← Chapters

အသိစိတ်ဝင်လာသော မက်မွန်ပင်

Vol. 43 Ch. 631

အသိစိတ်ဝင်လာသော မက်မွန်ပင်

Vol. 43 Ch. 631

လမ်းများ၏ နှစ်ဖက်စလုံးရှိ တံခါးပေါက်များက တဖြည်းဖြည်း ပွင့်ဟလာ၏။ များစွာသော မော်တယ်များသည် သတ္တိရှိစွာနှင့် အပြင်ဘက်ကို လှမ်းကြည့်ပြီးနောက် တုန်လှုပ်သွားကြ၏။

ကျောက်သားလမ်းပေါ်တွင် အလောင်းများက ပြန့်ကျဲနေ၏။

လမ်းအဆုံးမှာတော့ အစိမ်းရောင်ဝတ်လူတစ်ဦးသည် သွေးများတစ်စက်စက်စီးကျနေသော ဆိုးယုတ်ဆေဘာတစ်လက်နှင့်အတူ မတ်တပ်ရပ်နေပြီး ငရဲမှတက်လာသော မိစ္ဆာနတ်ဆိုးတစ်ကောင်နှင့် တူနေ၏။

ထိုလူ၏ အမူအယာက တည်ငြိမ်နေပြီး အရှေ့ဘက်ကနေ တဖြည်းဖြည်းချင်း တက်လာနေသော နေကို အနည်းငယ် ငူငိုင်၍ ငေးကြည့်နေ၏။

နေရောင်ခြည်က သူ့မျက်နှာပေါ်သို့ ကျရောက်လာပြီး သူ့ကို ရွှေရောင်အလင်းတစ်လွှာက လွှမ်းခြုံထားသလို ထင်လာရ၏။

ဘာကြောင့်ရယ်မသိ.. အစက ထိတ်လန့်ကြောက်ရွံ့နေကြသော လူများသည် ရုတ်တရက် တည်ငြိမ်လာကြ၏။

ရောင်ဝါတစ်မျိုးနှင့် လွှမ်းခြုံနေသော ထိုလူသည် မကောင်းဆိုးဝါးများကို နှိမ်နင်းဖို့အတွက် ကောင်းကင်ဘုံကနေ ဆင်းသက်လာသော သံတမန်တစ်ပါးလိုပင်။

ထိုလူ၏ ခန္ဓာကိုယ်တွင် မတူညီသော အော်ရာနှစ်မျိုးက ရှိနေသော်လည်း တစ်ခုနှင့်တစ်ခု ပဋိပက္ခ ဖြစ်မနေပေ။

ထိုလူက ဘေးဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီး သူ့အင်္ကျီလက်စကို ဝေ့ရမ်း၍ လမ်းနှစ်ဖက်စလုံးရှိ အလောင်းများကို ရစ်ပတ်ယူကာ သူ့စံအိမ်ထဲသို့ ပြန်ဝင်ပျောက်ကွယ်သွား၏။

“ဖွားဖွား.. ဒုတိယသခင်လေးဆူက ဘယ်သူလဲ”

ပျက်စီးယိုယွင်းနေသော အိမ်ထဲတွင် ရိုးသားသော ကလေးငယ်က စူးစမ်းချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ဒုတိယသခင်လေးဆူ...”

အမျိုးသမီးအိုက သူမ၏ မှတ်ဉာဏ်ထဲမှာ နစ်မျောသွားသည့်အလား ငေးငိုင်၍ တတွတ်တွတ်ရွတ်နေ၏။

ထိုအမည်ကို ကြားရသည့်အခါ ပင်ယန်းမြို့ရှိ အခြားသူများသည်လည်း ရှုပ်ထွေးသော စိတ်ခံစားချက်များ ဖြစ်ပေါ်လာကြ၏။

အမျိုးသမီးအိုက ပြောလိုက်၏။

“အင်မော်တယ်တစ်ယောက်ရှေ့မှာ ဒူးထောက်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် မီးရှို့သတ်ခံရလုနီးပါး ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်အကြောင်း ငါပြောတာကို မင်းမှတ်မိသေးလား”

“အဲ့ဒါ သူလား” ကလေး၏ မျက်နှာက အံ့အားသင့်မှုဖြင့် ပြည့်နှက်သွား၏။

“ဟုတ်တယ် အဲ့ဒါ သူပဲ”

အမျိုးသမီးအိုက ခေါင်းညိတ်ပြီး ရေရွတ်လိုက်၏။

“အဲ့ကိစ္စ ဖြစ်ပျက်ခဲ့တာက နှစ်ပေါင်း ၃၀ လောက် ကြာသွားပြီ.. ဒုတိယသခင်လေးဆူက အင်မော်တယ်တစ်ယောက် အနိုင်ကျင့်တာကို ခံရပြီးတော့ သူ့ရဲ့ စာပေဂုဏ်ထူးဘွဲ့တွေကို ဖယ်ရှားခံခဲ့ရတယ်.. အဲ့ဒီနောက် သူက သာမန်အညတရတစ်ယောက်အဖြစ် လျှော့ချခံခဲ့ရတယ်.. ဒါပေမယ့် အခုတော့....”

. . .

အိမ်တော်ထဲတွင်...

ဆူဇီမိုသည် နိုးထဝိညာဉ်တစ်ရာ၏ သိုလှောင်အိတ်များကို ယူသိမ်းပြီး သူတို့၏ အလောင်းများကို ထောင့်တစ်ထောင့်မှာ ပုံထပ်လိုက်၏။

သူသည် နောက်ဖေးဘက်သို့ သွားပြီး သစ်ပင်အချို့ကို ခုတ်လှဲ၍ သစ်သားခေါင်းတလားတစ်ခု ပြုလုပ်ကာ မက်မွန်ပင်ဆီသို့ ပြန်လာခဲ့၏။

အပင်အောက်တွင် အိပ်မောကျနေပုံရသော အဖိုးကြီးကို ငေးကြည့်ရင်း ဆူဇီမို၏ မျက်လုံးများက စိတ်ခံစားချက်များ၊ နှမြောတမ်းတမှုများဖြင့် ပြည့်နှက်လာ၏။

အတန်ကြာပြီးနောက် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ရှေ့သို့တက်ကာ အဖိုးအိုကို ညင်သာစွာ ပွေ့ချီလိုက်၏။ အဖိုးအိုကို သစ်သားခေါင်းတလားထဲမှာ နေရာချပေးလိုက်ပြီး သူသည် ခေါင်းတလားကို သစ်ပင်အောက်မှာ မြှုပ်နှံကာ ရွှံ့ခဲများနှင့် ဖုံးအုပ်လိုက်၏။

ဆူဇီမိုသည် အသစ်တည်ဆောက်လိုက်သောဂူကို တိတ်တဆိတ် ငေးကြည့်ကာ ရင်ထဲမှာ တစ်စို့လာပြီး မသက်မသာ ဖြစ်လာ၏။

ရုတ်တရက်..

သူ့ဘေးရှိ မက်မွန်ပင်က ယိမ်းနွဲ့၍ အစက ခြောက်ကပ်နေသော ပင်စည်မှ အစို့အညှောက်လေးများ ထွက်လာ၏။ နောက်ခဏ၌ သူတို့က ပန်းပွင့်များအဖြစ်သို့ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာလေသည်။

ဆောင်းရာသီ၏ စတင်ခြင်းနှင့်အတူ ခြံဝန်းထဲမှာ အစိမ်းရောင်သက်ရှိတစ်မျိုးက အမှန်တစ်ကယ်ကို မွေးဖွားလာခဲ့လေပြီ။

ပွင့်ဖတ်များက ညင်သာစွာ ကျဆင်းလာပြီး အုပ်ဂူပေါ်သို့ ဖုံးအုပ်သွား၏။

မက်မွန်ပင်က ညင်သာစွာ ယိမ်းနွဲ့နေပြီး ဆူဇီမိုကို နှစ်သိမ့်ပေးနေသည့်အလား သူ့ထံမှ စိတ်ခံစားချက်တစ်မျိုးကို ထုတ်ပေးနေ၏။

“အဲ့ဒါက အသိစိတ်ဝင်လာတာပဲ”

ဆူဇီမိုသည် ပင်စည်ကို ညင်သာစွာ ပွတ်သပ်ပြီး ပြုံးလိုက်၏။

“ငါ အဆင်ပြေပါတယ်”

ထိုအသံကို ကြားသောအခါ မက်မွန်ပင်သည် ကျေနပ်နှစ်ခြိုက်သွားပြီး သူ၏ ကိုင်းတက်များကို အနည်းငယ် ကွေးညွှတ်၍ ဆူဇီမို၏ ပါးပြင်ကို အသာအယာ ပွတ်တိုက်ခိုက်၏။

မက်မွန်ပင်က အသိစိတ်ဝင်လာသည်မှာ တိုက်ဆိုင်မှုသက်သက် မဟုတ်ပေ။

လောကရှိ သက်ရှိအားလုံးမှာ စိတ်ဆန္ဒ ရှိကြလေသည်။

မက်မွန်ပင်ကို မပြောနှင့်.. မည်သည့်အသက်ဓါတ်မှ မရှိသော ကျောက်ဆောင်တစ်ခုတောင်မှ အသိစိတ်ဝင်လာနိုင်သေးလေသည်။

ဟိုတုန်းက ရှိခဲ့ဖူးသော ဒဏ္ဍာရီတစ်ခုမှာဆိုလျှင် စွမ်းအားကြီးသော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်သည့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ကျောက်ဆောင်တစ်ခုပေါ်မှာ အမြဲမပြတ် ကျင့်ကြံနေခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ထိုကျောက်ဆောင်မှ အသက်တစ်ခုက မွေးဖွားလာခဲ့လေသည်။

အတိတ်ကာလက တျဲယွဲ့သည် ဤသစ်ပင်အောက်မှာ သူမ၏ တာအိုကို သင်ကြားပေးခဲ့၏။

ဆူဇီမိုက အစစ်အမှန်တာအိုကို လက်ခံရရှိခဲ့သည့်အပြင် မက်မွန်ပင်ကလည်း အကျိုးများခဲ့ပြီး နောက်ဆုံး အသိစိတ်ဝင်လာခဲ့၏။

နောက်ပိုင်းမှာ ဆူဇီမိုသည် ဤသစ်ပင်အောက်မှာပဲ သူ၏ အမြုတေကို ဖွဲ့တည်ပြီး ရွှေအမြုတေနယ်မြေနှစ်ခုကို နားလည်သဘောပေါက်ခဲ့၏။ ထိုသို့ဖြင့် မက်မွန်ပင်၏ အသိစိတ်က အပြည့်အဝ ဖွဲ့တည်လာပြီး စတင်ကျင့်ကြံလာနိုင်ခဲ့လေသည်။

“မင်းက အခု အသိစိတ်ဝင်နေပြီဆိုတော့ ကောင်းတာပေါ့”

ဆူဇီမိုက ပြောလိုက်၏။

“ဒီမြို့မှာ မင်းရှိနေပြီဆိုတော့ အခုကစပြီး မြို့သူမြို့သားတွေကို ကာကွယ်စောင့်ရှောက်လို့ ရပြီပေါ့”

အသိအမှတ်ပြု ခေါင်းညိတ်သည့်အလား သစ်ကိုင်းများအားလုံးကို လှုပ်ခါပြလိုက်၏။

မက်မွန်ပင်၏ အသိစိတ်က တျဲယွဲ့၏ တာအိုကနေ မြစ်ဖျားခံလာတာကြောင့် သူ၏ အလားအလာက ကြိုတင်တွက်ဆလို့ မရနိုင်ပေ။

ယခု နိုးထဝိညာဉ်များစွာ၏ သွေးများကလည်း မြေအောက်သို့ စိမ့်ဝင်သွားတာကြောင့် သူတို့က မက်မွန်ပင် ကျင့်ကြံဖို့အတွက် စွမ်းအင်အရင်းအမြစ် ဖြစ်လာပေလိမ့်မည်။

မြေပြင်ထက်တွင် မက်မွန်ပင်က အရမ်းလှပြီး ဆွဲဆောင်ဖွယ်ရာ မွှေးရနံ့တစ်မျိုးကို ထုတ်ပေးနေ၏။

သို့သော်လည်း မြေအောက်တွင် အလွန်တရာ တုတ်ခိုင်သော အမြစ်များက အဘက်ဘက်သို့ ဆန့်တန်းထွက်နေသည်ကို ဆူဇီမို ကောင်းကောင်း သိရှိနေ၏။

ထိုအမြစ်များက ကြောက်စရာကောင်းလောက်အောင် သန်မာပြီး အရူးအမူး ဆန့်တန်းကာ မြေအောက်ရှိ အသက်ဓါတ်အားအဆီအနှစ်များကို ဝါးမျိုပြီး အောက်ဘက်တွင် စိမ့်ဝင်ပျံ့နှံ့နေသော သွေးများကို စုပ်ယူနေ၏။

ပင်ယန်းမြို့တွင် သူက အသန်မာဆုံး ဖြစ်လာနေလေပြီ။

မက်မွန်ပင်က အရမ်း မကြီးမားဘဲ သာမန်ပုံစံဟုသာ ထင်ရသော်လည်း သူ့အမြစ်များက အလွန်တရာ တုတ်ခိုင်ရှည်လျား၍ ပင်ယန်းတစ်မြို့လုံးကို ဖြန့်ကျက်ထားလေသည်။

သူ့အမြစ်များက ဆက်လက်ကြီးထွားလာလျှင် ကန်းလန်ရိုးမထိတိုင်အောင်...

ခဏမျှ စဉ်းစားချင့်ချိန်ပြီနောက် ဆူဇီမိုက ပြောလိုက်၏။

“ပင်ယန်းမြို့ပတ်လည်မှာ ရှေးဟောင်းအမြုတေသော့ခတ်ဝင်္ကအလံ ၄၉ ခုကို ငါ ခင်းကျင်းထားတယ်.. အဲ့ဒါတွေကို ဒီနေရာမှာပဲ ငါထားခဲ့လိုက်တော့မယ်”

အသိစိတ်ဝင်လာသော မက်မွန်ပင်၏ ကျင့်ကြံရေးလမ်းကြောင်းက သားရဲကျင့်ကြံမှု အမျိုးအစားသာ ဖြစ်လေသည်။

ရှေးဟောင်းစိတ်ဝိညာဉ်နှင့် အမြုတေသော့ခတ် ဝင်္ကပါတို့က ကျင့်ကြံသူများ၏ ခွန်အားကို သိသိသာသာ လျှော့ချနိုင်သော်လည်း သားရဲများအပေါ်တော့ အကျိုးသက်ရောက်မှု သိပ်မရှိပေ။

ထိုသို့နှင့် မက်မွန်ပင်က ပင်ယန်းမြို့ကို ကာကွယ်ဖို့ ပိုမိုလွယ်ကူလာပေလိမ့်မည်။

ကန်းလန်ရိုးမတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများက အဆုံးသတ်လာခဲ့၏။

တောင်ကြောတစ်လျှောက် ကောင်းကင်ထက်က သွေးရနံ့များဖြင့် မွှန်ထူနေ၏။ အဝေးကကြည့်ရုံနှင့် သွေးများဖြင့် နီစွေးနေသော တောင်ကြားရှည်ကို မြင်နိုင်ပြီး အလွန်တရာ တုန်လှုပ်ချောက်ချားစရာ ကောင်းနေလေသည်။

အင်ပါယာသုံးခုက သည်တစ်ကြိမ်တွင်တော့ လုံးဝကို အပြတ်အသတ် အထိနာခဲ့လေပြီ။

နိုးထဝိညာဉ်များ၏ ကာကွယ်မှု မရှိသည့်အခါ မဟာမိတ်စစ်တပ်သည် တောကောင်အုပ်ကြီး၏ ဝုန်းဒိုင်းကြဲတိုက်ခိုက်မှုများကို ခုခုံနိုင်ခြင်း မရှိကြတော့ပေ။

သန်းနှင့်ချီသော စစ်သည်များတွင် တပ်စိတ်တစ်စိတ်စာလောက် ထွက်ပြေးလွတ်မြောက်နိုင်လျှင်တောင် ကံကောင်းလွန်းနေပြီ ဖြစ်လေသည်။

ထိုသို့ဖြင့် မဟာကျိုးအင်ပါယာ၏ ပြင်ပရန်သူပြဿနာက ဖြေရှင်းပြီးသလောက် ဖြစ်သွားလေပြီ။

မဟာရှန်မင်းသားသည် ဆူဇီမိုကို ဘာကြောင့် တိုက်ခိုက်ရတာလဲ မေးခဲ့၏။

ဆူဇီမို ပြန်ဖြေခဲ့သည်မှာ သူ့အစ်ကိုက ကွယ်လွန်သွားပြီး အားလုံးကို သူနှင့်အတူ မြှုပ်နှံပေးချင်လို့ဟု ဖြစ်လေသည်။

သို့သော် တစ်ကယ်တမ်း သူ၏ ရည်ရွယ်ချက် အစစ်အမှန်မှာ ပင်ယန်းမြို့မှ လူတိုင်းကို ကာကွယ်ပေးပြီး မဟာကျိုးအင်ပါယာ၏ အပြင်ရေးပြဿနာများကို ဖြေရှင်းပေးချင်သောကြောင့် ဖြစ်လေသည်။

“ငါ သွားဖို့ အချိန်ကျလာပြီ”

အတန်ကြာသည့်အထိ တိတ်တဆိတ် မတ်တပ်ရပ်နေပြီးနောက် ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

မက်မွန်ပင်က နှမြောတမ်းတဟန်ဖြင့် ယိမ်းနွဲ့လိုက်၏။

“ဒီတစ်ခေါက် ထွက်သွားပြီးရင် ဘယ်တော့မှ ပြန်လာနိုင်မလဲဆိုတာ ငါလဲ မသိဘူး.. ကောင်းကောင်းကျင့်ကြံ နေထိုင်ပါ”

ဆူဇီမိုသည် ဆုံးဖြတ်ချက်ချပြီးနောက် ဆက်လက်ကြန့်ကြာမနေတော့ဘဲ ထွက်ခွာလိုက်၏။

သိပ်မကြာမီ ဆူဇီမိုသည် ရုတ်တရက် ရပ်တန့်၍ ကမ္ဘာမြေ၏ သုခဘုံတစ်ခုနှင့်တူသော တောင်ကြားငယ်လေးတစ်ခုကို ငုံ့ကြည့်လိုက်၏။

ထိုတောင်ကြားထဲမှာ သူသည် တစ်စုံတစ်ယောက်ကို ကိုယ်တိုင် မြှုပ်နှံပေးခဲ့ဖူးလေသည်။

ဆူဇီမိုသည် သူ့အကြည့်ကို ရွေ့လျားလိုက်သောအခါ အုတ်ဂူတစ်လုံးဘေးတွင် စုတ်ပြဲနေသော အဝတ်အစားများနှင့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး ရွှံ့များဖြင့် ပေကျံနေပြီး သူ့ဆံပင်များက ဖိုသီဖတ်သီနှင့် မျက်နှာပေါ် အုပ်မိုးကျနေ၏။

ဆူဇီမိုသည် ထိုအုတ်ဂူနားသို့ ဆင်းသက်ပြီး လျှောက်လှမ်းသွားလိုက်၏။

သူ့ခြေသံက ထိုလူကို ထိတ်လန့်သွားစေ၏။

ထိုလူက ကမူးရှူးသိုး ထရပ်ပြီး ဆူဇီမိုကို ကြည့်ကာ မာန်မဲလိုက်၏။

“သွားစမ်း.. ဝေးဝေးကို လစ်လိုက်.. ငါ့ညီမလေးက အင်မော်တယ်လမ်းစဉ်ကို မလျှောက်ချင်တော့ဘူးတဲ့.. မဟုတ်ဘူး”

သူတို့နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်ပြီးနောက် မှင်တက်သွားကြ၏။

အဲ့ဒါက ရှန်းနန်ပင်။

ဆူဇီမိုသည် သူ့ကို ကောင်းကောင်းတောင် မမှတ်မိတော့ပေ။

သူက အဖိုးအိုတစ်ယောက် ဖြစ်လာခဲ့လေပြီ။

သူ့မျက်နှာက အရေးအကြောင်းများဖြင့် တွန့်တွနေပြီး သူ့ဆံပင်များက ဖြူဖွေးကာ သွားတွေကလည်း ကျိုးကုန်ပြီဖြစ်၏။

အဲ့ဒါက နှစ် ၃၀ နီးပါး ကြာသွားခဲ့လေပြီ။

ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာပြီးနောက် အချိန်တွေ ကုန်ဆုံးလာတာကို သိပ်မခံစားမိပေ။ သို့သော်လည်း ရှန်းနန်ကို မြင်ပြီးနောက် သူ့ရင်ထဲမှာ ရှုပ်ထွေးသော ခံစားချက်များက လှိုက်တက်လာ၏။

သူသည် ၁၈ နှစ် အရွယ်တုန်းက ရုပ်ရည်အတိုင်း ဆက်လက်ရှိနေဆဲဖြစ်၏။

သို့သော်လည်း ရှန်းနန်ကတော့ နေဝင်ချိန်နီးနေပြီဖြစ်သော အဖိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

“သွားစမ်းကွာ.. ဝေးဝေးသွားနေ”

ရှန်းနန်သည် ခဏမျှ ငေးကြောင်နေပြီးနောက် နောက်တစ်ဖန် ရူးသွပ်သွားပြန်၏။ သူသည် ရှေ့က အုတ်ဂူကို မှီပြီး တုန်လှုပ် ကြောက်ရွံ့မှုဖြင့် အော်နေ၏။

“ငါတို့ အဲ့ဒီ အင်မော်တယ်ကံကြမ္မာတွေကို မလိုချင်ဘူး.. ငါရော ငါ့ညီမလေးရော အင်မော်တယ် မဖြစ်ချင်ကြဘူး”

ရှန်းနန်က ရူးသွားခဲ့လေပြီ။

သူတို့သည် အတိတ်ကာလက ရန်ငြိုးတချို့ ရှိခဲ့ဖူးသော်လည်း အခုချိန်မှာ အဲ့ဒါတွေက အရေးမကြီးတော့ပေ။

ဆူဇီမိုသည် ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။

ဆယ်စုနှစ်တချို့ ကျင့်ကြံပြီးနောက် အတိတ်ကာလမှ သူ၏ အသိအကျွမ်းများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြလေပြီ။ မော်တယ်လောကမှ သူ၏ အသိအကျွမ်းများထဲတွင် ရှန်းနန်က နောက်ဆုံးကျန်သောတစ်ယောက်ဟု ပြောလို့ ရလေသည်။

ထိုသို့ဆိုလျှင်တောင် ဤရောင်းရင်းက အိုမင်းရင့်ရော်၍ သေခါနီးအချိန်သို့ ရောက်နေခဲ့လေပြီ။

ဆူဇီမိုသည် လေးနက်စွာ သက်ပြင်းချ၍ သူ့အင်္ကျီလက်စကို လှုပ်ခါကာ ထွက်ခွာလာခဲ့၏။ သူသည် မော်တယ်လောကမှ အချုပ်အနှောင်များအားလုံးကို ဖြတ်တောက်ပြီးပြီဖြစ်ပြီး သူ၏ မဟာတာအိုအတွက် တစ်ယောက်တည်း လျှောက်လှမ်းရပေတော့မည်။

All Chapters