အခန်း (၂၀၅)
Vol. 19 Ch. 205
“လူကြီးမင်း ညွှန်ကြားထားတဲ့အတိုင်း ကျုပ်တို့က လူအများကြီးကို စေလွှတ်ပြီးတော့ ဒေဝါလီခံရတော့မယ့် လုပ်ငန်းတွေကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့လုပ်ငန်းတွေကို ဈေးနည်းနည်းနဲ့ ဝယ်ယူနိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့လုပ်ငန်းတွေကို ကျုပ်တို့ရဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း အမှတ်တံဆိပ်တွေ ပြောင်းတပ်ခဲ့ပါတယ်”
ကျောက်ရီချိုးက လေးနက်စွာဖြင့် ပြောလိုက်သည်။
“ကျုပ်တို့တွေက တခြားမြို့ခံလုပ်ငန်းတွေကလည်း ကုန်ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ချန်ချင်းလုပ်ငန်းက ကုန်ပစ္စည်းအများကြီးတွေကို မထောက်ပံ့နိုင်သေးပါဘူး။ လောလောဆယ်မှာတော့ လုကျင်းမြို့က ကျုပ်တို့ရဲ့ ကန့်သတ်ချက်ပဲ ဖြစ်နေပါသေးတယ်။
သိပ်မကြာသေးခင်တုန်းကတော့ ချန်ထင်မြို့မှာ လက်ဖက်ရည်ထုတ်လုပ်မှုကို တိုးချဲ့ထားပြီးပါပြီ။ အဲ့ဒါကို နယ်ပယ်တော်တော်များများမှာ ထုတ်လုပ်ဖို့ စီစဉ်ထားခဲ့ပြီးပါပြီ။
ခြုံပြောရရင် အားလုံးက လုပ်ငန်းစဉ်အတိုင်းပဲ သွားနေပါသေးတယ်။
ကျောက်ရီချိုးက တင်ပြလိုက်၏။
“ပြီးတော့”
ယန်ပါးထောင်က ဝင်ရောက်ပြောဆိုလိုက်ပြန်သည်။
“အသင့်စားစားသောက်ကုန်နဲ့ပတ်သက်ပြီးတော့ အာရုံမစိုက်သင့်သေးဘူးလို့ မဟာအကြီးအကဲက ပြောထားတယ်ဆိုပေမယ့်လည်း မြို့တွင်းက ယုံကြည်ရတဲ့ စားဖိုမှုးနှစ်ယောက်ကို ငှားရမ်းထားပြီး အသင့်စားစားသောက်ကုန်တွေကို ပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။ အရမ်းကြီးတဲ့ အမှာတွေကို လက်မခံနိုင်သေးပေမယ့်၊ သာမန်အမှာတွေကိုတော့ လက်ခံနိုင်နေပါပြီ”
“ငါတို့ အသင့်စားစားသောက်ကုန်တွေကို မရောင်းသေးဘူး”
လီချန်ချင်းက ယန်ပါးထောင်အား ပြောလိုက်သည်။
“ဒီတကြိမ်မှာတော့ ငါတို့တွေက အပူပေးထမင်းကို ရောင်းချမယ်”
“အဲ့ဒါက အရင်တုန်းက လူကြီးမင်းချန်ချင်းက ကုမ္ပဏီကို သုတေသနလုပ်ခိုင်းခဲ့တဲ့ဟာ မဟုတ်လား”
ကျောက်ရီချိုးမှာ ထိုအကြံကြောင့် အလွန်အံ့ဩခဲ့ရသည်။ ထုံးကျောက်အထုပ်သေးလေးက ထမင်းအေးကို မီးမလိုပဲနဲ့ ပူပူနွေးနွေးဖြစ်အောင် လုပ်နိုင်သည့် ဖြစ်ရပ်မှာ သူလုံးဝနားမလည်နိုင်သည့် အံ့ဖွယ်အခြေအနေပင် ဖြစ်သည်။
(ထုံးကျောက်ကို အသုံးပြုပြီး အပူပေးတဲ့နည်းက ဓာတုဗေဒနည်းတမျိုးပါ တခုနဲ့ တခုဓာတ်ပြုပြီးတော့ အပူထုတ်တဲ့နည်းပေါ့။ ပိုပြီးလေ့လာချင်ရင်တော့ GOOGLE Search bar မှာ ‘Self-eating rice’ လို့ ရိုက်ရှာပြီးတော့ လေ့လာနိုင်ပါတယ်)
ထိုအရာမှာ တောတောင်ထဲတွင်ဆိုလျှင် တန်ဖိုးအလွန်ကြီးပေလိမ့်မည်။
“အဲ့ဒါက အရေးပေါ်စားသောက်ကုန်လား။ ကျုပ်တို့ ကုမ္ပဏီကနေ ရောင်းလို့ဖြစ်ပါ့မလား” ကျောက်ရီချိုးမှာမူ အနည်းငယ် တုန့်ဆိုင်းနေခဲ့သည်။
“စိတ်မပူနဲ့၊ အဲ့ဒါက ရေတိုမှာ အရမ်းရောင်းရလိမ့်မယ်” လီချန်ချင်းက တချက်ပြုံးလိုက်သည်။
“ပြီးတော့လည်း ငါတို့ရဲ့ အပူပေးထမင်းကို အရေအတွက်အကန့်အသက်နဲ့ပဲ ရောင်းချရမယ်။ အရမ်းအများကြီးရောင်းမယ့်အစား တရက်ကို ဆယ်ပွဲကျော်လောက်ပဲ ရောင်းကြမယ်။ အဲ့ဒါက အသင့်စားစားသောက်ကုန်လောကကို အုတ်မြစ်ချတဲ့သဘောပဲ။ ငါတို့ချန်ချင်းလုပ်ငန်းစုက ကြီးထွားဖို့အတွက် အချိန်လိုသေးတယ်လေ”
“မှန်ပါတယ်” သူတို့သုံးယောက်စလုံးမှာ ခေါင်းညိတ်ပြလိုက်သည်။
လီချန်ချင်းပြောသောစကားကို သူတို့က အကြွင်းမဲ့ယုံကြည်ကြလေသည်။
“ဒီဟာက ချန်ချင်းကုမ္ပဏီခွဲတွေမှာ ခန့်အပ်ထားတဲ့ မန်နေဂျာရဲ့ စာရင်းပဲဖြစ်ပါတယ်”
ယန်ပါးထောင်က စာရင်းတခုကို ပေးလိုက်သည်။
လီချန်ချင်းက ကြည့်လိုက်ရာ မိသားစုသုံးစုမှ လူများကို အညီအမျှခွဲကာ နေရာချထားသည်ကို တွေ့လိုက်ရတော့သည်။
“ယန်မိသားစုက အကြီးအကဲတွေကို ဒီလိုမျိုး နေရာစုံကို ပို့ထားမှတော့၊ ချန်ချင်းမြို့မှာ အကြီးအကဲသုံးယောက်ပဲ ရှိတော့မှာပေါ့ ဟုတ်လား”
လီချန်ချင်းက မျက်ခုံးကိုပင့်ကာ မေးလိုက်၏။
“ဟုတ်ပါတယ်၊ ယန်မိသားစုက အကြီးအကဲတွေကို အဲ့လိုအရေးကြီးတာဝန်ပို့မှပဲဖြစ်မှာပါ။ မဟုတ်ရင် သူတို့ကို ထားစရာနေရာမရှိပါဘူး” ယန်ပါးထောင်က ခါးသက်စွာ ပြုံးရင်းပြောလိုက်သည်။
“လူကြီးမင်းချန်ချင်း” ကျောက်ရီချိုးက အရိုအသေပေးလိုက်သည်။
“လူကြီးမင်းချန်ချင်းရဲ့ အကြံတခုဖြစ်တဲ့ ပါရမီရှိတဲ့လူတွေကို လုပ်ငန်းအတွက်စုစည်းဖို့အကြောင်းကို အကိုယန်က ကျုပ်ကို ပြောပြခဲ့ပါတယ်။ ကျုပ်အမြင်တော့ အဲ့ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ပါတယ်။ ကျုပ်တို့ရဲ့ ချန်ချင်းကုမ္ပဏီကြီးက တနေ့ထက်တနေ့ ကြီးထွားလာတာဖြစ်လို့ ကျုပ်တို့ဘာသာပဲ ဆက်ကိုင်တွယ်နေလို့ မဖြစ်တော့ဘူးလေ”
“အခုချိန်က ပါရမီရှိတဲ့ လူငယ်တွေကို အနားမှာ ခေါ်ထားဖို့အတွက် အချိန်ကျပြီလို့ထင်တယ်။ အနားမှာခေါ်ထားမယ်ဆိုရင်တောင်မှ သူတို့ကို ရာထူးကြီးတွေ ချက်ချင်းပေးထားလို့တော့ ဖြစ်မယ်မထင်ဘူး။ အရင်ဆုံးတော့ သူတို့ကို စောင့်ကြည့်ဖို့တော့ လိုဦးလိမ့်မယ်”
ကျောက်ရီချိုး၏ စကားမှာ လီချန်ချင်းကို အလွန်တရာမှကို သဘောတူညီသွားစေခဲ့သည်။
“ကျန်ကျိုးက နေရာအတွက်ကတော့”
လီချန်ချင်း၏ လက်ထဲတွင် လက်ထောက်ဆိုင်ရှင်ရာထူးအတွက် ခန့်အပ်ရမည့် စာချုပ်အလွတ်ရှိနေသည်။
“ကျုပ်ကတော့ ယန်ဟန်ကျိုးက ဒီနေရာအတွက် သင့်တော်တယ်လို့ ထင်တယ်ဗျ။ ဒီကလေးက လူကောင်းလေးပဲလေ”
ထိုမှတ်ချက်ကြောင့် ယန်ပါးထောင်၏ မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့တော့သည်။
ယန်ဟန်ကျိုးလား
ယန်မိသားစုက တပည့်များတွင် ထူးချွန်လွန်းလှသူလည်း ဖြစ်ပါသည်။ လီချန်ချင်းမှ ယန်ဟန်ကျိုးက လက်ထောက်ဆိုင်ရှင်ရာထူးတွင် ခန့်အပ်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ယခုကြည့်ရသလောက်တော့ သူ့အား ရာထူးတိုးပေးချင်နေသည့်ပုံပင်။ နှစ်နှစ်ခန့် အလုပ်လုပ်ပြီးနောက်တွင် သူက ဆိုင်ရှင်ဖြစ်လာလိမ့်မည်။
ယန်ဟန်ကျိုးအတွက်မူ လီချန်ချင်းက သူနှင့်ပတ်သက်ပြီး အမြင်ကောင်းရှိပါသည်။ သူ ယန်မိသားစုသို့ ပထမဦးဆုံးအကြိမ်လာရောက်ခဲ့စဉ်တုန်းက ယန်ဟန်ကျိုးကသာ သူ့အား စာကြည့်တိုက်သို့ လမ်းပြခဲ့သူ ဖြစ်သည်။
“ကောင်းပါပြီ”
ယန်ပါးထောင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“ရာထူးခန့်အပ်စရာရှိတာတွေကို အမြန်ခန့်အပ်လိုက်တော့။ ငါတို့ ချန်ချင်းကုန်သွယ်ရေးကို နေရာတော်တော်များများက ဂိုဏ်းတွေက လက်ခံထားတာမို့လို့ လုပ်စရာရှိတာတွေကို တွန့်ဆုတ်မနေပဲနဲ့ လုပ်လိုက်ပါ။ ပြီးတော့ မင်းတို့တွေရဲ့ မိသားစုတွေနဲ့ပတ်သက်ပြီးတော့ ငါက သတိပေးစရာတခုရှိတယ်”
“ချန်ချင်းကုန်သွယ်ရေးရဲ့နာမည်နဲ့ ချင်းလဲ့ဓားသခင်ရဲ့ နာမည်ကို အသုံးချပြီးတော့ မိသားစုထဲက လူတွေက အနိုင်ကျင့်ဗိုလ်ကျနေတာတွေကို ငါသိခဲ့ရင်…”
“အဲ့ဒီ့လူပဲမကဘူး၊ မင်းတို့သုံးယောက်ပါ တာဝန်ယူရလိမ့်မယ်။ ပထမအကြိမ်ကတော့ သတိပေးတာလေးပဲ။ ဒုတိယအကြိမ်ဆိုရင်တော့ မင်းတို့ သုံးယောက်လုံး ခေါင်းပြတ်မယ်။ ငါ့အတွက်တော့ မင်းတို့ မိသားစုသုံးစုရဲ့ မိသားစုအကြီးအကဲ နေရာကို ပြောင်းပစ်ဖို့က အသက်ရှုသလောက်ကို လွယ်ကူတယ်”
လီချန်ချင်းက တည်ငြိမ်စွာဖြင့်ပြောသည်။ ထိုစကားကိုကြားလိုက်သည်နှင့် သုံးယောက်လုံးမှာ ကျောရိုးထဲသို့ပင် စိမ့်တက်သွားခဲ့ကြသည်။
လီချန်ချင်းက ဟာသပြောနေခြင်းမဟုတ်မှန်းကို သူတို့ကောင်းကောင်းသိကြလေသည်။ လီချန်ချင်းအဖို့ မိသားစုခေါင်းဆောင်ပြောင်းပစ်ရန်မှာ အလွန်တရာမှကို လွယ်ကူကြောင်းကို သူတို့သိကြ၏။
သူတို့သုံးယောက်စလုံးမှာ တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ပါချေ။
သူတို့သုံးယောက်စလုံးမှာ အသက်ရှင်လိုကြလေသည်။
“အမိန့်အတိုင်းပါ”
သုံးယောက်လုံးက အလျင်အမြန်ပင် သဘောတူညီလိုက်ကြ၏။
ထိုအမိန့်ကြောင့်ပင် သူတို့သုံးယောက်စလုံးမှာ သက်ဆိုင်ရာ မိသားစုများကို သေချာကြီးကြပ်ရတော့မည်ဟု တွေးမိသွားကြပေ၏။ တခုခုမှားသွားပါက ပြန်ပေးဆပ်ရမည့် အနေအထားမှာ ကြီးလေးလွန်းလှသည်။
“ပိုင်ကျင့်ဖေး” လီချန်ချင်းက ပိုင်ကျင့်ဖေးကို လှမ်းခေါ်လိုက်သည်။
“လူကြီးမင်းချန်ချင်း” ပိုင်ကျင့်ဖေးက သူ့လက်ထဲမှ အကြမ်းပန်းကန်ကို ချလိုက်၏။
“မင်းကို မူလအဆင့်ရောက်စေရမယ်လို့ ငါကတိပေးထားခဲ့တယ်” လီချန်ချင်းက ပြောပြောဆိုဆိုနှင့် ယန်ပါးထောင်နှင့် ကျောက်ရီချိုးကို ထွက်သွားရန်အတွက် အချက်ပြလိုက်သည်။
ကျောက်ရီချိုးမှာ မနာလိုလှသောကြောင့် သူ၏ မျက်လုံးများမှာ နီရဲနေခဲ့၏။
ပိုင်ကျင့်ဖေးမှာ အချက်အလက်စုဆောင်းရေးနှင့် သုတေသနဌာနကို တည်ထောင်ခဲ့ကာ အကျိုးဆောင်ခဲ့သောကြောင့် ယခုလိုအခွင့်အရေးကို ရသွားခဲ့ခြင်းဖြစ်ပါသည်။
ကျောက်ရီချိုးသည်လည်း မူလအဆင့်သို့ရောက်အောင် လီချန်ချင်းကို အကျိုးဆောင်မည်ဟု ဆုံးဖြတ်လိုက်ခဲ့သည်။
ပိုင်ကျင့်ဖေးမှာ ဝမ်းသာလှသောကြောင့် မျက်ရည်များပင် စို့တက်လာခဲ့သည်။