← Chapters

အခန်း (၂၀၃)

Vol. 19 Ch. 203

အခန်း (၂၀၃)

Vol. 19 Ch. 203

လီဟမ်ရှန်းက အနောက်သို့ လှည့်လိုက်ပြီးနောက်တွင် အေးစက်နေသော အရိပ်အယောင်များမှာ သူ့မျက်ဝန်းများတွင် ဖြတ်ပြေးသွားခဲ့သည်။

ထို့နောက်တွင် သူက ဟန်နင်ရှိရာသို့ ချဉ်းကပ်သွားလေ၏။ ဟန်နင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီးနောက်တွင် သူမ၏ မူလအဆင့်အရှိန်အဝါကို လွှတ်ထုတ်ကာ လီဟမ်ရှန်းကို ဖိနှိပ်လိုက်ခဲ့သည်။

သူမက လီဟမ်ရှန်းအား မာနကြီးစွာဖြင့် ကြည့်လိုက်သည်။

“နင်က ဘာလုပ်ချင်တာလဲ၊ ကောင်စုတ်လေး”

“နင် လုရှီရန်ကို လုပ်ခဲ့သမျှကို ငါက နင့်ကို ပြန်လုပ်ပစ်မယ်”

လီဟမ်ရှန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“နင်လုပ်ရဲလား” ဟန်နင်က အံကြိတ်သံနှင့် ပြော၏။

“စိတ်မပူနဲ့” ထိုအခိုက်တွင် အဝေးကနေပွဲထိုင်ကြည့်နေသော ယုဖန်ရှန်းက ပြောလိုက်သည်။

“ကောင်လေး၊ မင်းစိတ်မပူနဲ့၊ မင်းစိတ်ကြိုက်သာလုပ်။ အဲ့ဒီ့ကောင်မလေး လှုပ်ရှားတာနဲ့ သူ့ကို ဒုက္ခိတဖြစ်အောင် ဦးလေးယုက မင်းကို ကူညီပေးမယ်”

သူမက ဟယ်ကျူမင်အား အကူအညီတောင်းသည့် အကြည့်နှင့် ကြည့်လိုက်လေသည်။ သို့သော် ဟယ်ကျူမင်မှာမူ သူမအကြည့်ကို ရင်မဆိုင်ပဲ နံဘေးသို့သာ ကြည့်နေခဲ့သည်။ သူ၏ အပြုအမူမှာ သူမအား ကိုယ့်ကိစ္စကို ကိုယ်သာရှင်းဟု ပြောနေသည့်အလားပင်။

လီဟမ်ရှန်းက ယုဖန်ရှန်းကို အံ့အားစွာကြည့်လိုက်သည်။ ဘယ်ကနေပြီးတော့ ဦးလေးယုဆိုပြီး ဖြစ်သွားခဲ့ရတာလဲ။

ယုဖန်ရှန်းမှာ လူကြမ်းကြီးဖြစ်သော်လည်း ငတုံးမဟုတ်ပေ။ ချင်းလဲ့ဓားသခင်က လီဟမ်ရှန်းကို ဂရုစိုက်တာကို သူသိလေသည်။

ထို့ကြောင့် သူက လီဟမ်ရှန်းကို ဂရုစိုက်ပြီး ချင်းလဲ့ဓားသခင်နှင့် ဆက်ဆံရေးကောင်းအောင် ကြိုးပမ်းလိုခဲ့သည်။

ထို့အပြင် ရှေးဟောင်းတာအိုဂိုဏ်းတွင် လီဟမ်ရှန်း၏ အနေအထားမှာ သာမန်မဟုတ်ကြောင်းကိုလည်း သူသတိထားမိပေသည်။ ရွှယ်ချမ်းပိုင်ကိုယ်တိုင်ပင်လျှင် လီဟမ်ရှန်းအား မသိမသာကော၊ သိသိသာသာပါ ဂရုစိုက်ပေးသည် မဟုတ်ပါလား။

ထို့ကြောင့် ယုဖန်ရှန်းမှာ သူ၏ သိက္ခာကို ထည့်တွက်မနေတော့ပဲ။ သူ့ကိုယ်သူ ဦးလေးယုဟု ခေါ်ဆိုပစ်ခြင်းပေ။

ထိုကလေးမှာ အနာဂတ်တွင် နဂါးတကောင် ဖြစ်ရင်ဖြစ်လာနိုင်မည် မဟုတ်လား။ ထိုကလေးက အလားအလာရှိပေသည်။ သူက တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်မဟုတ်လား။ ထို့ကြောင့် သူ့အား ရင်းနှီးမြုတ်နှံဖို့ သင့်လေသည်။

ထို့ကြောင့် ယုဖန်ရှန်းက သူ၏ စိတ်ရင်းအား လီဟမ်ရှန်းကို ချက်ချင်းပြသခဲ့လေသည်။

“ဖြန်း”

လီဟမ်ရှန်းက အားကုန်သုံးကာ ဟန်နင်၏ ပါးကို ရိုက်ချလိုက်၏။

ထိုရိုက်ချက်မှာ သာမန်ဟုတ်မနေပြန်ပေ။ အင်မော်တယ်အရှင်သခင်လှံသိုင်း၏ အဟုန်မှာ သူ၏ ခန္ဓာကိုယ်ထဲတွင် လှည့်လည်နေခြင်းကြောင့် ထိုပါးရိုက်ချက်မှာ ပေါက်ကွဲအားက လွန်စွာ ပြင်းထန်နေခဲ့ပါသည်။

ဟန်နင်၏ မူလအတွေးမှာ လီဟမ်ရှန်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်သို့သာ ရောက်နေသော သာမန်ငချွတ်လေးဟုသာ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သူ့ရဲ့ ရိုက်ချက်က ဘယ်လောက်များပြင်းထန်မှာမို့လို့လဲ။

သို့သော် လီဟမ်ရှန်း၏ ပါးရိုက်ချက်က ကျဆင်းလာသောအခါတွင်မူ ဟန်နင်မှာ အဝေးသို့ ချက်ချင်းပင် လွင့်ပျံသွားခဲ့တော့သည်။ သူမသည် မီတာ ၂၀အကွာအဝေးအထိ လွင့်သွားကာ အရှက်ကွဲသွားခဲ့တော့သည်။

ဟန်နင်အား ပါးရိုက်ပြီးနောက်တွင် လီဟမ်ရှန်းမှာ သူ့လက်ဖဝါးနှစ်ဖက်ကို ဖုန်ခါလိုက်သေးသည်။

လူတိုင်း၏ အမူအရာများမှာ ထူးဆန်းကုန်သွားတော့သည်။

ဒီကောင်လေးက တကယ့်ကို အကြင်နာမဲ့တာပဲ။

လီဟမ်ရှန်း၏ လှုပ်ရှားမှုမှ ထွက်ပေါ်လာသည့် ပေါက်ကွဲအားကို လူတိုင်းက ကောင်းစွာ ခံစားလိုက်မိကြသည်။

“အင်မော်တယ်အရှင်သခင်လှံသိုင်းကို ဒီလိုနည်းနဲ့ ကိုယ်ခံပညာထဲကို ထည့်သုံးလို့လဲ ရတာကိုး”

လီကျင်းစုန့်ပင်လျှင် အလင်းပွင့်သွားခဲ့သည်။

“နင်”

ဟန်နင်က ဒယီးဒယိုင်နှင့် ထလာခဲ့ကာ သူမ၏ သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ရင်း အော်လိုက်သည်။

ဒါပေမယ့် သူမသာ လှုပ်ရှားလိုက်ပါက သေဆုံးရမည်မှာ သူမဖြစ်သည်ကို ကောင်းစွာ သတိထားမိပါသည်။

လီဟမ်ရှန်းကို ဂိုဏ်းပေါင်းစုံရှိ စွမ်းအားကြီး ပုဂ္ဂိုလ်တို့က ထောက်ပံ့ပေးထားသည်ကို သူမသိပါသည်။

အဆုံးသတ်တွင်တော့ ဟန်နင်က အံတင်းတင်းကြိတ်ကာ ဟယ်ကျူမင်၏ နံဘေးတွင်သာ တိတ်တဆိတ် ရပ်ရန်သာ ရွေးချယ်ခဲ့လေ၏။ သူမသည် လီဟမ်ရှန်းနှင့် မျက်လုံးချင်း မဆုံမိအောင်သာ နေနေတော့သည်။ သူမအတွက် ဤနေရာတွင် တစက္ကန့်ပိုနေရခြင်းသည် မခံစားနိုင်အောင်ကို ရှိနေခဲ့တော့သည်။

သူမလိုမျိုး မူလအဆင့်ကျင့်ကြံသူတယောက်မှာ ပြန်လည်မွေးဖွားခြင်းအဆင့်ရှိသူ၏ ပါးရိုက်ခံရခြင်းမှာ လွန်စွာမှကို အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းပင်။

“ကြည့်စရာပွဲ မရှိတော့ဘူးဆိုမှတော့ ငါတို့တွေ သွားကြရအောင်”

ယုဖန်ရှန်းက ခပ်လှောင်လှောင်ပြုံးရင်းနှင့် ဆိုလိုက်သည်။

“လီဟမ်ရှန်းရေ အချိန်ရရင် ဦးလေးယုဆီကို လာလည်ကွာ”

“ကျေးဇူးပါခင်ဗျာ ဦးလေးယု” လီဟမ်ရှန်းက လက်သီးဆုပ်ဦးညွတ်ကာ အရိုအသေပေးလိုက်ပြန်သည်။

တဖက်က ဦးလေးယုဟု သုံးနှုန်းနေသောကြောင့် လီဟမ်ရှန်းကလည်း ခေါင်းမာမနေပဲ ထိုအတိုင်းသာ ပြန်နှုတ်ဆက်လိုက်ခဲ့သည်။

ကျန်သူများကလည်း တယောက်ပြီးတယောက် ပြန်လည်ထွက်ခွာသွားကြတော့၏။

“ငါတို့လည်း သွားစို့”

ဟယ်ကျူမင်က လုရှီရန်နှင့် ဟန်နင်ကို ကြည့်ကာ ပြောလိုက်ခြင်းဖြစ်သည်။

ဟန်နင်က လီဟမ်ရှန်းကို စူးစိုက်ပြီး ကြည့်နေခဲ့သည်။ သူမ၏ အကြည့်တွင် သတ်ဖြတ်ငွေ့များကို ချုပ်တီးမထားခဲ့ပေ။ လီဟမ်ရှန်းမှာမူ သူမကို လုံးလုံးပင် လျစ်လျူရှုထားခဲ့လေသည်။

“ယောကျ်ား၊ ကျွန်မ သွားပါတော့မယ်” လုရှီရန်က လီဟမ်ရှန်းထံသို့လာကာ ပြောလိုက်သည်။

“အာ.. သွားလေ” လီဟမ်ရှန်းမှာ လုရှီရန်ကို အမှားပြင်ပေးရသည်မှာ အလွန်များနေပြီ ဖြစ်သောကြောင့် ဤတကြိမ်တော့ မပြင်ပေးပါတော့ချေ။ ဒီငတုံးမလေးကို အဖက်လုပ်ပြီး ပြင်ပေးမနေတော့ပေ၊ သူမ ခေါ်ချင်သလိုသာ ခေါ်ပါစေတော့။

“ကျွန်မ ကွမ်လန်နန်းတော်ကို ရောက်ရင် ယောကျ်ားကို စာရေးပါ့မယ်”

လုဟန်ရန်သေဆုံးပြီးနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် လုရှီရန်၏ မျက်ဝန်းများမှာ ပျော့ပျောင်းလာခဲ့လေသည်။ လုဟန်ရန် သေဆုံးပြီးနောက်တွင် လုရှီရန်၏ လီဟမ်ရှန်းပေါ်အမြင်မှာ အလွန်တရာကို ပျော့ပျောင်းသွားခဲ့ချေလေပြီ။

လုဟန်ရန်က သူမကို ပြောခဲ့ဖူးသော စကားတခွန်းရှိလေသည်။

“ချစ်သူကသာ ဘဝတလျှောက်လုံးမှာ အဖော်ပြုပေးနေမှာပဲ၊ ကျန်တဲ့လူတွေကတော့ ဖြတ်လျှောက်တွေပဲလေ”

ထို့ကြောင့် လုရှီရန်သည် လီဟမ်ရှန်းကသာ ဤလောကထဲတွင် သူမ၏ တဦးတည်းသော မိသားစုဟု နှလုံးသား၏ အနက်ရှိုင်းဆုံးအထဲမှ ခံစားခဲ့ရလေသည်။

သူကသာ ဤလောကတွင် သူမဘဝအတွက် နွေးထွေးမှုကို ယူဆောင်ပေးခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ခွဲခွာချိန်သို့ရောက်သောအခါတွင် လုရှီရန်မှာ အနည်းငယ်တွေဝေနေခြင်းပင်။

“ကောင်းပါပြီ”

ယခုအချိန်မှစ၍ ကွမ်လန်နန်းတော်ရှိ လုရှီရန်၏ ဘဝမှာ မအေးချမ်းတော့သည်ကို လီဟမ်ရှန်းက ကောင်းကောင်းခံစားနေခဲ့ရတော့သည်။ သူမတဘဝလုံး ခက်ခက်ခဲခဲ ခံစားခဲ့ရ၏၊ သူမဘဝ၏ အလှည့်အပြောင်းအခြေအနေလေးတွင် အရာရာက ကောင်းမွန်သည့် ဖြစ်ရပ်သို့ ဦးတည်လာခိုက်တွင် သူမ၏ ဆရာဖြစ်သူက အသက်ဆုံးရှုံးသွားခဲ့ရလေသည်။

ထိုကဲ့သို့သော ကြမ္မာငင်မှုက ဆယ်ကျော်သက်အရွယ်မိန်းကလေးကို ရက်စက်လွန်းလှပါ၏။

လုရှီရန်သည်လည်း ဟယ်ကျူမင်နှင့် ကျန်သူများနှင့်အတူတူ ထွက်သွားခဲ့လေသည်။

လီချန်ချင်းသည်လည်း လုရှီရန်၏ ထွက်သွားသောပုံရိပ်ကို ငေးကြည့်နေမိသည်။ သူ၏ သားဖြစ်သူက ဘာကိုတွေးနေလဲဆိုတာကို သူမသိသည့်တိုင်၊ သူ့စိတ်ထဲတွင်တော့ ထိုကလေးမလေးကို သူ၏ ချွေးမလောင်းအဖြစ် သတ်မှတ်ပြီးထားပြီး ဖြစ်သည်။

ထိုကောင်မလေးမှာ အနည်းငယ် တုံးအသော်လည်း၊ ထိုဖြစ်ရပ်မှာ သူမ၏ ကြမ်းတမ်းသော ငယ်ဘဝကြောင့် ဖြစ်လိမ့်မည်ဟု လီချန်ချင်းက တွေးထားခဲ့၏။

အထူးသဖြင့် သူမ၏ အဖိုးတန်လှသော ခုနစ်ရောင်ခြယ်ဆေးလုံးကို လီဟမ်ရှန်းအား တိုက်ကျွေးလိုက်စဉ်တွင် ဖြစ်ပေသည်။ ထိုလုပ်ရပ်ကြောင့် လီချန်ချင်းအနေဖြင့် ထိုကလေးမလေးက မဆိုးဟု ခံစားခဲ့ရပြီး သားဖြစ်သူမှာလည်း ထူးချွန်လှသည်ဟု တွေးခဲ့၏။

စန်းယွမ်ကုန်းမြေကြီးမှာ အမျိုးသားတယောက်က အမျိုးသမီးတယောက်ကိုပဲ ယူခွင့်ရှိတယ်လို့တော့ မသတ်မှတ်ထားပါဘူးနော်

ဟီးဟီး

လီချန်ချင်းက သူ့အရင်ဘဝကို နောင်တရခဲ့ပါသည်။

သူ့တွင် မြေးတယောက်ပင် မရှိခဲ့ပေ။

ယခင်ဘဝက သူ၏ သားဖြစ်သူမှာ လွန်စွာမှကို ရက်စက်ကာ ရိုင်းစိုင်းသောကြောင့် မည်သည့်အမျိုးသမီးမှ သူ့အား နှစ်သက်ခြင်းမရှိပေ။ အကယ်၍ နှစ်သက်သည့်သူ ရှိခဲ့သည်တိုင်၊ လီချန်ချင်းက သဘောတူလိမ့်မည် မဟုတ်ပါချေ။ သူ့သားနှင့် အတူရှိရခြင်းသည် ထိုအမျိုးသမီးလေးအတွက် လွန်စွာမှကို ရက်စက်ရာ ကျလေသည်။

ဒါပေမယ့် လက်ရှိဘဝတွင်တော့ အရင်လိုအဖြစ်မခံနိုင်တော့ပေ။ လုချောင်းချောင်းနှင့် လုရှီရန်ကို ကလေးနှစ်ယောက်စီ မွေးခိုင်းမည်။

မြေးလေးတွေကို ချီပြီး ခွေးလေးတကောင်နဲ့အတူတူ နေ့တိုင်းဆော့ကစားနေရတဲ့ ဘဝက ဘယ်လောက်တောင်မှ ငြိမ်းချမ်းသလဲ

လီချန်ချင်းက မြေးဘယ်နှစ်ယောက်မွေးခိုင်းမည်ဟု စိတ်ကူးယဉ်နေသည်ကိုတော့ လီဟမ်ရှန်းက မသိနေခဲ့ပေ။ သူ့ခေါင်းထဲတွင် လက်ရှိရှိနေသည်မှာ ခုနစ်ရောင်ခြယ်ဆေးလုံး၏ အကြွေးကို မည်သို့ ဆပ်ရမည်ဆိုသည်ပင်။

အချိန်အနည်းငယ်ကြာသော် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနှင့် ကျန်းဟယ်အိမ်တော်တို့၏ ပို့ဆောင်ရေးငှက်ကြီးများ ရောက်လာခဲ့တော့၏။

ဆေးဘုရင်တောင်ကြားမှလည်း မူချင်းကောကို လာရောက်ခေါ်ဆောင်ခဲ့သည်။ သူမ မပြန်ခင်တွင် ချင်းလဲ့ဓားသခင်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ ချင်းလဲ့ဓားသခင်မှာ လီချန်ချင်းနှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားနေခဲ့ရ၏။

သို့သော် သူမက သိပ်မသေချာပေ။

ချင်းလဲ့ဓားသခင် အသုံးပြုခဲ့သော ပန်းပုရုပ်များမှာ လီချန်ချင်းတွင်သာ ရှိနိုင်သောအရာများ ဖြစ်သည် မဟုတ်ပါလား။

သို့သော် လူစိမ်းအများအပြားရှိနေခြင်းကြောင့် ထိုအကြောင်းအရာကို သူမက ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲခဲ့ပါချေ။

သူမတို့ ဆေးဘုရင်တောင်ကြားသို့ရောက်သွားလျှင် ရှင်းရမည့် ပြသနာများစွာတို့ ရှိနေပါသေးသည်။ ဆေးဘုရင်တောင်ကြားမှ ယန်ကျန်းထောင်သည် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်ဖြစ်နေခဲ့သည်လေ။ ထိုကိစ္စကို အားလုံးသိအောင် ရှင်းပြရပေဦးလိမ့်မည်။

အထူးသဖြင့် ကွမ်လန်နန်းတော်နှင့် ပြောဆိုရဦးမည်။

ယန်ကျန်းထောင် သတ်ခဲ့သည်မှာ ကွမ်လန်နန်းတော်မှ လုဟန်ရန်ပင် မဟုတ်လား။

ထိုကိစ္စမှာ ဒီအတိုင်းပြီးသွားလိမ့်မည်မဟုတ်ပေ။ ကွမ်လန်နန်းတော်က တရားမျှတမှုကိုပေးရန် လာရောက်တောင်းဆိုဦးလိမ့်မည်။

လူတိုင်းက တယောက်ကို တယောက်နှုတ်ဆက်ကာ ထွက်ခွာကုန်ကြသည်။ ထိုသို့နှင့် သွေးလွှမ်းသော တစ္ဆေနတ်ဆိုးစမ်းသပ်မှုကြီးမှာ ပြီးဆုံးသွားခဲ့ချေပြီ။

မူချင်းကောမှာ လီဟမ်ရှန်းရှိရာသို့ လာရောက်ပြီးနောက်တွင် နှုတ်ဆက်ခဲ့သည်။ လီဟမ်ရှန်းမှာ မမချင်းကော၏ လုပ်ရပ်ကြောင့် အနည်းငယ် အံ့ဩကာ နားမလည်နိုင်ဖြစ်နေခဲ့ရသည်။

မမချင်းကောက စိတ်ထားလေး ကောင်းလိုက်တာ

(မင်းအဖေကို ကြိုက်နေလို့ပါ ငတုံးရာ)

“စီနီယာချင်းလဲ့၊ လမ်းခရီးဖြောင့်ဖြူးဖို့အတွက် ကျွန်တော်က ဆုတောင်းပါတယ်။ ကျွန်တော် ချန်ထင်မြို့လေးကို ရောက်ဖြစ်ခဲ့ရင် စီနီယာ့ကို ဂါရဝလာပြုပါ့မယ်”

လီဟမ်ရှန်းက လီချန်ချင်းကို အရိုအသေပေးလိုက်လေသည်။

လီချန်ချင်းက ခေါင်းတချက်ညိတ်ကာ ကျန်းဟယ်စံအိမ်မှ တပည့်များကို ဦးဆောင်ကာ ပြန်လည်ထွက်ခွာသွား၏။

သူတို့ လာခဲ့တုန်းက အကြီးအကဲသုံးဦးပါဝင်ခဲ့သည်။ ပြန်လာသောအခါ အကြီးအကဲ တစ်ဦးသာ ကျန်ခဲ့တော့သည်။ အကြီးအကဲတဦးမှာ ထူးဆန်းစွာနှင့် ပျောက်ဆုံးသွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်မည်။ နောက်တစ်ဦးမှာမူ နောက်ဆုံးတိုက်ပွဲ၌ တစ္ဆေများနှင့် တိုက်ခိုက်စဉ်တွင် စွမ်းအားကြီး တစ္ဆေများ၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်းဖြစ်၏။

ထိုကဲ့သို့သော ရလဒ်မှာ ကြီးစွာသော ဆုံးရှုံးမှုဟုပင် ပြောနိုင်ပေသည်။

ကျန်းဟယ်စံအိမ်၏ ငှက်နက်ကြီးက ပျံသန်းတော့မည့်အခိုက်အတန့်တွင် ငှက်ပေါ်သို့ ပုံရိပ်တခု ရောက်လာခဲ့၏။ သူကတော့ လင်းချင်းကျီပင် ဖြစ်သည်။

လီချန်ချင်းက လင်းချင်းကျီကို တချက်ကြည့်ရင်း မေးလိုက်သည်။

“လူကြီးမင်းလင်း၊ ခင်ဗျားက ကျန်ကျိုးကို ကျုပ်တို့နဲ့အတူတူ ပြန်လိုက်ချင်လို့လား”

“ခုနတုန်းက လူတွေအများကြီး ရှိနေတာကြောင့် ခင်ဗျားနဲ့ အေးအေးဆေးဆေး ဆွေးနွေးစရာရှိတာကို မပြောခဲ့ရဘူး”

လင်းချင်းကျီက ငှက်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက်တွင် ပျင်းရိစွာဖြင့် ဆိုလိုက်သည်။

“အရင်က ပြောခဲ့တဲ့အတိုင်းပဲ ဒီတကြိမ်မှာ ထျန်းဟိုင်မြို့က ခင်ဗျားအပေါ်ကို အကြွေးတင်သွားပြီ။ ခင်ဗျားကြိုက်တာကို တောင်းဆိုနိုင်တယ်။ ကျုပ်ပြန်ရောက်ရင် သခင်ကြီးနဲ့တိုင်ပင်လိုက်မယ်”

“ဘာမဆိုတောင်းဆိုလို့ရလား”

လီချန်ချင်းက မေးလိုက်သည်။

“ဘာမဆိုဖြစ်လုနီးပါးပေါ့”

လင်းချင်းကျီက ဖြေလိုက်သည်။

“ဒီတခေါက်မှာ ခင်ဗျားက ကြီးမားတဲ့ အကျိုးဆောင်မှုကြီးကို လုပ်ခဲ့တဲ့အပြင် ခင်ဗျားရဲ့ တန်ဖိုးကြီး ဗုဒ္ဓရတနာနှစ်မျိုးကိုတောင် နောက်မတွန့်ပဲနဲ့ အသုံးပြုခဲ့တယ်။ ကျုပ်တို့ဘက်ကလည်း ခင်ဗျားကို ထိုက်ထိုက်တန်တန် ဆုပေးရမှာပေါ့။ ခင်ဗျားသာ စန်းယွမ်နယ်မြေသခင်ရာထူးကို မတောင်းဆိုရင် ကျန်တာကို အဆင်ပြေအောင် လုပ်ပေးလို့ရတယ်”

“ကောင်းပြီလေ”

လီချန်ချင်းမှာ စန်းယွမ်နယ်မြေသခင်၏ ရာထူးကို စိတ်မဝင်စားပါချေ။ ထို့ကြောင့် လင်းချင်းကျီ၏ နားရွက်ထဲသို့ တီးတိုးပြောဆိုလိုက်ပါသည်။

လီချန်ချင်း၏ စကားကိုကြားသော် လင်းချင်းကျီက အနည်းငယ်မျှ အံ့အားသင့်သွားသည်။

“အဲ့ဒါက ဖြစ်နိုင်လား”

လီချန်ချင်းက မေးလိုက်သည်။

“ပြသနာမရှိဘူး”

လင်းချင်းကျီက ပြန်ဖြေသည်။

“ဟုတ်ပြီ ၊ ဒီကိစ္စပြီးပြီဆိုတော့ ချင်းလဲ့ဓားသခင်ကို ကျုပ်ကမေးချင်တာလေးတွေ ရှိတယ်ဗျာ”

“ ဘာမေးချင်တာလဲ” လီချန်းချင်းက သိလိုစွာဖြင့် ပြန်မေးလိုက်သည်။

“ကြီးကြီးကျယ်ကျယ်ရယ်တော့ မဟုတ်ပါဘူးဗျာ။ ကျုပ်က လူတယောက်ကို စိတ်ဝင်စားလို့ သူ့အကြောင်းကို သိချင်လို့ပါ”

လင်းချင်းကျီက အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သူ၏ ဆံနွယ်များမှာ လေအဝှေ့တွင် တိုက်ခတ်နေခဲ့သည်။ သူ၏ အကြည့်များမှာ လင်းလက်လာ၏။

“ကျုပ်က ခင်ဗျားကို လီချန်ချင်းဆိုတဲ့လူကို သိလားဆိုတာကို မေးချင်တာပါ”

သူ၏ နာမည်ကို လင်းချင်းကျီက ပြောလိုက်သောကြောင့် လီချန်ချင်းက တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက်မှ ခေါင်းတချက်ညှိတ်လိုက်ပြီး

“ကျုပ် သူ့ကို သိတယ်”

“ခင်ဗျားက ဘာသိချင်တာလဲ”

လင်းချင်းကျီနှင့် ပတ်သက်ပြီး တစုံတခုက ထူးခြားနေကြောင်းကို လီချန်ချင်းက သိလိုက်ရသည်။ ဒီလူက သူ့အကြောင်းကို ဘာကြောင့်များ သိချင်နေရတာလဲ

လီချန်ချင်းမှာ ရိုးရှင်းသော လူတယောက်ဖြစ်သောကြောင့် သူ့လို လူရိုးကို လင်းချင်းကျီက ဘာကြောင့်စိတ်ဝင်စားလဲဆိုတာကို မဝေခွဲနိုင်သေးပေ။

“အများကြီး သိချင်တာရယ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက သူနဲ့အတူ သူ့ရဲ့ မွေးကင်းစသားလေးက ချန်ထင်မြို့ကို လာခဲ့တယ်တဲ့။ ကျုပ်က ကိစ္စတခုကို စုံစမ်းနေတာကြောင့် သူတို့ နှစ်ယောက်ကို စိတ်ဝင်စားစရာလေး ရှိနေလို့ပါ။ ခင်ဗျားက သူတို့နှစ်ယောက်ကို သိတယ်ဆိုလို့ ကျုပ်က မေးကြည့်တာပါ”

“ချန်ထင်မြို့ကို မရောက်ခင်တုန်းက လီချန်ချင်းက ဘယ်မှာနေလဲဆိုတာကို ခင်ဗျားသိလား” လင်းချင်းကျီက သူ၏ ဦးခေါင်းကို စောင်းရင်း မေးလိုက်၏။

“ကျုပ်မသိဘူး” လီချန်ချင်းက ဖြေလိုက်သည်။

သူ တကယ်မသိပါချေ။

လင်းချင်းကျီ သိချင်နေသကဲ့သို့၊ သူကိုယ်တိုင်ပင်လျှင် သိချင်နေခဲ့သည်။

သူ ကမ္ဘာကူးပြောင်းလာသည့်အခါတွင် မူလလီချန်ချင်းမှာ သေဆုံးသွားပြီး ဖြစ်သည်။ သူက လီချန်ချင်း၏ ခန္ဓာကိုယ်နှင့်အတူ ပြန်လည်ရှင်သန်လာခဲ့သည့်တိုင် မူလလီချန်ချင်း၏ မှတ်ဉာဏ်များ မရရှိခဲ့ချေ။

မူလခန္ဓာကိုယ်၏ အတိတ်အကြောင်းကို အိမ်တွင်ရှိသော ပြန့်ကျဲနေသည့် စာရွက်စာတန်းများကို ဖတ်ရှုရင်းမှသာ တပိုင်းတစ သိလာခဲ့ရခြင်း ဖြစ်သည်။

သူ ယခင်က ဘယ်မှာ နေခဲ့တာလဲ

သူက အတိတ်တုန်းက ဘယ်နေရာကလာခဲ့တာလဲ

သူ့ ဇနီးကကော ဘယ်သူလဲ

သူကကော ဘယ်သူလဲ

သူက ဘာမှကို မသိပေ

“တကယ် မသိတာလား” လင်းချင်းကျီက ပြုံးလိုက်သည်။

“ ကျုပ်တကယ်မသိတာဗျ၊ ကျိန်ဆိုရင်တောင် ကျိန်ရဲတယ်” လီချန်ချင်းက ပြတ်သားစွာ ပြောလိုက်၏။

“အဲ့ဒါဆိုရင်လည်း ထားလိုက်ပါ” လင်းချင်းကျီက ယုံလား၊မယုံလားဆိုတာကို ဝေခွဲမရနိုင်သည့် အမူအရာနှင့် ဆက်ပြောသည်။

“ကျုပ်က ဒီတိုင်းသာမန်အတိုင်းပဲ မေးတာပါ”

“လီချန်ချင်းနဲ့ ပတ်သက်ပြီးတော့ ဘာကို စုံစမ်းနေတာလဲဆိုတာကို သိချင်ပါတယ်”

လီချန်ချင်းမှာ ထိုကိစ္စကို တကယ်ပဲ သိချင်နေခဲ့သည်။ သူက ဒီလောကကို ရောက်စဉ်ကတည်းက နှိမ့်ချပြီး နေခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ့အား ထျန်းဟိုင်မြို့ရှိ လူများမှ အဘယ်ကြောင့် စိတ်ဝင်စားသလဲဆိုတာကို ဝေခွဲမရနိုင်ခဲ့ပေ။

ချင်းလဲ့ဓားသခင်လိုမျိုး စွမ်းအားရှင်ကို စိတ်ဝင်စားလို့ စုံစမ်းကြတယ်ဆိုရင်တောင်မှ သူကလက်ခံပေးလို့ရသေးတယ်။ ဒါပေမယ့် ဘာမဟုတ်တဲ့ သာမန်လူ လီချန်ချင်းကို စိတ်ဝင်စားတာကိုတော့ သူနားမလည်ပေ။

ထို့ကြောင့် လင်းချင်းကျီထံမှ ထိုအကြောင်းအရာကို ကြိုးစားပြီး နှိုက်ထုတ်နေခြင်းပင်။

“ခင်ဗျားကကော စိတ်ဝင်စားလို့လား” လင်းချင်းကျီက ပြန်မေးလိုက်သည်။

“ထင်တာပဲ၊ ဘာလို့လဲဆိုတော့ ကျုပ်က လီချန်ချင်းကို သိတယ်လေ။ သူ့မှာ ပြသနာကြီးရှိတယ်ဆိုရင် သူနဲ့ ဝေးဝေးမှာ နေမလို့လေ” လီချန်ချင်းက အားနည်းစွာ ပြုံးပြလိုက်သည်။

“အဲ့လိုတော့ မဟုတ်ဘူး”

လင်းချင်းကျီက ဖျော့တော့စွာ လေမှုတ်ထုတ်လိုက်ပြီးနောက် ပြောလိုက်၏။

“ဓားသခင်၊ ယွဲ့မိသားစုကို ကြားဖူးလား”

“ကျုပ်ကြားဖူးတယ်။ ယွဲ့မိသားစုဆိုတာက စန်းယွမ်နယ်မြေကြီးမှာ စွမ်းအားကြီးမားတဲ့ မိသားစုတစုပဲလေ။ အခု သူတို့က ထျန်းဟိုင်မြို့က စန်းယွမ်သခင်ရဲ့ တရားစီရင်မှုကို ခံနေရတယ်လို့ပဲ သိထားတယ်”

“တချိန်တုန်းက ယွဲ့မိသားစုမှာ ယွဲ့ဟန်ကြွင်းလို့ခေါ်တဲ့ ပါရမီရှင်တယောက်ရှိခဲ့တယ်”

လင်းချင်းကျီက ပြောလိုက်သည်။

လာပြန်ပြီ ယွဲ့ဟန်ကြွင်း

လီချန်ချင်း၏ မျက်ခုံးများက တွန့်ကွေးသွားခဲ့သည်။ လီကျင်းစုန့်ကလည်း သူ့အား ထိုသူ့အကြောင်းကို မေးခဲ့သေးသည်မဟုတ်ပါလား။

မူလလီချန်ချင်းက ယွဲ့ဟန်ကြွင်းကို သိလား၊ မသိလားဆိုတာကိုလည်း သူက မသိနိုင်ပြန်ပေ။

“ယွဲ့ဟန်ကြွင်းက ထျန်းဟိုင်မြို့ကနေ၊ ရတနာတခုကို ခိုးသွားခဲ့တယ်။ နောက်ပိုင်းမှာ ယွဲ့ဟန်ကြွင်းကို ပြန်မိခဲ့ပေမယ့် ရတနာကိုတော့ ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး။ နောက်ပိုင်းမှာ နယ်မြေသခင်က နည်းမျိုးစုံကိုသုံးပြီးတော့ ကောက်ချက်ချခဲ့ပေမယ့် နောက်ဆုံးမှာ အရှေ့ပိုင်းနယ်မြေမှာ ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်”

“ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကျုပ်မပြောပြနိုင်တော့ဘူး”

“ကျုပ်ရဲ့ စုံစမ်းမှုကို အတိုချုပ်ပြောရရင်တော့ လီချန်ချင်းက နည်းနည်းတော့ မသင်္ကာစရာကောင်းနေလို့ပဲ”

“တကယ်လား”

လီချန်ချင်းက မတရားစွပ်စွဲသလို ခံစားလိုက်ရသည်။

ဘာရတနာလဲ

သူ ကမ္ဘာကူးပြောင်းပြီးနောက်တွင် ချန်ချင်းပန်းချီဆိုင်ကို အပေါ်အောက် ပြောင်းပြန်လှန်ကာ ရှာဖွေခဲ့ပြီး ဖြစ်၏။ ဆိုင်မှာ ရတနာရှာတွေ့ဖို့ မပြောနဲ့၊ ဗိုက်ဆာလွန်းလို့ စားဖို့တောင် ကန်စွန်းဥတခုကိုပင် ရှာမတွေ့ခဲ့ပေ။

တကယ့်ကို ရတနာရှိခဲ့ရင်တောင်မှ ပန်းချီဆွဲဖို့ စာရွက်ဝယ်ဖို့အတွက်နဲ့ပဲ အရင် လီချန်ချင်းက ပေါင်နှံခဲ့ပြီးလောက်ပြီ ဖြစ်သည်။

“လောလောဆယ်မှာတော့ စုံစမ်းမှုကို ဆက်လုပ်နေတယ်” လင်းချင်းကျီက ပျင်းရိစွာ ပြောလိုက်သည်။

“ခင်ဗျားတောင်မှ လီချန်ချင်းရဲ့ နောက်ကြောင်းကို မသိဘူးဆိုတာက၊ ဒီလူက တကယ့်ကို ပြသနာများတယ်ဆိုတာ ကျုပ်အတွက် ပိုသေချာသွားစေတယ်ဗျာ”

လင်းချင်းကျီကမတ်တပ်ထရပ်လိုက်ပြီးနောက်တွင်

“ကျုပ်အရင်သွားဦးမယ်၊အချိန်ရလို့ ကျန်ကျိုးကို ကျုပ်လာဖြစ်ရင် အရင်တခေါက်က ကြက်သားထက် ပိုကောင်းတဲ့ ကြက်ကင်ကို ကျွေးဖို့ ခင်ဗျား ကတိပေးထားတာကို မမေ့ပါနဲ့”

စကားပြောပြီးနောက်တွင် လင်းချင်းကျီက ငှက်နက်ပေါ်မှ ခုန်ဆင်းကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။

“အာ… နောက်ထပ် ပြသနာကောင်တကောင် ပေါ်လာပြန်ပြီ”

ရွှယ်ချမ်းပိုင်က သူ့အား လင်းချင်းကျီက ပြသနာများသူဖြစ်ကြောင်း ပြောခဲ့သည်ကို သတိရသွားခဲ့တော့၏။

ယွဲ့ဟန်ကြွင်းခိုးယူခဲ့သည့် ရတနာပစ္စည်းနှင့် သူက ဘယ်လို ပတ်သတ်သွားခဲ့ရတာလဲ

ချန်ထင်မြို့ကို လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြောင်းလာခဲ့လို့လား

အဲ့ဒါကတော့ လွန်တယ်လို့ မထင်ဘူးလား

ပြီတော့ စန်းယွမ်နယ်မြေသခင်က ခန့်မှန်းတာ သိပ်တော်နေရင်လည်း ဘာလို့ ဗေဒင်ဟောမစားလဲ

လီချန်ချင်းမှာ ချန်ချင်းပန်းချီဆိုင်သို့ ပြန်သွားပြီး ရတနာကို ရှာရန်ဆုံးဖြတ်လိုက်သည်။ သူတွေ့သည်နှင့်် ရောင်းစားပစ်မည်ဟု စိတ်ထဲ၌ တေးထားလိုက်၏။

ရောင်းထုတ်လိုက်မှသာ မလိုလားအပ်သော ပြသနာများကို ရှောင်နိုင်ပေလိမ့်မည်။

All Chapters