← Chapters

အခန်း (၂၁၁)

Vol. 20 Ch. 211

အခန်း (၂၁၁)

Vol. 20 Ch. 211

“အမ် မလောကြပါနဲ့။ ဖြေးဖြေးစားကြပါ။ ထပ်စားလို့ရပါသေးတယ်”

ပိုင်လင်းဝမ်မှာ သူတို့စားသောက်နေကြသည့်ပုံစံမှာ အစာနင်သွားနိုင်သောကြောင့် စိုးရိမ်နေပြီး ပြောလိုက်သည်။

သူတို့၏ အသည်းအသန်စားသောက်နေကြသည့်ပုံစံမှာ နှစ်ဝက်လောက်အထိ ဘာမှမစားရပဲ ငတ်ပြတ်နေသည့် လူနှင့်သာ တူနေခဲ့၏။

သူတို့ကို ကြည့်ပြီး ပိုင်လင်းဝမ်ပင်လျှင် တံတွေးများကို မြိုချခဲ့မိတော့သည်။

သူတို့စားသောက်နေတာက ဘာလို့အရမ်းအရသာ ရှိတဲ့ပုံစံဖြစ်နေခဲ့တာလဲ

တကယ်ပဲ အရသာရှိလို့လား

ညကျရင် ညစာအနေနဲ့ စားကြည့်ရင်ကောင်းမလား

“ဆိုင်ရှင်ပိုင်” ချန်ကွမ်မှာ ပလုတ်ပလောင်းနှင့် ခေါ်လိုက်သည်။

“ကျွန်တော် ထမင်းဗူးနည်းနည်းကို ဝယ်သွားလို့ရမလား။ ဂိုဏ်းမှာကျန်ခဲ့တဲ့ ဂျူနီယာညီမလေးအတွက် ယူသွားချင်လို့ပါ”

ပိုင်လင်းဝမ်မှာ အစေခံများကို ပြန်ခေါ်ကာ၊ တယောက်စီတိုင်းအတွက် ထမင်းဗူးအပိုများကို ထုတ်ပိုးခိုင်းလိုက်ရသည်။

ထိုအဖြစ်ကြောင့် အားလုံးကို စိတ်အားတက်ကြွသွားကြသည်။ သူတို့ဒီညကျရင်လည်း ထပ်စားလို့ရပြီတဲ့။

အလားတူဖြစ်ရပ်မျိုးမှာ ပြန်လမ်မဲ့တံခါးမြို့တွင်သာ ဖြစ်နေခြင်းမျိုး မဟုတ်ပါချေ။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲ ဖွင့်လှစ်သော နေရာတိုင်းလိုလိုတွင် ထိုကဲ့သို့ တူညီသော အခြေအနေများ ဖြစ်ပေါ်နေခဲ့သည်။ ကုမ္ပဏီခွဲများ၏ ဆိုင်တာဝန်ခံများမှာ ချန်ချင်းကုမ္ပဏီ၏ လက်တလော ရောင်းအားအကောင်းဆုံးပစ္စည်းမှာ အပူပေးထမင်းဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့မိပါချေ။

ဝယ်လိုအားမှာ ထင်မှတ်မထားလောက်အောင်ကို များပြားနေခြင်းကြောင့် တရက်ကို အပူပေးထမင်း ၃၀ခန့်သာ ပြင်ဆင်နိုင်ခဲ့သည်။ ကြိုတင်ပြင်ဆင်ကာ လှောင်ထားခြင်းများမရှိသောကြောင့် ဂိုဏ်းအသီးသီးမှ လာရောက်ဝယ်ယူကြသော တပည့်များမှာ ပါဆယ်မဝယ်ယူနိုင်ခဲ့ကြပေ။

ချန်းကူကျိုးမြို့တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲတခု ရှိသည်။ ထိုနေရာတွင် ချန်ချင်းကုန်သွယ်ရေးခွဲ ဖွင့်လှစ်ပြီးသောအခါတွင် စီးပွားရေးမှာ မတရားကောင်းလာသောကြောင့် မြို့ခံဖြစ်သော အခြားသော လုပ်ငန်းများမှာ မနာလိုဖြစ်ကာ မုန်းတီးနေရုံသာ တတ်နိုင်ခဲ့တော့သည်။

ဒါပေမယ့် သူတို့ လုပ်နိုင်တာက ဘာမှကို မရှိနေပေ။ သူတို့က ဘာမှကို မလုပ်ရဲကြပေ။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲကို သံဓားဂိုဏ်းက အပြည့်အဝ ကာကွယ်ပေးအောင် ဘယ်သူက လုပ်လိုက်တာလဲ

နေ့ခင်းရောက်ပြီဟေ့ဆိုတာနဲ့ သံဓားဂိုဏ်းက တပည့်အုပ်လိုက်ကြီးက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲကို အပြေးပြိုင်သလိုကို ဖုန်တလောင်းလောင်းနဲ့ ပြေးလာကြပြီ။

အဲ့ဒါ တရက်တည်းမဟုတ်ဘူးနော်။ နေ့တိုင်းနေ့တိုင်း သံဓားဂိုဏ်းရဲ့ တပည့်တွေက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲကို ပြေးလာကြတာ။ မသိရင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲက တခုခုကို အလကားဝေပေးနေသလိုလိုပဲ။ အဲ့တော့ အကောက်ကြံဖို့ ကြံစည်နေကြတဲ့ တခြားလုပ်ငန်းတွေက ဘာများလုပ်ရဲကြတော့မှာလဲ

“ဆိုင်ရှင် ဆိုင်ရှင် အပူပေးထမင်းလေး လုပ်ပါဦး”

သံဓားဂိုဏ်းမှ တပည့်များက ဆိုင်ထဲသို့ ဝံပုလွေတကောင်လို ဆာလောင်လှသော မျက်လုံးများနှင့် အော်ဟစ်ကာ ဝင်လာခဲ့ကြသည်။

ချန်းကူကျိုးမြို့ရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲ ဆိုင်ရှင်ဖြစ်သော ကျောက်ရီချွမ်မှာ ရယ်ရမလို ငိုရမလိုဖြစ်နေခဲ့တော့သည်။ သူက ရှေ့သို့ တိုးလာပြီးနောက်တွင် သံဓားဂိုဏ်း၏ တပည့်များကို ပြောလိုက်ပါသည်။

“မင်းတို့တွေက အပူပေးထမင်းကိုပဲ နေ့တိုင်းစားနေခဲ့တာ တလကျော်နေပြီကို၊ အခုထက်ထိ မငြီးငွေ့သေးဘူးလား”

“ဟားဟား ဒီလောက်တောင် အရသာရှိတာကို ဘယ်လိုလုပ်ပြီး ငြီးငွေ့ရမှာလဲဗျာ”

ဦးဆောင်လာသော တပည့်မှာ အားပါးတရရယ်မောကာ ပြောလိုက်သည်။

ဆိုင်ရှင်မသိသည်မှာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် လီချန်ချင်း၏ လုပ်ရပ်ကြောင့် အပူပေးထမင်းမှာ တပည့်များ၏ စိတ်နှလုံးကို များစွာသက်ရောက်သွားသည်ကိုပင် ဖြစ်သည်။

“ကောင်းပြီလေ”

ကျောက်ရီချွမ်မှာ အပူပေးထမင်းဗူးများကို ခပ်မြန်မြန်ပင် မှာပေးလိုက်သည်။

အပူပေးထမင်းဗူး၏ ဈေးနှုန်းမှာ ဈေးသက်သာသည်ဟု ဆို၍ရပေသည်။

ထမင်းဗူးတဗူးလျှင် ငွေစနှစ်စကျသင့်ပါသည်။ ဒါဇင်နှင့်ချီသော တပည့်များမှာ အပူပေးထမင်းကို နေ့တိုင်းလာဝယ်နေခြင်းကြောင့် စုစုပေါင်းကုန်ကျစရိတ်မှာ ဆိုင်ကြီးများတွင်ဆိုလျှင် တန်ဖိုးကြီးမားလှသော အစားအသောက်များကို ဝယ်ယူ၍ရနိုင်သည့် ပမာဏဖြစ်နေခဲ့ချေပြီ။ သို့သော် ထိုတပည့်များမှာ အပူပေးထမင်းကိုသာ မငြီးငွေ့ကာ စားသောက်နေကြဆဲပင် ဖြစ်သည်။ ထိုဖြစ်ရပ်ကို ကျောက်ရီချွမ်မှာ နားမလည်နိုင်ဖြစ်နေဆဲပင်။

အပူပေးထမင်းက အရသာကောင်းတယ်ဆိုရင်တောင်မှ သံဓားဂိုဏ်းရဲ့ တပည့်တွေက တလတိတိ ဒါကိုပဲ ဘယ်လိုဖြစ်လို့ ဆက်တိုက်စားနေတာလဲ

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းအတွက်မူ အပူပေးထမင်းမှာ သူတို့လုပ်ငန်း၏ သေးငယ်သောအစိတ်အပိုင်းသာ ဖြစ်သည်။ သူတို့အမှန်တကယ်ကို အများအပြားထုတ်လုပ်ရောင်းချလိုသည်မှာ အမျိုးအစားစုံလင်သော လက်ဖက်ရည်ကြမ်းသာဖြစ်သည်။

လွန်ခဲ့သည့် နှစ်လတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ထုတ်လုပ်သော အမျိုးအစားစုံလင်သည့် လက်ဖက်ရည်ကြမ်းများမှာ အရှေ့ပိုင်းကုန်းမြေတွင် နာမည်ကျော်ကြား လူကြိုက်များခဲ့ပါသည်။

သူတို့၏ လက်ဖက်ရွက်ကြော်မှာလည်း လူကြိုက်များပြီး အမှာစာလက်ခံရရှိမှုများမှာလည်း ဝက်ဝက်ကွဲခဲ့ပြန်သည်။ မှာယူမှုမှာ များပြားလှသောကြောင့် ကုန်ပစ္စည်းများမှာ ပြတ်လတ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရပြန်သည်။ ထို့အပြင် အသင့်စားစားသောက်ကုန်များ၏ အမှာစာမှာယူမှုများသည်လည်း နောက်ထပ် နှစ်ဝက်အထိ ပြည့်နေခဲ့ပြန်သည်။

နှစ်လအတွင်းတွင် ရရှိခဲ့သော အမြတ်အစွန်းများကြောင့် ချန်ထင်မြို့ရှိ မိသားစုများစွာတို့ကို လွန်စွာ ပျော်ရွှင်စေခဲ့ကြသည်။

ယခုရရှိသော အမြတ်အစွန်းများမှာ ယခင်နှစ်များက ရရှိသော အမြတ်အစွန်းများထက် များစွာရရှိခဲ့ခြင်းကြောင့် ချန်ထင်မြို့ရှိ မိသားစုငယ်လေးများမှာ အလွန်တရာကို ပျော်ရွှင်နေခဲ့ကြပါသည်။

လက်ဖက်ရည်ကြမ်း၏ နာမည်ကြီးနေမှုကြောင့် မြောက်မြားစွာသော လုပ်ငန်းများက လက်ဖက်ရည်ကြမ်းကို ဝယ်ယူကာ ဘယ်လိုလုပ်ထားတာလဲဆိုတာကို ကျွမ်းကျင်သူများနှင့် စစ်ဆေးခဲ့ကြပါသည်။ သူတို့မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လျို့ဝှက်ချက်ကို အသည်းအသန်ဖော်ရန် ကြိုးပမ်းခဲ့ကြ၏။

အခြားသောကုန်သွယ်ရေးလုပ်ငန်းများတွင် အစွမ်းအစရှိသောလူများရှိနေကြသောကြောင့် စစ်ဆေးမှုများအပြီးတွင် လက်ဖက်ခြောက်ကို ပြန်ကြော်ထားသည်ကို ရှာတွေ့ခဲ့ကြ၏။

ထို့ကြောင့် သူတို့သည်လည်း ချန်ချင်းကုမ္ပဏီ၏ နည်းလမ်းနောက်ကိုလိုက်ကာ လက်ဖက်ရွက်ကို ပြန်ကြော်ရန် ကြိုးပမ်းခဲ့ကြပါသည်။

သူတို့ ကြော်ခဲ့ပြီးနောက်တွင် သိလိုက်ရသည်က သူတို့၏ လက်ဖက်ရလဒ်မှာ ချန်ချင်းကုမ္ပဏီ၏ လက်ဖက်နှင့် လားလားမျှမဆိုင်အောင်ကို ကွာခြားနေသည်ကို သိလိုက်ရတော့သည်။

ကွာဟမှုမှာ ကြီးမားလှပါ၏။

သူတို့နောက်တမျိုးတွေးမိသည်မှာ အပူချိန်က ပြသနာဖြစ်မည်ဟု တွေးမိကြခဲ့သည်။ ထို့ကြောင့် အပူချိန်အမျိုးမျိုးတွင်လက်ဖက်ကို ကြော်သည့်တိုင် လက်ဖက်သာ ကုန်သွားသည်။ သူတို့ မျှော်လင့်သလိုမျိုး ချန်ချင်းကုမ္ပဏီကဲ့သို့သော လက်ဖက်ရလဒ်ကို မရလာခဲ့ပါချေ။

သူတို့အတွက် မိအေး ၃၊ ၄၊ ၅ခါနာ ဖြစ်သွားခဲ့သည်။

သူတို့မသိသည်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လက်ဖက်ရွက်များကို လက်နှင့် ကြော်လှော်ခြင်းဖြစ်ပြီး သူတို့က သံဂေါ်ပြားနှင့် ကြော်လှော်ခြင်းကြောင့် အရည်သွေးကွာခြားခြင်းကိုပင်။

သံပြားမှာ လက်ဖက်၏ သင်းရနံ့ကို အများစုကို ဖယ်ရှားလိုက်သောကြောင့် သူတို့ လုပ်ထားသည့် လက်ဖက်မှာ ရနံ့ပျောက်နေသဖြင့် ချန်ချင်းကုမ္ပဏီမှ လုပ်ထားသော လက်ဖက်များနှင့် နှိုင်းယှဉ်၍ မရအောင်ကို ဖြစ်နေခဲ့သည်။

အဆုံးသတ်မှာတော့ ချန်ချင်းကုမ္ပဏီက ငွေကြေးများစွာရရှိနေခြင်းကိုသာ မတတ်နိုင်စွာနှင့် လက်ပိုက်၍သာ ကြည့်နေကြရတော့သည်။ သူတို့တွင် ယှဉ်ပြိုင်ရန်အတွက် နည်းလမ်းမရှိခဲ့ပေ။

ကုန်လွန်ခဲ့သော နှစ်လတွင် လီဟမ်ရှန်းက လီချန်ချင်းထံသို့ စာများ ရေးသားခဲ့ပါသေးသည်။

စာထဲတွင် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် သူက ပထမရရှိခဲ့သည့်အကြောင်းအရာများကို ဖော်ပြထားခဲ့သည်။ ကျန်သည့်အကြောင်းအရာများကတော့ သာမန်အကြောင်းအရာများဖြစ်သော လီချန်ချင်းအား ကျန်းမာရေးဂရုစိုက်ရန်နှင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် သူ၏ နေ့စဉ်လှုပ်ရှားမှုများကို ပြောပြထားခြင်းများသာ ဖြစ်သည်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် သေဘေးနှင့် ကြုံတွေ့ခဲ့သည်များကိုတော့ သူက မပြောပြခဲ့ပါချေ။

မနက်ခင်းစောစော တနေ့တွင် လီချန်ချင်းထံသို့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ လက်ဆောင်တခု ရောက်လာခဲ့ပါသည်။

“လူကြီးမင်းချန်ချင်း၊ သားဖြစ်သူဆီကနေ စာတစောင်ရောက်လာခဲ့ပါတယ်။”

ကျန့်ဖုကွမ်းက စာနှင့်အတူ အခြားပစ္စည်းတခုကိုပါ စားပွဲပေါ်သို့ တင်လိုက်ပါသည်။

စာကိုဖောက်ဖတ်ကြည့်လိုက်ပြီးသည့်နောက်တွင် လီချန်ချင်းမှာ အံ့အားသင့်သွားခဲ့ပါသည်။ စာထဲတွင် ရေးသားထားသည်မှာ ယနေ့မှာ ဇူလိုင်လ ကိုးရက်နေ့ဖြစ်ပြီး သူ၏ မွေးနေ့လည်း ဖြစ်ပါသည်။ ထို့ကြောင့် လီဟမ်ရှန်းက ဖခင်ဖြစ်သူကို မွေးနေ့ဆုတောင်းစကားနှင့် လက်ဆောင်ပို့သလိုက်ခြင်းဖြစ်သည်။

ဒီနေ့က ငါ့မွေးနေ့ဆိုတာကို ငါတောင် မသိပါလား။

ကံကောင်းစွာဖြင့် လီဟမ်ရှန်းက မှတ်မိခဲ့လေသည်။ လီဟမ်ရှန်းပေးသော လက်ဆောင်မှာ ဂိုဏ်းမှ သူ့အား ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး သူ့အတွက်လွန်စွာမှပင် အဓိပ္ပာယ်ရှိသော လက်ဆောင်ဟု စာထဲတွင်တော့ ရေးသားထားခဲ့လေသည်။ ထိုလက်ဆောင်ကို မွေးနေ့လက်ဆောင်အဖြစ် လီချန်ချင်းအား ပေးခဲ့ခြင်း ဖြစ်သည်။

လီချန်ချင်းမှာ စာပါအကြောင်းအရာကို ဖတ်ရှုပြီးနောက်တွင် သူ့သား၏ သိတတ်မှုကြောင့် စိတ်ထဲတွင် ထိခိုက်ခံစားသွားခဲ့ရလေ၏။

သူက စာကို ပြန်ချပြီး လက်ဆောင်ဗူးကိုဖွင့်လိုက်ရာ အတွင်းတွင် ရွှေပိုးကောင်ချပ်ဝတ်မှာ သေသပ်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်သည်။

“ရွှေပိုးကောင်ချပ်ဝတ်”

နံဘေးရှိ ကျန့်ဖုကွမ်းမှာ ဘူးထဲရှိအရာကို မြင်ပြီးသော် အံ့အားသင့်သွားခဲ့လေသည်။

၎င်းသည် တန်ဖိုးရှိသော အရာတခုလည်း ဖြစ်ပါသည်။

မီးဒဏ်နှင့် ရေဒဏ်ကို ခုခံကာကွယ်နိုင်ပြီး ဓားလှံတိုးမပေါက်သော ချပ်ဝတ်

၎င်းကို အရမ်းတန်ဖိုးကြီးမားသည့် ရတနာပိုးကောင်၏ ချည်မျှင်ကို အသုံးပြုကာ ယက်လုပ်ထားခြင်းဖြစ်ပြီး၊ ထိုချပ်ဝတ်ကို ဝတ်ဆင်လိုက်ခြင်းသည် မိမိတွင် အသက်တချောင်းအပိုပါသည့်အလား ဖြစ်သွားပေမည်။

“ဒီဟာက အဲ့သလောက်တောင်မှ တန်ဖိုးကြီးလို့လား။

လီချန်ချင်းက ရွှေပိုးကောင်ချပ်ဝတ်ကို ကိုင်မြှောက်လိုက်ပြီး ပြောလိုက်သည်။ ချပ်ဝတ်မှာ အလွန်တရာမှကို ပေါ့ပါးလှပေ၏။ အထိအတွေ့အရတော့ အထူးပြုလုပ်ထားသော သတ္တုတခုခုကို ခံစားမိခဲ့သည်။ သာမန်ဓားချက်နှင့် ထိုချပ်ဝတ်ကို ထိုးဖောက်ဖို့ မပြောနှင့်၊ အမာရွတ်ပင် ထင်ကျန်ရစ်စေလိမ့်မည် မဟုတ်ပါချေ။

“ရွှေပိုးကောင်ချပ်ဝတ်က တကယ့်ရတနာပါ။ နတ်ဘုရားလက်နက်စာရင်းဝင်တွေမဟုတ်ပဲ သာမန်လက်နက်တွေဆိုရင်တော့ လုံးဝကို မထိုးဖောက်နိုင်ပါဘူး” ကျန့်ဖုကွမ်းက ပြောလိုက်သည်။

“သခင်ကြီးရဲ့သားက တော်တော်သိတတ်တာပဲ။ အများအားဖြင့် ဒီလိုရတနာမျိုးကို ကိုယ်သုံးဖို့အတွက်ပဲ သိမ်းထားကြတာများတယ်။ သူက သခင်ကြီးကို ပေးတယ်ဆိုတော့ သားလိမ္မာပဲ”

ကျန့်ဖုကွမ်းက ရယ်မောကာ ပြောလိုက်သည်။

All Chapters