← Chapters

အခန်း (၂၁၇)

Vol. 20 Ch. 217

အခန်း (၂၁၇)

Vol. 20 Ch. 217

နောက်တနေ့၏ နေ့လည်ခင်းတွင် လီဟမ်ရှန်းတို့ အဖွဲ့မှာ လုကျင်းမြို့သို့ ရောက်ရှိလာကြသည်။

“ဒါက လုကျင်းမြို့လား တော်တော်ကိုကြီးတာပဲ။ လမ်းတွေကလည်း အကျယ်ကြီးပဲ။ လူတွေကလည်း စည်ကားလိုက်တာ၊ အဆောက်အဦးတွေကအစ ခမ်းနားလိုက်တာ”

ယခုအကြိမ်သည် လုကျင်းမြို့သို့ လီဟမ်ရှန်းက ပထမဦးဆုံးအကြိမ်ရောက်ရှိခြင်း ဖြစ်ပါသည်။

စည်ကားနေသော မြို့ကိုကြည့်ရင်းနှင့် လီဟမ်ရှန်း၏ ညှို့မှိုင်းနေသော စိတ်အခြေအနေက အနည်းငယ်တိုးတက်လာခဲ့ပါသည်။

လီဟမ်ရှန်း၏ စိတ်အခြေအနေ တိုးတက်လာသည်ကို မြင်သော ယန်ထျန်ထျန်းကလည်း ပြုံးလျက်ပြောလိုက်၏။

“စည်ကားတာပေါ့ မောင်လေးရဲ့။ လုကျင်းမြို့က ကုန်သွယ်ရေးမြို့တော်ကြီး ဖြစ်တဲ့အပြင် မဟာယွမ်မင်းဆက်နဲ့လည်း အနီးဆုံးမြို့လေ”

“ပြီးတော့ လုကျင်းမြို့က မင်ဟုန်ခရိုင်မှာ အကြီးမားဆုံးမြို့ပဲလေ” ယန်ထျန်ထျန်းက လီဟမ်ရှန်းကို ထပ်မံ၍ ရှင်းပြလိုက်ပါသည်။

“တကယ်လား” လီဟမ်ရှန်းက ရထားလုံး၏ ပြတင်းပေါက်အပြင်မှ ကြည့်လိုက်ရာ မတူညီသော ရိုးရာဝတ်စုံအမျိုးမျိုးဝတ်ထားသော လူများကို တွေ့လိုက်ပါသည်။

အပြင်ဘက်က ကုန်သည်များကို သူတို့က တအံ့တဩနှင့် ငေးမောကြည့်နေခဲ့သည်။

“သခင်လေး”

ထိုအခိုက် ရှုခွေက စကားစလိုက်သည်။

“ကျုပ်တို့ တည်းခိုဖို့အတွက် တည်းခိုဆောင်သွားရှာလိုက်ဦးမယ်။ ဒီတခေါက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဝယ်ယူမယ့် ပစ္စည်းတွေက အရမ်းကို များလွန်းနေတာကြောင့် သူတို့တွေ ပြင်ဆင်ဖို့အချိန်ဖို့လိုမှာပဲ။ အဲ့ဒါကို စောင့်ဖို့ တည်းခိုဖို့လိုလိမ့်မယ်။ သူတို့ ပြင်ဆင်သွားပြီးရင် စန်းယွမ်ပို့ဆောင်ရေးဌာနနဲ့ ချိတ်ဆက်ပြီး ဂိုဏ်းကို ပို့ခိုင်းရမယ်”

“အဲ့ဒါကြောင့် ဒီမှာတော့ ရက်နည်းနည်းနေရမယ်လို့ ကျုပ်ကတော့ တွက်ထားတယ်”

ရှုခွေက လီဟမ်ရှန်းကို အခြေအနေပြောပြလိုက်သည်။

“ဟုတ်ပြီ ဦးလေးရှု, သွားစီစဉ်လိုက်ပါ”

လီဟမ်ရှန်းက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့ ထွက်မလာခင်တုန်းက အပြင်လောကနှင့် အတွေ့အကြုံရှိသော ရှုခွေ၏ စကားကိုနားထောင်ရန် ရှမူဟိုင်က လီဟမ်ရှန်းကို မှာခဲ့လေသည်။

ရှုခွေက တည်းခိုဆောင်သို့ သွားရှာနေစဉ် သူတို့နံဘေးမှ ရထားလုံးတစင်းကို သတိပြုမိလိုက်သည်။

“ဟင်”

ထိုရထားလုံးမှာ ထူးဆန်းသော ပန်းပွင့်တံဆိပ်များကို ရိုက်နှိပ်ထားသည်။ ထိုရထားလုံးကို ယန်ထျန်ထျန်းက သတိထားမိသွားသည်။

“စုမိသားစုလား” ယန်ထျန်ထျန်းက တီးတိုးရေရွတ်လိုက်သည်။

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်တွင် ရှုခွေက ပြန်လာခဲ့တော့သည်။

သူက တည်းခိုဆောင်တော်တော်များများသို့ ရောက်ခဲ့သည့်တိုင် လုကျင်းမြို့၌ အခန်းရှာမတွေ့ခဲ့ပါချေ။

ထိုသို့ဖြစ်ရသည်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတည်ထောင်ပြီးနောက်တွင် လုကျင်းမြို့သို့ ကုန်သည်များစွာ ရောက်ရှိလာကြသောကြောင့် တည်းခိုဆောင်များ ကျပ်ကုန်ကြခြင်းဖြစ်ပါသည်။

နောက်ထပ် တည်းခိုဆောင်တခု၏ အတွင်းမှာ မျက်နှာပျက်နေသော ရှုခွေ ထွက်လာခဲ့သည်။

“ဒီမှာလည်း ပြည့်နေပြန်တာလား” ယန်ထျန်ထျန်းမှာ အံ့အားသင့်စွာ ရှုခွေကို ကြည့်လိုက်၏။

“ဟုတ်တယ်” ရှုခွေက ဘေးဘယ်ညာကို ကြည့်လိုက်ပြီး

“လုကျင်းမြို့က ဒီလောက်ထိ နာမည်ကြီးပြီး စည်ကားသိုက်မြိုက်နေမယ့် မြို့လို့ တကယ့်ကို မထင်ထားခဲ့မိဘူး။ ကုန်သည်တွေအများကြီးရောက်နေပြီးတော့ တည်းခိုဆောင်တွေက ပြည့်နေတဲ့အပြင်၊ ဈေးနှုန်းတွေကလည်း မတရားကို ကြီးလွန်းနေတယ်။

ပုံမှန်ဆိုရင် အခန်းတခန်းကို ငွေစနှစ်စပဲပေးရပေမယ့် အခုကျတော့ တခန်းကို ငွေတုံးကြီးနှစ်တုံးတောင်တောင်းနေတယ်။ သခင်လေး ကျုပ်တို့ တခြားနေရာကို သွားရှာမှ ဖြစ်မယ်”

“လောလောဆယ် တည်းစရာကို မရှာသေးနဲ့ဦး” လီဟမ်ရှန်းက ပြောလိုက်သည်။

“အရင်ဆုံးချန်ချင်းကုန်သွယ်ရေးကို သွားကြရအောင်။ ဝယ်စရာရှိတာတွေကို အရင်ဝယ်ထားပြီးမှ တည်းဖို့ နေရာရှာကြတာပေါ့။ ဒီအတိုင်းသာ နေရာရှာနေရင် အချိန်တွေ သက်သက်ကုန်နေလိမ့်မယ်”

“အစ်မကကော ဘယ်လိုထင်လဲ”

“ငါကတော့ ကန့်ကွက်စရာမရှိဘူး” ယန်ထျန်ထျန်းက ဂရုမစိုက်ပေ။

“အဲ့ဒါဆိုလည်း သခင်လေးရဲ့ အစီအစဉ်တိုင်းပဲ လုပ်ကြတာပေါ့”

ရှုခွေက ပြောပြောဆိုဆိုနှင့် ရထားလုံးကို ချန်ချင်းကုမ္ပဏီရှိရာသို့ ဦးတည်လိုက်ပါသည်။

နာရီဝက်ကြာသော် သူတို့၏ ရထားလုံးမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းအရှေ့သို့ ရောက်လာခဲ့ကြတော့သည်။ ရောက်ရောက်ချင်းတွင် သူတို့မှာ အလွန်တရာမှကို အံ့အားသင့်သွားခဲ့လေသည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းအရှေ့တွင် ရထားလုံးတန်းအရှည်ကြီးက တန်းစီကာ စောင့်ဆိုင်းနေခဲ့သည်။ သူတို့၏ ရထားလုံးပင် ရပ်ရန်အတွက် နေရာရှိမနေပါချေ။

“အဲ့လောက်ကြီးကတော့ လွန်တာပေါ့” ယန်ထျန်ထျန်းက နေရာမျိုးစုံသို့ ရောက်ဖူးသည့်တိုင် ယခုလောက်အထိ နာမည်ကြီးသည့် ကုန်သွယ်ရေးလုပ်ငန်းကိုတော့ ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းသာ ဖြစ်ပါသည်။

သူတို့မှာ ရထားလုံးကို အတန်ငယ်ဝေးကွာသည့် နေရာတွင် ရပ်ထားပြီး ချန်ချင်းကုမ္ပဏီရှိရာသို့ လမ်းလျှောက်လာခဲ့ကြရသည်။ အတွင်းသို့ ရောက်သော လူများနှင့် ပြည့်ကျပ်နေခြင်းကြောင့် မျက်လုံးပြူးသွားကြရပြန်သည်။

ရောက်နေကြသည့် ကုန်သည်အများစုမှာ မဟာယွမ်မင်းဆက်မှ ဖြစ်သည်။

ဖောက်သည်တစ်ယောက်ကို လိုအပ်သည်များကို မီနူးနှင့်တကွ ရှင်းပြပေးနေသော ဝန်ထမ်းတယောက်စီက အဖော်ပြုထားပေး၏။

လောကအတွေ့အကြုံကြွယ်ဝကာ ခရီးခဏခဏထွက်သော ရှုခွေအတွက်ပင်လျှင် သူ့မျက်စိရှေ့က မြင်ကွင်းက ပုံကြီးချဲ့လွန်းရာရောက်သည်ဟု ခံစားမိခဲ့ပါသည်။

“ဘာများကူညီပေးရမလဲရှင်” ထိုအခိုက်တွင် ဖောက်သည်တစ်ယောက်ကို ဝန်ဆောင်မှုပေးပြီသွားသော မိန်းမငယ်လေးတစ်ယောက်မှာ လီဟမ်ရှန်းတို့ထံသို့ အပြေးလေးရောက်လာကာ မေးမြန်းလိုက်ပါသည်။

ထိုမိန်းကလေးမှာ မျက်နှာပြည့်ပြည့်လေးရှိပြီး တချက်ကြည့်ရုံနှင့် နှစ်လိုဖွယ်ရာကောင်းသော အသွင်အပြင်တွင် ရှိသည်။

“ကျုပ်တို့က အသင့်စားစားသောက်ကုန်တွေကို လာဝယ်တာပါ” လီဟမ်ရှန်းက စည်ကားနေသော လူအုပ်ကို ငေးကြည့်ရင်း အိပ်မက်မက်နေသည့်လေသံနှင့် ပြောလိုက်သည်။

“အသင့်စားအစားအသောက်လား။ ရပါတယ်ရှင့်။ ဒါပေမယ့် လက်တလောအမှာတွေက ပြည့်နေတာမို့လို့ လူကြီးမင်းတို့က အခုချိန်မှာမယ်ဆိုရင် နောက်လေးလဆိုရင် ရနိုင်ပါလိမ့်မယ်ရှင့်”

“လေးလတောင်” လီဟမ်ရှန်းက တော်တော်လေးကို လန့်သွားခဲ့သည်။

“ဒါပေမယ့် ကျုပ်တို့က တစ်လခွဲအတွင်းလိုချင်တာ”

“အာ” မိန်းမငယ်လေးမှာ အကျပ်ရိုက်နေသည့်ပုံဖြစ်သွားသည်။

“လူကြီးမင်းရှင့် အခုရောက်နေကြတဲ့လူတွေကို တချက်ကြည့်လိုက်ပါ။ သူတို့အားလုံးကလည်း အသင့်စားစားသောက်ကုန်တွေကို ဝယ်ယူဖို့ ရောက်နေကြတာကြီးပါပဲရှင့်။ အဲ့ဒါကြောင့်မို့လို့ နောက်လေးလမှ ရနိုင်မယ်လို့ပြောတာပါရှင်။ အရှေ့မှာ အမှာစာတွေက ပြည့်နေတာကို တစ်လခွဲအတွင်း ပြင်ဆင်ပေးဖို့ဆိုတာကတော့ ဘယ်လိုမှကို မဖြစ်နိုင်လို့ပါရှင့်”

“တခုခုတော့ စီစဉ်ပေးလို့မရဘူးလားဗျာ။ ကျုပ်တို့က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကပါ။ ဂိုဏ်းမှာက ပွဲတော်တခု ကျင်းပစရာရှိလို့ပါ”

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းလား” ကောင်မလေး၏ မျက်လုံးများမှာ လင်းလက်သွားခဲ့သည်။

“ရှင်တို့က ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက တပည့်တွေလား”

“ဟုတ်ပါတယ်” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။

“နာမည်လေး သိလို့ရမလားရှင့်” မိန်းကလေးက တိုးညှင်းစွာ မေးလိုက်သည်။

သူမက နာမည်ကို ဘာကြောင့် မေးမှန်းကို သူမသိသည့်တိုင် ပြောပြလိုက်ခဲ့သည်။

“လီဟမ်ရှန်းလို့ခေါ်ပါတယ်”

လီဟမ်ရှန်းဟူသည့် အမည်ကို ကြားသော် မိန်းကလေး၏ ပါးစပ်မှာ အဟောင်းသားဖြစ်သွားခဲ့သည်။

သူမ၏ သဘောထားမှာလည်း ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါတော့သည်။

“လေးစားရတဲ့ ဧည့်သည်တော်ကြီးများရှင့်၊ ဒီနေရာက အရမ်းကို ဆူညံလွန်းလို့ စကားပြောလို့ မကောင်းပါဘူးရှင်။ ကျွန်မရဲ့အနောက်ကနေ ဗီအိုင်ပီအခန်းကို လိုက်ခဲ့ကြပေးပါ”

လီဟမ်ရှန်းကော ယန်ထျန်ထျန်းပါ အူကြောင်ကြောင်ဖြစ်သွားပြီး တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့က ဒီကို ရောက်ရောက်ချင်းမှာပင် အထူးဧည့်သည်တော်လို ဘာလို့ ဆက်ဆံခံနေရလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေကြတော့သည်။ ရှုခွေကတော့ တိတ်တိတ်ဆိတ်ဆိတ်ပင် ရှိနေခဲ့သည်။ ဤနေရာတွင် သူတို့အား ခြိမ်းခြောက်နိုင်သည့် အန္တရာယ်ရှိမနေသည်ကို သူက သိထားသောကြောင့်သာ အေးအေးဆေးဆေး ဖြစ်နေခဲ့သည်။

လူတိုင်းမှာ စီးပွားရေးကိစ္စများကို ပြောဆိုရင်း အလုပ်များနေကြသောကြောင့် သူတို့အား မည်သူမှ သတိမထားမိကြပါချေ။

မိန်းမငယ်လေးမှာ ပထမထပ်၏ ဘယ်ဖက်ခြမ်း ရုံးခန်းရှိရာသို့ ဦးဆောင်သွားခဲ့သည်။

ချန်ချင်းကုမ္ပဏီတွင် အော်ဒါအများအပြားမှာယူသူများကို ဗီအိုင်ပီအဖြစ်သတ်မှတ်ကာ ဗီအိုင်ပီအခန်းများ ပြင်ဆင်ပေးထားခဲ့သည်။

အကြောင်းပြချက်တခုမှာ ဖောက်သည်အကြီးစားများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် ဖြစ်ပါသည်။

နောက်ထပ်တခုမှာ များများဝယ်ယူခြင်းသည် အပြင်ဘက်က သာမန်ဖောက်သည်များထက် အဆင့်အတန်းပိုမြင့်သော အတွေ့အကြုံနှင့် ဝန်ဆောင်မှုများကို ခံစားရမည်ဟူသော ကျေနပ်မှုကို ရရှိစေရန်အတွက်ပင် ဖြစ်သည်။

ထိုလုပ်ဆောင်ချက်ကို လီချန်ချင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အနာဂတ်တွင် အဖွဲ့ဝင်ကတ်ကို မိတ်ဆက်ရန်ကိုပါ လီချန်ချင်းက စီစဉ်ထားခဲ့လေ၏။ ထိုဖောက်သည်အကြီးစားများကို ဗီအိုင်ပီဂရုစိုက်မှုများပေးပြီးတော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကာ ငွေများများသုံးစေရန်အတွက် ကြိုစီစဉ်ထားခဲ့လေ၏။

သူတို့သုံးဦးကို အစောင့်များစောင့်ကြပ်နေသည့် နောက်ဆုံး ဗီအိုင်ပီအခန်းသို့ အမျိုးသမီးငယ်လေးက ဦးဆောင်သွားခဲ့သည်။

“မင်းမင်းပါလား။ ဒီကို ဘယ်လိုရောက်လာတာလဲ” အစောင့်မှာ ထိုအမျိုးသမီးလေးကို မကြာခဏမြင်ဖူးနေသောကြောင့် လှမ်းမေးလိုက်ခြင်းဖြစ်သည်။

“ဗီအိုင်ပီအခန်းကို ဖွင့်လိုက်။ ကျွန်မမှာ ဧည့်သည်တွေ ပါလာတယ်” မင်းမင်းဟု ခေါ်သောကောင်မလေးက အမြန်သတိပေးလိုက်သည်။

“သေချာလို့လား။ ဒီအခန်းက အကောင်းဆုံးနဲ့ အဆင့်မြင့်အခန်းနော်။ နာရီဝက်အတွင်းမှာ မဟာယွမ်မင်းဆက်က နန်းရင်းဝန်ကြီးက မနေ့ကတည်းက ဒီနေရာကို ဘိုကင်ယူထားတာမို့လို့ ရောက်လာတော့မှာ”

“မဟာယွမ်မင်းဆက်က နန်းရင်းဝန်ကြီးက ဘာအရေးပါလို့လဲ” မင်းမင်းက လှောင်လိုက်ပြီး လီဟမ်ရှန်းကို မျက်စပစ်ပြလိုက်ကာ

“ဒီဖက်က ငါတို့ချန်ချင်းကုမ္ပဏီရဲ့ သခင်လေးလီပဲ”

ထိုစကားကိုကြားသော် အစောင့်၏ မျက်နှာမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့၏။

“သူကလား”

အစောင့်က အလျင်အမြန်ပင် တံခါးကို ဖွင့်ပေးလိုက်တော့သည်။

“ကျေးဇူးပြုပြီး အထဲကို ကြွပါ ဂုဏ်သရေရှိဧည့်သည်တော်များရှင်” မင်းမင်းက လီဟမ်ရှန်းတို့ အဖွဲ့ကို အတွင်းသို့ ဖိတ်ခေါ်လိုက်ပါသည်။

“အခန်းက အရမ်းကို ခမ်းနားတာပဲ”

ယန်ထျန်းထျန်းက အတွင်းရှိ ကြီးမားကျယ်ပြန့်သော အခန်းရှိ၊ တန်းဖိုးကြီး အမွှေးနံသာများထုံလွှမ်းနေသော နေရာကို အထင်ကြီးစွာ ကြည့်လိုက်သည်။

ကြမ်းပြင်မှာ စိတ်ဝိဉာဉ်သွေးနှောသားရဲတပိုင်း၏ အရေခွံကို ခင်းကျင်းထားပါ၏။

စားပွဲပေါ်တွင်လည်း တန်ဖိုးကြီးမားသော သစ်သီးဝလံများကို တည်ခင်းထားလေသည်။

“ခဏလောက်စောင့်ဆိုင်းပေးပါဦးရှင်။ ဆိုင်တာဝန်ခံကို ကျွန်မသွားခေါ်ပေးပါ့မယ်” မင်းမင်းက ပြောပြီးနောက် အမြန်ထွက်သွားသည်။

တံခါးစောင့်မှာ သူတို့အတွက် လက်ဖက်ရည်ကြမ်းကိုပင် ပြင်ဆင်ထားခဲ့ပေးသည်။

လီဟမ်ရှန်းမှာ အနည်းငယ်ဆွံ့အသွားခဲ့သည်။

သူတို့က အသင့်စားစားသောက်ကုန်များကို ဝယ်ယူရန်လာခဲ့ခြင်းဖြစ်သည်။ ဆိုင်တာဝန်ခံနှင့် တွေ့ဆုံဖို့လောက်အထိတော့ မလိုဘူးမဟုတ်လား။

ဆိုင်တာဝန်ခံဆိုတာက အလုပ်များနေရမှာ မဟုတ်ဘူးလား

“မောင်လေးမိသားစုရဲ့ ကုန်သွယ်ရေးလုပ်ငန်းက သေချာလေးကို စီမံခန့်ခွဲထားတာပဲ။ ဒီက ဝန်ဆောင်မှုကလည်း သိပ်ကို ကောင်းတာပါလား” ယန်ထျန်းထျန်းက ဘေးပတ်ပတ်လည်ကို ကြည့်ရှုကာ ပြောလိုက်လေ၏။

“အစ်မ၂ကတော့ နောက်ပြီဗျာ။ ချန်ချင်းကုန်သွယ်ရေးဆိုတာက မိသားစုငယ်လေးတွ စုပေါင်းပြီးဖွင့်ထားတဲ့ ကုမ္ပဏီပါ။ ကျွန်တော့်အဖေက ရှယ်ယာပါတယ်ဆိုရင်တောင်မှ မပြောပလောက်တဲ့ ပမာဏလေးပါ။ ဒါတောင်ယန်မိသားစုက သဘောကောင်းလွန်းလို့သာ အဖေ့ကို ရှယ်ယာ ပါခွင့်ပြုတာ

ဒီကုန်သွယ်ရေးလုပ်ငန်းသာ ကျွန်တော့်အပိုင်ဆိုလို့ကတော့ ကျွန်တော်က ကျင့်ကြံနေဦးမလား။ ဆန်ကုန်မြေလေး သခင်လေး လုပ်လိုက်ပြီး အိမ်အပြင်တောင် ထွက်တော့မှာ မဟုတ်ဘူး။ ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးတွေလိုပဲ ပျော်ပါးနေတော့မှာ”

လီဟမ်ရှန်းက ဟာသအနေနှင့်သာ ပြောလိုက်သော်လည်း နတ်ဘုရားအာရုံနှင့် ကြည့်ရှုနေသော လီချန်ချင်းမှာ ထိုစကားကို ကြားဖြစ်အောင် ကြားလိုက်လေသည်။

“တော်တော် တော်တဲ့ ကောင်စုတ်လေးပဲ။ စကားပုံတောင်ရှိသေးတယ်။ ပိုက်ဆံရှိသွားရင် ရိုးသားတဲ့လူတောင် ဆိုးသွမ်းသွားတယ်တဲ့။ ငါသာ ချန်ချင်းလုပ်ငန်းစုရဲ့ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ကိုင်ထားတာကိုသာ သူသိရင် ချက်ချင်းအိမ်ပြန်လာပြီး ပိုးကောင်တကောင်လို ကပ်စားနေတော့မှာပဲ။ သူ့ကို အမှန်တိုင်းမပြောပြမိတာ ဆုံးဖြတ်ချက်မှန်သွားတာပဲ။ မဟုတ်ရင် တိုက်ခိုက်ချင်စိတ်ရှိတော့မှာတောင် မဟုတ်ဘူး”

အရင်ဘဝက ငွေမပေးနိုင်လျှင် သူ့အား ရိုက်နှက်သော သားဖြစ်သူကို ပြန်တွေးမိပြီးနောက်တွင် သူ့တကိုယ်လုံးမှာ ကြက်သီးမွှေးညှင်းများ ထလာခဲ့တော့သည်။

All Chapters