ချန်ချင်းကုမ္ပဏီ၏ မင်းသားလေး ရောက်လာခြင်း
Vol. 20 Ch. 216
“ငါ့ကို သူ့ဆီကို အမြန်ခေါ်သွားစမ်း”
ယန်ပါးထောင်က လီဟမ်ရှန်းနှင့် သွားတွေ့ရန်အတွက် ကမန်းကတန်း ထွက်သွားခဲ့ပါသည်။
လက်ရှိအချိန်တွင် လီဟမ်ရှန်းမှာ ယန်မိသားစု၏ အဓိကခန်းမ၌ ရှိနေကြပေသည်။ ယန်မိသားစု၏ အစေခံများမှာ လိုလေသေးမရှိအောင် ဂရုစိုက်နေသောကြောင့် လီဟမ်ရှန်းနှင့် ယန်ထျန်ထျန်းမှာ လက်ဖက်ရည်ကြမ်းနှင့် အဆာပြေမုန့်များကို စိတ်အေးလက်အေး စားသောက်နေကြသည်။
ယန်ပါးထောင်၏ သားဖြစ်သူ ယန်ရွီရှစ်ကိုယ်တိုင် သူတို့အား အဖော်ပြုပေးနေခဲ့သည်။
သူ့အရှေ့ရှိ လူငယ်လေးမှာ နောက်တက်မည့် မိသားစုခေါင်းဆောင်ဖြစ်နေလိမ့်မည်ဟု လီဟမ်ရှန်းက မမျှော်လင့်ထားခဲ့မိပါချေ။
ထိုလူငယ်မှာ ယန်မိသားစု၏ သခင်လေးဖြစ်သည်။
ယခင်တုန်းက သူ ချန်ချင်မြို့တွင် ရှိစဉ်အခါက ယန်ယွီရှစ်၏ အကြောင်းကို ကြားခဲ့ဖူးပါသည်။ သူက အရမ်းကို ပါရမီပါသော ဒုတိယမျိုးဆက်သခင်လေးဖြစ်သည်ဟု သိခဲ့ရသည်။ သို့ပေမယ့် ထိုသခင်လေးက အရမ်းကိုနှိမ့်ချကာ ယဉ်ကျေးနေလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့မိပါချေ။ ယခုကြည့်ရသလောက်တော့ သခင်လေးတိုင်းက မာနကြီးပြီး အနိုင်ကျင့်တတ်ပုံမဟုတ်ပေ။
သို့သော် လီဟမ်ရှန်းမှာ သူ၏ ဖခင်ဖြစ်သူက ယန်မိသားစုအတွက် အလုပ်လုပ်ပေးနေသောကြောင့် သူ၏ ရိုင်းပျမှုကြောင့် သူ့ဖခင်ပြသနာတက်မည်ကို မလိုလားသောကြောင့် ပို၍ နှိမ့်ချကာ ပြောဆိုပေ၏။
ထူးဆန်းသည်မှာ လီဟမ်ရှန်းက နှိမ့်ချလေလေ၊ ယန်ယွီရှစ်က ချွေးသီးချွေးပေါက်များကျနေကာ ကြောက်ရွံ့တကြီးနှင့် ပို၍ ပို၍ နှိမ့်ချလေလေ ဖြစ်နေတော့သည်။
သို့သော် လီဟမ်ရှန်း၏ အမြင်တွင်မူ ယန်ယွီရှစ်က သတ္တိမရှိသော လူကြောက်ဟု မြင်နေခဲ့သည်။ သူ့လို ပျော့တီးပျော့ဖက်ပုံစံနဲ့ လူက ယန်မိသားစုကို အမြင့်နေရာအထိ ရောက်ရှိအောင် ခေါ်ဆောင်သွားနိုင်လိမ့်မည် မဟုတ်ပါချေ။ သူ၏ အစ်မဖြစ်သော ယန်ယုယွင် ကသာလျှင် မိသားစု ခေါင်းဆောင်နေရာနှင့် ပိုမို၍ ထိုက်တန်ပါသည်။ သူမက စွမ်းအားအရာကော၊ ဦးဆောင်သည့်နေရာမှာပါ ယန်ယွီရှစ်နှင့် နှိုင်းယှဉ်၍မရနိုင်ပါချေ။
ထိုကိစ္စရပ်များအားလုံးမှာ ယန်မိသားစု၏ အတွင်းရေးပြသနာများ ဖြစ်ပြီး လီဟမ်ရှန်းအနေနှင့် ဝင်ရောက်စွက်ဖက်ရန် စိတ်မကူးထားပေ။
“ငါ့ရဲ့ ချစ်တူလေး”
ခပ်ဝေးဝေးမှ ယန်ပါးထောင်၏ အော်သံထွက်လာသည်။ ယန်ပါးထောင်မှာ လျင်မြန်စွာ ပြေးလာခဲ့ပြီး၊ သူ၏ မျက်နှာအမူအရာမှာ ဝေးကွာနေသည့် ရင်သွေးကို တွေ့လိုက်ရသည့်အတိုင်းပင် ဖြစ်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် သခင်ကြီးယန်” လီဟမ်ရှန်းက ထရပ်ကာ အရိုအသေပေးလိုက်ပါသည်။
“မင်းဘာလုပ်နေတာလဲ ချစ်တူလေးရဲ့” ယန်ပါးထောင်က လီဟမ်ရှန်းကို ဆွဲထူလိုက်ပြီး
“ယန်အိမ်တော်ကို ပြန်လာတာက ကိုယ့်အိမ်ကို ပြန်လာတာနဲ့ အတူတူပဲလေ။ ဘာလို့ အရမ်းတွေ ယဉ်ကျေးနေတာလဲ။ ငါတို့ အားလုံးက မိသားစုတွေပဲလေ”
“အာ ဟုတ်ပါတယ်” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည့်တိုင် အနည်းငယ်တော့ အံ့အားသင့်နေခဲ့ပါသည်။
သူက ချန်ထင်မြို့တွင် ကလေးဘဝကတည်းက နေထိုင်ခဲ့ပြီး ယန်ပါးထောင်မှာ လွန်စွာ တွက်ချက်တတ်သောလူမှန်း သိလေသည်။ ထို့အပြင် ယန်ပါးထောင်မှာ မူလအဆင့်လည်း ဖြစ်နေပါသေးသည်။ သူ့အနေနှင့် ထိုမျှ သဘောကောင်းပြရန် မလိုအပ်ပါချေ။
သူက ဂိုဏ်းမှ အိမ်ပြန်လာခြင်းဖြစ်သော်လည်း ယန်ပါးထောင်ကိုယ်တိုင် ထွက်လာပြီး ကြိုဆိုနှုတ်ဆက်ရုံသာမက ပြုံးရွှင်နေပါသေးသည်။
ဘာတွေဖြစ်နေတာလဲ။ ဖြစ်နိုင်တာက ယန်မိသားစုက သူ့ရဲ့ တိုက်ရိုက်တပည့်ဟူသော အဆင့်အတန်းကိုများ ထိတ်လန့်နေကြတာများလား။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ တိုက်ရိုက်တပည့်ဟူသော အဆင့်အတန်းမှာ လေးနက်သော အဆင့်အတန်းဖြစ်ပြီး မည်သူမျှ မထီမဲ့မြင် မပြုရဲကြပေ။
နောက်ထပ် ဖြစ်နိုင်တာက သူ့ရဲ့ ဆရာသခင်က အဆင့်တက်သွားတာကို ယန်မိသားစုက သိလို့ ရိုရိုသေသေ ဆက်ဆံနေတာလည်း ဖြစ်နိုင်ပါတယ်။
“ချစ်တူလေး ထိုင်ပါဦး။ ခရီးဝေးကလာတာမို့လို့ ပင်ပန်းနေမှာပေါ့” ယန်ပါးထောင်ကလည်း လီဟမ်ရှန်း၏ နံဘေးတွင် ဝင်ရောက်ထိုင်လိုက်သည်။
“ရပါတယ်ခင်ဗျာ” လီဟမ်ရှန်းက ယန်ပါးထောင်ကို ရိုသေစွာ ပြောလိုက်သည်။
“ယန်သခင်ကြီး၊ သူကတော့ ကျွန်တော့်ရဲ့ စီနီယာအစ်မ၂ ယန်ထျန်ထျန်းပါ”
“သခင်ကြီးယန်လို့ ခေါ်တာက အရမ်းကို ယဉ်ကျေးပြီး သူစိမ်းဆန်နေတယ်။ အဲ့လိုမခေါ်နဲ့၊ ဦးလေးယန်လို့ခေါ်”
ယန်ပါးထောင်က ယန်ထျန်ထျန်းကို ကြည့်ကာ ပြောလိုက်ပြန်သည်။
“ဘာမှ ကြောက်စရာမလိုဘူး။ ကိုယ့်အိမ်လို သဘောထားပါ။ လိုအပ်တာရှိရင် အားနာစရာမလိုပဲ တောင်းဆိုလို့ ရတယ်”
“ကောင်းပါပြီ”
ယန်ပါးထောင်၏ ထိုစကားမှာ ယဉ်ကျေးမှုအရပြောခြင်းဖြစ်သည်ကို ယန်ထျန်ထျန်းက သဘောပေါက်နားလည်ပါသည်။ သို့သော် သူမနားမလည်သည်က ယန်ပါးထောင်က သူမကို ယဉ်ကျေးနေခြင်းကိုပင်။ ထို့အပြင် လီဟမ်ရှန်းကို ဆက်ဆံသည်မှာ ယဉ်ကျေးနေရုံမကပဲ လီဟမ်ရှန်းနှင့် ရင်းနှီးသော ဆက်ဆံရေးတခု တည်ဆောက်လိုသည့်အလားပင်။
ယန်ထျန်ထျန်းကို စကားပြောပြီးသည့်နောက်တွင် ယန်ပါးထောင်က လီဟမ်ရှန်းဘက်ကို လှည့်ကာ လီဟမ်ရှန်း၏ အခြေအနေကို စိတ်အားထက်သန်စွာ မေးမြန်းနေတော့သည်။
ထိုအခြေအနေကြောင့် လီဟမ်ရှန်းမှာ ထူးဆန်းမှုများကို ပိုမို၍ ခံစားလာခဲ့ရတော့၏။
သူ့ရဲ့ ဆက်ဆံပုံက တိုက်ရိုက်တပည့်ချင်းတူတူဖြစ်တဲ့ သူ့ရဲ့ အစ်မ၂ကို ဆက်ဆံတဲ့ပုံနဲ့ သူ့ကို ဆက်ဆံတဲ့ပုံက ဘာလို့အဲ့လောက်တောင် အရမ်းကွာနေခဲ့ရတာလဲ။
“ဦးလေးယန်၊ ကျွန်တော့်အဖေ ဘယ်မှာလဲ။ ကျွန်တော့်အဖေနဲ့ မတွေ့ရတာက တော်တော်လေးကိုကြာမြင့်နေပြီ။ ကျွန်တော်သူ့ကို တွေ့ချင်လို့ပါ” လီဟမ်ရှန်းက လျင်မြန်စွာ ပြောလိုက်ပါသည်။
“အိုး ကံဆိုးတာပဲ” ယန်ပါးထောင်က အနေခက်စွာပြောလိုက်သည်။
“မဟာအကြီးအကဲက အလုပ်ကိစ္စကြောင့် မနေ့ကလေးတင်ပဲ အပြင်ထွက်သွားခဲ့တာ။ ဘယ်တော့ပြန်လာမလဲဆိုတာ ဦးလေးလည်း မသိဘူးကွ”
“သူက ဒီမှာမရှိဘူးလား”
လီဟမ်ရှန်း၏ မျက်ဝန်းထဲတွင် စိတ်ပျက်သွားမှုများကို အထင်းသား မြင်တွေ့လိုက်ရတော့သည်။
‘ငါ့အဖေက ဘာများလုပ်နေတာပါလိမ့်’
လီဟမ်ရှန်းက ထူးဆန်းသည်ဟု ခံစားမိသည်။ သူ့အဖေက အိမ်ထဲက အိမ်ပြင်မထွက်သောလူဖြစ်သည်။ သူ့အဖေ၏ ကြီးကြီးမားမား လှုပ်ရှားမှုကြီးမှာ မြို့တောင်ဘက်က အရက်ဆိုင်သို့ အရက်ထွက်ဝယ်ခြင်းသာဖြစ်သည်။
“အဲ့ဒါက…” လီချန်ချင်းက ဘာမှမပြောရန် မှာထားသဖြင့် ယန်ပါးထောင်သည်လည်း ပြောရခက်နေခဲ့ပါသည်။
“မဟာအကြီးအကဲမှာ လုပ်စရာတွေက များလွန်းနေပါတယ်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက စဖွင့်ထားတာ မကြာသေးတဲ့အတွက်ကြောင့်မို့လို့ မဟာအကြီးအကဲကိုယ်တိုင် ကိုင်တွယ်ရမယ့် ကိစ္စအများကြီး ရှိနေတယ်လေ”
“ကျွန်တော်နားလည်ပါပြီ” လီဟမ်ရှန်းက စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
“ဦးလေးယန်က စီးပွားရေးလောကထဲမှာ ကျင်လည်နေတာကြာနေပြီ။ ကျွန်တော့်အဖေက ပန်းချီဆရာတစ်ယောက်ပါ။ စီးပွားရေးနဲ့ ပတ်သက်ရင် နကန်းတလုံးမှ မသိပါဘူး။ သူ့ကို ဒီအတိုင်းလွှတ်ထားရင် ဦးလေးယန်ရဲ့ စီးပွားရေးက အရှုံးပေါ်နိုင်တာမို့လို့ အဖေ့ကို ကြပ်ကြပ်မတ်မတ်လေး သင်ကြားပေးပါ”
သူ့အဖေမှာ စီးပွားရေးကို ဆရာကျကျ ကိုင်တွယ်နေမှန်းကို လီဟမ်ရှန်းက မသိပေ။
ယန်ပါးထောင်မှာ ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက်တွင် ဘာမှ ဆက်မပြောပေ။
မင်းအဖေသာ ရှိမနေရင် ချန်ချင်းလုပ်ငန်းစုဆိုတာ ပေါ်လာမှာတောင်မဟုတ်ဘူး။ မင်းအဖေက လုပ်ငန်းရဲ့ ရှယ်ယာ သုံးဆယ်ရာခိုင်နှုန်းကို ကိုင်ဆွဲထားတဲ့လူပဲ။
“အဖေက ဒီမှာမရှိနေဘူးဆိုတော့၊ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး ဦးလေးယန်” လီဟမ်ရှန်းက ထရပ်လိုက်ပြီး နှုတ်ဆက်စကားပြောလိုက်သည်။ သူ့ဖခင်က မရှိသောကြောင့် လုကျင်းမြို့သို့ ခရီးဆက်ထွက်ရပေမည်။
“ချစ်တူလေး။ ဘာမှ မစားပဲနဲ့ သွားမလို့လား။ အိမ်ကို ပြန်မလာတာ တော်တော်ကြာနေတာ။ တခုခုစားပြီးမှ သွားပါလား တူလေးရာ” ယန်ပါးထောင်က အလျင်အမြန်ပင် သူ့အား ဆွဲထားတော့သည်။
“မစားတော့ဘူး။ ကျွန်တော့်မှာ တခြားကိစ္စလေးတွေ ရှိသေးတာကြောင့် ပြန်လာမှပဲ စားတော့မယ်”
လီဟမ်ရှန်းက ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ပါသည်။
လီဟမ်ရှန်း၏ ဆက်တိုက်ငြင်းဆိုမှုကြောင့် ယန်ပါးထောင်ကလည်း ခေါင်းမာကာ မဆွဲထားတော့ပေ။ လမ်းခရီးတွင် လီဟမ်ရှန်းနှင့် ယန်ထျန်ထျန်းတို့ စားသောက်ရန်အတွက် အစားအစာများကို ထုတ်ပိုးပြီးသော် ယန်ပါးထောင်က လီဟမ်ရှန်းတို့၏ ရထားလုံးအဝေးသို့ ရောက်သွားသည်ကို မျှော်ကြည့်နေခဲ့တော့သည်။
လမ်းသို့ရောက်မှသာ လီဟမ်ရှန်း၏ တင်းမာနေသော အမူအရာက ပျော့ပျောင်းသွားခဲ့၏။
“ဂျူနီယာမောင်လေး စိတ်မညစ်သွားပါနဲ့။ နောက်တကြိမ်လာရင် မောင်လေးအဖေက ရှိနေမှာပါ” ယန်ထျန်ထျန်းက လီဟမ်ရှန်းကို အားပေးလိုက်သည်။
လီဟမ်ရှန်းက ခေါင်းတချက်ညိတ်ကာ ကန့်လန့်ကာကို မ တင်လိုက်၏။ ရထားလုံးမှာ ချန်ထင်မြို့၏ ဂိတ်တံခါးမှ တဖြေးဖြေးဝေးကွာသွားသည်ကို လီဟမ်ရှန်းက မြင်နေရသည်။
လုကျင်းမြို့..
လုကျင်းမြို့သို့ ဝင်လာသည်နှင့် လီချန်ချင်း ဦးစွာလုပ်သည်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသို့ သွားခြင်းဖြစ်သည်။
လုကျင်းမြို့ရှိ ချန်ချင်းကုမ္ပဏီမှာ ဗဟိုရုံးချုပ်ကြီးဖြစ်ပြီး စီးပွားရေးကောင်းမွန်နေပါသည်။
ချန်ထင်မြို့မှ တင်သွင်းထားသော ကုန်ပစ္စည်းများမှာ အရည်အသွေးကော၊ အရေအတွက်ကော ကောင်းမွန်များပြားလှကာ အလွန်အမင်း နာမည်ကြီးမားလှပါသည်။ အသင့်စားစားသောက်ကုန်များမှာ လူကြိုက်များလွန်းလှသောကြောင့် လက်မလည်အောင်ကို ရောင်းချနေရပါသည်။ အခြားသော နာမည်ကြီးမားသည့် ပစ္စည်းများမှာ အသစ်မိတ်ဆက်ထားသော လက်ဖက်ရည်ကြမ်းများနှင့် ဂွမ်းမြုတ်ထားသော အဝတ်အစားများပင် ဖြစ်သည်။
အထူးသဖြင့် မဟာယွမ်မင်းဆက်မှ ကုန်သည်များက ထိုပစ္စည်းများကို အလွန်သဘောကျကာ ဝယ်ယူအားပေးကြပေသည်။
အသင့်စားစားသောက်ကုန်များကို ပထမဦးဆုံး ဝယ်ယူကာ မဟာယွမ်မင်းဆက်သို့ ပြန်သွားသော ဖန်းယွီမှာ အရမ်းကို ချမ်းသာနေခဲ့ချေပြီ။
အသင့်စားစားသောက်ကုန်များမှာ မဟာယွမ်မင်းဆက်တွေ အတော်လေးကို နာမည်ကြီးနေခဲ့သည်။ မဟာယွမ်မင်းဆက်၏ ခေတ်နောက်ကျနေသော ဟင်းလျာများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး စားသောက်ဆိုင်များ၏ ဝယ်ယူခြင်းကို ခံခဲ့ရရုံတင်မက တော်ဝင်မိသားစု၏ မှာယူခြင်းကိုပင် ခံရသဖြင့် ဖန်းယွီမှာ ကျိကျိတက်ကို ချမ်းသာနေခဲ့သည်။
ထို့ကြောင့် ဖန်းယွီမှာ လုကျင်းမြို့သို့ ခဏခဏ ပြန်လာကာ အသင့်စားအစားအစာများကို သောင်းနှင့်ချီအောင်၊ တခါတလေဆိုရင် သိန်းနှင့်ချီသော အသင့်စား အစားအစာများကို ပြန်လည်ဝယ်ယူသွားခဲ့၏။
ဖန်းယွီက အမြတ်အစွန်းများစွာ ရရှိနေသည်ကို မြင်ကြသော မဟာယွမ်မင်းဆက်မှ အခြားသော ကုန်သည်များသည်လည်း လုကျင်းမြို့သို့ ရောက်လာပြီး အသင့်စားအစားအသောက်များကို ဝယ်ယူကာ အမြတ်အစွန်းများကို ရရှိလိုကြပါသည်။
ထိုသို့ဆိုရင်တောင် ဖန်းယွီ၏ အမြတ်အစွန်းကို မထိခိုက်ပါချေ။ မဟာယွမ်မင်းနေပြည်တော်၏ နေရာမှာ အလွန့်ကို ကျယ်ပြန့်လှပါသည်။ သူတစ်ယောက်တည်းနှင့် ဈေးကွက်တခုလုံးကို လက်ဝါးကြီးမအုပ်နိုင်ပါချေ။
အသင့်စားစားသောက်ကုန်ကို ပြင်ဆင်ရသော စားဖိုမှုးများမှာ မနက်မှ ညအထိ အဆိုင်းနှင့် ဆင်းနေကြရတော့သည်။ ထိုသို့ အဆိုင်းနှင့် ဆင်းနေရသည့်တိုင် ဝယ်လိုအားကို ပြည့်တင်းအောင် အချိန်မှီ မဖြည့်ဆည်းပေးနိုင်ပါချေ။ အသင့်စား အစားအသောက်၏ အော်ဒါများမှာ လနှင့်ချီကြာအောင် ပြည့်နှက်နေခဲ့ပါပြီ။
ထို့အပြင် တတိယထပ်တွင်လည်း တဆင့်ရောင်းချပေးရေး ဝန်ဆောင်မှုကို ဖွင့်လှစ်ထားခဲ့ပြန်သည်။ တဆင့်ရောင်းချပေးရေး ဝန်ဆောင်မှုလုပ်ငန်းဆိုသည်မှာ တယောက်ယောက်က တခုခုကို ရောင်းချချင်လိုလျှင် ရောင်းချမည့် ပစ္စည်းကို ချန်ချင်းတတိယထပ်၌ လာရောက်အပ်နှံထားရုံပင် ဖြစ်သည်။
ချန်ချင်းကုမ္ပဏီက ပစ္စည်းရောင်းချနိုင်ရန်အတွက် ကြားခံအဖြစ် ဖောက်သည်ရှာပေးရုံသာ ဖြစ်သည်။ အကယ်၍ ပစ္စည်းရောင်းထွက်သွားပါက ချန်ချင်းကုမ္ပဏီက ဝန်ဆောင်ခအနေနှင့် ပစ္စည်းတန်ဖိုး၏ သုံးရာခိုင်နှုန်းကိုသာ ယူပေသည်။
ထိုတဆင့်ရောင်းချပေးရေး ဝန်ဆောင်မှုလုပ်ငန်း နေရာဖွင့်လှစ်လိုက်ပြီး မကြာမီတွင် လူများစွာတို့မှာ မိမိတို့ ရောင်းချလိုသော တန်ဖိုးကြီးပစ္စည်းများကို ချန်ချင်းကုမ္ပဏီသို့ လာရောက်အပ်နှံထားတော့လေသည်။ ချန်ချင်းကုမ္ပဏီ၏ နာမည်ကြီးမှုနှင့်အတူ သူတို့၏ ပစ္စည်းများက ရောင်းထွက်နိုင်ခြေအင်မတန်မြင့်မားလှပေသည်၊
ထိုတဆင့်ရောင်းချပေးရေး ဝန်ဆောင်မှုလုပ်ငန်း နေရာကြောင့်ပင် နောက်ထပ် ဖောက်သည်များကို ဆွဲဆောင်လာနိုင်ခဲ့ပြန်ပါသည်။
ချန်ချင်းကုမ္ပဏီကို ကိုင်တွယ်ရာ၌ ယန်လီရှန်းက အတော်လေး လုပ်ရည်ကိုင်ရည် ရှိသည်ဟု လီချန်ချင်းက ခံစားခဲ့ရပါသည်။ လီချန်ချင်းက ချန်ချင်းကုမ္ပဏီကို ရောက်လာသည့်အခါတွင် မည်သူကိုမှ အသိမပေးခဲ့ပဲ တိတ်တဆိတ် စောင့်ကြည့်နေကာ ဘယ်သူမှ မသိအောင် ပြန်ထွက်သွားခဲ့ပါသည်။
အချိန်အနည်းငယ်ကြာသည်အထိ တစ္ဆေမျိုးနွယ်များကို လုကျင်းမြို့တွင် ပတ်ရှာလိုက်လေသည်။ သို့သော် ရှာမတွေ့ခဲ့ပေ။
သို့သော်လည်း လီချန်ချင်းက သတိမလွတ်ခဲ့ပါချေ။ သူက တစ္ဆေမျိုးနွယ်များကို ရှာမတွေ့ခဲ့သည့်တိုင် တစ္ဆေမျိုးနွယ်များ မရှိဟု တထစ်ချ ပြော၍မရပါချေ။ တစ္ဆေမျိုးနွယ်များသည် သူတို့၏ တစ္ဆေအရှိန်အဝါများကို ထိန်းချုပ်ထားလိုက်ပါက လူသားများနှင့် ခွဲမရအောင် ဆင်တူသည်မဟုတ်ပါလား။
ထိုအခြေအနေမှာ အလွန်စိတ်ရှုပ်ဖို့ကောင်းသည်ဟု လီချန်ချင်းက တွေးမိပါသည်။ တစ္ဆေမျိုးနွယ်များကို ဖောက်ထွင်းမြင်နိုင်မည့် နည်းလမ်းများရှိမလားဟု လီချန်ချင်းက သိချင်နေခဲ့မိသည်။
နောက်ဆုံးမှာတော့ လီချန်ချင်းက တည်းခိုဆောင်တခုကို ရှာကာ တည်းခိုလိုက်ပါသည်။ လုကျင်းမြို့တွင် တည်းခိုစရာရှာရန်ပင် ထိုမျှ ခက်ခဲလှမည်ဟု လီချန်ချင်းက မမျှော်လင့်ခဲ့ပါချေ။ ကံကောင်းသည်က ကုန်သည်တဦးမှာ အခန်းအပ်သွားခြင်းကြောင့်သာ သူ့အတွက် အခန်းရခြင်းဖြစ်၏။ မဟုတ်လျှင် လီချန်ချင်းအဖို့ ညအိပ်စရာနေရာပင် ရှိလိမ့်မည်မဟုတ်ပေ။