← Chapters

အခန်း (၂၀၆)

Vol. 20 Ch. 206

အခန်း (၂၀၆)

Vol. 20 Ch. 206

ပိုင်ကျင့်ဖေးကို အနားတွင်ခေါ်ထားကာ သူ၏ လက်ရှိကျင့်ကြံမှုကို နားလည်အောင် မေးပြီးမှသာ လီချန်ချင်းက ပိုင်ကျင့်ဖေးကို အိမ်ပြန်ခွင့်ပြုလိုက်ပါသည်။

ထို့နောက်တွင် လီချန်ချင်းက သေတ္တာတုံးတတုံးကို ရှာကာ ပိုင်ကျင့်ဖေးတယောက် ဉာဏ်အလင်းပွင့်စေရန်အတွက် ပန်းပုရုပ်ထုတခုကို ထုလုပ်ရန်အတွက် ပြင်ဆင်လိုက်ပါသည်။

ပိုင်ကျင့်ဖေးသာ အရူးတယောက်မဟုတ်လျှင် မူလအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။

“အကို ဟန်ကျိုး”

“အကို ကျင့်ကြံနေတာကနေ ပြန်လာပြီပေါ့”

ညနေခင်းတွင် ယန်ဟန်ကျိုးမှာ ကျင့်ကြံနေရာမှ ပြန်လာခဲ့လေသည်။ သူ၏အိမ်တံခါးဝတွင် မိန်းမပျိုလေးတယောက်ကို သူတွေ့လိုက်ရသည်။ ထိုမိန်းကလေးကို မြင်သော် သူ့မျက်လုံးများမှာ လင်းလက်သွားခဲ့ပါ၏။

“မေးမေး၊ ညီမလေး ဒီကို ဘယ်လိုလုပ်ပြီး ရောက်နေခဲ့တာလဲ”

“အဟွတ် အဟွတ်” ချောင်းဆိုးသံဖျော့ဖျော့သည် မေးမေး၏ အနောက်မှ ထွက်လာမှသာ မေးမေးနှင့် အတူ နောက်ထပ်လူတယောက်ပါလာမှန်းကို ယန်ဟန်ကျိုးက သိလိုက်ရတော့၏။ အသံပိုင်ရှင်မှာ မေးမေး၏ မိခင်ဖြစ်သည်။ သူမက ချန်ထင်မြို့၏ အဓိကအဝတ်အထည်ဆိုင်သုံးဆိုင်ထဲမှ တဆိုင်၏ ဆိုင်ရှင်ရာထူးကို ရရှိထားသူဖြစ်သည်။

သူမ၏ အမည်မှာ ယန်ရှုဟွာ ဖြစ်သည်။ သူမက ယန်မိသားစုဝင်ဖြစ်သော်လည်း မေးမေး၏ ဖခင်၊ သူမ၏ အမျိုးသားမှာမူ ယန်မိသားစုဝင် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ အိမ်တွင် သူမက အလွန်တရာကို လွှမ်းမိုးတတ်သူ ဖြစ်လေ၏။

ယန်ရှုဟွာသည် ယန်ဟန်ကျိုးနှင့် မေးမေးတို့အကြားဆက်ဆံရေးကို သတိပြုမိခဲ့ပါသည်။ ယန်ဟန်ကျိုး၏ မိဘများသက်ရှိထင်ရှားစဉ်အချိန်တုန်းက မိသားစုနှစ်စုမှာ လွန်စွာရင်းနှီးကျွမ်းဝင်နေခဲ့ပြီး သူတို့နှစ်ယောက်မှာ ငယ်ချစ်များ ဖြစ်ခဲ့ကြ၏။

ယန်ဟန်ကျိုး၏ မိဘများ ဆုံ့းပါးသွားသည့်အချိန်တွင်တော့ ယန်ဟန်ကျိုးနှင့် ပတ်သက်နေခြင်းသည် မေးမေး၏ အနာဂတ်မှာ မပျော်ရွှင်နိုင်လောက်ဟု တွေးမိပြီး ယန်ရှုဟွာက သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အနည်းငယ် ကန့်ကွက်လိုခဲ့သည်။

သို့သော် သူမ၏ သမီးဖြစ်သူ မေးမေးမှာ ယန်ဟန်ကျိုးကို မပြောင်းလဲသော နှလုံးသားနှင့် ချစ်မြတ်နိုးနေခဲ့ခြင်းကြောင့် မိခင်ဖြစ်သူအနေနှင့် သမီးဖြစ်သူ၏ ချစ်ခြင်းကို မခွဲရက်တော့ပေ။

ဒါပေမယ့် ဒီနေ့မှာတော့ သူမက ယန်ဟန်ကျိုးကို တောင်းဆိုမှု အခြေအနေတရပ်ပြုရန် ရောက်လာခြင်းဖြစ်သည်။ ယန်ဟန်ကျိုး၏ အဖြေသာ သူမကို စိတ်ကျေနပ်စေပါက သူမက သူတို့နှစ်ယောက်၏ အိမ်ထောင်ရေးကို ကန့်ကွက်တော့မည် မဟုတ်ပါတော့ချေ။

“အန်တီ” ယန်ဟန်ကျိုးက လေးစားစွာဖြင့် နှုတ်ဆက်လိုက်ပါ၏။

“အထဲမှာ စကားပြောရအောင်” ယန်ရှုဟွာက တည်ငြိမ်စွာ ပြောလိုက်သည်။

အိမ်ထဲသို့ ဝင်ပြီးနောက်တွင် ယန်ဟန်ကျိုး၏ အနည်းငယ် စုတ်ခြာနေသည့် အိမ်တွင်းအပြင်အဆင်ကို မြင်ပြီးနောက်တွင် ယန်ရှုဟွာ၏ မျက်ခုံးများမှာ မဆိုစလောက်ကလေး တွန့်ချိုးသွားခဲ့တော့သည်။

“ဟန်ကျိုး အန်တီက မင်းကြီးပြင်းလာတာကို မြင်ခဲ့ရတာပါ။ မင်းရဲ့ အကျင့်စရိုက်၊စိတ်ဓာတ်နဲ့ ပတ်သက်ပြီးတော့ အန်တီက ဘာမှ ပြောစရာကို မရှိဘူး။ မေးမေးကို မင်းနဲ့ သဘောတူပေးဖို့ဆိုတာက ပြသနာ မဟုတ်ဘူး။ အန်တီစိတ်ပူတာက မင်းနဲ့ဆိုရင် မေးမေးရဲ့ ဘဝက ကြမ်းတမ်းမှာကိုပဲ”

“မေမေ သမီးက ဘာမှ မဖြစ်ဘူး။ အကိုယန်နဲ့သာ အတူရှိမယ်ဆိုရင်…”

မေးမေးက လျင်မြန်စွာ ဝင်ပြောသည်။

သူမဝင်ပြောသည်နှင့် ယန်ရှုဟွာ၏ စူးရဲသော အကြည့်ကို ရင်ဆိုင်လိုက်ရလေ၏။

“အန်တီ ကျွန်တော်က အလုပ်ပိုကြိုးစားပါ့မယ်” ယန်ဟန်ကျိုးက လျင်မြန်စွာ ပြောလိုက်၏။

“ကျွန်တော့်ရဲ့ လစဉ်ဝင်ငွေကလည်း အရင်ကထက်ကို ပိုကောင်းလာခဲ့ပါပြီ။ ပြီးတော့ ကျွန်တော့်မှာ စုဆောင်းထားတာလေးတွေလည်း ရှိပါတယ်။ မေးမေးကို ပင်ပန်းစေမှာ မဟုတ်ရပါဘူး”

“ဟန်ကျိုး အန်တီက မင်းကို ခက်ခဲအောင်မလုပ်ချင်ဘူး။ ငါ့ရဲ့ သမီးလေးကို လက်ထပ်ချင်တယ်ဆိုရင် တင်တောင်းဖို့တော့ လိုလိမ့်မယ်”

“အန်တီက များများ မတောင်းဆိုပါဘူး။ ငွေတုံးငါးရာနဲ့ တင်တောင်း၊ အန်တီက မေးမေးနဲ့ မင်းကို လက်ထပ်ပေးမယ်”

ယန်ရှုဟွာက အမှန်တကယ်ပင် ယန်ဟန်ကျိုးကို မခက်ခဲစေခဲ့ပေ။

မေးမေးမှာ ငယ်စဉ်ကတည်းက ပြည့်စုံလုံလောက်စွာ ကြီးပြင်းလာခဲ့သူတယောက်ဖြစ်သည်။ ယန်ဟန်ကျိုးအနေနှင့် ငွေတုံးငါးရာတောင် မတတ်နိုင်လျှင် မိခင်ဖြစ်သူအနေနှင့် မေးမေးကို ခက်ခဲသောဘဝထဲသို့ တွန်းမပို့နိုင်ပေ။

“ငွေတုံးငါးရာ” ယန်ဟန်ကျိုးမှာ အမှန်တကယ်ကို ဒုက္ခတွေ့နေချေပြီ။

သူက ငွေစုဆောင်းထားသည်များရှိသော်လည်း အများဆုံးမှ ငွေတုံးနှစ်ရာခန့်သာ ရှိ၏။

“မင်းက ငွေတုံးငါးရာတောင် မပေးနိုင်ဘူးလား”

ယန်ရှုဟွာ၏ မျက်နှာအမူအရာမှာ နက်မှောင်သွားခဲ့သည်။

“အမေ…”

“ပါးစပ်ပိတ်ထား”

ယန်ရှုဟွာက သူမ၏ အချစ်စိတ်မွှန်နေသော သမီးပျိုကို လှမ်းအော်လိုက်သည်။

အခြေအတင်ဖြစ်သည့် အခြေအနေမှာပင် အိမ်အပြင်မှ အသံတသံထွက်လာခဲ့၏။

“ဟန်ကျိုး”

အသံကြားသဖြင့် ယန်ဟန်ကျိုးက တံခါးသွားဖွင့်လိုက်ရာ စတုတ္ထမြောက်အကြီးအကဲကြီးကို တွေ့လိုက်ရသည်။

“အကြီးအကဲ”

ယန်ဟန်ကျိုးက အလျင်အမြန်ပင် အရိုအသေပြုလိုက်သည်။

“စတုတ္ထမြောက်အကြီးအကဲကြီး” ယန်ရှုဟွာကလည်း အလျင်အမြန်ပင် အရိုအသေပေးလိုက်၏။

“အို… ရှုဟွာကလည်း ဒီကို ရောက်နေတာပဲလား” အကြီးအကဲက ယန်ရှုဟွာကို တချက်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်တယ်ရှင့်။ မေးမေးရဲ့ မင်္ဂလာပွဲကိစ္စကို ဟန်ကျိုးနဲ့ လာဆွေးနွေးတာပါ”

ယန်ရှုဟွာက ပြုံးရင်း ဖြေလိုက်သည်။

“လက်ထပ်ပွဲလား” စတုတ္ထအကြီးအကဲက သဘောကျစွာ ရယ်လိုက်သည်။

“နင့်သမီးက ပိုမြင့်တဲ့ အဆင့်အတန်းကို လက်ထပ်ပြီးတော့ ရောက်တော့မှာပေါ့”

ထိုစကားကြောင့် ယန်ရှုဟွာမှာ နှုတ်ဆိတ်သွားခဲ့၏။

သူက ဘာအဓိပ္ပာယ်နဲ့ ပြောလိုက်တာလဲ

ဘယ်သူက ဘယ်သူ့ကို လက်ထပ်ပြီးတော့ အဆင့်အတန်း မြင့်သွားမှာလဲ?

သူမသည် ချန်ထင်မြို့၏ ရောင်းအားအကောင်းဆုံးအထည်ဆိုင်သုံးဆိုင်မှ တဆိုင်တွင် ဆိုင်ရှင်ဖြစ်သည်။ ယန်ဟန်ကျိုးကတော့ ဆင်းရဲမွဲတေသော လူငယ်လေးတယောက်ပဲ မဟုတ်လား။ သူ့ကို လက်ထပ်တာက ဘယ်လိုဖြစ်ပြီး အဆင့်အတန်းက မြင့်ရမှာလဲ

“ဟန်ကျိုးရေ” စတုတ္ထအကြီးအကဲက ခေါ်လိုက်သည်။

“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲကို ကျန်ကျိုးမှာ ဖွင့်လိုက်ဖို့အတွက် ယန်မိသားစုက ဆုံးဖြတ်ချက်ချလိုက်ပြီကွာ။ မင်းကို လက်ထောက်ဆိုင်ရှင်အနေနဲ့ ကျန်ကျိုးကဌာနခွဲမှာ တာဝန်ထမ်းဆောင်ဖို့ မဟာအကြီးအကဲက သတ်မှတ်လိုက်တယ်ကွ”

“ဟင်”

ယန်ဟန်ကျိုးက နားမလည်နိုင်ဖြစ်သွား၏။

လက်ထောက်ဆိုင်ရှင်တဲ့

သူကလား?

ထိုစကားကြောင့် ယန်ရှုဟွာပင်လျှင် ပင့်သက်ရှိုက်သွား၏။

ကျန်ကျိုးက ချန်ချင်းကုန်သွယ်ရေးလား

ဒီကလေးက ဖြတ်လမ်းနည်းကိုလိုက်ပြီးတော့ အောင်မြင်သွားခဲ့တာလား

ပိုပြီးအရေးကြီးတဲ့သတင်းက ရာထူးကိုခန့်အပ်လိုက်တာက မဟာအကြီးအကဲကိုယ်တိုင်လို့ ပြောတယ်။

ယန်မိသားစုထဲတွင်ပင် ရာထူးအနည်းငယ်မြင့်သည့် သူမပင်လျှင် မဟာအကြီးအကဲဟူသော စကားလုံး၏ လေးနက်မှုဖိအားကို သိရှိပေ၏။

မိသားစုခေါင်းဆောင်ဖြစ်သည့် ယန်ပါးထောင်ပင်လျှင် မဟာအကြီးအကဲကို မလေးမစား မလုပ်ရဲပါချေ။

ယန်ကျန်းထောင်သည် ယခုအချိန်တွင်သာ လက်ထောက်ဆိုင်ရှင်ဖြစ်နေသော်လည်း နှစ်အနည်းငယ်အတွင်းတွင် ထိုဌာနခွဲ၏ ဆိုင်ရှင်ဖြစ်ကို ဖြစ်လာလိမ့်ပေမည်။ လုပ်ငန်း၏ လည်ပတ်မှုကို နားလည်သော ယန်ရှုဟွာအဖို့ ကြိမ်းသေကို သိနေခဲ့ပါသည်။

ဒီကောင်လေးက တကယ်ကို ကံကောင်းတာပဲ

အဲ့ဒါကြောင့်မို့လို့လည်း စတုတ္ထအကြီးအကဲက ငါတို့မိသားစုက ပိုမြင့်တဲ့အဆင့်တန်းကို လက်ထပ်ပွဲနဲ့ တက်လှမ်းမယ်လို့ ပြောခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး

သူကတကယ့်ကို ရွှေသမက်ပဲဟေ့

သူမက ချန်ထင်မြို့က အဝတ်ထည်ဆိုင်ပိုင်ရှင်သေးသေးလေးဖြစ်ပြီးတော့ ယန်ဟန်ကျိုးလို ဌာနခွဲရဲ့ လက်ထောက်ခေါင်းဆောင်နဲ့ ယှဉ်လို့တောင်မရဘူးလေ

အဲ့ဒါကြောင့်မို့လို့ ပုံမှန်ဆိုရင် တည်ငြိမ်ပြီးအေးစက်နေတဲ့ စတုတ္ထအကြီးအကဲတောင်မှ အရမ်းတွေကို ယဉ်ကျေးနေခဲ့တော့တာပဲ

“အလုပ်ကြိုးစားပါ ဟန်ကျိုး။ မဟာအကြီးအကဲက မင်းကို အမြင့်ကြီးမှန်းထားတယ်” စတုတ္ထအကြီးအကဲက ပြုံးကာပြောလိုက်သည်။

“ကဲ ကဲ ငါဆက်ပြီးတော့ မနှောင့်ယှက်တော့ဘူး။ လက်ထပ်ပွဲအကြောင်းကို ဆက်ဆွေးနွေးလိုက်ပါဦး”

“အကြီးအကဲကို လိုက်ပို့ပါတယ်”

သုံးယောက်သားမှာ ပြိုင်တူပင် ဦးညွတ်လိုက်ကြ၏။

ယခုအချိန်တွင် ယန်ဟန်ကျိုးမှာ အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေခဲ့တော့သည်။

“အကိုယန် ဂုဏ်ပြုပါတယ်”

မေးမေးမှာ လွန်စွာပျော်ရွှင်နေပြီးနောက် ယန်ဟန်ကျိုး၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်လေ၏။

ယန်ရှုဟွာမှာ အနေရခက်နေခဲ့ချေပြီ။ သူမက ယန်ဟန်ကျိုးကို ကြည့်လိုက်သော်လည်း နှုတ်မှ စကားတခွန်းမှ ထွက်မလာနိုင်ခဲ့ချေ။ သူမသာ ယခုအချိန်မှာ တင်တောင်းစရာမလိုဘူးလို့ ပြောလိုက်ရင် သူမပုံစံက ငွေနဲ့ဂုဏ်ကို မက်ရာရောက်သွားမလား??

All Chapters