← Chapters

အခန်း (၂၀၄)

Vol. 19 Ch. 204

အခန်း (၂၀၄)

Vol. 19 Ch. 204

တရက်ကြာသော် လီချန်ချင်းနှင့် အဖွဲ့သည် ကျန်းဟယ်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

စီမာယန်က သူတို့အား စောင့်ကြိုနေပြီးသား ဖြစ်၏။

လီချန်ချင်း မျှော်လင့်ထားသည်ထက် သတင်းမှာ ကြို၍ ပျံ့နှံ့နေခဲ့ပြီးသား ဖြစ်ပါသည်။ သူတို့အားလုံး ကျန်းဟယ်စံအိမ်သို့ မရောက်ခင်မှာပင် စီမာယန်က တစ္ဆေနတ်ဆိုးစမ်းသပ်ကွင်း၌ ဖြစ်ပျက်ခဲ့သမျှသော အလုံးစုံတို့ကို သိထားပြီးသား ဖြစ်၏။

ကျန်းဟယ်စံအိမ်က တပည့်ဆယ့်နှစ်ယောက်ကို စေလွှတ်ခဲ့ရာ ဆယ့်တစ်ယောက်ပဲ ပြန်ပါလာခဲ့၏။ အကြီးအကဲနှစ်ဦးကိုပါ ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်ရပ်မှာ စီမာယန်၏ နှလုံးအိမ်ကို လွန်စွာ နာကျင်စေခဲ့သည်။ ထိုတပည့်များမှာ ကျန်းဟယ်စံအိမ်၏ အထူးလေ့ကျင့်ပေးထားသော လက်ရွေးစင်တပည့်များ ဖြစ်သည်။ မူလအဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အကြီးအကဲနှစ်ဦးမှာလည်း အဖိုးတန်လှသော အင်အားဖြစ်သည်။

ဒါပေမယ့်လည်း ထိုအခြေအနေကို ပြောင်းလဲရန်အတွက် သူတို့လုပ်နိုင်သည်မှာ မည်သည့်အရာမှ မရှိပါချေ။ လီချန်ချင်းကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး ပြန်လာနိုင်လိမ့်မည်ပင် မဟုတ်။ အကြီးအကဲတဦး အသက်ရှင်တာကပဲ ကံကောင်းလှပြီ ဖြစ်၏။

တချိန်တည်းမှာပင် စီမာယန်၏ ချင်းလဲ့ဓားသခင်အပေါ်အမြင်များသည် စတင်၍ ပြောင်းလဲလာခဲ့ချေပြီ။

ယနေ့မှစကာ ချင်းလဲ့ဓားသခင်၏ အမည်မှာလည်း တလောကလုံးကို စတင်၍ ကျော်ကြားတော့လိမ့်မည်။

အရှေ့ပိုင်းကုန်းမြေပြင်သာမက၊ တောင်ပိုင်း၊အနောက်ပိုင်းနှင့် တစ္ဆေမျိုးနွယ်ရှိရာ တိမ်တိုက်ဒေသအထိပင် ချင်းလဲ့ဓားသခင်၏ သူရဲကောင်းဆန်သောလုပ်ရပ်နှင့် တစ္ဆေနတ်ဆိုးစမ်းသပ်ကွင်းတွင် ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများမှာ ပျံ့နှံ့သွားလိမ့်မည်။

ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ပူးပေါင်းစီစဉ်မှုကို လူတိုင်းက သိရှိသွားပြီးနောက်တွင် အလေးအနက်ထားလာကြလိမ့်မည် ဖြစ်သည်။

စန်းယွမ်ကုန်းမြေကြီးတခုလုံး၏ ဖွဲ့စည်းပုံပင်လျှင် ထိုသတင်းကြောင့် ပြောင်းလဲသွားလိမ့်မည် ဖြစ်၏။

ယခင်က သဘောတူညီချက်အရ ကျန်းဟယ်စံအိမ်မှ တပည့်များ၏ ကောင်းမှုရမှတ်သုံးဆယ်ရာခိုင်နှုန်းကို လီချန်ချင်းမှ ရရှိလိမ့်မည်။

ကျန်းဟယ်စံအိမ်မှ တပည့်များသည် စမ်းသပ်မှုတွင် သာမန်အခြေအနေသာ ဆောင်ရွက်နိုင်သော်လည်း သုံးဆယ်ရာခိုင်နှုန်းဆိုသော ပမာဏမှာ များပြားသော ပမာဏဖြစ်ပြီး သိန်းချီသော ရမှတ်များဖြစ်ပါသည်။

ယခင်ကလိုသာဆိုလျှင် သိန်းချီသော ရမှတ်များကို ရလျှင် လီချန်ချင်းက ဖော်မပြနိုင်လောက်အောင်ကို ပျော်ရွှင်လိမ့်မည် ဖြစ်သော်လည်း ယခုတွင်မူ ထိုသိန်းချီသောရမှတ်များမှာ နဂါးသွေးစက်တစက်ကိုပင် မဝယ်ယူနိုင်သောကြောင့် လီချန်ချင်းက မပျော်နိုင်ခဲ့ပါချေ။

တပည့်များကို ကျန်းဟယ်စံအိမ်သို့ ပို့ပြီးသောအခါတွင် လီချန်ချင်းက ကြာကြာဆက်မနေခဲ့ပါချေ။ သူက ဓားကိုကိုင်ကာ ချန်ထင်မြို့သို့ ညတွင်းချင်းတွင်ပင် ရောက်အောင် ပြန်လာခဲ့တော့သည်။

ချန်ထင်မြို့သို့ လီချန်ချင်းပြန်ရောက်သည့်အခါတွင် မနက်နေထွက်နေခဲ့ပြီ။

လီချန်ချင်းက သူ၏ အဝတ်အစားများကို လဲကာ မူလရုပ်ရည်ကို ပြန်လည်အသွင်ယူထား၏။ သူ၏ မျက်နှာဖုံးနှင့် ဓားသခင်အဝတ်အစားများကိုတော့ သိုလှောင်လက်စွပ်ထဲ၌ သိမ်းဆည်းထားလိုက်သည်။ ထို့နောက်တွင် မြို့သို့ ဦးတည်လိုက်၏။

မြို့လေးမှာ မူလကအတိုင်းရင်းနှီးနေပြီး များများစားစား မပြောင်းလဲနေပါချေ။

ကောင်းကင်မှာ ရောင်နီသန်းနေပြီး နံနက်စာစားသောက်ဆိုင်လေးများမှာလည်း ဖွင့်စပဲ ရှိသေးသည်။ လီချန်ချင်းက အနည်းငယ်ဗိုက်ဆာသလို ခံစားရသောကြောင့် စားနေကျဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“လူကြီးမင်းချန်ချင်းပါလား။ ဒီကို မလာတာတောင် နည်းနည်းကြာပြီဗျာ”

ဆိုင်ရှင်မှာ လီချန်ချင်းကို မှတ်မိနေပြီးနောက် ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။

“ပုံမှန်ပဲ ပေးပါ” လီချန်ချင်းက ပြောသည်။

“ကောင်းပါပြီ။ ခဏလောက်တော့ စောင့်ပေးပါဦး”

ဆိုင်ရှင်မှာ လီချန်ချင်းအတွက် စားစရာများ ပြင်ဆင်လိုက်တော့သည်။

တခဏကြာသော် ဆန်ပြုတ်တပွဲ၊ ပေါက်စီနှင့် ဟင်းရွက်ဆားနယ်များ ရောက်လာတော့သည်။

လီချန်ချင်းက နေရောင်ကို ခံရင်း ဖြေးညင်းစွာ စားသောက်နေခဲ့သည်။

ပတ်ဝန်းကျင်မှာ ဈေးဝယ်သော လူများနှင့် စတင်၍ ရှုပ်လာတော့သည်။

“အေးချမ်းတည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်လေးက တကယ်ကောင်းတာပဲ”

“အသက်ရှင်ရတာ ကောင်းလိုက်တာ”

လီချန်ချင်းက အစားကို လက်စမသတ်ခင်မှာ သက်ပြင်းမောကြီးကို ခပ်ကြာကြာမှုတ်ထုတ်လိုက်ခဲ့သည်။

ထို့နောက်တွင် လီချန်ချင်းက ဆိုင်ရှင်ကို ငွေရှင်းလိုက်သည်။ ပြန်အမ်းငွေကိုပင် စောင့်မနေတော့ပဲနှင့် ယန်အိမ်တော်ကို ပြန်ခဲ့၏။

သူ၏ ခြံဝင်းလေးထဲသို့ ရောက်သည့်အခါ အဝေးကတည်းက သူ၏ အနံ့ကို ရနေသော ဖေးက အမြီးနန့်ပြီး အပြေးလာကြိုသည်။

“မတွေ့တာ အတော်ကြာပြီနော် ဖေး” လီချန်ချင်းက ဆောင့်ကြောင့်ထိုင်ကာ ဖေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

ဖေးကလည်း စိတ်လှုပ်ရှား ပျော်ရွှင်နေသည့် ဟန် ရှိ၏။

“သခင်ကြီး ပြန်လာပြီပဲ”

ကျန်းဖုကွမ်းသည်လည်း ခပ်မြန်မြန်ထွက်လာခဲ့၏။ လီချန်ချင်းက အဆင်ပြေသည်ကို မြင်မှသာ သူလည်း စိတ်အေးသွားခဲ့လေ၏။

လင်းချင်းကျီနှင့် ရင်ဆိုင်ပြီးစဉ်ကတည်းက လီချန်ချင်း၏ လုံခြုံရေးကို သူက အတော်လေးကို စိုးရိမ်နေခဲ့ပါသည်။

ဒီရက်ပိုင်းမှာ လီချန်ချင်းက ဘယ်ကို ရောက်နေတာလဲဆိုတာကို သူမသိချေ။

ကျန်းဖုကွမ်းက လီချန်ချင်း၏ လုံခြုံရေးကို စိတ်ပူသဖြင့် အပြင်သို့ နှစ်ကြိမ်တိုင်တိုင် ထွက်၍ ရှာဖွေခဲ့သော်လည်း လီချန်ချင်းကို ရှာမတွေ့ခဲ့ပါချေ။

“အင်း” လီချန်ချင်းက ကျန်းဖုကွမ်းအား ခေါင်းသာညိတ်ပြလိုက်သည်။ ထိုအခိုက်တွင် ကျန်းစစ်ယောင်သည်လည်း အပြင်သို့ ထွက်လာခဲ့သည်။ လီချန်ချင်းကို တွေ့သော် သူမက ပထမတော့ အံ့အားသင့်သွားခဲ့ပြီးမှ ပျော်ရွှင်စွာ ပြောလိုက်၏။

“သခင်ကြီး ပြန်လာပြီပဲ”

“ပြန်လာပြီ။ စစ်ယောင်လေး ကျောင်းကို ပုံမှန်ကော သွားတတ်ရဲ့လား”

လီချန်ချင်းက မေးလိုက်သည်။

ကျန်းစစ်ယောင်လေးမှာ ပုတ်သင်ညိုမလေးလို ခေါင်းကို ဆက်တိုက်ညိတ်ကာ သူမ စာကြိုးစားနေကြောင်းကို သိအောင် ဟန်ပြလိုက်၏။

“ကျောင်းသွားတော့” လီချန်ချင်းက ကျန်းစစ်ယောင်၏ ခေါင်းလုံးလုံးလေးကို ပုတ်ကာဆိုလိုက်သည်။

“နေ့ခင်းပြန်လာရင် ငါတို့တွေအတူတူ ထမင်းဝိုင်းဖွဲ့စားကြရအောင်”

“သခင်ကြီးမရှိတော့ ဖေဖေနဲ့ နှစ်ယောက်ထဲ ထမင်းစားရတာ ပျော်ဖို့မကောင်းတော့ဘူး”

ကျန်းစစ်ယောင်က ပျော်ရွှင်စွာ ပြောလိုက်ပြီး ခုန်ပေါက်ကာ ကျောင်းသို့ ထွက်သွားခဲ့သည်။

“ဒီကလေးကတော့”

ကျန်းဖုကွမ်းက တချက်ရယ်ကာ ခေါင်းယမ်းလိုက်သည်။

“ကျုပ်မရှိတုန်း အိမ်မှာ အဆင်ပြေရဲ့လား” လီချန်ချင်းက မေးလိုက်၏။

“အဆင်ပြေပါတယ်” ကျန်းဖုကွမ်းက တချက်ချိန်ဆပြီးနောက်တွင်တော့ ပြောလိုက်သည်။

“လူတယောက်ကတော့ သခင်ကြီးကို လာရှာပါတယ်။ သခင်ကြီးမရှိဘူးဆိုတာသိတာနဲ့ ပြန်ထွက်သွားပါတယ်”

“ငါ့ကို လာရှာတာလား” လီချန်ချင်း၏ မျက်ခုံးများက ထိုစကားကြောင့် မြင့်တက်သွားသည့်တိုင် သူ့ကို လာရှာတာက မည်သူမှန်း သူ ရိပ်မိလိုက်သည်။

လင်းချင်းကျီပဲ ဖြစ်ရမယ်။

“ကျုပ်သိပြီ” လီချန်ချင်းက ကျန်းဖုကွမ်းကို ဆက်လက်၍ မမေးမြန်းတော့ပေ။

“ယန်ပါးထောင်၊ ကျောက်ရီချိုးနဲ့ ပိုင်ကျင့်ဖေးကို ကျုပ်ဆီကို လွှတ်လိုက်ပါ”

“ကောင်းပါပြီ”

လောလောဆယ်တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အခြေအနေမည်သို့ရှိကြောင်းကို လီချန်ချင်းက သိဖို့ လိုအပ်နေပေသည်။

နှစ်နာရီခန့်ကြာသော် လီချန်ချင်းက လက်ဖက်ရည်ကို ကောင်းစွာ ပြင်ဆင်ပြီးချိန်၌ လူသုံးယောက်က သူ့ခြံထဲသို့ ဝင်လာကြတော့၏။

“လူကြီးမင်းချန်ချင်း”

“မဟာအကြီးအကဲ”

သူတို့သုံးဦးမှာ အလွန်ရိုသေစွာ ဂါရဝပြုလိုက်၏။

အထူးသဖြင့် ပိုင်ကျင့်ဖေးပင်၊ သူ၏ မျက်လုံးများမှာ ကြည်ညိုလေးစားမှုအပြည့်နှင့် လီချန်ချင်းကို ကြည့်နေခဲ့တော့သည်။

“လူကြီးမင်းချန်ချင်း” ပိုင်ကျင့်ဖေးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ချင်းလဲ့ဓားသခင်က တကယ်ပဲ လူကြီးမင်းရဲ့ မိတ်ဆွေလား”

ထိုစကားကိုကြားသော် လီချန်ချင်းက တချက်ပြုံးလိုက်ပြီးနောက် ရေနွေးကရားထဲမှ ရေနွေးကြမ်းကို အကြမ်းပန်းကန်လုံးများထဲသို့ လောင်းထည့်ကာ သုံးယောက်ရှေ့သို့ ခွက်များကို တိုးပေးလိုက်သည်။

“ငါတို့နှစ်ယောက်က မိတ်ဆွေဆက်ဆံရေးဆိုတော့ မိတ်ဆွေတွေလို့ ပြောလို့ရပါတယ်”

“ဒီလို လူတယောက်နဲ့ မိတ်ဆွေဖွဲ့ထားနိုင်တဲ့ လူကြီးမင်းက တကယ့်ကို တော်လွန်းတယ်ဗျာ”

ပိုင်ကျင့်ဖေးက ပြောလိုက်သည်။

“တစ္ဆေနတ်ဆိုးစမ်းသပ်မှုရဲ့သတင်းတွေကတော့ နေရာအနှံ့ကို ပြန့်နေခဲ့ပြီပဲ။ ကျုပ်တို့လည်း အခုလေးတင်ပဲ သတင်းကို ကြားခဲ့ရတာ။ ဘာကို ပြောရမှန်းတောင်မသိတော့ဘူး”

ပိုင်ကျင့်ဖေးက တကယ်ပဲ ဘာပြောရမှန်းမသိအောင် ဖြစ်နေခြင်းပင်။ ချင်းလဲ့ဓားသခင်မှာ တယောက်တည်းနှင့် ဂိုဏ်းများအားလုံးကို ကယ်တင်လိုက်သည့်သတင်းကို သူတို့သုံးယောက်က သိထားပြီးသား ဖြစ်သည်။ ထိုဖြစ်ရပ်မှာ လွန်မင်းစွာ အံ့ဩစရာဖြစ်သောကြောင့် သူတို့မှာ စကားလုံးနှင့်ပင် မဖော်ပြနိုင်ခဲ့ပေ။

သူတို့မှာ စိတ်ထဲတွင် အတော်လေးကို လှုပ်ရှားနေခဲ့ကြသည်။

ချန်ချင်းလုပ်ငန်း၌ လီချန်ချင်းကဲ့သို့သော ဆရာသခင်တပါးရှိရုံနှင့်ပင် အတော်လေး ဟုတ်နေပြီ ဖြစ်သည်။

သူ့တွင် စွမ်းအားကြီးမားသော မိတ်ဆွေဖြစ်သည့် ချင်းလဲ့ဓားသခင်လည်း ရှိနေသေးသည် မဟုတ်ပါလား။ ထိုကဲ့သို့သော နောက်ခံမျိုးနှင့်ဆိုလျှင် သူတို့က ဘယ်အရာကို ကြောက်ရွံ့ဖို့ လိုတော့မည်နည်း။

ဟိုင်စုန့်ထောင်ကို သတ်ခဲ့သူမှာ ချင်းလဲ့ဓားသခင်ဖြစ်သည်ဟု သူတို့တွေးထင်နေခဲ့ကြချေပြီ။

အဖြစ်မှန်ကိုမူ လီချန်ချင်းကိုယ်တိုင်ကလည်း ရှင်းပြမနေခဲ့တော့ပါချေ။

တချို့အရာများကို မလိုအပ်သောကြောင့် ရှင်းပြပေးဖို့ မဖြစ်နိုင်ပေ။

“ရေနွေးသောက်ကြပါဦး”

“ကျေးဇူးပါ လူကြီးမင်းချန်ချင်း”

သုံးယောက်သားက ထိုင်ချလိုက်၏။

“ကျုပ်မရှိတုန်းမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဘာတွေ ဖြစ်ကုန်ပြီလဲ”

လီချန်ချင်းက ထိုကဏ္ဍကို ကိုင်တွယ်ထားသော ကျောက်ရီချိုးကို ကြည့်ကာမေးလိုက်သည်။

All Chapters