စစ်ကြေညာခြင်း
Vol. 43 Ch. 634
ခန်းမအပြင်ဘက်တွင်...
ကျိယောင်ရွှယ်သည် စိတ်ပျက်လက်ပျက်ဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်နေ၏။
အဲ့ဒီမှာ ဘာကိုမှ မတွေ့ရတော့ဘဲ စောစောက လူက ထွက်ခွာသွားလေပြီ။
ပကတိအရှင်မင်းကျီက ကျိယောင်ရွှယ်ဘေးသို့ ရောက်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။
“သူ မသေသေးဘူးဆိုတာကို ဧကရီက အရင်ထဲက သိနေတာလား”
“ဟုတ်တယ်.. လွန်ခဲ့တဲ့ ၁၅ နှစ်က ကျမ သိခဲ့တာ”
“လွန်ခဲ့တဲ့ ၁၅ နှစ်” ပကတိအရှင်မင်းကျီသည် တွေးတွေးဆဆနှင့် မျက်မှောင်ကြုတ်လိုက်၏။
ခဏနေပြီးနောက် သူသည် ဆတ်ကနဲ လှုပ်သွား၏။
“နဂါးသင်္ချိုင်းတောင်ကြားမှာ တွေ့ခဲ့ရတဲ့ ဟိုသက်လတ်ပိုင်းရွယ်ဘုန်းကြီး”
ကျိယောင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
“အဲ့ဒါကြောင့်မို့ အဲ့ဒီဘုန်းကြီးက သူ့အသက်နဲ့ စွန့်စားပြီး ခင်ဗျားကို ကယ်တင်ပေးခဲ့တဲ့အပြင် လမ်းမှာပါ လိုက်ပို့ပေးခဲ့တာကိုး”
ပကတိအရှင်မင်းကျီက ရေရွတ်လိုက်၏။
“အဲ့ဘုန်းကြီးက သတ်ဖြတ်ရာမှာ ပြတ်သားပြီးတော့ သူ့တိုက်ခိုက်မှုတွေကလဲ အရမ်းထက်ရှတယ်.. အဲ့ဒါတင်မကဘူး.. သူ့ရဲ့ အတွေးအကြံနဲ့ ပိုင်းခြားသုံးသပ်နိုင်စွမ်းကလဲ ကြောက်ခမန်းလိလိပဲ.. သူ့ကြည့်ရတာ ဗုဒ္ဓဂိုဏ်းက တစ်ယောက်ယောက်နဲ့ မတူဘူးလို့တော့ ကျုပ်ထင်မိပါတယ်”
“အဲ့တုန်းထဲက ကျုပ်စိတ်ထဲမှာ ခံစားမိနေတာ အဲ့ဘုန်းကြီးရဲ့ ကိုင်တွယ်ပုံနည်းလမ်းတွေက တစ်ယောက်ယောက်နဲ့ သွားတူနေပါတယ်လို့.. လက်စသတ်တော့ သူဖြစ်နေတာကိုး”
ကျိယောင်ရွှယ်က တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်သောအခါ ယနေ့ဖြစ်ပျက်ခဲ့သည်များက သူမအတွက် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များ ဖြစ်သည်ကို ပကတိအရှင်မင်းကျီ နားလည်လိုက်၏။
အစ်ကိုရင်းတစ်ယောက်၏ သစ္စာဖောက်မှုက လူတိုင်း ကိုင်တွယ်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ထိုလူ၏ ရုတ်တရက် ပေါ်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားခြင်းကလည်း သူမအတွက် ကြီးမားသည့် ထိုးနှက်ချက်ပင်။
ပကတိအရှင်မင်းကျီသည် သူမကို ဘယ်လို နှစ်သိမ့်ပေးရမလဲ မသိတော့ဘဲ မေးလိုက်၏။
“သူက ဘာလို့ ခင်ဗျားနဲ့ မတွေ့ဘဲ ရှောင်သွားရတာလဲ”
“သူက ကျမနဲ့ မဟာကျိုးအင်ပါယာကို မထိခိုက်စေချင်လို့ပဲ”
ကျိယောင်ရွှယ်က နူးညံ့စွာ ပြောလိုက်၏။
“စီနီယာမင်းကျီ.. သူက သူ့ဆွေမျိုးရဲ့ သေဆုံးမှုကြောင့် သူ့ရဲ့ ယူကျုံးမရစိတ်ကို ဖြေဖျောက်ဖို့သက်သက်အတွက် တောကောင်အုပ်ကြီးကို စုစည်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ ရှင်တစ်ကယ်ပဲ ထင်နေတာလား”
“မဟုတ်ဘူးလား” ပကတိအရှင်မင်းကျီက ခဏမျှ တောင့်ခဲသွား၏။
“ဘယ်ဟုတ်ပါ့မလဲ” ကျိယောင်ရွှယ်က ခေါင်းခါလိုက်၏။
ပကတိအရှင်မင်းကျီက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
“အဲ့ဒါဆို သူက ဘာလို့ အဲ့လို ပြောခဲ့တာလဲ”
ကျိယောင်ရွှယ်က ဖြေပေးလိုက်၏။
“ဘာလို့လဲဆိုတော့ သူ့ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ကျမနဲ့ ဒါမှမဟုတ် မဟာကျိုးအင်ပါယာနဲ့ ဆက်နွယ်ပတ်သတ်မှုမရှိကြောင်း ပြချင်လို့လဲ.. အဲ့ဒါမှ ဂိုဏ်းကြီးတွေ ဒါမှမဟုတ် အဖွဲ့အစည်းကြီးတွေက သူတို့ရဲ့ ဒေါသကို မဟာကျိုးအင်ပါယာအပေါ် ပုံချလို့ မရနိုင်မှာလေ”
ပကတိအရှင်မင်းကျီသည် နားလည်သဘောပေါက်သွား၏။
ဆူဇီမို၏ သရုပ်က တစ်ကယ်ကို ဆတ်ဆတ်ထိမခံ ဖြစ်လွန်းလေသည်။
သူသည် လွန်ခဲ့သည့် နှစ် ၂၀ က အဖွဲ့အစည်းပေါင်း များစွာကို ရန်စခဲ့မိ၏။
မြောက်ပိုင်းဒေသမှာ သူ့အတွက် နေရာ မရှိတော့ပေ။
အဲ့တုန်းက အခြေအနေအရဆို ဆူဇီမိုကို မပြောနှင့်.. ဆူဇီမို၏ အစ်ကိုဖြစ်သူကို ခိုလှုံခွင့်ပေးသည့် မည်သူမဆိုတောင် ဒုက္ခကြီးမားစွာ ကျရောက်နိုင်လေသည်။
ဆူဇီမိုသာ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ သေဆုံးသွားခဲ့လျှင် ကိစ္စများက ပြီးပြတ်သွားပြီဖြစ်၏။
သို့သော် ယခုအခါ သူက အသက်ရှင်နေသေးသည့်အတွက် အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်း၊ အထက်တန်းလွှာကလန်လေးခုနှင့် ဖန်သားနန်းတော်လို အဖွဲ့အစည်းကြီးများ၏ အမဲလိုက်ခြင်းကို ခံရပေတော့မည်။
ထို့ကြောင့်ပင် သူ့အတွက်နှင့် ရောယောင်ညှပ်ပါမည်ကို စိုးသည့်အတွက် သူက မဟာကျိုးအင်ပါယာနှင့် ပတ်သတ်ဆက်နွယ်မှုများကို ဖြတ်တောက်လိုက်ခြင်း ဖြစ်လေသည်။
ကန်းလန်ရိုးမတိုက်ပွဲက မြောက်ပိုင်းဒေသတစ်ခုလုံးမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားဖို့ သိပ်ကြာလိုက်မှာ မဟုတ်ပေ။
ထိုအချိန်ကျလျှင် မရေမတွက်နိုင်သော ဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့် ကျင့်ကြံသူများသည် ဆူဇီမိုနှင့် ရန်ငြိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ.. ဆူဇီမိုကို အမဲလိုက်သည့်ပွဲမှာ ပါဝင်ဆင်နွှဲလာကြပေလိမ့်မည်။
အကြောင်းရင်းမှာ ဆူဇီမိုသည် နတ်ဖီးနစ်အရိုးနှင့် များစွာသော လျှို့ဝှက်ပညာရပ်များကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်လေသည်။
ဆူဇီမို၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရရှိမိသူ မည်သူမဆို အသန်မာဆုံးပြန်ဝင်စားမွန်းစတား အသစ်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရှိလေသည်။
လူတိုင်းက သားကောင်တစ်ကောင်တည်းကို ဝိုင်း၍ အမဲလိုက်ချင်နေကြ၏။
ထိုသားကောင်က ဆူဇီမိုပင် ဖြစ်လေသည်။
ပကတိအရှင်မင်းကျီက ညင်သာစွာ သက်ပြင်းချလိုက်၏။
“သူကတော့ ကျဉ်းထဲကျပ်ထဲ ရောက်နေပြီပဲ”
သူ့ကို လူသားတစ်ယောက်အဖြစ် မသတ်မှတ်မှတော့ သူက လူတိုင်း၏ ဘုံရန်သူ ဖြစ်လာပေလိမ့်မည်။
ဤတစ်ခေါက် ခွဲခွာပြီးနောက် သူတို့နှစ်ယောက်က ဘယ်တော့မှ ပြန်မတွေ့နိုင်တော့လည်း ဖြစ်နိုင်ကြောင်း ကျိယောင်ရွှယ်သည် ခပ်ရေးရေး နားလည်လာ၏။
“ဧကရီ.. ပြန်ကြရအောင်”
ပကတိအရှင်မင်းကျီက ညင်သာစွာ ပြောလိုက်၏။
“မဟာမိတ်စစ်တပ်က ပြန်ဆုတ်သွားပြီဆိုတော့ မဟာကျိုးအင်ပါယာက ထပ်ပြီး စိုးရိမ်စရာ မရှိတော့ပါဘူး.. ကျုပ်ယုံကြည်တယ်.. ဒီနေ့ကစပြီး မဟာကျိုးအင်ပါယာတစ်ခုလုံးမှာ ဘယ်သူမှ ခင်ဗျားကို မေးခွန်းထုတ်ရဲမှာ မဟုတ်တော့ဘူး”
ကျိယောင်ရွှယ်သည် ညင်သာစွာ သက်ပြင်းချပြီး လှည့်ထွက်သွား၏။
. . .
သူ့ဆွေမျိုးရင်းချာတစ်ယောက်၏ ကွယ်လွန်မှုကြောင့် ဆူဇီမိုသည် ပြန်ပေါ်လာပြီး တောကောင်အုပ်ကြီးတစ်အုပ်ကို ဦးဆောင်ကာ ကျင့်ကြံသူပေါင်း သန်းချီကို သတ်ဖြတ်ခဲ့ပြီး မြို့လေးတစ်မြို့၌ နိုးထဝိညာဉ် အယောက်တစ်ရာကိုလည်း သတ်ဖြတ်ပစ်ခဲ့၏။
ထိုသတင်းက မြောက်ပိုင်းဒေသတစ်ခုလုံးသို့ လေပွေမုန်တိုင်းတစ်ခုလို မွှေနှောက်တိုက်ခတ်သွား၏။
တုန်လှုပ်ချောက်ချားစရာ ထိုသတင်းက မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကကို တစ်ဖန်ပြန်လည် လှုပ်ခတ်သွားစေလေသည်။
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. လွန်ခဲ့တဲ့ နှစ် ၂၀ က နဂါးသင်္ချိုင်းတောင်ကြားထဲ သူခုန်ချသွားတာ လူတိုင်း မြင်တွေ့ခဲ့တာပဲကို.. သူက ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ”
“သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေကို.. ဘယ်လောက်တောင် သန်မာလိုက်သလဲ”
“ငါကြားတာ သူက မိစ္ဆာသားရဲအဆင့်ကို မရောက်သေးဘူးတဲ့.. ဒါဆို သူက နိုးထဝိညာဉ် အယောက်တစ်ရာကို ဘယ်လိုတောင် သတ်ဖြတ်ခဲ့တာလဲ.. သူ့ခွန်အားက အဲ့လောက်ထိတောင် ကြောက်စရာကောင်းနေပြီလား”
“ငါထင်တာတော့ နိုးထဝိညာဉ်တွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ အမြုတေစိတ်ဝိညာဉ်က ချုပ်နှောင်ခံရပြီးတော့ ချောင်ပိတ်ရိုက်ခံလိုက်ရတာဖြစ်မယ်”
“သူက လူသားတွေကို စစ်ကြေညာလိုက်တာလား”
မြောက်ပိုင်းဒေသရှိ ကျင့်ကြံသူများအကြားတွင် ထိုသတင်းက လူတိုင်းဆွေးနွေးငြင်းခုန်စရာ ခေါင်းစဉ်တစ်ခု ဖြစ်လာ၏။
အစကတော့ ဥပစာရှေးဟောင်းတိုက်ပွဲမြေက ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် သူတို့၏ လက်ရွေးစင်တပည့်များကို အထဲသို့ ပို့လွှတ်ဖို့ စီစဉ်ရင်း အလုပ်ရှုပ်နေကြပြီး ကျင့်ကြံရေးလောကမှာ ငြိမ်သက်နေကြ၏။
သို့သော် ယခုအခါ သတင်းတစ်ခုနှင့် မြောက်ပိုင်းဒေသတစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။
မဟာကျိုးအင်ပါယာတွင်းတွင် ကျင့်ကြံသူအရေအတွက်က သိသိသာသာ များပြားလာ၏။
ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများက လှုပ်ရှားလာကြလေပြီ။ သူတို့အားလုံးသည် ဆူဇီမိုကို အမဲလိုက်ချင်မိကြ၏။
အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်း၊ အထက်တန်းလွှာကလန်လေးခု၊ ရှေးတော်ဝင်မိသားနှစ်စုနှင့် ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့လို ဂိုဏ်းကြီးများမှ ကျင့်ကြံသူများတောင်မှ ဆူဇီမိုကို ရှာဖွေဖို့အတွက် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြ၏။
လက်ရှိ အခြေအနေများအရ ဆူဇီမိုအနေနှင့် ဆက်လက်ပုန်းကွယ်နေဖို့ မဖြစ်နိုင်လုနီးပါးပင်။
သို့သော်လည်း ဆယ်ရက်ဆက်တိုက် ရှာဖွေပြီးတာတောင် ဆူဇီမိုကို မည်သူမှ ရှာမတွေ့ကြပေ။
ဤအချိန်အတောအတွင်း ဓမ္မဝိသေသများတောင်မှ ပေါ်ထွက်လာကြ၏။
ပြောကြသည်မှာ ဖန်သားနန်းတော်မှ တာအိုအရှင်များသည် ဆူဇီမိုကို ဖမ်းဆီးဖို့အတွက် ဆန်းကြယ်တောင်ထွတ်သို့ သွားရောက်လည်ပတ်ခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်ဆို၏။
မဟာကျိုးမြို့တော်အတွင်းတွင် စွမ်းအားကြီးသော စိတ်ဝိညာဉ်အသိစိတ်များသည် နေ့စဉ်နှင့်အမျှ ဖြန့်ကျက်နေပြီး မြို့တော်၏ အကြားအလပ်တစ်ခုမကျန် စစ်ဆေးကြည့်ရှုနေ၏။
ဆူဇီမိုက လေထဲမှာ ပျောက်ကွယ်သွားသည့်အလားပင်။
သူရှိရာနေရာကို မည်သူမှ ရှာမတွေ့နိုင်ကြပေ။
ရုတ်တရက် စိတ်ဝိညာဉ်ကြိးကြာတစ်ကောင်က ဖန်သားနန်းတော်၏ ပရဝဏ်အတွင်းသို့ ရောက်ရှိလာပြီး နောက်ထပ် ကြီးမားသည့် လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ထိုကြိုးကြာပေါ်တွင် ကြေညာချက်တစ်ခုကို ရေးသားထား၏။
“မင်းတို့တွေ ရှေးဟောင်းတိုက်ပွဲမြေထဲကို ကျင့်ကြံသူတစ်ယောက်မှ မစေလွှတ်ရင် ပိုကောင်းလိမ့်မယ်.. မဟုတ်ရင်တော့ ဖန်သားနန်းတော်ကလူ တစ်ယောက်မြင်ရင်တစ်ယောက် ငါသတ်မယ်.. ယန်တိုင်းပြည်က မြို့ ၁၃ မြို့အတွက် သွေးကြွေးကို သွေးနဲ့ ပြန်ပေးဆပ်ရမယ်”
အဲ့ဒီမှာ ဆူဇီမို၏ နာမည်ကို လက်မှတ်ရေးထိုးထား၏။
ထိုသတင်းက ကျင့်ကြံရေးလောကကို ကြီးကြီးမားမား လှုပ်ခတ်သွားစေပြန်၏။
ဤကမ္ဘာမှာ ဖန်သားနန်းတော်ကို ခြိမ်းခြောက်ရဲသူတစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ။
အဲ့ဒါက စစ်ကြေညာလိုက်ခြင်းပင်။
ဂိုဏ်းကြီးတစ်ဂိုဏ်းကို ရွှေအမြုတေတစ်ယောက်က စစ်ကြေညာခြင်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်၏ သမိုင်းတွင် တစ်ကယ့်ကြီးကြီးမားမား မှတ်ကျောက်တင်ရမည့် ဖြစ်ရပ်တစ်ခုပင်။
အဲ့ဒါက မည်သူမှ မယှဉ်နိုင်သော သတ္တိ ဖြစ်လေသည်။
အဲ့ဒီမှာ လျှို့ဝှက်ကြံစည်တာတွေ၊ အကောက်ကြံတာတွေ မပါရှိပေ။
အဲ့ဒါက နေ့ခင်းကြောင်တောင်မှာ စစ်ကြေညာခြင်းပင်။
ကျင့်ကြံရေးလောကတစ်ခုလုံး၏ စောင့်ကြည့်နေမှုအောက်မှာပင် သူက ဖန်သားနန်းတော်ကို စစ်ကြေညာခဲ့၏။
သူတို့သာ ရှေးဟောင်းတိုက်ပွဲမြေသို့ သူတို့၏ လူများကို စေလွှတ်ရဲမည်ဆိုလျှင် ထိုလူတိုင်းကို ဆူဇီမိုက သတ်ဖြတ်မည် ဖြစ်လေသည်။
ယန်တိုင်းပြည်၏ မြို့ ၁၃ မြို့အတွက် သွေးကြွေးကို သွေးဖြင့် ပြန်ပေးဆပ်ရမည် ဖြစ်လေသည်။
နှစ် ၂၀ တိတိ ကြာသွားခဲ့၏။
ဆူဇီမိုက အသက်ရှင်နေဦးမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
အဲ့ဒါထက် ဤပြန်ဝင်စားမွန်းစတားသည် ထိုကဲ့သို့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်ဖြင့် ပြန်ပေါ်လာပြီးနောက် ဖန်သားနန်းတော်၏ ဂုဏ်ကျက်သရေကို ချိုးနှိမ်ကာ သူတို့ကို စစ်ကြေညာရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြခြင်း ဖြစ်လေသည်။
ကျင့်ကြံရေးလောကတစ်ခုလုံးက လုံးဝ အုန်းအုန်းကျက်ကျက် ဖြစ်သွားပြီး ထိုအကြောင်းအရာကိုသာ ဆွေးနွေးနေကြတော့၏။
“သံမဏိက မာကြောလွန်းရင်လဲ ကျိုးတတ်တယ်တဲ့.. အဲ့ကောင်လေးက သူ့ကြည့်တော့ ရွှေအမြုတေအဆင့်နဲ့ ဖန်သားနန်းတော်ကို ရန်စရဲတယ်ဆိုတာ တော်တော် ဇောင်းကြွနေတာပဲ.. ငါအမြင်မှာတော့ သူက သက်သက်ကို သေချင်နေတာပဲ”
“ငါတော့ အဲ့လို မထင်ဘူး.. ငါ့အထင်တော့ သူက တော်တော် ဉာဏ်ကောင်းတာပဲ”
“ဟမ့် မင်းက ဘာလို့ အဲ့လို ပြောရတာလဲ”
“သူက ဖန်သားနန်းတော်ထဲကို တဲ့တဲ့ဝင်သွားရင် သေရမှာ အသေအချာပဲလေ.. ဒါပေမယ့် သူက ဉာဏ်ကောင်းလို့သာ သူတို့ရဲ့ စစ်ပွဲကို ရှေးဟောင်းတိုက်ပွဲမြေမှာ ချိန်းဆိုလိုက်တာပဲ”
“အဲ့တော့ ဘာဖြစ်လဲ”
“အဲ့ကောင်လေးက လွန်ခဲ့တဲ့ နှစ် ၂၀ က ရှီးဝူယာကိုတောင် သတ်ဖြတ်နိုင်ခဲ့တာဆိုတော့ မြောက်ပိုင်းဒေသရဲ့ တစ်ကယ့်အစစ်အမှန် နံပါတ်တစ် ပကတိသက်ရှိလို့ ပြောလို့ ရတယ်.. ဥပစာရှေးဟောင်းတိုက်ပွဲမြေကို အလွန်ဆုံး ရွှေအမြုတေအဆင့်ထိပဲ ဝင်လို့ရတာဆိုတော့ အဲ့ထဲမှာဆို သူက နတ်ဘုရားပဲလေ.. ဖန်သားနန်းတော်က ဘယ်သူကများ သူနဲ့ယှဉ်နိုင်မှာလဲ”
“အဲ့လိုတော့ တစ်ထစ်ချ ပြောလို့ မရဘူးကွ.. မူလနတ္ထိတစ်ယောက်က သူ့ရွှေအမြုတေကို ဖျက်ဆီးပစ်ခဲ့တာကိုလဲ မမေ့လိုက်နဲ့ဦး.. နောက်ပြီး အဲ့ကောင်လေး ကန်းလန်ရိုးမမှာ တိုက်ခိုက်ခဲ့တုန်းက သူ့ဆီမှာ ဘာစိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေဘူးတဲ့.. ငါ့အထင်တော့ သူ့ခွန်အားက လျော့ကျသွားလောက်ပြီ”