကွမ်လန်နန်းတော်ကို သတ်ဖြတ်ဝင်ရောက်ပြီးတော့ သူ့ကိုပင် သတ်ပစ်ဦးမည်ဟု ဒီလူသစ်က ပြောလိုက်သည်မဟုတ်ပါလား။

“ပြီးတော့ ငါ”

ပြန်ဖို့ပြင်ဆင်နေသော ယုဖန်းရှန်က ရုတ်တရက်ဝင်ပြောလိုက်သည်။

“ချင်းလဲ့ဓားသခင်၊ ခင်ဗျားသာ ကွမ်လန်နန်းတော်ကို တိုက်ခိုက်မယ်ဆိုရင် ကျုပ်ရဲ့ သံဓားဂိုဏ်းက ပျော်ပျော်ကြီး အားဖြည့်ကူညီပေးမယ်”

“ မြောက်ပိုင်းအေးခဲနိုင်ငံတော်က ကျုပ်ကလည်း ကူညီဖို့အတွက် နောက်မတွန့်ဘူး”

ကျန်းယွမ်ကျိက တည်ငြိမ်စွာ ဝင်ပြောသည်။

“ကွမ်လန်နန်းတော်က မာန်တက်နေရအောင် ဘာများကြီးကျယ်နေလို့လဲ။ ကျုပ်က ကွမ်ကျူးကိုတော့ မယှဉ်နိုင်ဘူး ဒါပေမယ့် ဟယ်ကျူမင်ဆိုတာက ခွေးသာသာပဲ ရှိတာကို။ ချင်းလဲ့ဓားသခင် ကျုပ်တို့ ယွမ်မင်းဆက်ကလည်း ကူညီမယ်”

ယွမ်ဝူတီက မာနကြီးစွာ ဝင်ပြောလိုက်သည်။

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ချင်းလဲ့ဓားသခင်နဲ့ တဖက်တည်းမှာပဲ ရပ်တည်မယ်”

“ကျုပ်တို့ရဲ့ ပြန်လမ်းမဲ့ဂိတ်က နေရာဒေသ ဝေးကွာတယ်ဆိုပေမယ့် ချင်းလဲ့ဓားသခင်အတွက်ဆိုရင် အင်အားအလုံးအရင်းစုပြီး ရောက်အောင် လာခဲ့ပြီး ကွမ်လန်နန်းတော်ကို တိုက်ခိုက်ပေးပါ့မယ်”

“ဝူမိသားစုကလည်း ချင်းလဲ့ဓားသခင်ကို ကူညီဖို့ နောက်မတွန့်ဘူး”

“ချင်းလဲ့ဓားသခင်၊ ကျွန်မတို့ ဆေးဘုရင်တောင်ကြားကလည်း အင်အားနည်းပါးပေမယ့် ကွမ်လန်နန်းတော်လို မျက်နှာပြောင်မတိုက်ဘူး။ လိုအပ်တဲ့နေရာကနေ ကူညီပေးမယ်”

မူချင်းကောက အေးစက်စွာ ပြောလိုက်သည်။

ရှိရှိသမျှသော ဂိုဏ်းပေါင်းစုံတို့မှာ ချင်းလဲ့ဓားသခင်ဖက်မှ ရပ်တည်ကာ ကွမ်လန်နန်းတော်ကို အမြစ်ပြတ် ချေမှုန်းဖို့ ဟန်ပြင်နေကြသည်။

ဟယ်ကျူမင်နှင့် ဟန်နင်မှာ ဆွံ့အနေခဲ့ချေပြီ

“ဘာ…ဘာတွေ… ဖြစ်ကုန်ကြတာလဲ…”

All Chapters