အခန်း (၂၁၃)
Vol. 20 Ch. 213
“အကိုကတော့ အစ်မ၂ရဲ့ ကြက်တွေကိုပဲ အမြဲမျက်စောင်းထိုးနေတော့တာပဲ” လီဟမ်ရှန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပါသည်။
သူက ဝိုင်ထည့်ရန်အတွက် ခွက်များကို ချလိုက်ပြီးတွင် ဝိုင်ကရားမှ ဝိုင်ကို ငှဲ့လိုက်၏။
သူတို့နှစ်ယောက်စတင်၍ စားသောက်နေသည့်အခိုက်တွင်ပင် သန့်စင်ကာ ကျယ်ပြန့်သော စွမ်းအားတရပ်မှာ မူဟိုင်ဖုန်းတောင်ကို လွှမ်းခြုံသွားခဲ့၏။
ဟင်းလင်းပြင်အထက်တွင် ဒယ်စောက်အိုးပုံစံအရိပ်ကြီးတခု တခဏမျှထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ပုံရိပ်မှာ ကောင်းကင်ဘုံကိုပင် လှုပ်ခတ်သွားစေခဲ့ပြီး မြင်သူအပေါင်းကို တခဏမျှ အသက်ရှုကြပ်သွားစေခဲ့၏။
“အဲ့ဒါဆရာသခင်ရဲ့ အရှိန်အဝါပဲ”
“ဆရာသခင် တံခါးပိတ်ကျင့်ကြံနေရာကနေထွက်လာပြီပဲ”
လီဟမ်ရှန်း၏ မျက်လုံးများမှာ လင်းလက်ကာ ဝန်းပနေခဲ့ပါသည်။
ရှမူဟိုင်သည် နှစ်လကျော်တံခါးပိတ်ကျင့်ကြံနေခဲ့ပြီးနောက်တွင် ယခုမှသာ ပြန်ထွက်လာခဲ့ခြင်းဖြစ်၏။
“မြတ်စွာဘုရား.. ဆရာသခင်က မဟာဆရာသခင်အဆင့်ကို ချိုးဖြတ်သွားတာပါလား”
“ညီ၄ မင်းတွေ့လိုက်လား။ ငါတို့က မဟာဆရာသခင်အဆင့်ရဲ့ တပည့်တွေကွ၊ ပြီးတော့ ငါတို့ဂိုဏ်းမှာ မဟာဆရာသခင်တယောက်ထပ်တိုးလာပြန်ပြီ”
လီဟမ်ရှန်းသည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့ဆရာသခင်က အဆင့်တက်သွားတာပဲလေ။ လီဟမ်ရှန်းကလည်းပဲ ပျော်နေတာပေါ့
အချိန်တခဏကြာမြင့်သည်အထိ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ အတော်လေးကို လှုပ်ခတ်သွားခဲ့တော့သည်။
များပြားလှသော စွမ်းအားကြီးပုဂ္ဂိုလ်တို့မှာ မူဟိုင်ဖုန်းတောင်သို့ အပြေးအလွှားရောက်လာကြပါ၏။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် နောက်ထပ် ဆရာသခင်တစ်ပါးတိုးလာခြင်းသည် ကိစ္စကြီးတခုပင် ဖြစ်ပါသည်။
ရှမူဟိုင်က သူ၏ ကျင့်ကြံလှိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ လီချန်ချင်းပေးထားသော သစ်သားရုပ်တရုပ်ကို ကိုင်ထားသည်။ ထိုအရုပ်ကြောင်ပင် သူ၏ နောက်ဆုံးအချုပ်အနှောင်ကို ချိုးဖြတ်နိုင်ပြီးနောက် ဆရာသခင်အဖြစ်သို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်သည်။
“ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်” အရင်ဆုံးရောက်ရှိလာသူမှာ လီကျင်စုန့်ပင် ဖြစ်သည်။
“ခန်းမသခင်လီ ကျေးဇူးတင်ပါတယ်”
ရှမူဟိုင်သည်လည်းပဲ စိတ်ကောင်းဝင်နေခဲ့တော့သည်။ ထို့နောက်တွင် ရွှယ်ချမ်းပိုင်က ရောက်လာခဲ့လေသည်။ များမကြာမီတွင် မြောက်မြားစွာသော တောင်ထိပ်သခင်များလည်း ရောက်ရှိလာကာ ဂုဏ်ပြုကြတော့သည်။
လူတိုင်းက ရောက်ရှိလာသောကြောင့် နာရီအချိန်အနည်းငယ်ကြာသည့်အထိ မူဟိုင်ဖုန်းမှာ လူစည်ကားနေခဲ့တော့သည်။
“ဂုဏ်ပြုပါတယ်ဆရာသခင်” လီဟမ်ရှန်း၊ကျိုးကျွင်းနှင့် ယန်ထျန်ထျန်းတို့ကလည်း ဂါရဝလာပြုကြသည်။ ရှမူဟိုင်၏ စွမ်းအားမြင့်သွားသည်နှင့် ဂိုဏ်းထဲရှိ သူတို့၏ အဆင့်အတန်းသည်လည်း အလိုလို မြင့်သွားလိမ့်မည် ဖြစ်သည်။
အကြီးအကဲအဖွဲ့ကလည်း ဂုဏ်ပြုရန်အတွက် အကြီးအကဲများကို စေလွှတ်လိုက်ကြသည်။
“မူဟိုင်”
“အကြီးအကဲကျန်း”
ရှမူဟိုင်က ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
အကြီးအကဲအဖွဲ့တွင် ရှိသောအကြီးအကဲများ၏ ကျင့်ကြံခြင်းမှာ မမြင့်မားကြပေ။ သူတို့ထဲမှ မည်သူမှ ဆရာသခင်အဆင့်ကို မရောက်ရှိကြသေးပေ။ အကြီးအကဲအဖွဲ့မှာ ဂိုဏ်းတွင် အာဏာကြီးကြီးမားမားကို ရယူထားခဲ့သည်။ အကြီးအကဲအဖွဲ့ကို အာဏာပေးအပ်ခဲ့သူမှာလည်း ဂိုဏ်းရှိ အမြင့်ပိုင်းရာထူးများသာ သိနိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တပါးသာ ဖြစ်သည်။
“ရှေးဟောင်းတာအိုဂိုဏ်းမှာ အခုလိုမျိုး ပျော်ရွှင်စရာ အဖြစ်အပျက်မျိုး မဖြစ်နေတာ အတော်ကိုကြာနေပြီ။ မင်းက အခုဆရာသခင်အဆင့်ကို ရောက်သွားတာဆိုမှတော့ ငါနဲ့ အကြီးအကဲအဖွဲ့က မင်းအတွက် ဂုဏ်ပြုပွဲလုပ်ပေးဖို့ ဆုံးဖြတ်ထားတယ်”
အကြီးအကဲကျန်းကဆက်လက်၍ ပြောလိုက်သည်။ “မင်းရဲ့ အဆင့်တက်တာကို ဂုဏ်ပြုတာကော၊ ငါတို့ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ အင်အားကိုပြဖို့အတွက်ကော ဒီဂုဏ်ပြုပွဲက ရည်ရွယ်ပြီး လုပ်ကြမယ်”
“အကြီးအကဲကျန်း စီစဉ်သလိုပဲ လုပ်ကြတာပေါ့ဗျာ” ရှမူဟိုင်က ငြင်းဆန်ဆန့်ကျင်မနေပဲ သဘောတူခဲ့သည်။
အကြီးအကဲကျန်းကဆက်ပြောသည်။
“ငါတို့တွေ ဂုဏ်ပြုပွဲအတွက် ဟင်းအမယ်တွေ ပြင်ဆင်ရလိမ့်မယ်။ တခြားပြင်ဆင်စရာတွေကိုပါ တခါတည်းပြင်ဆင်ပြီးတော့ ရှေးဟောင်းတာအိုဂိုဏ်းရဲ့စတိုင်ကိုပါ ပြသရလိမ့်မယ်”
“အမိန့်အတိုင်းပါပဲ”
လူတိုင်းက အကြီးအကဲ၏ စကားကို သဘောတူကြလေသည်။
“အကြီးအကဲကျန်း ဂုဏ်ပြုစားသောက်ပွဲကို အလုပ်မရှုပ်ပဲ လုပ်လို့ရတဲ့နည်းလမ်းရှိပါတယ်”
ထိုအခိုက်တွင် ကျိုးကျွင်းက ဝင်ပြောလိုက်သည်။
“ချန်ချင်းကုန်သွယ်ရေးလို့ခေါ်တဲ့နေရာမှာ အသင့်စားစားသောက်ကုန်ဟင်းအမယ်တွေရှိတယ်လို့ ကျွန်တော်ကြားခဲ့တယ်။ ကျွန်တော်တို့က ချန်ချင်းကုမ္ပဏီကို သွားပြီးတော့ အဲ့ကအစားအသောက်တွေကို ဝယ်ယူပြီး ဂုဏ်ပြုပွဲမှာ တည်ခင်းဧည့်ခံကြမယ်လေ။ အဲ့ဒါက ရွေးချယ်မှုကောင်းတခုပဲလို့ ကျွန်တော်ကတော့ မြင်တယ်”
“ပြီးတော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့နောက်ကွယ်မှာ ရှိနေတာကလည်း ချင်းလဲ့ဓားသခင်ဆိုတော့ သူတို့ဆီကနေ ဝယ်ယူတာက ကျွန်တော်တို့ဂိုဏ်းရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ပြသရာရောက်တယ်လို့ ထင်မိပါတယ်”
“ဒါက တကယ့်ကို အကြံကောင်းပဲ။ ဒါဆိုရင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို သွားပြီးတော့ ဝယ်ယူကြတာပေါ့”
“ဟုတ်ကဲ့” ကျိုးကျွင်းက ခြေတလှမ်းပြန်ဆုတ်ကာ လီဟမ်ရှန်းကို တချက်ကြည့်ကာ မျက်စိမှိတ်ပြလိုက်သည်။
ထို့နောက်တွင် နှုတ်ခမ်းလှုပ်ကာ အသံမထွက်စေပဲ ပြောလိုက်သည်။
“မင်းအဖေတော့ ထောပြီဟေ့”
“ကျေးဇူးတင်ပါတယ် အကို၃” လီဟမ်ရှန်းကလည်း တီးတိုးပြန်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူးကွာ။ အဲ့အသင့်စားစားစရာတွေက လူတိုင်းဝယ်နေကြတာပဲဟာကို။ ပြီးတော့ ချန်ချင်းကုန်သွယ်ရေးကရောင်းတဲ့ စားစရာတွေကလည်း အရသာရှိလွန်းတယ်ဆိုတော့ ငါလည်းပဲ စားကြည့်ချင်နေခဲ့တာ” ကျိုးကျွင်းက လူယုတ်မာအပြုံးပြုံးကာ ပြောလိုက်ပါ၏
“ဆရာသခင် ချန်ချင်းလုပ်ငန်းကနေ ဟင်းတွေကို ဝယ်ယူဖို့တာဝန်ကို တပည့်လုပ်ပါရစေ” လီဟမ်ရှန်းက ရှေ့သို့တိုးကာ ပြောလိုက်သည်။
“မင်းကိုလား”
ရှမူဟိုင်၏ မျက်နှာမှာ မကြည်မသာ ဖြစ်သွားခဲ့သည်။ ယခင်တုန်းက ထာဝရရှင်သန်ခြင်းဂိုဏ်းက လီဟမ်ရှန်းကို လုပ်ကြံခဲ့သည့် ဖြစ်ရပ်မှာ သူ့စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်ဖြစ်သည်။
“ဆရာသခင်၊ မောင်လေးနဲ့အတူ အဖော်လိုက်သွားပါ့မယ်။ စိတ်မပူပါနဲ့” ထိုအချိန်တွင် ယန်ထန်ထျန်းမှာ ဝင်ပြောလိုက်သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ဤတကြိမ်တွင် လာရှုပ်ပါက သူမက တစစီဆွဲဖြဲပစ်မည် ဖြစ်သည်။ လီဟမ်ရှန်းက အလွန်အမင်းကို သွားချင်နေသည်ကို မြင်နေရသဖြင့် ရှမူဟိုင်က ခေါင်းညိတ်ရန်သာ တတ်နိုင်တော့လေသည်။
သူက လီဟမ်ရှန်းကို ဂိုဏ်းတွင် ထာဝရပိတ်ထား၍ မရမှန်းကို သိပေသည်။
ပြီးတော့ ချန်ချင်းလုပ်ငန်းက အနာဂတ်တွင် သူပိုင်ဆိုင်ရမည့် လုပ်ငန်းဖြစ်ပြီး သူ့လုပ်ငန်းရှိရာသို့ သူက အခုထိ မရောက်ဖူးသေး မဟုတ်လား။
“ဆရာသခင် ကျွန်တော်လည်း သွားမယ်” ကျိုးကျွင်းကလည်း ခြေတလှမ်းတိုးကာ ပြောလိုက်ပါသည်။
“မင်းကတော့ နေခဲ့ရမယ်။ မင်းပါသွားမယ်ဆိုရင် မူဟိုင်ဖုန်းက ကိစ္စတွေကို ဘယ်သူက လုပ်ပေးမှာလဲ။ စားသောက်ပွဲအတွက် ပြင်ဆင်စရာတွေမှ အများကြီးပဲရှိတယ်။ လမ်းသလားမယ်လို့တော့ မကြံလိုက်နေနဲ့”
ရှမူဟိုင်က ကျိုးကျွင်းကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ ကျိုးကျွင်း၏ မျက်နှာမှာ လငပုတ်ဖမ်းသလို မဲနက်သွားခဲ့ပေ၏။
“ညီ၄ရေ ငါမင်းနဲ့အတူတူ မလိုက်နိုင်တော့ဘူးကွာ”
“ဘာမှမဖြစ်ဘူး အကို၃၊ ကျွန်တော် ပြန်လာရင် အကို၃အတွက် အရသာရှိတာတွေ အများကြီး ယူလာခဲ့ပေးမယ်” လီဟမ်ရှန်းက ပြန်ချော့လိုက်သည်။
ထိုအခိုက်တွင် ရှမူဟိုင်အား ဂုဏ်ပြုရန် မူဟိုင်ဖုန်းသို့ရောက်လာကြသော လူအများထဲမှ တစုံတယောက်သည် မသိမသာလေး လူအုပ်ထဲမှ ပြန်ထွက်သွားခဲ့လေ၏။
ထိုလူသည် သိပ်မကြာခင်အချိန်လေးကမှ မူဟိုင်ဖုန်းသို့ ရောက်လာခဲ့ပြီး လီဟမ်ရှန်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရှိရာသို့ ယန်ထျန်ထျန်းနှင့်အတူတူ ထွက်သွားမည့်သတင်းကိုကြားလိုက်သည်နှင့် ထိုသူက လူအုပ်ထဲမှ မသိမသာလေး ပြန်ထွက်လာတာ ဖြစ်ပါသည်။
“လီဟမ်ရှန်းက လုကျင်းမြို့က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ယန်ထျန်ထျန်းနဲ့ အတူတူ သွားလိမ့်မယ်”
နောက်နှစ်နာရီကြာမြင့်သောအခါ ထိုသတင်းမှာ စာပို့ခိုများစွာတို့၏ ခြေတွင် ကပ်တွယ်ပြီး နေရာအနှံ့အပြားသို့ သတင်းပို့ခြင်းကို ခံလိုက်ရတော့သည်။