အခန်း (၂၀၈)
Vol. 20 Ch. 208
သူလျိုများကို မဟာယွမ်မင်းဆက်၊ မြောက်ပိုင်းအေးခဲနိုင်ငံတော်တို့တွင်လည်း ရှာတွေ့ခဲ့ကြသည်။
ကွမ်လန်နန်းတော်ရှိ တပည့်များတွင်ပင်လျှင် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ သူလျိုများကို တွေ့ခဲ့ပါသေး၏။
သို့သော် ထိုသူလျိုများမှာ ဦးနှောက်ဆေးခံထားရသည့်အလားပင်။ ကောင်းကင်၊မြေကြီးနှင့် သေခြင်းတရားကိုပင် မကြောက်ရွံ့ကြသလိုပင်။ ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့် ပတ်သက်ပြီး မည်သည့်လျို့ဝှက်ချက်ကိုမှ ထုတ်မပြောကြချေ။
ဆေးဘုရင်တောင်ကြားမှ ယန်ကျန်းထောင်က ကွမ်လန်နန်းတော် လုဟန်ရန်ကို သတ်ဖြတ်ခဲ့မှုကြောင့် ကွမ်လန်နန်းတော်က ပညာရှင်များသည် ဆေးဘုရင်တောင်ကြားသို့ ရောက်လာပြီးနောက်တွင် တရားမျှတမှုတောင်းခံခဲ့ကြ၏။
သို့သော် နှစ်ဖက်စလုံးက သဘောတူညီမှုတခုရပြီး မည်သို့ပြေလည်သွားခဲ့သည်ကိုတော့ မသိရှိကြရချေ။ ထိုသတင်းအချက်အလက်မှာ လုံးဝကို မပေါက်ကြားခဲ့ပေ။ ဂိုဏ်းချုပ်သမီးဖြစ်သူ မူချင်းကောပင်လျှင် မသိရချေ။ ထိုလျို့ဝှက်ချက်မှာ သေချာကြပ်မတ်ထားခဲ့လေသည်။ ယန်ကျန်းထောင်နှင့် ဆက်ဆံရေးကောင်းခဲ့သူများကိုလည်း ဆေးဘုရင်တောင်ကြားမှ ကြပ်ကြပ်မတ်မတ် စစ်ဆေးခဲ့လေ၏။
သိုင်းလောကတွင် ပျံ့နှံ့နေသောသတင်းမှာမူ တောင်ကြားသခင် မူဟမ်ရှန်းက ကွမ်လန်နန်းတော်နှင့် အပေးအယူတခုလုပ်ခဲ့ပြီး ထိုပြသနာကို ဖြေရှင်းနိုင်ခဲ့သည်ဟူ၍သာ ဖြစ်ပါသည်။
သို့သော် ထိုကိစ္စရပ်များမှာ လီချန်ချင်းနှင့် လုံးဝကို မသက်ဆိုင်သောကြောင့် သူကလည်း ဂရုမစိုက်နေခဲ့ပေ။
အချိန်နှစ်လကုန်လွန်သွားခဲ့လေပြီ။ ဤနှစ်လအတွင်း ထာဝရရှင်သန်ခြင်းဂိုဏ်းကြောင့် ဖြစ်ပေါ်ခဲ့သော ဂရက်များသည်လည်း တဖြေးဖြေးနှင့် အနည်ထိုင်သွားခဲ့လေပြီ။
လီချန်ချင်းအဖို့ ဤနှစ်လတွင် စိတ်ဝင်စားမှု တခုသာရှိသည်။ ယင်းမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို မည်သို့တိုးချဲ့မည်ဆိုသော အတွေးသာဖြစ်သည်။
နှစ်လကြာမြင့်ပြီးသောအခါတွင် အနယ်နယ်အရပ်ရပ်တွင် ရှိသော ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲများအားလုံးမှာ တပြိုင်နက်တည်း ဖွင့်လှစ်လိုက်ကြတော့၏။
အနီးအနားတွင်ဖြစ်သော ကျန်ကျိုးပြည်နယ်၊ ဝေးကွာသော မြောက်ပိုင်းအေးခဲနိုင်ငံ၊ မဟာယွမ်မင်းဆက် နှင့် သံဓားဂိုဏ်း၏ မြစ်ဖျားခံရာဖြစ်သော ပိုင်ယွမ်ကျိုးပြည်နယ်တို့အထိ ချန်ချင်းကုမ္ပဏီအခွဲများက ရောက်ရှိလာခဲ့ကြ၏။
ပြန်လမ်းမဲ့တံခါးမြို့…
အရှေ့ပိုင်းကုန်းမြေကြီးတွင် ပြန်လမ်းမဲ့တံခါးမြို့မှာ ကုန်သွယ်ရေးအချက်အချာကျသော မြို့ကြီးဖြစ်ပါသည်။ ၎င်းတည်ရှိရာနေရာသည် အနောက်ကုန်းမြေဒေသကြီးနှင့် ဆက်သွယ်ထားသော ဖြောင့်ဖြူးသော လမ်းရှိသောကြောင့် ယင်းနေရာသည် အမြဲစည်ကားကာ လူများ၊ ကုန်သည်များနှင့် ပြည့်ကျပ် ပိတ်ဆို့နေလေ ရှိပါသည်။
ထိုနေရာတွင် ပြန်လမ်းမဲ့တံခါးဂိုဏ်း တည်ရှိသည်။
ယနေ့၊ ပြန်လမ်းမဲ့တံခါးမြို့၌ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲမှာ တရားဝင်စတင် ဖွင့်လှစ်ခဲ့ပါသည်။
ယခင်က ထိုလုပ်ငန်းမှာ ငါးကလေးကုန်သွယ်ရေးလုပ်ငန်းဟု ခေါ်တွင်ပေသည်။ ထိုလုပ်ငန်းပိုင်ရှင်သူဌေးမှာ တလ၊တလ အလျင်မှီအောင် ရုန်းကန်နေရပြီး မိသားစုကို မနည်းထောက်ပံ့နေခဲ့ရ၏။
လွန်ခဲ့သောနှစ်လတုန်းက ငါးကလေးကုန်သွယ်ရေး၏ ကုန်ပစ္စည်းများမှာ တောပုန်းဓားပြများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသောကြောင့် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဖြစ်ခဲ့ရပြန်သည်။
ပိုင်ရှင်မှာ တောင့်မခံနိုင်တော့ပဲ ချက်ချင်းကို ဒေဝါလီခံခဲ့တော့၏။
နောက်ဆုံးမှာတော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အခွင့်အရေးကို အမိအရ ဖမ်းယူကာ ကုမ္ပဏီကို ဝယ်ယူလိုက်ခဲ့လေသည်။
ငါးကလေးလုပ်ငန်းကို ဝယ်ယူပြီးသည့်အခါတွင်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲ ခေါင်းဆောင်က ငါးကလေးလုပ်ငန်းခေါင်းဆောင်ကို ထွက်သွားခွင့်မပြုခဲ့ပဲ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲတွင် လက်ထောက်ခေါင်းဆောင်အဖြစ် လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ပါသည်။
မင်ဟုန်ခရိုင်နှင့်လွန်စွာဝေးကွာလှသည့် ပြန်လမ်းမဲ့မြို့တွင် မြို့ခံလူတယောက်ကို ကုမ္ပဏီထဲ ဆွဲသွင်းထားနိုင်မှသာ တော်ကာကျပေလိမ့်မည်။
ကုမ္ပဏီကို ရောင်း၍ရသော ငွေကြေးများကို ဓားပြတိုက်ခံလိုက်ရသည့် ကုန်ပစ္စည်းများကို ပြန်လည်ဖြည့်တင်းလိုက်ရသောကြောင့် လက်ထဲ၌ ငွေအများကြီးရှိမနေခဲ့ပေ။
ထို့ကြောင့် ငါးကလေးလုပ်ငန်းပိုင်ရှင် ကျန်းယုမှာ ထိုကမ်းလှမ်းမှုကို ဝမ်းမြောက်ဝမ်းသာစွာနှင့် လက်ခံခဲ့လေသည်။
ထို့အပြင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ကမ်းလှမ်းသော လစာဝင်ငွေပမာဏမှာ သူ့ကိုယ်ပိုင်လုပ်ငန်းကို လုပ်စဉ်ကာလက ရငွေနှင့် မတိမ်းမယိမ်းသောကြောင့် ဖြစ်သည်။
လုပ်ငန်းအသစ်စဖွင့်သည့် ဖွင့်ပွဲဖြစ်သောကြောင့် ဈေးလာဝယ်သူများနှင့် ပြည့်နှက်နေခဲ့၏။
ကျန်းယုမှာလည်း လိုအပ်သည့်နေရာများသို့ ပြေးလွှားကာ လုပ်ကိုင်နေရသည်။ ပိုင်လင်းဝမ်မှာလည်း ကုန်ပစ္စည်းများကို နေရာချကာ မှတ်တမ်းတင်နေခဲ့၏။
အလုပ်များပြီးနောက်တွင် ကျန်းယုမှာ ဆိုင်အပြင်သို့ လျှောက်လာရင်း ကုမ္ပဏီဆိုင်းဘုတ်ကို အဆင်ပြေ၊မပြေကို ထွက်ကြည့်လိုက်လေ၏။
“ဘယ်ဖက်ကို နည်းနည်းလေးတိုး၊ အောက်ကို နည်းနည်းလေးလျှော့” ကျန်းယုက အလုပ်သမားများကို ညွှန်ကြားနေခဲ့သည်။
သို့သော် ထိုအခိုက်တွင် မသင်္ကာစရာကောင်းသောလူများသည် အဝေးမှနေ၍ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို မကောင်းကြံလိုသောအကြည့်နှင့် ကြည့်နေကြသည်ကို သတိပြုမိလိုက်တော့သည်။ ရုတ်တရက် ကျန်းယု၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်များနှင့် ပြည့်နှက်သွားခဲ့သည်။
ပြန်လမ်းမဲ့မြို့တွင် စီးပွားရေးလုပ်နေသည်မှာ ကြာမြင့်လှပြီဖြစ်သော သူ့လိုလူအတွက်တော့ ထိုသူများကို သိလေသည်။
“ဆိုင်ရှင်ပိုင်”
ကျန်းယုမှာ အတွင်းသို့ ခပ်သုတ်သုတ်ဝင်ကာ စိုးရိမ်တကြီးနှင့် ပြောလိုက်ပါသည်။
“ဘာဖြစ်လို့လဲ” ပိုင်လင်းဝမ်မှာ ကျန်းယု၏ သုတ်သီးသုတ်ပြာအမူအရာကို မြင်ပြီးနောက်တွင် အနည်းငယ်အံ့အားသင့်သွားခဲ့ပါ၏။
ပိုင်လင်းဝမ်မှာ ပိုင်မိသားစု၏ အကြီးအကဲဖြစ်သည်။ သူ့အား ဤနေရာ၌ ဆိုင်ရှင်အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပါသည်။ ပိုင်လင်းဝမ်မှာ ကျန်းယုကို အနားသို့ ခေါ်ထားလိုက်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျန်းယုရှိနေခြင်းကြောင့် ပုံမှန်ဆိုရင် ရှုပ်ထွေးရမည့်ကိစ္စရပ်များမှာ လွယ်ကူသွားခဲ့လေပြီ။
“ဆိုင်ရှင်ပိုင်၊ ခုနတုန်းက ကျွန်တော်တို့ချန်ချင်းကုမ္ပဏီကို လူတချို့က စောင့်ကြည့်နေကြတယ်။ သူတို့ထဲက လူအချို့ကို ကျွန်တော်သိတယ်။ သူတို့တွေက တခြားလုပ်ငန်းတွေက လွှတ်ထားတဲ့သူလျိုတွေပဲ။ ချန်ချင်းကုမ္ပဏီခွဲစဖွင့်တာက သူတို့ရဲ့ အာရုံစိုက်မှုကို ရသွားတဲ့အလားအလာရှိတယ်။ သိပ်မကြာဘူး သူတို့တွေ ပြသနာရှာလာနိုင်မယ်”
“အဲ့ဒါက ပုံမှန်ပဲလေ။ စိတ်ပူနေဖို့မလိုပါဘူး”
“သူတို့ကိုက သိပ်စိတ်ပူစရာမလိုဘူး။ ဒီမြို့မှာ နောက်ခံနည်းနည်းရှိတဲ့ လူမိုက်အဖွဲ့တွေရှိတယ်။ ဒီနေရာမှာ လုပ်ငန်းအသစ်စဖွင့်လိုက်ပြီဆိုမှတော့ သူတို့က ဂုတ်သွေးစုပ်ဖို့အတွက် ရောက်လာကြမှာပဲ”
“ကျွန်တော်အရင်တုန်းက လုပ်ငန်းလုပ်ခဲ့တုန်းကဆိုရင် သူတို့တောင်းတဲ့ ငွေမပေးမိလို့ ဒုက္ခအမျိုးမျိုးရောက်ခဲ့တယ်။ ဈေးဝယ်သူမလာနိုင်အောင်ကို လုပ်တဲ့အပြင် နည်းမျိုးစုံနဲ့ ညစ်ပတ်ယုတ်မာခဲ့တယ်။ တောင်းသလောက်ပေးမှပဲ၊ အေးချမ်းသွားခဲ့တာ”
“အို”
ပိုင်လင်းဝမ်က ထိုတလုံးသာပြောပြီးနောက်တွင် ခေါင်းကိုငုံ့ကာ တစုံတခုကို ရေးနေလေ၏။ သူ့ပုံစံမှာ ကျန်းယု၏ သတိပေးစကားကို လုံးဝကို လျစ်လျူရှုထားလိုက်သည်။
ကျန်းယုမှာ စိတ်ဖိစီးနေပြီး ဆက်ပြောလိုက်သည်။
“ဆိုင်ရှင်ပိုင်၊ ကျုပ်တို့ တခုခုတော့ပြင်ဆင်ထားမှ ရမယ်”
ယခုမှ အသစ်ဖွင့်ထားသော ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ရက်အနည်းငယ်အတွင်းတွင် ပြိုလဲသွားမည်ကို ကျန်းယုက မမြင်လိုပါချေ။
ယခုအချိန်တွင် ဈေးဝယ်အချို့မှာ ဆိုင်ထဲသို့ ဝင်လာပြီး ကုန်ပစ္စည်းများကို စတင်ကြည့်ရှုနေခဲ့ချေပြီ။
“ဈေးဝယ်တွေလာနေပြီ။ မြန်မြန်သွားပြီး လိုအပ်တာတွေကို လုပ်ပေးလိုက်ဦး” ပိုင်လင်းဝမ်က လျင်မြန်စွာပြောလိုက်သည်။
ကျန်းယုက သက်ပြင်းမောချလိုက်ပြီးနောက် ဈေးဝယ်များကို နှုတ်ဆက်ရန် လှည့်ထွက်သွားတော့၏။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသို့ ဝင်ရောက်လာကြသော ဈေးဝယ်များသည် မွှေးပျံ့လှသော လက်ဖက်ရည်ရနံ့ကို ရလိုက်ကြရသည်။
“ဒီအနံ့က ဘယ်လိုလက်ဖက်ခြောက်ကို သုံးထားတာလဲ။ ဘာလို့အရမ်းကို မွှေးကြိုင်နေခဲ့ရတာလဲ”
ဈေးဝယ်များမှာ သိလိုစွာနှင့် ရေရွတ်လိုက်ကြသည်။ မကြာမီ၊ တွန်းလှည်းလေးတခုကို တွန်းလာသော အမျိုးသမီးတယောက်ကို တွေ့လိုက်ကြရ၏။
“ကြွရောက်လာကြတဲ့ လူကြီးမင်းများရှင်… အခုရနေတဲ့ သင်းရနံ့ကတော့ ကျွန်မတို့ ချန်ချင်းကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ သင်းရနံ့မွှေးလက်ဖက်ရည်ပဲ ဖြစ်ပါတယ်ရှင်။ နမူနာသုံးဆောင်ကြည့်ကြပါဦးရှင်”
ထို့နောက်တွင် အမျိုးသမီးလေးများထွက်လာပြီးနောက် တွန်းလှည်းပေါ်ရှိ အကြမ်းပန်းကန်ခွက်များကို ရောက်နေကြသည့် ဈေးဝယ်များ မြည်းစမ်းနိုင်အောင် ပေးလိုက်ကြပါသည်။
ဈေးဝယ်များက ကြည့်လိုက်ရာတွင် အကြမ်းပန်းကန်ထဲရှိ လက်ဖက်ရည်ကြမ်း၏ အရောင်မှာ ကြည်လင်နေ၏။ ခွက်၏အောက်ခြေတွင် အစိမ်းရောင်လက်ဖက်ခြောက်များမှာလည်း လက်ဆတ်ကာ စိုစွတ်နေသည့်အပြင်၊ အကြမ်းရည်မှာ ထွက်ပေါ်နေသော အမွှေးရနံ့မှာ ပို၍ သင်းပျံ့နေခဲ့၏။
တငုံလောက် သောက်သုံးကြည့်လိုက်သည်။
မြည်းကြည့်ပြီးသည်နှင့် ဈေးဝယ်၏ မျက်လုံးများမှာ အရောင်များဖြတ်ပြေးသွားခဲ့၏။ အကြမ်းရည်မှာ မွှေးကြိုင်ကာ လန်းဆန်းစေသွားခဲ့သည်။ သူ၏ လျှာဖျားလေးကို ဖြတ်သန်းသွားကာ တကိုယ်လုံးကို ကြက်သီးမွှေးညှင်းများထသွားစေခဲ့၏။
သောက်သုံးပြီးသောအခါတွင်လည်း လျှာနှင့် နှုတ်ခမ်းတွင် မွှေးပျံ့ကာ ချိုအီသော အရသာမှာ စွဲကျန်ရစ်နေခဲ့ပြန်သည်။ ယခု လက်ဖက်ရည်ကြမ်းသည် သူပုံမှန်သောက်သုံးနေကျ လက်ဖက်ရည်ကြမ်းထက် အများကြီး အပုံကြီး သာလွန်နေခဲ့၏။
“ကောင်းလိုက်တဲ့ လက်ဖက်ရည်”
လူတိုင်းမှာ လက်ဖက်ရည်ကြမ်းကြောင့် မယုံကြည်နိုင်၊ အံ့အားသင့်နေခဲ့ကြသည်။
ထိုအခြေအနေကြောင့် ကျန်းယုမှာ ချန်ချင်းကုမ္ပဏီမှ ထွက်ရှိထားသော ရနံ့အမျိုးမျိုး အရသာအမျိုးမျိုးရှိသည့် လက်ဖက်ရည်ကြမ်းအမျိုးအစားများကို အလျင်အမြန်ပင် မိတ်ဆက်ပေးလိုက်တော့သည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ထုတ်ကုန်သစ်မှာ ထိုကဲ့သို့သော အကျိုးသက်ရောက်မှုများ ဖြစ်သွားလိမ့်မည်ဟု သူမတွေးထင်ထားခဲ့မိပေ။
ထိုဖြစ်ရပ်ကြောင့် ကျန်းယုမှာ လွန်စွာမှကို စိတ်လှုပ်ရှားနေခဲ့တော့သည်။
ကုန်သွယ်ရေးလုပ်ငန်းတခုက အချိန်ကြာကြာရပ်တည်နိုင်ရခြင်းမှာ အမာခံအားပေးသူများရှိရမည့်အပြင်၊ စားသုံးသူများကို အမြဲမပြတ်စွဲဆောင်နိုင်မယ့် ကုန်ပစ္စည်းအသစ်များ ရှိနေဖို့ လိုပေမည်။
ယခုအခြေအနေကို ထောက်ရှုရသော်၊ ထိုလက်ဖက်ရည်ကြမ်းတမျိုးထဲနှင့်ပင် ချန်ချင်းကုန်သွယ်ရေး၏ အနာဂတ်မှာ အတော်လေးစိတ်ချနေရပြီ ဖြစ်သည်။
လေးဆယ့်ငါးမိနစ်အတွင်းမှာပင် ကျန်းယုမှာ အော်ဒါသုံးခုကို လက်ခံရရှိခဲ့ပြီး ဖြစ်၏။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လက်ဖက်ရည်ကြမ်းမှာ ဈေးမကြီးလှပေ။ အရည်အသွေးမှာ လွန်စွာကောင်းမွန်သော်လည်း ဈေးနှုန်းမှာမူ ဈေးကွက်ထဲရှိ သာမန်လက်ဖက်ခြောက်များထက် ဆယ်ရာခိုင်နှုန်းခန့်သာ ပို၍များပေသည်။
နောက်ထပ် အော်ဒါနည်းနည်းနှင့်ပင် ရရှိသည့် အမြတ်ငွေမှာ ယခင်ကျန်းယု၏ ငါးကလေးကုန်သွယ်ရေးလုပ်ငန်း၏ နှစ်ဝက်ရသော ဝင်ငွေထက် များနေခဲ့ချေပြီ။
“အဟမ်း အဟမ်း”
ထိုအချိန်တွင် တမင်တကာဆိုးလိုက်သော လုပ်ချောင်းအသံကြီးထွက်လာသည်။
ကျန်းယုက လှည့်ကြည့်လိုက်ရာ သူ့မျက်နှာအမူအရာမှာ ချက်ချင်းကို ပျက်ယွင်းသွားခဲ့သည်။
ပြသနာကတော့ ရောက်ချလာလေပြီ။
“ဆိုင်ရှင်ကျန်းရဲ့ စီးပွားရေးက တယ်ကောင်းနေပါလား”
ဝင်လာကြသူများမှာ ငါးယောက်ဖြစ်ပြီး ဦးဆောင်လာသူကို ကျန်းယုက သေချာသိလေသည်။ သူက ဟူကျိုးဖြစ်ပြီး ပြန်လမ်းမဲ့တံခါးမြို့၏ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်ပါသည်။ ဟူကျိုးတွင် မူလအဆင့်သို့ ရောက်နေသည့် ဦးလေးတယောက်ရှိနေသောကြောင့် ပြန်လမ်းမဲ့တံခါးမြို့တွင် စိတ်ကြိုက်သောင်းကျန်းနိုင်နေခဲ့၏။
အတိတ်ကာလတွင် ကျန်းယုကိုယ်တိုင်ပင်လျှင် သူ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ကြရသည်။ ဟူကျိုး၏ အပြုံးကိုမြင်ပြီးနောက်တွင် ကျန်းယုမှာ ဟူကျိုးဘာကိုတွေးနေတာလဲဆိုတာကို ကောင်းကောင်းနားလည်နေခဲ့ပြီ။
“ဟူကျိုး”
ကျန်းယုမှာ မျက်နှာထားတင်းတင်းနှင့် ဟူကျိုးထံသို့ လျှောက်သွားပြီး ပြောလိုက်သည်။
“ဒီနေ့က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲ စဖွင့်တဲ့ မင်္ဂလာနေ့၊ ပြသနာမရှာစမ်းနဲ့”
“ကျုပ်က ပြသနာရှာဖို့ လာတာလို့ ခင်ဗျားကို ဘယ်သူကပြောလဲ” ဟူကျိုးက ပြောပြောဆိုဆိုနှင့် ကုလားထိုင်တလုံးကို ဆွဲယူကာ ထိုင်ချလိုက်သည်။
“ကျုပ်က ချန်ချင်းကုမ္ပဏီရဲ့ ဆိုင်ဖွင့်ပွဲအတွက် လာပြီးဂုဏ်ပြုပေးတာပါ။ ပြီးတော့ တခြားပြသနာရှာတဲ့လူတွေ မလာအောင်ပါ ကူညီပေးဖို့လာတာနော်”
“ခင်ဗျားတို့က ကြင်နာမှုကို နားမလည်ကြတဲ့ လူတွေပဲ” ဟူကျိုး၏ နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်ကွေးသွားခဲ့သည်။
“အကိုကျိုး၊ ဒီကလက်ဖက်ရည်သောက်ကြည့်ပါဦး” ဟူကျိုး၏ နောက်လိုက်တယောက်က ပန်းကန်းလုံးတလုံးကို ယူလာကာ ဟူကျိုးကို ပေးလိုက်သည်။
ဟူကျိုးကာ တငုံသောက်ပြီးနောက်တွင် ချက်ချင်းကို ထွေးထုတ်လိုက်၏။
“ဖွီး ရွံဖို့ကောင်းလိုက်တာ”
“မင်းတို့ကို ဘာကူညီပေးရမလဲ”
ထိုအခိုက်တွင် ပိုင်လင်းဝမ်မှာ ထွက်လာခဲ့သည်။
“ဒီတော့ မင်းက ဒီဆိုင်ခွဲရဲ့ တာဝန်ခံပေါ့”
ဟူကျိုးက ပိုင်လင်းဝမ်ကို ကြည့်ကာ ရယ်မောလိုက်ခဲ့သည်။
“ဟုတ်တယ်” ပိုင်လင်းဝမ်က နှိမ့်လဲမနှိမ့်ချ၊မာန်လည်းမတက်သည့် အမူအရာမျိုးနှင့် ပြောလိုက်သည်။
“ဟုတ်လား၊ ဆိုင်ရှင်ကျန်းက ပြန်လမ်းမဲ့တံခါးမြို့ရဲ့ စည်းမျဉ်းတွေကို မပြောထားခဲ့ဘူးလား”
“မပြောထားဘူး။ ပြီးတော့ မင်းတို့မြို့က စည်းကမ်းတွေကိုလည်း ငါစိတ်မဝင်စားဘူး။ မင်းက ပစ္စည်းဝယ်ဖို့ မဟုတ်ရင် ထွက်သွားတော့။ ငါ့ရဲ့ စီးပွားရေးကို လာမနှောင့်ယှက်နဲ့”
“အိုဟို”
ဟူကျိုးက ရယ်မောလိုက်သည်။ ထို့နောက်တွင် သူ၏ နောက်လိုက်များကို ပြောလိုက်၏။
“မင်းတို့ကောင်တွေ တံခါးဝမှာ သွားစောင့်နေကြချေ။ ဘယ်သူမှ ငါတို့ကို မနှောင့်ယှက်စေနဲ့။ ငါဒီမှာ ဆိုင်တာဝန်ခံကို ပြန်လမ်းမဲ့တံခါးမြို့ရဲ့ စည်းကမ်းတွေကို သင်ပေးလိုက်ဦးမယ်။ ငါတို့ စကားပြောပြီးမှ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ပြန်ဖွင့်မယ်”
နားလည်ပါပြီ
ဟူကျိုး၏ နောက်လိုက်များသည် ချက်ချင်းလှည့်ထွက်ကာ တံခါးစောင့်နတ်မင်းများလို့ တံခါးဝတွင် စောင့်ကြပ်နေခဲ့တော့၏။
အထဲသို့ဝင်လိုသူများသည် သူတို့၏ ရိုက်နှက်ခြင်းကို ခံရလိမ့်မည်။
“ကောင်းပြီ ဆိုင်ရှင်။ ခင်ဗျားကို ကျုပ်ဘယ်လိုခေါ်ရမလဲ”
“ပိုင်လင်းဝမ်” ပိုင်လင်းဝမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“အို ဆိုင်ရှင်ပိုင်ကိုး… ကျုပ်ကလည်း ဒီနေ့အားနေတာနဲ့ အတော်ပဲဗျ။ ဒီနေ့ ဒီမြို့ရဲ့ စည်းကမ်းတွေကို ခင်ဗျားကို ကျုပ်က ရှင်းပြပေးမယ်။
“စည်းကမ်းတွေကတော့ ရှင်းတယ်။ ပြန်လမ်းမဲ့တံခါးမြို့မှာ စီးပွားရေးလုပ်ချင်တယ်ဆိုရင် ဟူကျိုးဆိုတဲ့ ကျုပ်က စည်းမျဉ်းပဲ။ ကျုပ်ဆိုတဲ့ ဟူကျိုးက ဒီမြို့မှာ လုပ်ငန်းလုပ်ခွင့်ရှိတယ်လို့ ပြောလိုက်ရင် ခင်ဗျားက လုပ်ခွင့်ရှိတယ်။ ကျုပ်က ခွင့်မပြုရင် ခင်ဗျား လုပ်ငန်းလုပ်ချင်ရင်တောင်မှ လုပ်လို့ မရစေရဘူး။
ကျုပ်က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထဲကို လူဝင်ခွင့်မပြုဘူးဆိုရင် ဒီပြန်လမ်းမဲ့တံခါးမြို့က ဘယ်သူမှ အထဲကို မဝင်ရဲစေရဘူး။ ကျုပ်က စည်းကမ်းပဲ။ ကျုပ်ပြောတာကို နားလည်လား”
“အဲ့သလိုလား၊ ဒါဆိုရင်မင်းက ပြန်လမ်းမဲ့တံခါးရဲ့ မြို့စောင့်နတ်မင်းကြီးပေါ့”
ထိုအခိုက်တွင် အပြင်ဘက်မှ အတွင်းသို့ဝင်လာသော ခြေသံများစွာတို့ကို ကြားလိုက်ရတော့၏။
ဟူကျိုးက မျက်မှောင်ကြုံ့လိုက်သည်။
“ဘာတွေဖြစ်နေတာလဲကွ။ ဘယ်သူမှ အထဲကို ဝင်လို့မရဘူးလို့ ငါမပြောထားဘူးလား။ သေချင်နေတာ ဘယ်ကောင်လဲကွ”
သို့သော် ဝင်လာသောသူများကို မြင်သည်နှင့် ဟူကျိုး၏ မျက်နှာအမူအရာများမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့တော့သည်။
အထဲသို့ ဝင်လာသူမှာ လူငယ်ရှစ်ယောက်ကို ဦးဆောင်လာသည့် လူအိုကြီးတယောက်ဖြစ်ပါသည်။
သူတို့အားလုံးမှာ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်း၏ ဝတ်စုံများကို ဝတ်ဆင်ထားခဲ့၏။
ဟူကျိုးက ထိုလူအိုကြီးကို တကြိမ်မြင်ဖူးခဲ့ပေသည်။
ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက မဟာအကြီးအကဲကြီး မဟုတ်လား။
“သေချင်နေတာက ငါပဲလေ”
မဟာအကြီးအကဲက အေးအေးဆေးဆေးပြောလိုက်သည်။