အခန်း (၂၁၂)
Vol. 20 Ch. 212
လီချန်ချင်းက ရွှေပိုးကောင်ချပ်ဝတ်ကို ကြည့်ကာ အချိန်အကြာကြီး ကြာသည်အထိ စကားမပြောနိုင်ခဲ့ပေ။ သူသည် ထိုပစ္စည်းကို ကြာကြာကြည့်လေလေ၊ သဘောကျလာလေလေဖြစ်သည်။ သူ၏ ဘဝနှစ်ခုတွင် သားဖြစ်သူထံမှ မွေးနေ့လက်ဆောင်ရခဲ့ခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်သာဖြစ်သည်။ ထိုအရူးကောင်လေးမှာ ဖအေဖြစ်သူကို အသစ်ချပ်ချွတ်လက်ဆောင်ပေးလိုသောကြောင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင်ပင် သေဘေးနှင့်နီးသည့်အခြေအနေမျိုးတွင်ပင် သူက မဝတ်ဆင်ခဲ့ပေ။
သူသာ ထိုအရာကိုဝတ်ဆင်ထားပါက တစ္ဆေနတ်ဆိုးစမ်းသပ်မှုကွင်းတွင် သေလုမြောပါးဖြစ်လိမ့်မည် မဟုတ်ပါချေ။ ထိုအချိန်တုန်းက လီဟမ်ရှန်းမှာ အသက်ဆုံးရှုံးလုမတက်ဖြစ်လိမ့်မည် မဟုတ်ပါချေ။
လီချန်ချင်းက ထိုချပ်ဝတ်ကို သူ့သားအတွက် အသုံးပြုစေလိုသည်။ ဒါပေမယ့်လည်း ထိုလက်ဆောင်မှာ သူ့သားက သူ့အား စိတ်ထဲမှ လာသော ဆန္ဒနှင့် ပေးခြင်းဖြစ်သောကြောင့် လီချန်ချင်းက လက်ခံရလိမ့်မည် ဖြစ်သည်။
အနာဂတ်တွင် သူ့သားဖြစ်သူအတွက် အကာအကွယ်ရတနာများကို ကြိုးကြိုးစားစား ရှာဖွေရလိမ့်မည် ဖြစ်သည်။
ထို့နောက်တွင် လီချန်ချင်းက တခုကို သတိရသွားခဲ့သည်။
လီဟမ်ရှန်း၏ မွေးနေ့ကို သူမသိနေပေ။
ထိုအကြောင်းအရာကို သူတို့ စာအလဲအလှယ်များတွင် မပြောဖြစ်ကြပေ။
ကိစ္စမရှိပါဘူး။ နောက်တကြိမ် လုချောင်းချောင်းနှင့် တွေ့မှပဲ မေးလိုက်တော့မယ်။ အဲ့ကျမှပဲ သူ့ကို စပရိုက်လုပ်ပေးလိုက်တော့မယ်။
“လူကြီးမင်းချန်ချင်း”
ထိုအခိုက်တွင် အပြင်ဘက်မှ သူ့ကို ခေါ်သံကို ကြားလိုက်ရသည်။
အသံပိုင်ရှင်က ကျန့်ဟယ်စံအိမ်မှ ယင်ရှုယွီပင်။
ကျန့်ဟယ်စံအိမ်က လူတွေက ဘာလို့ ရောက်လာရပြန်တာလဲ
“ဝင်လာခဲ့ပါ” လီချန်ချင်းက ပြောလိုက်သည်။
ယင်ရှုယွီက အတွင်းသို့ဝင်လာပြီးနောက်တွင် လီချန်ချင်းအား တလေးတစား ပြောလိုက်သည်။
“လူကြီးမင်းချန်ချင်း ၊ နှောင့်ယှက်ရတာ အားနာပါတယ်ရှင်”
“ကျန့်ဟယ်စံအိမ်က ဘာလိုအပ်ပြန်ပြီလဲ”
“ဘာမှမလိုပါဘူးရှင်၊ အခုကျွန်မဒီကိုလာတာ လူကြီးမင်းကို လာတွေ့တာပါရှင်”
‘ကျွန်မရဲ့ လာရင်းရည်ရွယ်ချက်က ချင်းလဲ့ဓားသခင်ကို လာရှာတာပါ။ ဒါပေမယ့် ချင်းလဲ့ဓားသခင်က ဘယ်မှာနေတယ်ဆိုတာကို မသိတာကြောင့် လူကြီးမင်းချန်ချင်းကို လာမေးရတာပါ”
ယင်ရှုယွီက တလေးတစားနှင့် မေးမြန်းလိုက်သည်။
“ချင်းလဲ့ဓားအရှင်က နေရာအနှံ့ကို ခရီးထွက်ပြီး လောကကို ကြည့်ရှုပြီး ထူးဆန်းတဲ့စိတ်ထားရှိတဲ့ လူတယောက်ပဲ။ သူ့မှာ အတည်တကျနေရာဆိုပြီး မရှိနေခဲ့ဘူး။ သူ့ကို ပြောစရာရှိရင် ငါ့ကိုပဲပြောထားပါ။ ငါကနေပြီး သူ့ကို ပြန်ပြောပေးပါ့မယ်”
လီချန်ချင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူ့ကို ရှာတွေ့တာက ချင်းလဲ့ဓားသခင်ကို ရှာတွေ့တာနဲ့အတူတူပဲ မဟုတ်လား။
“အဲ့လိုဆိုရင်လည်း ရပါတယ်” ယင်ရှုယွီက သူမ၏ ကျောတွင်လွယ်ထားသော အဝတ်အိတ်ကို ဖြည်ချလိုက်ပြီးနောက် စားပွဲပေါ်တွင် တင်လိုက်သည်။
“ ဒါက စန်းယွမ်ပို့ဆောင်ရေးဌာနက တဆင့် ထျန်းဟိုင်မြို့ကနေ ချင်းလဲ့ဓားသခင်အတွက် ပို့ပေးလိုက်တာပါ။ လူကြီးမင်းက ချင်းလဲ့ဓားသခင်နဲ့တွေ့တဲ့အခါမှာ ဒါလေးကို ပေးပေးပါ”
“ကောင်းပြီ”
လီချန်ချင်းက အဝတ်အိတ်ကို ကြည့်လိုက်ပြီး၊ အတွင်းတွင် မည်သည့်အရာရှိမည်ကို ခန့်မှန်းမိနေချေပြီ။
ကျန့်ဟယ်အိမ်တော်မှ လူများက အတွင်းတွင် ဘာရှိမည်ဆိုတာကို ဖွင့်၍ မကြည့်ထားလောက်ပေ။ သူတို့သာ ဖွင့်ကြည့်ထားမိပါက ထိုပစ္စည်းကို ယန်ရှုယွီလို မိန်းမငယ်လေးမှတဆင့် လာရောက်ပို့ဆောင်ခိုင်းလိမ့်မည် မဟုတ်ပါချေ။
စီမာယန်ကိုယ်တိုင်ပင်လျှင် ရောက်ချလာနိုင်ပေသည်။
“ချင်းလဲ့ဓားသခင်ကိုယ်စား မင်းကို ကျုပ်က ကျေးဇူးတင်ပါတယ်။ အခုက အချိန်လည်းလင့်နေပြီဆိုတော့ ဒီမှာပဲ နားလိုက်ပါ။ မင်းအတွက် ကျုပ်က နေရာထိုင်ခင်းကို စီစဉ်ပေးထားလိုက်မယ်။ နောက်နေ့မှ အေးအေးဆေးဆေးပြန်လိုက်ပါ”
လီချန်ချင်းက ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်ရှင် လူကြီးမင်းချန်ချင်း”
ယန်ရှုယွီကလည်း မငြင်းပယ်ခဲ့ပါချေ။
“ဖုကွမ်”
ကျန့်ဖုကွမ်ကလည်း လီချန်ချင်း၏ ဆိုလိုရင်းကို နားလည်သောကြောင့် ခေါင်းတချက်ညိတ်ပြလိုက်ပြီး ယန်ရှုယွီကို သူမ နားနေရမည့် အဆောင်သို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်။
အခန်းထဲတွင် တခြားသောလူများမရှိတော့မှသာ လီချန်ချင်းက အဝတ်ထုတ်ကို ဖြည်ကာ အတွင်းရှိ အနက်ရောင်ဘူးကို ထုတ်ယူလိုက်ခဲ့၏။
ဘူးအဖုံးကိုဖွင့်လိုက်သည့်အခိုက် အတွင်းမှ ကြမ်းတမ်းပြင်းထန်သော စွမ်းအားအရှိန်အဝါများက ဟုန်းကနဲ ထွက်ပေါ်လာခဲ့ပြီး သွေးဖိစီးမှုတရပ်ထွက်လာခဲ့ပြန်သည်။ သေချာကြည့်မည်ဆိုလျှင် လီချန်ချင်း၏ အခန်းထဲတွင် မှုန်ဝါးဝါး နဂါးအရိပ်ကို မြင်တွေ့ရလိမ့်မည်။
ဘူးအတွင်းတွင် လီချန်ချင်းက ရဲရဲနီနေသော အရာကို တွေ့လိုက်ရသည်။
၎င်းတို့မှာ မီးခဲတစုံနှင့်ဆင်တူနေခဲ့သည်။
လီချန်ချင်းက ထိုအရာတစုံကို လက်ထဲတွင် ထည့်လိုက်သည့်အခါတွင် ပြင်းထန်လှသော စွမ်းအားက ချိုးဖောက်လိုသည့်အလားကို တုန့်ပြန်နေခဲ့သည်။ ထိုရဲရဲနီနေသော အရာတစ်စုံမှာ နဂါးသွေးအနှစ်ဖြစ်ပါ၏။
ထိုသွေးအနှစ်ကို သူ၏ နတ်ဘုရားဝိဉာဉ်စွမ်းအားက လွှမ်းခြုံလိုက်သည့်အခါတွင် ၎င်းသွေးအနှစ်ထဲမှ လွှမ်းမိုးနိုင်စွမ်းကြီးမားကာ ဘာမထီသော သွေးဖိအားကို ခံစားလိုက်ရသည်။ ထိုသွေးစည်းမှာ အချုပ်အနှောင်များအားလုံးကို ဖောက်ထွက်တော့မည့်အလားပင်။
“ဒီအထဲက စွမ်းအားက အရမ်းကို ခမ်းနားပြီး ကြောက်စရာပဲ။ သွေးအနှစ်တစက်အတွက် ကောင်းမှုရမှတ် သိန်းနှစ်ဆယ်လိုတယ်ဆိုတာက အံ့ဩဖို့မကောင်းတော့ဘူး”
တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် သူ၏ လုပ်ဆောင်ချက်များမှာ ပြောင်မြောက်မနေခဲ့ပါက ထိုကဲ့သို့သော အရာမျိုးကို လက်ဝယ်ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
နဂါးသွေးအနှစ်ကို လိုချင်သည်ဟု လင်းချင်းကျီကို သူပြောခဲ့စဉ်က ထျန်းဟိုင်မြို့က သူ့အား နှစ်စက်ပဲပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ နှစ်စက်ဟူသော ပမာဏသာပေးနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်း၏ ရှားပါးအဖိုးတန်မှုကို သေချာတွေ့မြင်နိုင်ပြီဖြစ်သည်။
ထျန်းဟိုင်မြို့ကတောင်မှ နဂါးသွေးအနှစ်ကို များများမထုတ်လုပ်နိုင်သည့်သဘောရှိလေ၏။
ခုနစ်ရောင်ခြယ်ဆေးလုံးကို လီဟမ်ရှန်းက ဝါးမြိုလိုက်သည်ကိုသာ ကွမ်လန်နန်းတော်က သိသွားခဲ့လျှင် အကျိုးဆက်မှာ ကြောက်ဖို့ကောင်းပေလိမ့်မည်။
ထို့ကြောင့် လီချန်ချင်းက သူ့သား၏ အကြွေးကို ကူဆပ်ပေးရန်အတွက် နည်းလမ်းကို ရှာကြံနေခြင်းဖြစ်ပါသည်။
သူ့တွင် နဂါးသွေးအနှစ် နှစ်စက်ရှိနေပြီ။
လီဟမ်ရှန်းမှာက တစက်…
သူ့သားက လိုချင်တဲ့ဆုကို ချရေးစဉ်တုန်းက လီချန်ချင်းက နတ်ဘုရားအာရုံနှင့် တိတ်တဆိတ်စောင့်ကြည့်နေခြင်းကြောင့် ထိုကောင်လေး ဘာကိုချရေးလိုက်သည်ဆိုတာကို သိပြီးသားဖြစ်သည်။
ထိုကလေးမှာ အကြွေးပူမိနေပြီး နဂါးသွေးအဆီအနှစ်ကို ဆုအဖြစ်တောင်းခဲ့လေသည်။
ထို့ကြောင့် ဖအေနှင့်သားနှင့် ပေါင်းလိုက်ရာတွင် သွေးစက်သုံးစက်ရရှိခဲ့ပြီ ဖြစ်၏။
ခုနစ်ရောင်ခြယ်ဆေးလုံးကို ဖော်စပ်ရန်အတွက် သွေးအဆီအနှစ် ၇စက် လိုအပ်သည်။
သူတို့တွင် ဆေးဖော်စပ်ရန်အတွက်လိုအပ်သော သွေးစက်မှာ တဝက်ခန့်ပင်မရှိနေသေးပေ။
သို့သော် သူ့သားတွင်ကောင်းမှုရမှတ် ဆယ်သိန်းကျော်ခန့်ရှိဦးလိမ့်မည်။ သူ့တွင်လည်းဆယ်သိန်းကျော်ရှိသည် သူတို့နှစ်ယောက်ပေါင်းလျှင်နဂါးသွေးအဆီအနှစ်တစက်ခန့်တော့ ဝယ်၍ရလိမ့်ဦးမည်။
ဝယ်ယူပြီးရင်တောင်မှ သုံးစက်လိုပေသေးသည်။
လိုအပ်သော သုံးစက်ကို ဘယ်ကနေ ရနိုင်မလဲ
“မှောင်ခိုဈေးမှာဆိုရင်ကော ဝယ်လို့ရနိုင်လောက်မလား”
လီချန်ချင်းက တီးတိုးရေရွတ်လိုက်သည်။ မှောင်ခိုဈေးတွင် ကောင်မှုရမှတ်များ မလိုအပ်နေပေ။ ရောင်းချမည့်လူ လိုအပ်သောပစ္စည်းမှာ မိမိတွင်ရှိလျှင် ရပြီ ဖြစ်သည်။
လီချန်ချင်းသာမက လီဟမ်ရှန်းပင်လျှင်လောလောဆယ် ထိုပြသနာ တက်နေခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ယနေ့တွင် စန်းယွမ်ပို့ဆောင်ရေးဌာနမှတဆင့် ထျန်းဟိုင်မြို့မှ ချီးမြှင့်သောဆုကို လက်ခံရရှိခဲ့လေသည်။
နဂါးသွေးအဆီအနှစ်တစ်စက်
သူ့တွင် တစ်စက်ရှိပြီဖြစ်သောကြောင့် နောက်ထပ် ခြောက်စက်ကြီးများတောင် လိုသေးပေသည်။
ဘယ်လိုလုပ်ရမလဲဆိုတာကို နောက်မှ သူထပ်စဉ်းစားရပေလိမ့်မည်။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှ ပြန်လာပြီးနောက် နှစ်လကြာမြင့်ပြီးသောအခါတွင်တော့ ပြန်လည်မွေးဖွားခြင်းအဆင့်၏ ပြီးပြည့်စုံသောအဆင့်တွင် လီဟမ်ရှန်းက တည်ငြိမ်သွားခဲ့ချေပြီ။ ထို့အပြင် ဤနှစ်လအတွင်းတွင် လီဟမ်ရှန်းက ကိုးထပ်တိုက်ပွဲခန်းမကို စိန်ခေါ်ခဲ့ပါသေးသည်။
လီဟမ်ရှန်းက ပညာရှိကြီးကို အနိုင်ယူနိုင်သွားခဲ့သည်။ သူက တတိယထပ်က ကာကွယ်သူကိုပင် အနိုင်တိုက်နိုင်ခဲ့ပါသည်။ သူက စတုတ္ထထပ်၏ အစောင့်အရှောက်လက်ချက်တွင် ရှုံးနိမ့်ခဲ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လီဟမ်ရှန်းတွင် စွမ်းအားမရှိ၍ မဟုတ်၊ စတုတ္ထထပ်၏ အစောင့်အရှောက်၏ အလျင်မှာ လွန်စွာမှကို မြန်ဆန်လွန်းနေသောကြောင့်ပင်။
လီဟမ်ရှန်းတွင် ကြီးကြီးမားမား အားနည်းချက်မှာ ကိုယ်ဖော့သိုင်းကောင်းကောင်း မရှိခဲ့ခြင်းပင်။ ထို့ကြောင့် ကုန်ဆုံးခဲ့သော နှစ်လလုံးတွင် လီဟမ်ရှန်းမှာ မျောလွင့်ပုံရိပ်ခန်းမတွင်သာ သင့်တော်မည့် ကိုယ်ဖော့သိုင်းကို ပတ်ရှာနေခဲ့တော့၏။
ထိုအခက်အခဲတခုမှ လွဲ၍ လီဟမ်ရှန်း၏ လုပ်ဆောင်ချက်များမှာ အရမ်းကို ထူးချွန်ခဲ့ပါသည်။
“ညီ၄ ရေ”
ထိုအခိုက် ကျိုးကျွင်း၏ အသံမှာ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပါသည်။
လီဟမ်ရှန်းက နဂါးသွေးအဆီအနှစ်ကို သိမ်းဆည်းလိုက်ပြီးနောက်တွင် အပြင်သို့ ထွက်လာရာ ဝိုင်အိုးတအိုး၊ စာရွက်အိတ်တအိတ်ကို ကိုင်ဆောင်ထားသော ကျိုးကျွင်းကို တွေ့လိုက်ရသည်။
“အကို၃၊ တောင်အောက်ကို ဆင်းပြီးတော့ တာဝန်နဲ့ ခရီးထွက်နေတာ မဟုတ်ဘူးလား။ လဝက်ပဲ ရှိသေးတာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီးတော့ အစောကြီး ပြန်ရောက်လာတာပဲ”
လီဟမ်ရှန်းက မေးလိုက်သည်။
“ငါပြန်လာပြီကွ ဟားဟား” ကျိုးကျွင်းက ရယ်မောကာ ပြောလိုက်သည်။
“ဒီတကြိမ်တိုက်ရိုက်တပည့်တာဝန်က မြို့စားစံအိမ်ကို တန်ဖိုးကြီး ပစ္စည်းပို့ပေးရုံလောက်ပဲကွ။ အရမ်းကို ရိုးရှင်းတဲ့တာဝန်ပေါ့ကွာ။ အဲ့အကြောင်းတွေကို အသာထားလိုက်ပါဦး။ မင်းအတွက် ငါ ဘာယူလာသလဲဆိုတာကို ကြည့်စမ်းပါဦး”
ထိုသို့ပြောပြီးနောက်တွင် ကျိုးကျွင်းမှာ စက္ကူအိတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏။
“ချင်ကျိုးရဲ့ အထူးလက်ရာလေ” ကျိုးကျွင်းက ရယ်ရယ်မောမောနှင့်
“ဝက်ခေါင်းကို လျို့ဝှက်ဆော့စ်ထည့်ပြီး သုပ်ထားတဲ့ ဟင်းပွဲကွာ။ ငါစစချင်း ကိုက်လိုက်တာနဲ့ကွာ။ အရသာကဟေ့ နတ်ပြည်ကို ရောက်သွားသလိုကို ခံစားလိုက်ရတာဟေ့။ အဲ့ဒါကြောင့် ဒီလောက်ကောင်းတဲ့ ဟင်းပွဲကို ငါ့ညီလေးအတွက် ဝယ်ကို ဝယ်သွားမှ ဖြစ်မယ်လို့ တွေးမိသွားတယ်ကွာ။
ရာသီဥတုက ပူလွန်းအားကြီးတယ်။ လမ်းခရီးကလည်း ခရမ်းလျှပ်စီးအတွက် အရမ်းကို ပင်ပန်းကြမ်းတမ်းလွန်းအားကြီးတယ်။ လာပြီးမြည်းစမ်းပါဦး… အသားတွေက မသိုးဘူး။ လတ်ဆတ်ပါသေးတယ်”
“ငါ ချင်ကျိုးကို ရောက်တုန်းက ဝိုင်အသစ်ရောင်းနေတာတွေ့လို့ ဝယ်ခဲ့သေးတယ်။ ဝိုင်နာမည်ကလဲ အဆန်းလေးကွာ “ဝါးတောထဲက လေပြေ”တဲ့။ အရသာက ကောင်းလွန်းတယ်။ ငါတို့ သောက်နေကျ ဝိုင်တွေထက်ကို ကောင်းလွန်းတယ်ကွာ”
ကျိုးကျွင်း၏ အားပါးတရ ပြောနေမှုကို ကြားပြီးနောက်တွင် လီဟမ်ရှန်းက ပြုံးလိုက်ပါသည်။ သူ့ အကို၃၏ ပျော်ရွှင်စွာ ပြောဆိုနေမှုကို ကြည့်ပြီး သူသဘောကျနေခဲ့တော့သည်။
သူက တာဝန်နှင့် ခရီးထွက်နေရသည့်တိုင် ဂျူနီယာညီလေးဖြစ်သူအတွက် ဟင်းပွဲကို ဝယ်လာခဲ့ပေးသေးသည်။ ထိုလုပ်ရပ်မှာ ခရမ်းလျှပ်စီးအတွက်တော့ အတော်လေးကို ပင်ပန်းနေပေလိမ့်မည်။
စက္ကူအိတ်ကို ဖွင့်လိုက်ရာ အတွင်းတွင် သပ်သပ်ရပ်ရပ်လှီးဖြတ်ထားသော ဝက်ခေါင်းသုပ်ကို သူတွေ့လိုက်ရသည်။ ဝက်သား၏သင်းရနံ့မှာ မွှေးပျံ့နေကာ သွားရည်ပင် ယိုစေပါသည်။
“မင်းဘာတွေ ကြောင်ကြည့်နေတာလဲ။ ပန်းကန်သွားယူဟ”
ကျိုးကျွင်းက အော်ပြောလိုက်သည်။
“ဒီမှာ ညီလေး၊ ငါဒီကို ရောက်အောင် တောက်လျှောက်မနားတမ်းကို လာခဲ့ရတာနော်။ ဗိုက်ကအသေအလဲကို ဆာနေခဲ့ပြီ။ အဲ့ဒါတောင်မှ မင်းအတွက် ဝယ်လာတဲ့အသားကို ငါက ထိတောင်မထိခဲ့ဘူး။ အဲ့ကျေးဇူးတွေကြောင့် အစ်မ၂ရဲ့ ဝိဉာဉ်ကြက်ကို ငါ့အတွက် မင်းစီစဉ်ပေးသင့်တယ်ကွ။ မလုပ်ပေးရင်တော့ မင်းရဲ့ အကို၃က စိတ်အရမ်းပျက်သွားမှာ”