သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမည့် မြားတစ်စင်း
Vol. 43 Ch. 633
ခန်းမထက်ရှိ အုတ်ကြွပ်ပြားက ရုတ်တရက် ကြေမွပျက်စီးသွား၏။
မျက်တစ်မှိတ်အတွင်း အနက်ရောင်အရိပ်တစ်ခုက လူအုပ်ကြီးထဲသို့ ဆင်းသက်လာလေသည်။
ခန်းမတွင်းရှိ လေထုက သိပ်သည်းတင်းကျပ်သွား၏။
အဲ့ဒီမှာ ကျင့်ကြံသူများစွာ ရှိသော်လည်း နိုးထဝိညာဉ်များအပါအဝင် မည်သူ့မှ ရုတ်တရက် ဝင်ရောက်လာသော အနက်ရောင်အလင်းကို အချိန်မီ မတုံ့ပြန်နိုင်ကြပေ။
“သတိထား”
“ဘယ်သူလဲဟ”
လူအုပ်ကြီးက ဘေးသို့ ချဲလိုက်ကြ၏။
ဝှစ်ကနဲ မြည်သွားပြီးနောက်...
ကြမ်းပြင်ပေါ်မှာ အနက်ရောင်အလင်းက ရပ်တန့်သွား၏။ အဲ့ဒါက မြားတစ်စင်းပင်။
မြားက အလွန်စွမ်းအားပြည့်ဝပြီး မြေကြီးထဲသို့ တစ်ဝက်ကျော်လောက် နစ်ဝင်သွားကာ တုန်ခါနေဆဲဖြစ်၏။
လူတိုင်း အာရုံစိုက် ကြည့်လိုက်ကြ၏။
မြားကိုယ်ထည်ပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်ခြောက်ခု ရှိနေ၏။
“အဲ့ဒါက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုပဲ”
“ဒါ့ကြောင့် အဲ့လောက်ထိ မြန်နေရတာကိုး”
ခန်းမထဲရှိ နိုးထဝိညာဉ်များသည် ရင်ထဲမှာ တလျှပ်လျှပ် ခံစားလိုက်ရ၏။
စောစောက အခြေအနေအရ ထိုမြားကသာ သူတို့ထဲမှာ တစ်ယောက်ယောက်ကို ချိန်ရွယ်ခဲ့လျှင် မည်သူမဆို လုံးဝ ရှောင်ရှားနိုင်မှာ မဟုတ်ဘဲ နေရာမှာတင် ပွဲချင်းပြီး သေရပေလိမ့်မည်။
ခန်းမထဲရှိ လူများက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသော်လည်း လုံးဝ မလှုပ်ရှားသည့် လူတစ်ယောက် ရှိနေ၏။
မင်းသားကြီးပင်..
မလှုပ်မယှက်နှင့် တောင့်တောင့်ကြီး ရပ်နေသော မင်းသားကြီးက လူအုပ်ထဲတွင် ထင်းကနဲ ဖြစ်နေ၏။
လူတိုင်းသည် မင်းသားကြီးကို လှမ်းကြည့်ပြီးနောက် ဆတ်ကနဲ တုန်ယင်သွားကြကာ သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုက ပြည့်နှက်လာ၏။
မင်းသားကြီး၏ ဦးခေါင်းတွင် ထိတ်လန့်စရာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ရှိနေ၏။
မင်းသားကြီးက သေလေပြီ။
ထိုမြားက သူ့ခေါင်းကို ထိုးဖောက်သွားခဲ့၏။
“ဒါက...”
ခန်းမက ယာယီအားဖြင့် ငြိမ်သက်တိတ်ဆိတ်သွားကြ၏။
ထို့နောက် ချက်ချင်းပင် ပကတိအရှင် ကျင့်ရှန်နှင့် ယုံယန်တို့သည် ဒေါသူပုန်ထသွားပြီး သတ်တော့ဖြတ်တော့မည့်ပုံနှင့် အော်ဟစ်လိုက်ကြ၏။
“မဟာကျိုးအင်ပါယာရဲ့ မင်းသားတစ်ပါးကို ချောင်းမြောင်းလုပ်ကြံရဲတာ ဘယ်သူလဲကွ”
ဝုန်း..
ပကတိအရှင်ကျင့်ရှန်က သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်၏။
ခန်းမ၏ အမိုးက ဝုန်းကနဲ ပွင့်ထွက်သွားလေသည်။
အဲ့ဒါမှာ ဘာမှ ရှိမနေပေ။
စောစောက တိုက်ခိုက်ခဲ့သောသူက ထွက်ခွာသွားလေပြီ။
“ပကတိအရှင်ရောင်းရင်းတို့.. ကျုပ်ပြောတာကို နားထောင်ကြ”
ပကတိအရှင်ကျင့်ရှန်က ဣန္ဒြေဆယ်ပြီး အလေးအနက် ပြောလိုက်၏။
“ဒါက စိတ်ဝိညာဉ်လက်နက်တစ်ခုဆိုတော့ အဲ့လူရဲ့ ကျင့်ကြံမှုအဆင့်က အလွန်ဆုံးမှ ရွှေအမြုတေပဲ.. သူက အခုထိ ကန်းလန်မြို့ကနေ မထွက်ရလောက်သေးဘူး”
“စစ်သည်တို့.. မြို့ထဲမှာ အဲ့လူကို ရှာဖွေရမယ်”
“အစီရင်....”
ရုတ်တရက် ခန်းမထဲသို့ ရေးကြီးသုတ်ပျာ အသံတစ်သံက ဝင်ရောက်လာ၏။
သိုင်းဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က အမောတကော ပြေးဝင်ချလာ၏။ သူ့တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး စိတ်လှုပ်ရှားနေပုံရ၏။ သို့သော်လည်း သူ၏ မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့မှုက ထင်ဟပ်နေလေသည်။
“အစီရင်ခံ... အစီရင်ခံ...”
ထိုကျင့်ကြံသူသည် ခန်းမထဲသို့ အမောတကော ဝင်ရောက်လာပြီးနောက် အထစ်ထစ်အငေါ့ငေါ့နှင့် အော်နေ၏။
ပကတိအရှင်ယုံယန်က မာန်မဲလိုက်၏။
“အဲ့ဒါက ဘာကိစ္စပဲဖြစ်ဖြစ်.. အရင်ဆုံး ခဏထားလိုက်ဦး”
“ရှေ့ကင်းထောက်တွေကနေ ရတဲ့သတင်းက အရမ်း-အရမ်းကို အရေး-အရေးကြီးပါတယ်”
ကျင့်ကြံသူက သည်းထန်စွာ မောဟိုက်နေသော်လည်း အထစ်ထစ်အငေါ့ငေါ့နှင့် ရအောင် ပြောလိုက်၏။
ခန်းမထဲရှိ လူတိုင်း၏ အမူအယာက ပြောင်းလဲသွားကြ၏။
“အင်ပါယာသုံးခုမဟာမိတ်စစ်တပ်က ပြီးခဲ့တဲ့ညက လုံးဝ မနားဘဲနဲ့ ကန်းလန်ရိုးမကို ဖြတ်ကျော်လာပြီလား”
“အာ”
“အဲ့လိုသာဆိုရင်တော့ သူတို့က ကန်းလန်မြို့ကို ရောက်လာပြီပေါ့”
လူအုပ်ကြီးသည် အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြ၏။
“တိတ်တိတ်နေကြစမ်း”
ရုတ်တရက် ကျိယောင်ရွှယ်၏ အသံက ထွက်လာပြီး ဧကရီတစ်ပါး၏ အော်ရာဖြင့် ပွက်ပွက်ညံနေသော အသံများကို လွှမ်းမိုးလိုက်၏။
သူမက လေးနက်စွာ မေးလိုက်၏။
“ကဲ ပြော.. ဘာတွေ ဖြစ်ကုန်တာလဲ”
ယခုအခါ ကျင့်ကြံသူက သူ့ကိုယ်သူ ဣန္ဒြေရအောင် ထိန်းနိုင်လာပြီဖြစ်၏။
“ပြီးခဲ့တဲ့ညက အင်ပါယာသုံးခုမဟာမိတ်စစ်တပ်က လမ်းမှာ စခန်းလုံးဝမချဘဲနဲ့ ကန်းလန်ရိုးမကို ဖြတ်ကျော်လာခဲ့ပါတယ်”
ထိုအသံကို ကြားသောအခါ ခန်းမထဲရှိ လူတိုင်း၏ နှလုံးက ထိတ်ကနဲ ဖြစ်သွားကြ၏။
ခဏ ရပ်တန့်ပြီးနောက် ကျင့်ကြံသူက ဆက်ပြောလိုက်၏။
“ဒါပေမယ့်လို့.. ကန်းလန်ရိုးမထဲမှာ တောကောင်အုပ်ကြီးတစ်အုပ်က ပေါ်လာခဲ့ပါတယ်”
“ဘာလဲဟ”
“တောကောင်အုပ်လား”
“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက် ထွက်ပေါ်လာ၏။
ပကတိအရှင်မင်းကျီက တည်ငြိမ်သောအမူအယာဖြင့် ပြောလိုက်၏။
“ငါ သိရသလောက်ဆိုရင် ကန်းလန်ရိုးမမှာ မိစ္ဆာသားရဲတစ်ကောင်မှ မရှိပါဘူး.. အဲ့ဒါက တောကောင်အုပ်ကြီး ဆိုရင်တောင် မဟာမိတ်စစ်တပ်ကို ဘာလုပ်နိုင်မှာမို့လဲ”
ကျင့်ကြံသူက တံတွေးကို မျိုချပြီး ဆက်ပြောလိုက်၏။
“မဟာမိတ်စစ်တပ်က အကုန်လုံးနီးပါး ဖျက်ဆီးခံလိုက်ရပါပြီ။ သူတို့မှာ စစ်သည်ပေါင်း သန်းနဲ့ချီပြီး ပါလာခဲ့ကြတယ်.. ဒါပေမယ့် သူတို့ထဲက သိန်းဂဏန်းအနည်းငယ်လောက်ပဲ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပါတယ်”
“မင်းသားသုံးပါးကလဲ သေဆုံးသွားတဲ့အတွက် မဟာမိတ်စစ်တပ်က ရှုံးနိမ့်ပြီးတော့ ဆုတ်ခွာသွားပါပြီ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
လုံးဝ ဖျက်ဆီးချေမှုန်းခံရခြင်း..
မင်းသားသုံးပါးကလည်း သေလေပြီ။
ဤသတင်းက လွန်စွာ တုန်လှုပ်ဖို့ ကောင်းသည့်အတွက် လူတိုင်းသည် အခုလေးတင် မဟာကျိုးမင်းသားကြီး မြားပစ်ခံရ၍ သေဆုံးသွားသည်ကို မေ့လျော့လုနီးပါး ဖြစ်သွားကြ၏။
“မိုးကောင်းကင်က မဟာကျိုးအင်ပါယာကို စောင့်ရှောက်ပေးနေပြီပဲ”
များစွာသော စစ်ဗိုလ်ချုပ်များနှင့် တပ်မှူးများသည် မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး စိတ်ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်ကြ၏။
ကျိယောင်ရွှယ်က တွေးတွေးဆဆ အမူအယာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ကျင့်ကြံသူ၏ ပါးစပ်က တစ်ခုခုကို ပြောချင်နေသည့်အလား တဆတ်ဆတ် လှုပ်သွားသော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်၏။
ပကတိအရှင်မင်းကျီက မျက်မှောင်ကြုတ်၏။ ဤသတင်းက သတင်းကောင်းဖြစ်သော်လည်း အဲ့ဒီမှာ မေးစရာမွေးခွန်းတွေ များစွာ ကျန်နေသေးလေသည်။
“မဟာမိတ်စစ်တပ်မှာ နိုးထဝိညာဉ်တစ်ရာ လိုက်ပါလာတယ်ဆို.. သူတို့က ဘယ်ရောက်ကုန်လို့လဲ” ပကတိအရှင်မင်းကျီက ထပ်မေးလိုက်၏။
ကျင့်ကြံသူသည် ကြောက်လန့်တကြား အမူအယာ၊ တုန်ယင်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။
“သူ-သူတို့အကုန် သေကုန်ပါပြီ”
ပကတိအရှင်မင်းကျီသည် ဆတ်ကနဲ တုန်ယင်သွားပြီး ထပ်မေးလိုက်၏။
“ကန်းလန်ရိုးမက မိစ္ဆာသားရဲက အဲ့လောက်တောင် စွမ်းအားကြီးတာလား”
“အဲ့ဒီမှာ မိစ္ဆာသားရဲ မရှိပါဘူး”
ကျင့်ကြံသူက ခေါင်းခါလိုက်၏။
“တစ်ယောက်ယောက်က ကန်းလန်ရိုးမက တောကောင်တွေကို စုစည်းလာခဲ့တာပဲ.. နောက်ပိုင်းမှာတော့ နိုးထဝိညာဉ်အယောက်တစ်ရာက အဲ့လူနောက်ကို လိုက်ကြရင်းနဲ့ မြို့ငယ်လေးတစ်မြို့ကို ရောက်သွားခဲ့ကြတယ်တဲ့”
“အဲ့ချိန်မှာပဲ မြို့ငယ်လေးကို ထူထဲတဲ့ မြူခိုးတွေက ဖုံးလွှမ်းသွားခဲ့ပါတယ်.. မြူခိုးတွေ ရှင်းသွားတဲ့အချိန်မှာတော့ နိုးထဝိညာဉ်တွေအကုန်လုံးက သေကုန်ပါပြီ.. တစ်ယောက်မှ ရှင်မကျန်ခဲ့ပါဘူး”
ခန်းမသည် နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
လူတိုင်းသည် ဝေခွဲမရနှင့် တုန်လှုပ်ချောက်ချားနေကြ၏။
သားရဲပေါင်း ထောင်သောင်းချီကို အမိန့်ပေးနိုင်ပြီးတော့ မဟာမိတ်စစ်တပ်တစ်ခုလုံးကိုတောင် ဝါးမျိုနိုင်တဲ့ ကြောက်စရာတောကောင်အုပ်ကြီးကို စုဖွဲ့နိုင်ခဲ့သူက ဘယ်သူလဲ..
ဒါမဟုတ် အဲ့ဒီလူက လူပုံစံကြမ်းကြုတ်တောကောင်တစ်ကောင်များလား..
ဒါဆိုရင်ရော ဘာလို့ သူက မြို့ထဲကို ဝင်ပြေးခဲ့တာလဲ..
မြို့ကိုရော ဘာလို့ မြူခိုးတွေက လွှမ်းခြုံသွားတာလဲ..
နိုးထဝိညာဉ်အယောက်တစ်ရာကရော ဘယ်လိုပုံစံနဲ့ သေသွားခဲ့ရတာလဲ..
အရာရာတိုင်းက အလွန်တရာ ထူးခြားနေ၏။
ခဏမျှ စဉ်းစားချင့်ချိန်တွက်ဆပြီးနောက် ပကတိအရှင်မင်းကျီက ထပ်မေးလိုက်၏။
“အဲ့လူက မဟာမိတ်စစ်တပ်ကို ဘာလို့ တိုက်ခိုက်ခဲ့ရတာတဲ့လဲ”
ကျင့်ကြံသူက ပြန်ဖြေလေသည်။
“မဟာမိတ်စစ်တပ် ကျူးကျော်လာတဲ့အချိန်မှာပဲ သူ့ဆွေမျိုးရင်းချာတစ်ယောက်က ကွယ်လွန်သွားတယ်တဲ့.. အဲ့ဒါနဲ့ သူက စိတ်ထိခိုက် ဒေါသူပုန်ထပြီးတော့.. သူ့ဆွေမျိုးနဲ့အတူ အကုန်လုံးကို မြှုပ်နှံပေးချင်တယ်လို့ ကြေညာပြီးတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတဲ့”
ထိုစကားကို ကြားသောအခါ ကျိယောင်ရွှယ်သည် တစ်ခုခုကို တွေးမိသွားပြီး တသိမ့်သိမ့် တုန်ယင်သွား၏။ သူမ၏ ဒဏ်ရာများကို လျစ်လျူရှုပြီး ခန်းမအပြင်ဘက်သို့ ကတိုက်ကရိုက် ပြေးထွက်ကာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်၏။
ပကတိအရှင်မင်းကျီကလည်း ထက်ရှသောအကြည့်နှင့်အတူ တစ်ခုခုကို သတိထားမိသွားသလို မေးလိုက်၏။
“အဲ့လူရဲ့နာမည်ကိုရော သိခဲ့ရလား”
“အင်း.. ကျတော်ထင်တာ.. ဆူဇီမို ဖြစ်မယ်ထင်တယ်”
ဟင်း...
ထိုနာမည်ကို ကြားရချိန်တွင် ခန်းမထဲရှိလူတိုင်း တုန်လှုပ်စွာဖြင့် ပင့်သက်ကို ရှိုက်လိုက်ကြ၏။
ဆူဇီမို.. လွန်ခဲ့တဲ့ အနှစ် ၂၀ က အသန်မာဆုံး ပြန်ဝင်စားမွန်းစတား..
မြောက်ပိုင်းဒေသ၏ ပြိုင်စံရှားများအားလုံးကို အနိုင်ယူပြီး နိုးထဝိညာဉ်များစွာကိုပင် မီးလောင်ပြာချကာ သတ်ဖြတ်ခဲ့သူဖြစ်၏။
အနှစ် ၂၀ ကြာပြီးနောက် လူတိုင်းနီးပါးသည် ထိုနာမည်ကို မေ့လျော့နေကြပြီဖြစ်၏။
ယနေ့ ထိုနာမည်က နောက်တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီဆိုတော့...
“မဖြစ်နိုင်တာကွာ”
ပကတိအရှင်ကျင့်ရှန်က ဖြတ်ပြောလိုက်၏။
“ဆူဇီမိုက နဂါးသင်္ချိုင်းတောင်ကြားထဲ ခုန်ချသွားတာ လူတိုင်း သိတယ်.. သူက ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ”
ပကတိအရှင်မင်းကျီသည်လည်း မယုံကြည်နိုင်ပေ။
သို့သော်လည်း ကမ္ဘာပေါ်တွင် ဤကဲ့သို့သော အံမခန်းကိစ္စကို ပြုလုပ်နိုင်သူတစ်ယောက် ရှိမည်ဆိုလျှင် အဲ့ဒါက ဆူဇီမိုသာ ဖြစ်ရမည်ဆိုတာကို သူ့နှလုံးသားထဲကနေ သိနေလေသည်။
“ငါကြားတာ လွန်ခဲ့တဲ့ နှစ် ၂၀ က မြောက်ပိုင်းဒေသပြိုင်စံရှားတိုက်ပွဲမှာတုန်းက ဆူဇီမိုက မူလအဆင့် မဟူရာရွှေမြားကို ထုတ်သုံးခဲ့တယ်တဲ့” လူအုပ်တွင်းရှိ ကျင့်ကြံသူတစ်ယောက်က တိုးတိုး ပြောလိုက်၏။
မဟာကျိုးနန်းတွင်းတွင် ကျိယောင်ရွှယ်နှင့် ဆူဇီမိုကြားက ဆက်ဆံရေးနှင့် ပတ်သတ်၍ ပြောဆိုကြသော ကောလာဟလတချို့ရှိလေသည်။
လူတိုင်းသည် တဖြည်းဖြည်း နားလည်သဘောပေါက်လာကြ၏။
ကောလာဟလများက အမှန်သာဆိုရင် သူက ထိုမြားနှင့် မင်းသားကြီးကို သတ်ဖြတ်ခဲ့တာ သိပ်တော့ အံ့ဩစရာ မဟုတ်ပေ။
သူက တစ်ဖက်လူကို ရှင်းပြဖို့ အခွင့်အရေးတစ်ခုတောင် မပေးခဲ့ပေ။
အဲ့ဒါ တဲ့တိုးသတ်ဖြတ်ခြင်းသာ..
မင်းသားကြီးက သေဆုံးသွားသလို မဟာမိတ်စစ်တပ်ကလည်း ဆုတ်ခွာသွားပြီ ဖြစ်တာကြောင့် ကျိယောင်ရွှယ်ကို မည်သူက မကောင်းကြံစည်ရဲပါတော့မည်နည်း။
မင်းသားကြီးဘက်ကနေ ရပ်တည်ခဲ့သော ကျင့်ရှန်နှင့် ယုံယန်တို့အပါအဝင် ခန်းမထဲရှိ မည်သည့်နိုးထဝိညာဉ်မှ ဆူဇီမိုကို ရန်စရဲကြလိမ့်မည် မဟုတ်ပေ။
အင်ပါယာသုံးခုမှ နိုးထဝိညာဉ်အယောက်တစ်ရာတောင် သေခဲ့ရသည်ဆိုမှတော့ ဘယ်သူက သူ့ကို ရန်စရဲဦးမှာလဲ။
ပကတိအရှင်မင်းကျီ၏ စိတ်ထဲတွင် စကားတစ်စုက ပေါ်လာ၏။
သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးသည့် မြားတစ်စင်း..
ထိုလူငယ်က ပြန်ပေါ်လာသည်နှင့် သူ၏ နည်းလမ်းများက လွန်ခဲ့သည့် နှစ် ၂၀ ကထက်တောင် ပို၍ ကြောက်ဖို့ကောင်းလာနေလေသည်။