အခန်း (၂၀၇)
Vol. 20 Ch. 207
ယန်ဟန်ကျိုးမှာ စိတ်ထဲတွင် အတော်လေးကို တုန်လှုပ်နေခဲ့၏။
လီချန်ချင်းကြောင့် ရာထူးတက်သွားခြင်းမှာ သူ့ကိုနှလုံးသားထဲမှ နက်ရှိုင်းစွာ ကျေးဇူးတင်စေခဲ့သည်။ သူ၏ လီချန်ချင်းအပေါ်ပြသခဲ့သော သေးငယ်သော ကြင်နာမှုလေးကြောင့် သူက ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ချိုးဖြတ်နိုင်ပြီးနောက်တွင် ယန်မိသားစုတွင် ဆက်လက်၍ နေထိုင်နိုင်ရုံသာမက ယခုတွင် လီချန်ချင်းကြောင့်ပင် ချန်ချင်းကုမ္ပဏီခွဲတွင် လက်ထောက်ဆိုင်ရှင်ရာထူးကို ရခဲ့ပြန်ချေပြီ။
ထိုဖြစ်ရပ်မှာ အိပ်မက်တခုအလားပင်။
ယန်ရှုဟွာမှာ ဘယ်လိုနောက်ပြန်ဆုတ်ရမလဲဟု တွေးတောနေစဉ်မှာပင် ယန်ဟန်ကျိုးက ပြောလိုက်၏။
“အန်တီ၊ နောက်ပိုင်းကျရင် ကျွန်တော့်မှာ ဝင်ငွေတွေ အများကြီးရှိလာတော့မှာ။ ကျွန်တော့်ကို ယုံကြည်ပေးဖို့ မျှော်လင့်ပါတယ်။ မေးမေးကို ပိုကောင်းမွန်တဲ့ဘဝမျိုးမှာ ကျွန်တော်ထားနိုင်မှာပါ။ တင်တောင်းဖို့ စရိတ်ကိုလည်း ကျွန်တော်အမြန်ရှာဖွေပါ့မယ်။ ကျွန်တော့်ကို အချိန်နည်းနည်းလောက်တော့ ထပ်ပေးပါဦး”
“အန်တီက မင်းကို ယုံပါတယ်။ မင်းက ငယ်ငယ်လေးကတည်းက တနေ့ကျရင် ကြီးမြတ်တဲ့လူတယောက်ဖြစ်လာမယ်လို့ အန်တီက သိပြီးသားပါ”
(ငွေမျက်နှာက တယ်ကြီးသကိုး။ ငွေရှာနိုင်အောင် လုပ်ကြ စာဖတ်သူတို့)
“အခုမှပဲ သတိရတယ်။ အိမ်မှာ စွတ်ပြုတ်အိုးတည်ထားပြီး မီးမပိတ်ခဲ့မိဘူးပဲ။ မင်းတို့နှစ်ယောက် အေးဆေးစကားပြောပြီးနေကြဦး။ အန်တီပြန်သွားပြီး စွတ်ပြုတ်အိုး သွားကြည့်ဦးမယ်”
ယန်ရှုဟွာက ခေါင်းကို ဆက်တိုက်ညိတ်ကာ ထွက်သွားခဲ့လေသည်။
ယန်ဟန်ကျိုးက ချန်ချင်းကုမ္ပဏီရဲ့ လက်ထောက်ဆိုင်ရှင်ဖြစ်နေမှတော့ သူမက ဘာများ ထပ်ပြီး ကန့်ကွက်နိုင်ဦးမှာလဲ။
လောလောဆည်တွင် သူမစိတ်ပူသည်မှာ ယန်ဟန်ကျိုးက အဆင့်အတန်းမြင့်သွားပြီဖြစ်သောကြောင့် သူမ၏ သမီးကို နှိမ်ချဆက်ဆံပြီး တခြားမျိုးရိုးမြင့်ကာ ပိုချောမောသော အမျိုးသမီးများကို မျက်စိကျသွားမှာကိုပင်။
အဲ့လိုအခြေအနေမျိုးမဖြစ်ခင်မှာ သူတို့နှစ်ယောက်ကို အမြန်နီးစပ်အောင်လုပ်ဖို့ နည်းလမ်းကို သူမရှာဖွေမှ ဖြစ်ပေမည်။
သူ၏ အနာဂတ်မှာ အကန့်သက်မဲ့နေချေပြီ။ သူ၏အနောက်တွင် မဟာအကြီးအကဲက ရှိနေသည်မဟုတ်ပါလား။
ယန်ဟန်ကျိုးလို တောက်ပသော အနာဂတ်ရှိသူကို အခြားသောအမျိုးသမီးများသာမက ယန်မိသားစုက မိန်းကလေးများကပါ သဘောကျကြတော့ပေမည်။ ထိုမြေခွေးမများ လက်မဦးခင် မေးမေးက လက်ဦးနိုင်မှ ဖြစ်လိမ့်မည်။
“မေးမေးရေ တခါတည်း အပိုင်သာချည်နိုင်အောင်လုပ်”
ယန်ရှုဟွာသည် တံခါးအဟကြားမှာချောင်းကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
သူ၏ သာမန်လုပ်ရပ်မှာ ယန်ဟန်ကျိုးကို ဤမျှအထိ ဘဝပြောင်းသွားသည့်အထိ ဖြစ်သွားလိမ့်မည်ဟု လီချန်ချင်းကိုယ်တိုင်ပင်လျှင် မတွေးခဲ့မိပါ။
ချန်ချင်းကုန်သွယ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပြီးနောက်တွင် လီချန်ချင်းက အိပ်ယာစောစောဝင်ခဲ့သည်။
“အကြီးအကဲ လီချန်ချင်း၊ သူ၏ စိတ်ထဲတွင် ရင်းနှီးနေသော အသံတသံကို ကြားလိုက်ရပါသည်။
လီချန်ချင်းက သူ၏ နတ်ဘုရားစိတ်ဝိဉာဉ်ကန်သို့ လှမ်းလာလိုက်ရာ ကန်စပ်တွင် လုချောင်းချောင်းကို သူတွေ့လိုက်သည်။
“အကြီးအကဲ ပြန်လာလောက်မယ့်ရက်ကို ကျွန်မ လက်ချိုးရေနေခဲ့မိတာ။ အခုချိန်လောက်ဆိုရင် ပြန်လာလောက်ပြီလို့ တွေးမိလို့ ကျွန်မလာခဲ့တာပါ”
မတိုင်ခင်တုန်းက လီချန်ချင်းက တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲတွင် ပါဝင်မည့် အကြောင်းကို လုချောင်းချောင်းအား ပြောပြထားခဲ့ဖူးပါသည်။
လုချောင်းချောင်း၏ မေးခွန်းကြောင့် လီချန်ချင်းမှာ အပြစ်ရှိသလို ခံစားချက်ဖြစ်နေကာ ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။
သားဖြစ်သူအတွက် နောက်ထပ်ဇနီးတယောက်ကို သူရှာတွေ့ခဲ့သည့်တိုင် သူကိုယ်တိုင်ဖောက်ပြန်ထားသလိုမျိုး ဘာကြောင့် ခံစားနေရတာလဲ
“အကြီးအကဲ၊ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံကနေ တစ္ဆေနတ်ဆိုးစမ်းသပ်မှုက အကြောင်းတွေကို ကျွန်မ ကြားခဲ့တာရှိတယ်”
လုချောင်းချောင်းမှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏ အရှိန်အဝါမှာ တည်ငြိမ်နေကာ ကျက်သရေရှိရှိနှင့် လှပနေခဲ့သည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ရှိစဉ်အခါကနှင့် အတော်လေးကို ကွာခြားနေခဲ့တော့သည်။ လီဟမ်ရှန်းသာ လုချောင်းချောင်းကို ယခုအချိန်တွင်သာ တွေ့ခဲ့ပါက လုံးဝကို မှတ်မိလိမ့်မည် မဟုတ်ပါချေ။
“တစ္ဆေနတ်ဆိုးစမ်းသပ်မှုက သတင်းတွေက ပြန့်တာမြန်လှချေလား” လီချန်ချင်းပင်လျှင် အနည်းငယ် အံ့ဩသွားခဲ့ရသည်။
“အရှေ့ပိုင်းကုန်းမြေကြီးကို ဖြတ်ကျော်ပြီးတဲ့အပြင်၊ တစ္ဆေမျိုးနွယ်တွေကပါ သိနေတာတဲ့လား”
“ချင်းလဲ့ဓားသခင်ကြောင့်သာ မဟုတ်ရင် လူသားမျိုးနွယ်စွမ်းအားရှင်တွေအားလုံး သေဆုံးကုန်လောက်ပြီ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက အန္တရာယ်များလွန်းတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကလည်း ကြီးမားလွန်းပါတယ်” လုချောင်းချောင်းက လေးနက်စွာ ပြောလိုက်သည်။
“အဆုံးမဲ့ညရှေးဟောင်းနိုင်ငံရဲ့ အမြင်မှာတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ရည်မှန်းချက်က ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ကို ပြန်ရှင်သန်ဖို့ဆိုတာလောက် မရိုးရှင်းနေခဲ့ဘူး”
“သူတို့မှာ ပိုပြီးကြောက်ဖို့ကောင်းတဲ့ အန္တိမရည်မှန်းချက်ရှိနေသေးတယ်။ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ဆိုတာက သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့ လိုအပ်ချက်သေးသေးလေးပဲ”
လီချန်ချင်းကိုယ်တိုင်လည်း ထိုအမြင်ကို သဘောတူပါသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်ကို ပြန်လည်ရှင်သန်ဖို့ရာအတွက် အားစိုက်ထုတ်ထားသည်မှာ မှန်နေသော်လည်း မြေလျှောက်အင်မော်တယ်တပါး၏ ခွန်အားက သူတို့၏ ပန်းတိုင်ကို ရောက်အောင် မလုပ်ဆောင်ပေးနိုင်သည်မှာ သေချာပေသည်။
ယင်းကို ကြည့်ခြင်းအားဖြင့် ထာဝရရှင်သန်ခြင်းဂိုဏ်းတွင် တခြားတခြားသော အကြံဆိုးများ ရှိနေသေးပေ၏။
၎င်းတို့၏ တကယ့်အကြံအစည်ကိုမူ မသိရသေးပေ။
အကိုလီကကော အဆင်ပြေရဲ့လား
လုချောင်းချောင်းမှာ လီဟမ်ရှန်း၏ လုံခြုံရေးကို စိတ်ပူနေလေသေးသည်။
“စိတ်မပူပါနဲ့၊ ဒီကလေးက မာပါတယ်” လီချန်ချင်းက ပြုံးလိုက်ပြီး လုချောင်းချောင်းကို စိတ်ပျော့သွားစေ၏။
“ကောင်းတာပေါ့၊ အကြီးအကဲလီချန်ချင်းသာရှိရင် အကိုလီက အဆင်ပြေမှာပါ” လုချောင်းချောင်းက ပြုံးရင်းပြောလိုက်သည်။
“ဒါပေမယ့်လည်း အကိုလီကို ကာကွယ်ဖို့အတွက်က အကြီးအကဲလီချန်ချင်းက အနားမှာရှိနေမှ ရှိမှာပေါ့။ ဒါပေမယ့်အကိုလီရဲ့အနားမှာ အကြီးအကဲရဲ့ စွမ်းအားအမှန်ကို ထုတ်ပြလိုက်လို့လည်း မဖြစ်သေးဘူးမဟုတ်လား။ ဖြစ်နိုင်တာက ချင်းလဲ့ဓားသခင်ဆိုတာ အကိုလီကို ကာကွယ်ဖို့အတွက် အကြီးအကဲရဲ့ သရုပ်ကွဲများလား”
“ဟားဟားဟား၊ ဒီကောင်မလေးကတော့”
လီချန်ချင်းက ရယ်မောလိုက်နေပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ထိုအကြောင်းတရားကို ဝန်ခံခြင်း၊မဝန်ခံခြင်းမှာ အရေးမပါပေ။
ပြီးတော့ လုချောင်းချောင်းက ဉာဏ်ကောင်းတဲ့ ကောင်မလေးတယောက်ဆိုတော့ ချင်းလဲ့ဓားသခင်ရဲ့ သရုပ်မှန်ကို သိပြီးလောက်ပါပြီ
“ကျွန်မကြားထားတာ တခုရှိသေးတယ်” လုချောင်းချောင်းက လီချန်ချင်းကို မော့ကြည့်ကာ ပြောလိုက်သည်။
“ကွမ်လန်နန်းတော်က လုရှီရန်က အကိုလီကို အရမ်းကို တွယ်တာနေတယ်လို့ ကျွန်မ ကြားခဲ့တယ်။ သူက အကိုလီ့ကို “ယောကျ်ား” လို့ပါ ခေါ်တယ်တဲ့”
ဒုတ်
လီချန်ချင်း၏ နှလုံးခုန်သံစည်းချက်မှာ တချက်ကျော်သွားလေ၏။
လုချောင်းချောင်း၏ လေသံမှ သူမ စိတ်တိုနေလားဆိုတာကို သူခန့်မှန်း၍ မရခဲ့ပေ။
“ဟီးဟီး ချောင်းချောင်း၊ ငါ့ရဲ့သားအစား ငါရှင်းပြပါရစေ”
လီချန်ချင်းက လုချောင်းချောင်းအား ရှင်းပြရန်အတွက် အလျင်အမြန်ပင် ပြောလိုက်၏။
“ရပါပြီ အကြီးအကဲချန်ချင်း၊ ထပ်ပြီးတော့ ပြောဖို့မလိုတော့ပါဘူး” လုချောင်းချောင်းက ပြောလိုက်လေ၏။
“အဆုံးမဲ့ညနိုင်ငံတော်ကို ပို့လာတဲ့ သတင်းပို့ချက်မှာ အသေးစိတ်ကို ရေးသားထားပါတယ်။ ဒီကိစ္စက အကိုလီရဲ့ အမှားမဟုတ်တာကို ကျွန်မသိပါတယ်။ လုရှီရန်ကသာ အကိုလီရဲ့ အနားကို အတင်းအကျပ် ကပ်နေတယ်ဆိုတာကို ကျွန်မသိပါတယ်”
“ပြီးတော့ အကိုလီ့လို ထူးချွန်တဲ့လူအနားကို မိန်းကလေးတွေ ကပ်ချင်တာက သဘာဝပါပဲ။ အနာဂတ်မှာ အကိုလီရဲ့ ကျင့်ကြံမှုမြင့်လာတဲ့အခါမှာဆိုရင်လည်း နောက်ထပ်မိန်းကလေးတွေ အများကြီး ထပ်ပေါ်လာဦးမှာပဲ။ ဒီလိုကိစ္စသေးသေးလေးတွေတိုင်းကိုသာ ကျွန်မက စိတ်တိုနေမယ်ဆိုရင် ဒေါသထွက်ပြီး သေတောင်သေသွားရလိမ့်မယ်။ ကျွန်မပြောတာ မဟုတ်ဘူးလား”
“ကျွန်မယုံပါတယ်”
လုချောင်းချောင်း၏ မျက်နှာမှာ လွန်စွာလေးနက်လာခဲ့ပြီးနောက်တွင် ဆက်ပြောသည်။
“အခုနောက်ပိုင်းမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ လှုပ်ရှားမှုတွေက အရှေ့ဘက်ကုန်းမြေကြီးမှာပါမကဘူး။ တိမ်တိုက်နယ်မြေမှာပါ အတော်လေးကို လှုပ်ရှားနေကြတယ်။ ယင်တန်မျှော်စင်နဲ့ ကံကြမ္မာကြယ်နန်းတော်တို့လို အင်အားစုတွေကတောင် ထာဝရရှင်သန်ခြင်းဂိုဏ်းကို စတင်ပြီးတော့ တိုက်ခိုက်နေကြပြီ”
“ပြီးတော့ ကျွန်မတို့ရဲ့ အဆုံးမဲ့ညနိုင်ငံတော်မှာလည်းပဲ ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ပတ်သက်ပြီး အရမ်းအရေးကြီးတဲ့ သတင်းအချက်အလက်ကို ရထားခဲ့တယ်။ သတင်းအချက်အလက်ရဲ့ အပြည့်အစုံကို ကျွန်မက မဖတ်လိုက်ပေမယ့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနဲ့ပတ်သက်တာကိုတော့ သတင်းထဲမှာ ပါနေခဲ့တယ်”
လုချောင်းချောင်းက ပို၍လေးနက်လာသည်။
“အကြီးအကဲချန်ချင်း ဖြစ်နိုင်မယ်ဆိုရင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို သတိထားဖို့အတွက် ကြိုပြီးပြောထားသင့်တယ်လို့ ကျွန်မထင်တယ်”
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနဲ့ ပတ်သက်တာက ဘာအချက်အလက်လဲ”
“အချက်အလက်ထဲမှာတော့ ဘာမှသိပ်မပါဘူး။ ကျွန်မသိတာကတော့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ သူလျိုတယောက်ထည့်ထားတယ်ဆိုတာကိုပဲ သိတယ်။ သူလျိုကိုခေါ်တဲ့ အမည်ဝှက်ကတော့ “ရွှဲ့ယီ” တဲ့”
“ရွှဲ့ယီ”
လီချန်ချင်းမှာ စုံထောက်ဇာတ်လမ်းကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရတော့သည်။
“ထာဝရရှင်သန်ခြင်းဂိုဏ်းကြောင့် အကိုလီက အဆိပ်မိပြီး သေမလိုဖြစ်သွားတယ်လေ။ အဲ့ဒါကလည်း ရွှဲ့ယီလုပ်တာပဲနေမယ်”
“သတင်းထဲမှာပါတာကတော့ ရွှဲ့ယီက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို ရောက်နေတာ အတော်လေးကြာနေပြီတဲ့။ အချိန်တော်တော်ကြာနေလို့ နေရာတနေရာကိုတောင်ရောက်နေလောက်ပြီ။ သူ့ကိုသာ မဖော်ထုတ်နိုင်ခဲ့ရင် အနာဂတ်မှာ အကိုလီရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်”
“ရွှဲ့ယီနဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေ မင်းဆီမှာ ရှိနေသေးလား”
လီချန်ချင်း၏ အကြည့်များမှာလည်း ပိုမို၍ လေးလံလာ၏။
အမှောင်ထဲမှ မြားက အလင်းထဲမှ ဓားထက်ပို ကြောက်ဖို့ကောင်းလေသည်။
“မရှိဘူး” လုချောင်းချောင်းက ခေါင်းခါယမ်းရင်း
“ရွှဲ့ယီကို ထာဝရရှင်သန်ခြင်းဂိုဏ်းက အသေအချာကိုစီစဉ်ပြီးတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းထဲကို ထည့်သွင်းခဲ့တာ၊ အခု သူ့ရဲ့နာမည်ကို သိရတာတင်ပဲ အတော်လေးကို ခက်ခဲလှပြီ”
လီချန်ချင်းမှာလည်းတွေးတောသွားခဲ့လေပြီ။ အချိန်အကြာကြီး သူလျိုအဖြစ်၊ မဖမ်းမိအောင် နေနိုင်သူ၏ အချက်အလက်ကို အလွယ်တကူရရှိဖို့ မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် မြောက်မြားစွာသော တပည့်များရှိပြီး၊ ရာထူးအာဏာရှိသော အကြီးအကဲများအပါအဝင် တိုက်ရိုက်တပည့်များစွာတို့လည်း ရှိနေခြင်းကြောင့် ရွှဲ့ယီကို ရှာဖွေရန်မှာ မိုးကောင်းကင်ကို လှေကားထောင်တက်ရသည်ထက်ပင် ခက်ခဲနေပေသည်။
“ဂိုဏ်းချုပ်သာ ရှိရင် ဒီပြသနာတွေအားလုံးက ဖြေရှင်းပြီးသားဖြစ်မှာ” လုချောင်းချောင်းက သက်ပြင်းဖျော့ကို မှုတ်ထုတ်ရင်းဆိုလိုက်သည်။
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”
ရုတ်တရက် လီချန်ချင်းမှာ ရွှယ်ချမ်းပိုင်ပြောခဲ့ဖူးသော စကားကို ပြန်အမှတ်ရသွားသည်။ ဂိုဏ်းချုပ်သာရှိနေလျှင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှိ သူလျိုများအားလုံးမှာ ပုန်းစရာမြေမရှိ ဖြစ်သွားမည်ဟု ရွှယ်ချမ်းပိုင်က ပြောခဲ့ပါသည်။
“အခုလိုအခြေအနေမျိုးမှာတောင် ဂိုဏ်းချုပ်က အပြင်လောကကို ရောက်နေတာတဲ့။ သူဘယ်အချိန်ပြန်လာမလဲဆိုတာကိုတော့ ငါလည်းမသိဘူး”
လီချန်ချင်းက စိတ်ဓာတ်ကျနေသည့်လေသံနှင့် ပြောလိုက်ပါသည်။
“ကျွန်မတို့ရဲ့ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်က ဘိုးဘေးပြောတာကတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လောကကြီးထဲကို ပြန်ဝင်လာတာက အရမ်းကို စွမ်းအားကြီးတဲ့ ပညာရပ်တခုကို ကျင့်ကြံနေတာကြောင့်တဲ့။ ဒါပေမယ့် အခုချိန်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ လက်တံတွေက အရှေ့ကုန်းမြေကြီးကို ကမောက်ကမဖြစ်အောင် လုပ်နေတာဆိုတော့ သိပ်မကြာခင်မှာ ဂိုဏ်းချုပ်က ဂိုဏ်းကို ပြန်လာတော့မှာပါ”
“အခြေအနေတွေက သိပ်မကြာခင်မှာ ငြိမ်ကျသွားဖို့ပဲ မျှော်လင့်ပါတယ်လေ”
လီချန်ချင်းသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှ ထွက်ပြေးသွားခဲ့သော အနက်ရောင်ဝတ်ရုံနှင့် လူကို ပြန်မြင်ယောင်ပြီး ရေရွတ်လိုက်သည်။
ထိုအနက်ရောင်ဝတ်ရုံနှင့်လူ၏ ခွန်အားမှာ မသန်မာသည့်တိုင်အောင် သူ့ထံမှ အလွန်တရာအန္တရာယ်ရှိသော အငွေ့အသက်ကို လီချန်ချင်းက ခံစားခဲ့ရလေ၏။
အချိန်မြစ်ထဲတွင် သူမြင်တွေ့ခဲ့ရသော ပုံရိပ်မှာ ထိုအနက်ရောင်ဝတ်ရုံနှင့်လူနှင့် အနည်းငယ်ဆင်တူသည်ဟု သူခံစားခဲ့ရသည်။
တယောက်တည်းများ ဖြစ်နေမလား
နောက်ပိုင်းနေ့ရက်များမှာမူ ငြိမ်းချမ်းနေခဲ့ပါသည်။
တစ္ဆေနတ်ဆိုးစမ်းသပ်မှု ဖြစ်ရပ်အပြီးတွင်ထာဝရရှင်သန်ခြင်းဂိုဏ်း၏ လှုပ်ရှားမှုများမှာ လုံးဝကို ငြိမ်ကျသွားခဲ့ပေ၏။
ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ခြေရာလက်ရာအစအနဟူ၍ မတွေ့ရှိရတော့ပေ။
ဂိုဏ်းကြီးများမှလည်း ထာဝရရှင်သန်ခြင်းဂိုဏ်းကို ဝရမ်းထုတ်ကာ ဆုငွေကပ်လိုက်ကြတော့သည်။
တချိန်တည်းမှာပင် ဂိုဏ်းတိုင်းလိုလိုပင် မိမိတို့တွင် သူလျိုအတွင်းလူများ ရှိနေလားဆိုသည်ကို ပြန်စစ်ဆေးခဲ့ကြတော့သည်။
စစ်ဆေးပြီးသောအခါတွင် သူလျိုအချို့ကို ရှာတွေ့ခဲ့ကြတော့သည်။