← Chapters

အခန်း (၂၁၉)

Vol. 20 Ch. 219

အခန်း (၂၁၉)

Vol. 20 Ch. 219

“ဧည့်သည်တော်ကြီးတို့ ဂရုစိုက်ပြန်ပါ” ယန်လဲ့ရှန်းက လီဟမ်ရှန်းတို့ကို အပေါက်ဝအထိ လိုက်ပို့ပြီး မင်းမင်းကို အနောက်မှလိုက်ခိုင်းပြီး လီဟမ်ရှန်းကို ခစားခိုင်းလိုက်သည်။ နောက်နှစ်ရက်အတွင်း လီဟမ်ရှန်း ဘာပဲလိုလို မင်းမင်းက ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ အကယ်၍ သူမ မလုပ်ဆောင်နိုင်ပါက ယန်လဲ့ရှန်းထံသို့ ပြန်သတင်းပို့ရမည် ဖြစ်သည်။

“သူ ဘာတောင်းဆိုဆို ကျွန်မကလုပ်ပေးရမှာလားဟင်” ယန်လဲ့ရှန်း၏ စကားကိုကြားပြီးနောက် မင်းမင်းမှာ ကြောက်ရွံ့နေသော မျက်ဝန်းများနှင့် ယန်လဲ့ရှန်းကို ကြည့်ကာ မေးလိုက်၏။

လီဟမ်ရှန်းသာ သူမ၏ အပျိုစင်ခန္ဓာကိုယ်ကို လိုချင်ပါက သူမ ဘာလုပ်ရမည်နည်း

ငြင်းဆန်ရမလား… ဒါမှမဟုတ် ဟန်ဆောင်ငြင်းဆန်ပြီးမှ ပေးအပ်လိုက်ရမှာလား

အတွေ့အကြုံပြည့်ဝနေသည့် မြေခွေးအိုကြီး ယန်လဲ့ရှန်းမှာမူ မင်းမင်း၏ စိုးရိမ်နေမှုကြီးကို ဖောက်ထွင်းကာ မြင်ပြီးသားပင် ဖြစ်ပါသည်။

“ဘာလို့လဲ မင်းအတွက်မမျှတဘူးလို့ ထင်လို့လား။ မင်းရဲ့ အမေက ကျောက်မိသားစုက စားသောက်ဆိုင်ပိုင်ရှင်ရဲ့ အမြှောင်မယားနော်။ တကယ်လို့ လီဟမ်ရှန်းကသာ မင်းရဲ့ပြုစုပေးမှုကို နှစ်သက်သွားခဲ့ရင် မင်းကော၊မင်းအမေပါ ခြေတလှမ်းထဲနဲ့ အမြင့်ကို ရောက်သွားမှာနော်။ မင်းမလိုချင်ဘူးလား”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး” မင်းမင်းက အလျင်အမြန်ပင် ခေါင်းငုံ့လိုက်သည်။

လီဟမ်ရှန်းသာ သူမကို ရွေးချယ်မည်ဆိုလျှင် သူမက အလွန်သဘောကျလိမ့်မည် ဖြစ်သည်။

“လီဟမ်ရှန်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုရဲ့ သခင်လေးပဲလေ”

လီဟမ်ရှန်းက လုကျင်းမြို့ရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ရောက်လာမည့် သတင်းကို ယန်လဲ့ရှန်းက ကြိုရထားပြီးသားဖြစ်သည်။ သူက စီစဉ်စရာရှိသည်များကို ကြိုစီစဉ်ထားပြီးနောက် လီဟမ်ရှန်းရောက်လာသည်နှင့် သူ့အား သတင်းပို့ရန်အတွက် လူတိုင်းကို မှာကြားထားခဲ့သည်။ လီဟမ်ရှန်း၏ သရုပ်မှန်ကိုတော့ ထုတ်ဖော်ပြောခြင်းမပြုရန် တားမြစ်ထားခဲ့သည်။ လူတိုင်းမှာ ထိုအမိန့်က အနည်းငယ်ထူးဆန်းသည်ဟု ခံစားရသည့်တိုင် အပိုစကားမဆိုပဲ အမိန့်ကိုသာ လိုက်နာခဲ့ကြသည်။

“ပြောသင့်တဲ့အချိန်မှာပြော၊ မပြောသင့်တဲ့အချိန်မှာ ပိတ်နေ။ ပြောသမျှစကားလုံးတိုင်းကို မပြောခင်သေချာတွေး” ယန်လဲ့ရှန်းက အေးစက်စွာပြောလိုက်သည်။

“ကျွန်မ မှတ်ထားပါ့မယ်”

ထိုအခိုက်တွင် ရှုခွေမောင်းနှင်လာသည့် ရထားလုံးမှာ မင်းမင်း၏ အရှေ့သို့ ရောက်ရှိလာသည်။

လုကျင်းမြို့ရှိ ရာသီဥတုမှာ ခန့်မှန်းရခက်ခဲလှသည်။ နေ့ခင်းဖက်တွင် နေသာနေသည့်တိုင် နေ့လည်ကျော်သွားသည်နှင့် မိုးရွာတော့မည့်အလား တိမ်မဲများမှာ အုံ့မှိုင်းလာခဲ့၏။

လေထုမှာလည်း စိုထိုင်းလာခဲ့ပါသည်။

မင်းမင်းမှာ သူတို့ကို လမ်းကြားလေးများမှ ဖြတ်ကာ ခေါ်ဆောင်လာပြီး တည်းခိုရမည့် နေရာသို့ ပြပေးလိုက်သည်။

သူတို့ တည်းခိုရမည့် နေရာကိုကြည့်ပြီးနောက်တွင် လူတိုင်းမှာ မျက်လုံးပြူးသွားခဲ့၏။

သူတို့တည်းခိုရမည့် ခြံဝင်းကြီးမှာ အလွန်ကိုကျယ်ပြောကာ ခမ်းနားလွန်းလှပါသည်။

မြေနေရာမှာ အလွန်ကို ကျယ်ပြောလှသည်။ ခြံ၏ အရှေ့ပိုင်းတွင် သပ်ရပ်လှပသော ဝါးရုံတောကြီးရှိသည်။ ရေတွင်းတခုလည်း ရှိနေသည်။ စမ်းချောင်းငယ်လေးတခုက စီးဆင်းနေပြီး စမ်းချောင်းတွင် ရေလှည်းဘီးကြီးကို လည်း တပ်ဆင်ထားသည်။ ခြံဝင်းတွင် ထိုင်၍ အနားယူနိုင်ရန်အတွက်လည်း နားခိုစရာ အဆောင်နှင့် ကျောက်စားပွဲနှင့် ကုလားထိုင်လေးများလည်းရှိသည်။ မနီးမဝေးတွင်လည်း ရွှေငါးမျိုးစုံတို့ကို မွေးထားသည့် ကြည်လင်နေသော ရေကန်ကြီးလည်းရှိသည်။

တည်းခိုရန်အတွက် အခန်းကျယ်ကြီးများရှိသည့် ခန်းမဆောင်များမှာ လေး၊ငါးခန်းရှိနေခဲ့သည်။

အခန်းအတွင်းပိုင်းများကို ရှေးဟောင်းတရုတ်ရိုးရာအတိုင်း အလှဆင်ထားပြီ၊ အိပ်ယာများမှာ ဘဲငန်းမွှေးများနှင့် နူးညံ့အောင် ချုပ်လုပ်ထားခြင်းဖြစ်သည်။

တချက်ကြည့်ရုံနှင့် နေရာတိုင်းမှာ အထူးပြင်ဆင်ထားမှန်း အရမ်းသိသာပါ၏။

လီဟမ်ရှန်းက သူ့အခန်းတွင်းရှိ အိပ်ယာပေါ်သို့ ငေးကြောင်နေသည့်အမူအရာနှင့် ထိုင်ချလိုက်ပါသည်။ သူ့အခန်းတွင်လည်း သင်းပျံ့သော မွှေးရနံ့တခု ရှိနေခဲ့သည်။ သူက တီးတိုးရေရွတ်လိုက်ခဲ့သည်။

“ရိုးရိုးရှင်းရှင်းအိမ်လို့ ဒီဟာကို ခေါ်တာလား”

“မိန်းကလေးရဲ့ နာမည်က မင်းမင်းလို့ ခေါ်တာမဟုတ်လား”

လီဟမ်ရှန်းက မင်းမင်းကို ကြည့်ကာ မေးလိုက်သည်။

လီဟမ်ရှန်းက အိပ်ယာထက်မှ ကြည့်ကာ ခေါ်လိုက်ခြင်းကြောင့် မင်းမင်း၏ အသက်ရှုသံများက လေးလံပြင်းထန်လာပါတော့သည်။

သခင်လေးက စိတ်မရှည်တော့ဘူးထင်တယ်

“သခင်လေးလီ အခုက စောသေးတယ်လို့ မထင်ဘူးလားဟင်”

“ဟင်”

လီဟမ်ရှန်းမှာ မင်းမင်းဆိုလိုသော “စောသည်” ဟူသည့်အဓိပ္ပာယ်ကို နားမလည်ခဲ့ပါချေ။

“ ကျုပ်ပြောတာက ချန်ချင်းကုမ္ပဏီက ဗီအိုင်ပီဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံနေကြလားဆိုတာကို သိချင်လို့ပါ။ ဝန်ဆောင်မှုက သိပ်ကို ကောင်းလွန်းလို့ပါ”

လီဟမ်ရှန်းက တောထဲရှိ ဂူထဲတွင် အိပ်ရမည့် ဘေးမှ လွတ်ကင်းသွားသဖြင့် စိတ်ကျေနပ်စွာ ပြောလိုက်သည်။

“အာ” လီဟမ်ရှန်း၏ စကားအဓိပ္ပာယ်ကို ကြားသိပြီးသော် မင်းမင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပါသည်။

သူက ငါ့ခန္ဓာကိုယ်ကို မလိုချင်ဘူးလား

“အဲ့လိုလည်း မဟုတ်ပါဘူး။ သခင်လေးလီက ဗီအိုင်ပီတွေထဲကမှ ဗီဗီအိုင်ပီ ဧည့်သည်မို့လို့ ဒီလိုဝန်ဆောင်မှုမျိုးကို ရထားတာပါရှင်”

မင်းမင်းက လီဟမ်ရှန်းကို ရှင်းပြလိုက်သည်။ လီဟမ်ရှန်းက တွေးတွေးဆဆနှင့် ခေါင်းညိတ်ပြလိုက်သည်။

ကြည့်ရသလောက်ကတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ လွှမ်းမိုးမှုမှာ သူထင်တာထက် ကျယ်ပြန့်သည့်ပုံ။

“ကောင်းပြီ၊ ကျုပ်တခုခုလိုရင် လှမ်းခေါ်လိုက်ပါ့မယ်” လီဟမ်ရှန်းက ပြောလိုက်သည်။

“သခင်လေးလီ” မင်းမင်း၏ မျက်နှာမှာ တဖြေးဖြေးနှင့် နီရဲလာခဲ့တော့သည်။ သူမက ရှက်ဝဲဝဲလေသံနှင့် “ကျွန်မက သခင်လေး ဘာပဲလိုလို လုပ်ပေးနိုင်ပါတယ်ရှင့်”

ထိုစကားကြောင့် လီဟမ်ရှန်းမှာ အနည်းငယ်ခန့် အံ့အားသင့်သွားခဲ့ပါသည်။

လီဟမ်ရှန်းမှာ ငယ်သေးသည့်တိုင် မင်းမင်းပြောသည့် စကားအဓိပ္ပာယ်ကို နားလည်ပါ၏။

“ဒီကို အဝေးကြီးကနေ လာခဲ့ရတာမို့လို့ ကျုပ်က ပင်ပန်းနေခဲ့ပါပြီ။ လောလောဆယ်တော့ အနားယူဖို့အတွက် စီစဉ်ထားပါတယ်။ မိန်းကလေးမင်းမင်းလည်းပဲ စောစော အနားယူလိုက်ပါ” လီဟမ်ရှန်းက ယဉ်ကျေးစွာဖြင့် ငြင်းဆန်ခဲ့သည်။

ထိုအဖြစ်ကြောင့် မင်းမင်းမှာ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ခြေတလှမ်းထဲနှင့် အဆင့်တန်းမြင့်မြင့်ဘဝကို ရောက်မည့် သူမ၏ အခွင့်ကောင်းမှာ ဆုံးရှုံးသွားခဲ့ချေပြီ။

ဒါပေမယ့် သူမက ခေါင်းညိတ်လိုက်ပြီး အပြင်သို့ ထွက်ကာ တံခါးကို ပြန်ပိတ်သွားခဲ့လေ၏။

“ဝှုး’’’

လီဟမ်ရှန်းက သက်ပြင်းမောကို မှုတ်ထုတ်လိုက်၏။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရတာကလည်း မလွယ်ကူနေပါချေ။

“ဒေါက်ဒေါက် ဒေါက်”

ထိုအခိုက်တွင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

“ဘယ်သူလဲ”

လီဟမ်ရှန်းက သတိကြီးစွာ မေးလိုက်သည်။

“ကျွီ”

တံခါးမှာ ပွင့်ဟသွားခဲ့ပြီးနောက်တွင် ယန်ထျန်ထျန်းမှာ ဝင်ရောက်လာခဲ့ပါသည်။

ယန်ထျန်းထျန်း၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတခု တွဲလွဲခိုလျက် မင်းမင်း၏ အသံကို တုပကာ ပြောလိုက်သည်။

“သခင်လေးလီ ကျွန်မက သခင်လေး ဘာပဲလိုလို လုပ်ပေးနိုင်ပါတယ်ရှင့်”

“အစ်မ၂ကတော့ဗျာ” လီဟမ်ရှန်းက မျက်နှာမသာမယာနှင့် ပြောလိုက်သည်။

“အစ်မ ခိုးနားထောင်နေတာလား”

“ကျွတ်ကျွတ် မရည်ရွယ်ပါဘူး။ မတော်တဆကြားခဲ့မိတာပါ။ ဂျူနီယာမောင်လေး နင်က တော်တော်လေးကို စန်းပွင့်နေပါလား။ အဲ့ဒီ့ကောင်မလေးက နင့်အိပ်ယာပေါ်ကိုတောင် တခါတည်း ခုန်တက်ချင်နေပြီ”

ယန်ထျန်ထျန်းက ပြောင်စပ်စပ်အပြုံးနှင့် ပြောလိုက်သည်။

“အစ်မကလည်း အဓိပ္ပာယ်မရှိတာတွေကို မပြောပါနဲ့။ ဖြစ်နိုင်တာက ကျွန်တော်တို့ဂိုဏ်းရဲ့ လွှမ်းမိုးမှုက ကြီးမားတာကြောင့် နောက်တခါလာရင် အမှာစာများများမှာအောင်အတွက် အခုလိုဝန်ဆောင်မှုပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဂိုဏ်းတပည့်တယောက်အနေနဲ့ သူမရဲ့အဆင့်အတန်းကို ကျွန်တော်က မြှင့်ပေးနိုင်လိမ့်မယ်လို့ တွေးလို့ဖြစ်ပါလိမ့်မယ်။

“ဒီနေ့ပါလာတာ ကျွန်တော်မဟုတ်ပဲ အကို၃သာဆိုရင် ရလဒ်ကလည်း ဒီအတိုင်းပဲ ဖြစ်မှာပါ”

“ကျိုးကျွင်း?” ယန်ထျန်ထျန်းက သရော်တော်တော်လေသံနှင့် ပြောလိုက်သည်။

“သူသာဆိုရင် ဒီကောင်မလေးရဲ့ မြူဆွယ်တာကို ဘယ်လိုပြောမယ်လို့ထင်လဲ”

“သူ ဘာပြောလိမ့်မလဲ” လီဟမ်ရှန်းက တခဏကြာအောင် တွေးတောလိုက်လေ၏။ ကျိုးကျွင်းသာဆိုရင် ဘာပြောလိမ့်မလဲ

“သခင်လေးကျိုး၊ ကျွန်မကို ဘာများ လုပ်ပေးစေချင်တာရှိပါသေးလဲရှင်”

ယန်ထျန်းထျန်းက ပြောင်စပ်စပ်အပြုံးနှင့် ပြောလိုက်သည်။

လီဟမ်ရှန်းက တဟားဟားနှင့် ရယ်မောလိုက်သည်။ ယန်ထျန်းထျန်းမှာ သရုပ်ဆောင်နေသောကြောင့် လီဟမ်ရှန်းမှာလည်း အတူတူဆော့ကစားရန် ဆုံးဖြတ်လိုက်ပါသည်။

“မဆိုးဘူးပဲ၊ မင်းက ဘယ်လို ဝန်ဆောင်မှုမျိုးကို ပေးမှာလဲဆိုတာ ပြောကြည့်ကြည့်”

လီဟမ်ရှန်းကလည်း သရုပ်ဆောင်နေသောကြောင့် ယန်ထျန်းထျန်းမှာ ရှက်ရွံ့ဟန်ဆောင်ပြီး ဆက်ပြောလိုက်သည်။

“ သခင်လေး လိုချင်တဲ့ ဘယ်လိုဝန်ဆောင်မှုမျိုးမဆို ရစေရမယ်ရှင့်၊ သခင်လေးက ဒီလိုဆိုရင် ဒီလိုဖြစ်စေရမယ်။ သခင်လေးရင်ထဲက အနက်ရှိုင်းဆုံး ဆန္ဒတွေကို ကျွန်မဖြည့်ဆည်းပေးပါ့မယ်။ ကျွန်မက သခင်လေး ဆန္ဒရှိသလို လုပ်ဖို့ မွေးဖွားလာခဲ့တာပါ”

“တကယ်လား၊ ငါလုပ်ခိုင်းချင်တာအားလုံးကို မင်းက ဖြည့်ဆည်းပေးချင်တယ်ပေါ့”

လီဟမ်ရှန်းက ကျိုးကျွင်း၏ လေသံအတိုင်း တုပပြီး ပြောလိုက်သည်။

“ဒါဆိုရင် ပိုင်လင်တောင်ထိပ်ကို သွားပြီးတော့ ငါ့ရဲ့ အစ်မ၂မွေးထားတဲ့ စိတ်ဝိဉာဉ်ကြက်တွေကို သွားခိုးပေးစမ်းပါ”

ဖွီးးး

သရုပ်ဆောင်နေသော ယန်ထျန်းထျန်းမှာ သည်းမခံနိုင်တော့ပဲ၊ ခွက်ထိုးခွက်လန်ရယ်မောလိုက်တော့သည်။

“မောင်လေး၃ရဲ့ စရိုက်နဲ့ဆိုရင် အဲ့သလိုကြီးကို တကယ်ပြောထွက်လောက်မယ်”

ယန်ထျန်းထျန်းမှာ လှိမ့်နေအောင် ရယ်မောနေပြီး မျက်ရည်များပင်လျှင် စီးကျလာခဲ့တော့သည်။

“ဟပ်ချိုး”

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အဝေးတွင် ရှမူဟိုင်၏ ဆက်တိုက်ခိုင်းစေမှုကြောင့် အလုပ်ကို လျှာထွက်မတက်လုပ်နေရသည့် ကျိုးကျွင်းမှာ နှာတချက်ချေလိုက်သည်။

ကျိုးကျွင်းက အနည်းငယ် နားမလည်နိုင်အောင်ဖြစ်သွားပြီး သူ့နှာခေါင်းကိုပွတ်လိုက်သည်။

“ဘယ်လိုဖြစ်တာပါလိမ့်။ တယောက်ယောက်က ငါ့အကြောင်းတွေးနေတာ ထင်တယ်။ အိုက်ယား ငါ့ရဲ့ ခန့်ညားမှုကြီး အောက်မှာ ရှုံးနိမ့်သွားခဲ့တဲ့ မိန်းကလေးတယောက်ယောက်က တွေးနေတာပဲ ဖြစ်ရမယ်”

ထိုသို့ ပြောပြီးနောက် ကျိုးကျွင်းမှာ သူ၏ ဝတ်ရုံလက်ကို ဟန်ပါပါနှင့် ဝှေ့ယမ်းလိုက်ပြီးနောက် အမှိုက်လှဲရန် တံမြက်စည်းရှိရာသို့ လှည့်ထွက်သွားလိုက်သည်။

All Chapters