← Chapters

အခန်း (၂၁၈)

Vol. 20 Ch. 218

အခန်း (၂၁၈)

Vol. 20 Ch. 218

သိပ်မကြာခင်မှာ ယန်လဲ့ရှန်းက ဗီအိုင်ပွီအခန်းသို့ အပြေးလေးရောက်လာခဲ့ပါသည်။

လောလောဆည်၌ ယန်လဲ့ရှန်းမှာ အလုပ်များနေသည့်တိုင် လီဟမ်ရှန်းရောက်လာသည်ဟူသော သတင်းကြောင့် လုပ်စရာရှိသည်များကို ပစ်ချကာ အပြေးလေး ရောက်လာခဲ့ရခြင်းဖြစ်ပါသည်။

“စောင့်ဆိုင်းနေစေရလို့ တောင်းပန်ပါတယ်” ယန်လဲ့ရှန်းက အခန်းတွင်း ဝင်လာပြီးသည်နှင့် ဦးညွတ်တောင်းပန်လိုက်သည်။

“ဒီက မိတ်ဆွေလေးက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက သခင်လေးလီများလား”

“ကျွန်တော်က လုကျင်းမြို့က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ တာဝန်ခံ ယန်လဲ့ရှန်းပါ”

“ဥက္ကဌယန်ရဲ့ စွမ်းဆောင်ချက်တွေကို ကျွန်တော်ကြားဖူးပါတယ်ဗျာ” လီဟမ်ရှန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

“ထိုင်ပါဦး” ယန်လဲ့ရှန်းက ပြုံးရင်း လက်ဟန်ပြုလိုက်သည်။

“မင်းမင်းဆီက ကျွန်တော်ကြားတာက သခင်လေးလီက အသင့်စားစားသောက်ကုန်တွေကို လိုအပ်လို့ဆို”

“ဟုတ်ပါတယ် ဒါပေမယ့် နောက်လေးလကြာမှ ရနိုင်မယ်လို့ ကျွန်တော်သိခဲ့ရတယ်”

လီဟမ်ရှန်းက အကျပ်ရိုက်နေသည့်လေသံနှင့်

“အသင့်စားစားသောက်ကုန်တွေက တော်တော်လေးကို နာမည်ကြီးတာပဲ။ ဒီလို စောင့်နေဖို့က မဖြစ်နိုင်ဘူးဗျ။ အသင့်စားအစားအစာတွေနဲ့ တည်ခင်းမယ့် ကျွန်တော်တို့ ဂိုဏ်းရဲ့ ဂုဏ်ပြုပွဲအတွက် မရရင် အဆင်မပြေတော့ဘူးပေါ့ဗျာ”

“လေးလလား။ ပြသနာမရှိဘူး။ သခင်လေးသာ လိုချင်ရင် ကျွန်တော်က နှစ်ရက်အတွင်း တခါတည်း ရအောင် စီစဉ်ပေးနိုင်တယ်” ယန်လဲ့ရှန်းက အာမခံလိုက်သည်။

“နှစ်ရက်?”

သူတို့သုံးယောက်မှာ အနည်းငယ် သံသယဖြစ်သွားကြသည်။ မင်းမင်းပြောသည်မှာ ထိုသို့ မဟုတ်ခဲ့ပေ။

“ဟီးဟီး သခင်လေးတို့က အထူးဧည့်သည်တော်ကြီးတွေပဲလေ။ အကြာကြီး စောင့်နေစရာမလိုအောင် စီစဉ်ပေးရမှာပေါ့”

ယန်လဲ့ရှန်းက ပြုံးရင်းပြောလိုက်သည်။

လီဟမ်ရှန်းမှာ ယန်ထျန်ထျန်းအား အံ့အားသင့်သော အကြည့်တချက် ပို့လွှတ်လိုက်သည်။ သူတို့ဂိုဏ်းက အတော်လေး လွှမ်းမိုးနိုင်စွမ်းရှိနေပါလား။ လုကျင်းမြို့ဆိုတာကလည်း မင်ဟုန်ခရိုင်ထဲမှာဆိုတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ပိုင်နက်ထဲမှာ ရှိနေသည်လေ။ ထို့ကြောင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းအနေဖြင့် အထူးဧည့်သည်တော်အဖြစ် ဆက်ဆံခံရပြီး အသင့်စားအစားအစားများကို နောက်လေးလကြာသည်အထိ စောင့်ဆိုင်းနေစရာ မလိုခြင်းဖြစ်ရမည်။

ထိုဖြစ်ရပ်မှာ အခြားသော ကုန်သည်များအပေါ် မတရားသလို ဖြစ်နေသည့်တိုင် သူတို့ကလည်း အလျင်လိုနေသောကြောင့် ထိုမျှအထိ မစဉ်းစားပေးနိုင်ခဲ့ပါချေ။

“တာဝန်ခံယန်၊ ဒီပစ္စည်းတွေကိုကော စီစဉ်ပေးလို့ ရနိုင်မလား” လီဟမ်ရှန်းက စာရင်းစာရွက်ကို ထုတ်ကာ ယန်လဲ့ရှန်းကို ကမ်းပေးလိုက်သည်။

ဂုဏ်ပြုပွဲကျင်းပရာတွင် အစားအသောက်ပင် မဟုတ်, အလှဆင်ရန်ပစ္စည်းများလည်းလိုအပ်ပါသေးသည်။ ယန့်လဲ့ရှန်းမှာ စာရွက်ကို ဂရုတစိုက် ဖတ်ရှုပြီးနောက်တွင် တချက်ပြုံးကာ “ပြသနာမရှိဘူး။ အားလုံးကို နှစ်ရက်အတွင်း ပြင်ဆင်ပေးလိုက်မယ်”

“ကျေးဇူးအများကြီးတင်ပါတယ် ယန်ဥက္ကဌ” လီဟမ်ရှန်းမှာ လက်ဟန်နှင့် အရိုအသေပေးလိုက်၏။

“သခင်လေးလီက ယဉ်ကျေးလွန်းနေပါပြီ။ အခု ဘယ်နေရာမှာ တည်းနေလဲဆိုတာလေးကို ပြောပြပေးပါ။ ပစ္စည်းတွေ ထုတ်ပိုးပြီးရင် လူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ်”

“အခုထိတည်းခိုဖို့နေရာကို ရှာမရသေးပါဘူး” လီဟမ်ရှန်းက အိုးတိုးအမ်းတန်းနှင့် ဆိုသည်။

“လုကျင်းမြို့က အရမ်းကို လူစည်ကား၊နာမည်ကျော်ကြားနေလို့ တည်းခိုဆောင်တွေ အားလုံးက ပြည့်နှက်နေတာပဲ။ တည်းဖို့နေရာရှာမတွေ့ခင်မှာ အရင်ဆုံး လိုအပ်တာတွေကို လာဝယ်တာပါ။ ဒီကနေ ပြန်ထွက်ပြီးမှပဲ တည်းစရာကိစ္စကို စီစဉ်ရမှာပါ။ တည်းခိုဆောင်တွေက ပြည့်ကျပ်နေပြီး တည်းစရာရှာမရရင်တော့ မြို့အပြင်တောထဲက ဂူထဲမှာ ရက်နည်းနည်းကြာအောင် တည်းမှရမယ်ထင်တယ်”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ယန်လဲ့ရှန်းသည် ထိုစကားကိုကြားသော် ထိတ်လန့်သွားခဲ့သည်။

လီချန်ချင်း၏ တဦးတည်းသောသားမှာ လုကျင်းမြို့သို့ ရောက်လာပြီးနောက်တွင် တည်းခိုစရာ နေရာမရသောကြောင့် တောထဲရှိ ဂူထဲတွင် တည်းနေရသည့် အခြေအနေမျိုး အဖြစ်ခံ၍ မရနိုင်ပါချေ။

ယန်ပါးထောင်သာ ထိုအခြေအနေကို သိသွားခဲ့လျှင် သူ့ကို တစစီဆွဲဖြဲပေလိမ့်မည်။

မဟာအကြီးအကဲသာ သိလျှင် ပိုမို၍ပင် အခြေအနေဆိုးဦးမည်။ လုကျင်းမြို့ဆိုင်တာဝန်ခံရာထူးကို မပြောနှင့် ခေါင်းပါပြတ်သွားနိုင်သည်။

လီဟမ်ရှန်းကို ကျောက်ဂူထဲတွင် ပေးအိပ်ရမည့် အစား သူကိုယ်တိုင်ပဲ ဂူထဲတွင် အိပ်လိုက်ပေမည်။

“ကျွန်တော် စီစဉ်စရာလေးတွေ ရှိတာကြောင့် ခဏလောက်လေး စောင့်ပေးပါဦး”

ယန်လဲ့ရှန်းသည် ခဏလောက်စောင့်အောင် လက်ဟန်ပြလိုက်ပြီး အခန်းထဲမှ မပြေးရုံတမယ် ထွက်သွားတော့သည်။

“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဝန်ဆောင်မှုက တော်တော်လေးကို ကောင်းနေတယ် မဟုတ်ဘူးလား” ယန်ထျန်းထျန်းက မအောင့်အည်းနိုင်ပဲ ပြောလိုက်ပြန်သည်။

ရှုခွေသည်လည်းပဲ ထူးဆန်းသလို ခံစားခဲ့ရသည်။ သို့သော် သူ၏ ကြွယ်ဝသော အတွေ့အကြုံနှင့်ပင် မည်သည့်နေရာက မှားယွင်းနေသည်ကို ဝေခွဲမရပေ။

ယနေ့တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များမှာ လူကြီးဖြစ်သော ရှုခွေပင်လျှင် နားမလည်နိုင်အောင် ဖြစ်နေ၏။ ဖြစ်နိုင်တာက တောင်အောက်မဆင်းတာကြာပြီး သူတောင်တော်တော်လေး လောကနဲ့ကင်းကွာပြီး အိုမင်းသွားရောလား။

နာရီဝက်မတိုင်ခင်မှာပင် ယန်လဲ့ရှန်းမှာ ပျာယီးပျာယာနှင့် ပြန်ရောက်လာခဲ့၏။

“ဧည့်သည်တော်ကြီး သုံးယောက်အတွက် တည်းခိုဖို့နေရာထိုင်ခင်းကို စီစဉ်ပြီးသွားပါပြီ။ ကမန်းကတန်းစီစဉ်လိုက်ရတာမို့လို့ နေရာကတော့ ရိုးရှင်းနေလို့ ခွင့်လွှတ်ပေးပါ။ မင်းမင်းကို လမ်းပြခိုင်းလိုက်ပါ့မယ်”

“ဒုက္ခပေးမိပါပြီဗျာ။ ဂူထဲမှာ အိပ်ရတာထက် တည်းခိုစရာလေးရတာက ပိုပြီးတော့ အဆင်ပြေတာပေါ့”

အိမ်တလုံးက ဘယ်လောက်ပဲရိုးရှင်းပါစေ၊ လီဟမ်ရှန်းက နေနိုင်ပေသည်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် နေခဲ့ရတာလောက် ဆိုးရွားပါဦးမလား။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် နေထိုင်ခဲ့ရသည်ကို ဆိုးရွားသည်ဟု လီဟမ်ရှန်းက တွေးနေသည်ကို တခြားဂိုဏ်းများမှ တပည့်များသိလျှင် သူတို့ဝိုင်းထွေးသော တံတွေးများနှင့်ပင် လီဟမ်ရှန်း အသက်ထွက်လောက်ပေသည်။

မင်းနေရတာက သူဌေးသားလို နေရတာ မအေဘေးရဲ့

ရွက်ဖျင်တဲမှာ တကိုယ်သုံးအိပ်ယာခင်းနဲ့ နွေးထွေးတဲ့ စောင်ရှိတဲ့အပြင် ပူပူနွေးနွေး အပူပေးထမင်းကိုလည်း စားရတဲ့အပြင်ကိုမှ ကွမ်လန်နန်းတော်က နတ်မိမယ်က “ယောကျ်ားရေ” လို့ဆက်တိုက်အခေါ်ခံရတာတောင်မှ သူ့ဘဝကြီးကို စောဒကတက်နေသေးတယ်ပေါ့လေ။

မင်းကို ငါတို့သတ်မယ် ကျေးဇူးမသိတတ်တဲ့နွား

“သခင်လေးက အရမ်းယဉ်ကျေးနေပါပြီ။ ဒီနေရာကိုလာတာ ကိုယ့်အိမ်ကို ပြန်လာတာပဲမဟုတ်လား။ လျှောက်တွေးမနေပါနဲ့”

ယန်လဲ့ရှန်းက ပြုံးရင်း ဆိုလိုက်သည်။

ထိုစကားကြောင့် လီဟမ်ရှန်းက နွေးထွေးမှုကို ခံစားလိုက်ရသည်။ ယင်းသို့သော စကားမျိုးကို ယန်ပါးထောင်ကလည်း သူ့ကို ပြောခဲ့သေးသည် မဟုတ်ပါလား။

ယန်မိသားစုဝင်တွေက ဒီလိုပဲ ဖော်ရွှေကြတာလား။ သူတို့မိသားစုရဲ့ ထုံးစံများဖြစ်နေမလား။

ဗီအိုင်ပီအခန်းမှ ထွက်လာပြီးနောက်တွင် တတိယထပ်က လီဟမ်ရှန်း၏ အာရုံကိုဆွဲဆောင်သွားခဲ့လေသည်။

“တတိယထပ်က ဘာများလဲ”

“တတိယထပ်က တဆင့်ခံရောင်းချပေးရေး ဝန်ဆောင်မှုပါ”

ယန်လဲ့ရှန်းက တတိယထပ်တွင် ရှိသော လုပ်ငန်းသဘောတရားကို လီဟမ်ရှန်းအား ရှင်းပြပေးလိုက်သည်။

လီဟမ်ရှန်းက စိတ်ဝင်စားနေပြီး နောက်နေ့ရောက်မှ တခေါက်ပြန်လာပြီးတော့ လေ့လာဦးမည်ဟု စိတ်ဆုံးဖြတ်လိုက်ခဲ့သည်။

All Chapters