ပဟေဠိအဆင့်သတ်မှတ်ချက်သုံးခု
Vol. 43 Ch. 635
ဆူဇီမိုသည် ဖန်သားနန်းတော်ကို စစ်ကြေညာခဲ့၏။
ထိုကိစ္စအပေါ်တွင် ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းကြီးများနှင့် ကျင့်ကြံသူများသည် တစ်ဦးချင်းအလိုက် ထင်မြင်ချက်အမျိုးမျိုး ရှိကြ၏။
သူတို့ထဲမှ အချို့က ဆူဇီမိုသည် မသေဘဲ ပြန်ပေါ်လာ၍ သန်းနှင့်ချီသော ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် သူက အရှိန်အဟုန်တစ်ခု ရနေပြီဟု ခံစားနေကြရ၏။
အချို့ကတော့ ဆူဇီမိုသည် မောက်မာ၍ ယုံကြည်မှုလွန်ကဲနေပြီး သူ့အကန့်အသတ်ကိုသူ မသိဟု ခံစားနေရ၏။ သူ၏ လုပ်ရပ်သည် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို ရွှေ့ပြောင်းဖို့ ကြိုးစားနေသလိုပင်။
သူသည် သန်မာသောကိုယ်ကာယ၊ တုန်လှုပ်စရာမျိုးဆက်သွေးနှင့် ကြောက်စရာကောင်းသည့် အနီးကပ်တိုက်ခိုက်ရည်ခွန်အားတို့ကို ပိုင်ဆိုင်ထား၏။
သို့သော်လည်း သူ၏ ရွှေအမြုတေက ပျက်စီးသွားခဲ့ပြီမှာ ငြင်းပယ်၍ မရသော အချက်ပင်။
လွန်ခဲ့သည့် နှစ် ၂၀ က မူလနတ္ထိအဆင့်တစ်ယောက်၏ တိုက်ရိုက်တိုက်ခိုက်မှုက လွဲချော်သွားစရာ အကြောင်းမရှိပေ။
ရွှေအမြုတေတစ်ခုက ဖျက်ဆီးခံရပြီးနောက် ပြန်လည်ကုသနိုင်သည့်နည်းလမ်း ဤကမ္ဘာမှာ မရှိပေ။
ဒါ့အပြင် ကန်းလန်ရိုးမတိုက်ပွဲမှာ အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများ၏ ပြောပြချက်အရ ဆူဇီမိုထံမှ မည်သည့်စိတ်ဝိညာဉ်စွမ်းအင် အတက်အကျမှ ရှိမနေပေ။
သူ၏ ရွှေအမြုတေပျက်စီးသွားရခြင်းက သူ့မှာ မှီခိုအားထားစရာ ရွှေအမြုတေနယ်မြေ မရှိတော့ဟု ဆိုလိုလေသည်။
လူအချို့အတွက်တော့.. ရွှေအမြုတေကို ဆုံးရှုံးထားသော ဆူဇီမိုနှင့် ဖန်သားနန်းတော်၏ ပြိုင်စံရှားရွှေအမြုတေများအကြား တိုက်ပွဲက မှန်းဆလို့ မရသော အခြေအနေမှာ ရှိနေလေသည်။
ဒါ့အပြင် ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ချိတ်ပိတ်ထားသူများလည်း ပါလာနိုင်လေသည်။
ဖန်သားနန်းတော်သည် ရှည်လျားသော သမိုင်းကြောင်းနှင့် အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်တို့ အခိုင်အမာရှိသော အင်မော်တယ်ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်၏။ ဆူဇီမိုထံမှ စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင်က သူတို့ကို ဘယ်လိုလုပ် ခြိမ်းခြောက်နိုင်ပါမည်နည်း။
ရှေးဟောင်းတိုက်ပွဲမြေမှာ ကြီးမားသည့် တိုက်ပွဲတစ်ပွဲက ပေါ်ပေါက်လာပေတော့မည်။
ဖန်သားနန်းတော်သည် တိုက်ပွဲအတွက် ပြင်ဆင်ရင်း ဆူဇီမို၏ တည်နေရာကို ရှာဖွေဖို့အတွက် မြောက်များလှစွာသော ဆုလာဘ်များကိုလည်း ကမ်းလှမ်းထား၏။
ကံမကောင်းစွာနှင့် နောက်ထပ် ရက် ၂၀အတွင်း ဆူဇီမို၏ သတင်းက အစအနတောင် ထွက်မလာခဲ့ပေ။
ရှေးဟောာင်းတိုက်ပွဲမြေ ဖွင့်လှစ်ဖို့ ရက်ကလည်း နီးကပ်လာခဲ့ပြီဖြစ်၏။
. . .
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေရှိ ငြိမ်သက်အေးချမ်းနေသော ဘုရားကျောင်းအိုတစ်ကျောင်း...
ခြံဝန်းထဲတွင် လူနှစ်ယောက်နှင့် မြေခွေးတစ်ကောင် ရှိနေ၏။
ဘုန်းကြီးလေးတစ်ပါးက နေဘက်သို့ မျက်နှာလှည့်၍ တင်ပျဉ်ခွေထိုင်နေပြီး ခေါင်းကိုငုံ့ထား၏။ နေပူစာလှုံရင်း ဗုဒ္ဓသုတ္တန်များကို ရွတ်ဖတ်သရစ္ဈာယ်နေသော သူ့ကို ရောင်ခြည်တစ်မျိုးက လွှမ်းခြုံလာ၏။
တစ်ဖက်တွင်တော့ အစိမ်းရောင်ဝတ်စာပေသမားတစ်ယောက်က ကျောက်ခုံတစ်ခုပေါ်မှာ လက်နှစ်ဖက် နောက်ပစ်၍ ထိုင်နေ၏။ သူက အလွန်တရာ စိတ်လက်ပေါ့ပါးစွာနှင့် သူ့မျက်လုံးများကို မှိတ်ထားပြီး အနားယူနေသလိုပင်။
မီးတောက်နီရောင်မြေခွေးလေးတစ်ကောင်က အစိမ်းရောင်ဝတ်စာပေသမား၏ ဘေးပတ်လည်မှာ ပျော်ရွှင်မြူးထူးစွာ ခုန်ဆွခုန်ဆွ လုပ်နေ၏။
ဘုရာင်းကျောင်းအို၊ ဘုန်းကြီး၊ စာပေသမား၊ မြေခွေးလေး၊ ဂါထာမန္တန်...
အရာရာတိုင်းသည် ပန်းချီးကားတစ်ချပ်ထဲက မြင်ကွင်းတစ်ခုလိုပင်..
ဘုန်းကြီးတစ်ပါးက မင်းကျန်ဖြစ်၏။
စာပေသမားမှာ သိပ်မကြာခင်ကမှ မြောက်ပိုင်းဒေသကို ယောက်ယက်ခတ်အောင် မွှေနှောက်ခဲ့သော ဆူဇီမိုပင် ဖြစ်လေသည်။
မဟာခန်းမထဲမှ ဘုန်းကြီးအိုတစ်ပါးက လမ်းလျှောက်ထွက်လာ၏။
“မင်းရှင်၊ မင်းကျန် ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြတော့.. ရှေးဟောင်းတိုက်ပွဲမြေက ဖွင့်တော့မယ်.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ ဇာစ်မြစ်အကြောင်း ငါ မင်းတို့ကို ရှင်းပြလိုက်မယ်”
ဆူဇီမိုနှင့် မင်းကျန်တို့က ခါးကိုမတ်၍ထိုင်ကာ အာရုံစိုက်လိုက်ကြ၏။
“ရှေးဟောင်းခေတ်တုန်းက.. လူသားတွေက တိုးမြင့်လာပြီးတော့ ကမ္ဘာဦးမျိုးနွယ်ကိုးစုနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်.. လူသားမျိုးနွယ်ရဲ့ အမွေအနှစ်တွေ ဆက်လက်တည်တံ့စေဖို့ ရည်ရွယ်ချက်နဲ့.. ရှေးဟောင်းခေတ်က ပညာရှင်တစ်ဦးဖြစ်တဲ့ နတ်မိမယ်လင်းလုံက လူငယ်မျိုးဆက်တွေထဲက အသန်မာဆုံးနဲ့ အလားအလာအကောင်းဆုံးလူငယ်တွေကို ရွေးထုတ်၊ လက်သပ်မွေးပြုစုပျိုးထောင်ပေးပြီး ငါတို့ရဲ့ အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အဆင့်သတ်မှတ်ချက်တစ်ခုကို ကြံဆဖန်တီးခဲ့တယ်”
“အဲ့ဒါကြောင့်မို့ အဲ့ဒီအဆင့်သတ်မှတ်ချက်မှာ အသက်ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းခဲ့တယ်.. အသက် ၂၀၀ ကျော်သွားတဲ့ မည်သူမဆို အဲ့ဒီအဆင့်သတ်မှတ်ချက်မှာ ပါဝင်ခွင့် မရှိတော့ဘူး”
ဆူဇီမိုက အသိအမှတ်ပြု ခေါင်းညိတ်လိုက်၏။
ထိုအဆင့်သတ်မှတ်ချက်က လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားများနှင့် သန်မာသော ပြန်ဝင်စားမွန်းစတားများကို စုစည်းဖို့ ရည်ရွယ်လေသည်။ ထိုကြောင့် အဲ့ဒီမှာ အသက်ကန့်သတ်ချက်တစ်ခုကို မဖြစ်မနေ ထည့်ထားဖို့ လိုလေသည်။
ဘဝသက်တမ်း ၅၀၀ ရှိသော ရွှေအမြုတေအဆင့်များအတွက်ဆိုလျှင် အသက် ၂၀၀ အောက် မည်သူကိုမဆို လူငယ်ဟု သတ်မှတ်လို့ ရလေသည်။
ဆူဇီမိုသည် လူတစ်ယောက်အကြောင်းကို တွေးမိသွား၏။
ပြီးခဲ့သည့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က နံပါတ်တစ်.. သီယင်း ဖြစ်လေသည်။
လွန်ခဲ့သည့်နှစ်တစ်ရာ.. သူ့အသက် သုံးဆယ်ကျော်မှာကတည်းက သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နေရာကို ရရှိခဲ့ပြီးလေပြီ။
ရှေးဟောင်းတိုက်ပွဲမြေသို့ နောက်တစ်ဖန် သူပြန်ဝင်ရောက်ချင်ရသည့် အကြောင်းရင်းမှာ နံပါတ်တစ်နေရာကို နှစ်ကြိမ်ဆက်တိုက် ရယူချင်သောကြောင့် ဖြစ်လေသည်။
“နတ်မိမယ်လင်းလုံက ကပ်ဘေးကို ဖြတ်ကျော်ပြီး အထက်ဘုံကို တက်လှမ်းသွားတာ အတော်ကြာခဲ့ပြီကွဲ့.. အခုနောက်ပိုင်း ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ကိုင်တွယ်ကျင်းပပေးနေတာကတော့ သူမ တည်ထောင်ခဲ့တဲ့ ပဟေဠိနန်းတော်ပဲ” ထိုနေရာအရောက်တွင် ဘုန်းကြီးအိုက ခဏမျှ ရပ်တန့်လိုက်၏။
အင်မော်တယ်ကိုးဂိုဏ်း၊ သားရဲမျိုးနွယ်ရှစ်စု၊ မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်း၊ ဗုဒ္ဓကျောင်းတော်ခြောက်ကျောင်း၊ မိစ္ဆာဒိဋ္ဌိဝါဒီငါးဝါဒီ၊ တစ်သီးပုဂ္ဂလအုပ်စုလေးစု၊ ရှေးမဟာတော်ဝင်မိသားစုသုံးစု၊ ကျွန်းနှစ်ကျွန်းနှင့် နန်းတော်တစ်ခု။
ယခုချိန်ထိ သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အသန်မာဆုံးထိပ်သီးအဖွဲ့အစည်းများ ဖြစ်လေသည်။
ပဟေဠိနန်းတော်က ရှေးဟောင်းတိုက်ပွဲမြေမှာ ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ဦးစီးကျင်းပဖို့ အဆင့်မီသည်ဆိုလျှင် ထိပ်သီးအဖွဲ့အစည်းများမှ နန်းတော်တစ်ခုဆိုသည်မှာ သူတို့၏ နန်းတော် ဖြစ်ရပေမည်။
“ပဟေဠိနန်းတော်လား”
ဆူဇီမို၏ မျက်လုံးများက တလက်လက်တောက်သွားပြီး တီးတိုးရေရွတ်လိုက်၏။
သူ့စိတ်အာရုံထဲတွင် ဖြူလျော့လျော့၊ လုံးဝိုင်းဝိုင်းမျက်နှာ၊ ခေါက်ယပ်တောင်တစ်လက်နှင့်အတူ အမွေးအမှင်မရှိသော ကျင့်ကြံသူတစ်ယောက်ကို မြင်ယောင်လာ၏။
ဆူဇီမိုက ရေရွတ်လိုက်၏။
“ပဟေဠိနန်းတော်.. လင်းရွှမ်ကျီ.. ဟမ့် သူတို့က ဆက်စပ်နေသလား ငါသိချင်လိုက်တာ”
ခဏမျှ တွေးဆပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“နတ်မိမယ်လင်းလုံက ကမ္ဘာပေါ်က မွန်းစတားတွေ အကုန်လုံးကိုတောင် စုစည်းနိုင်တဲ့အထိ လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတော့ သူမက ရှေးဟောင်းခေတ်ဧကရာဇ်တစ်ပါး ဖြစ်ရမယ်ထင်တယ်နော်”
“နတ်မိမယ်လင်းလုံက ရှေးဟောင်းခေတ်က ပညာရှင်တစ်ပါးဆိုပေမယ့် သူမက ဧကရာဇ်တစ်ပါးတော့ မဟုတ်ခဲ့ဘူး”
ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။
“ဒါပေမယ့်လို့ သူမမှာ နောက်ထပ် ဂုဏ်ပုဒ်တစ်ခု ရှိသေးတယ်.. သူမက လူသားဧကရာဇ်ရဲ့ ကြင်ရာတော်ပဲ”
လူသားဧကရာဇ်ရဲ့ ကြင်ရာတော်..
ထိုအချက်က အကုန်လုံးကို ရှင်းပြနိုင်လေသည်။
ဒါ့အပြင် နတ်မိမယ်လင်းလုံက ပဟေဠိနန်းတော်ကို တည်ထောင်ပြီး သူမ၏ အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်သည့်အချက်မှာ သူမသည် အတိတ်ကာလက အားမနည်းခဲ့ကြောင်း သက်သေပင်။
ဘုန်းကြီးအိုက ဆက်ပြောလိုက်၏။
“အဲ့ဒါကြောင့်လဲ ပဟေဠိနန်းတော်က ကျင့်ကြံရေးလောကမှာ တစ်မူထူးခြားတဲ့ ဂုဏ်အဆင့်အတန်းတစ်ခု ရှိပြီးတော့ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေနဲ့အတူ ရင်ဘောင်တန်း ရပ်တည်နိုင်တာပဲ.. လူသားဧကရာဇ်က ဘာအမွေအနှစ်မှ သီးသန့်ချန်မထားခဲ့တဲ့အတွက်လဲ ပဟေဠိနန်းတော်က လူသားဧကရာဇ်နဲ့ ဆက်စပ်မှုရှိတဲ့ တစ်ခုထဲသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့တာပဲ”
“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အပြင် ပဟေဠိနန်းတော်မှာ နောက်ထပ်အဆင့်သတ်မှတ်ချက်နှစ်ခု ရှိသေးတယ်.. အဲ့ဒါက ဓမ္မဝိသေသနဲ့ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ပဲ.. ကျင့်ကြံရေးလောကမှာတော့ သူတို့က ပဟေဠိအဆင့်သတ်မှတ်ချက်သုံးခု ဆိုပြီးတော့ ကျော်ကြားတယ်”
မင်းကျန်သည် အနည်းငယ် ငေးငိုင်သွားပြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“ဆရာ.. အဲ့ဒီအဆင့်သတ်မှတ်ချက်က နာမည်ကြီးတာအပြင် တခြားဘာသုံးလို့ ရသေးလဲ.. ဂုဏ်ပုဒ်သက်သက်အတွက်ပဲဆိုရင်တော့ အဲ့ဒါအတွက် ကျုပ်ဝင်တိုက်ခိုက်မှာ မဟုတ်ဘူး”
မင်းကျန်အတွက်ကတော့ အခြားလူများနှင့် တိုက်ခိုက်ရခြင်းထက် ဗုဒ္ဓစာပေများကို အေးချမ်းစွာသာ လေ့လာချင်လေသည်။
“ဒါပေါ့.. အဲ့ဒါက ဂုဏ်ပုဒ်သက်သက်ထက် ပိုတာပေါ့”
ဘုန်းကြီးအိုက ဟက်ကနဲ ရယ်လိုက်၏။
“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ သူတို့ရဲ့ နာမည်ကို ရေးထိုးနိုင်တဲ့ ဘယ်သူမဆို ကမ္ဘာပေါ်မှာ ကျော်ကြားလာပြီးတော့ သူတို့ကို ထိပ်သီးဂိုဏ်းကြီးတွေ အကုန်လုံးက စောင့်ကြည့်လာလိမ့်မယ်.. ဥပမာပြောရရင် မင်းက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နေရာတစ်ခု ယူနိုင်မယ်ဆိုရင် မင်းက ဗုဒ္ဓကျောင်းတော်ခြောက်ကျောင်းကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ရလာလိမ့်မယ်”
“ကျုပ်က အခြားကျောင်းတွေကို မဝင်ချင်ပါဘူး.. ကျုပ်က ဆရာ့နောက်ကိုပဲ လိုက်ချင်တာ”
ဘုန်းကြီးအိုက ခေါင်းခါလိုက်၏။
“မင်းက စိတ်ခံစားချက်နောက်ကိုပဲ လိုက်နေလို့ မရဘူးလေ”
ဘုန်းကြီးအိုက ကောင်းစေချင်သော စေတနာဖြင့် ပြောလိုက်၏။
“အဲ့ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ.. တခြားလူတွေရဲ့ ခွန်အားနဲ့ ပတ်သတ်ပြီး မင်းပိုသိလာလေ.. မင်းကိုယ်တိုင်လဲ ပိုပြီး တိုးတက်လာလိမ့်မယ်.. ကျင့်ကြံခြင်းဆိုတာ ကမ္ဘာကနေ အမြဲတမ်း ပုန်းကွယ်ပြီး တံခါးပိတ်နေရုံနဲ့ မရဘူးကွဲ့”
“မင်းက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်.. အပြင်လောကကို ခြေဆန့်ပြီး နာကျင်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ မော်တယ်ဘုံရဲ့ စိတ်ခံစားချက်ပေါင်းစုံနဲ့ လောကီရေးရာတွေကို တွေ့ကြုံခံစားရဦးမယ်.. အဲ့ဒါကမှ တစ်ကယ့်ကျင့်ကြံရေးလမ်းကြောင်းပဲ”
ဘုန်းကြီးအိုက ဆက်ပြော၏။
“မင်းက မော်တယ်ဘုံလောကကို ဝင်ရောက်ပြီးမှပဲ အဲ့ကနေ ပြန်ထွက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ရလိမ့်မယ်”
မင်းကျန်က နဝေတိမ်တောင်နှင့် ခေါင်းညိတ်လိုက်၏။
သူသည် နဂါးသင်္ချိုင်းတောင်ကြားကနေ မထွက်ခွာခဲ့ဖူးသလို၊ လောကီရေးရာကိစ္စများကိုလည်း မကြုံတွေ့ဖူးပေ။ အဲ့လိုအရာတွေကို သူဘယ်လိုလုပ်ပြီး နားလည်နိုင်ပါ့မလဲ။
သို့သော်လည်း ဆရာတော်က သူ့ကို ဤနေရာကနေ ထွက်ခွာစေချင်နေသည်ကိုတော့ သူပြောနိုင်လေသည်။
မင်းကျန်သည် ရင်ထဲမှာ စိတ်ပျက်ဝမ်းနည်းမှုကို ခံစားလိုက်ရ၏။
ဆူဇီမိုက ဘုန်းကြီးအိုကိုကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
ဘုန်းကြီးအို၏ ရင်ထဲမှ ရည်ရွယ်ချက်ကို သူမြင်နိုင်လေသည်။
ဘုန်းကြီးအိုက မင်းကျန်အတွက် ရွေးချယ်စရာလမ်းကြောင်းတစ်ခုကို ရှာဖွေပေးဖို့ ကြိုးစားနေခြင်းပင်။
သူက အိုမင်းနေပြီဖြစ်ပြီး တစ်နေ့ ဤလောကကနေ ထွက်ခွာရတော့မည်ဆိုတာ သူသိထားလေသည်။
ထို့ကြောင့်ပင် သူက မင်းကျန်ကို အခြားဂိုဏ်းကြီးတစ်ခုခုသို့ ဝင်ရောက်စေချင်နေခြင်းပင်။ ထိုသို့ဖြင့် ထိုကောင်လေးက ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းး၏ ကာကွယ်စောင့်ရှောက်ပေးမှုကို ရရှိပေလိမ့်မည်။
ထိုသို့အတွေးနှင့် ဆူဇီမိုသည် မိမိကိုယ်မိမိ အပြစ်တင်သလို ခါးသက်သက် ပြုံးလိုက်၏။
သူသည် မြောက်ပိုင်းဒေသ၏ အဖွဲ့အစည်းကြီးများအားလုံးကို ရန်စခဲ့မိ၏။
မြောက်ပိုင်းဒေသမှာ သူ့အတွက် နေစရာနေရာ မရှိပေ။
မည်သည့်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းကမှ သူ့ကို လက်ခံကြလိမ့်မည် မဟုတ်ပေ။
လူတိုင်းက သူ့ကို သားရဲတစ်ကောင်အဖြစ် ထင်မြင်ထားသောကြောင့် ဖြစ်လေသည်။
လူသာများနှင့် သားရဲများက လုံးဝ ကွဲပြားခြားနားလေသည်။
ဆူဇီမို၏ မျက်လုံးထဲမှ ဝမ်းနည်းမှုကို ခံစားမိပြီး ဘုန်းကြီးအိုက နွေးထွေးစွာ ပြောလိုက်၏။
“အဲ့မှာ ထိပ်သီးဂိုဏ်းကြီးတွေကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးအပြင်.. မင်းရဲ့နာမည်ကို အမြုတေနယ်မြေအဆင့်သတ်မှတ်စာရင်းမှာ ချန်ခဲ့နိုင်ရင် ရလာမယ့် ဆုလာဘ်တွေလဲ ရှိသေးတယ်”
“ထုံးစံအတိုင်း အဆင့်သတ်မှတ်ချက်က ပိုမြင့်လေလေ.. ဆုလာဘ်တွေကလဲ ပိုကောင်းလေလေပေါ့.. အဲ့ဒီမှာ ကမ္ဘာမြေအဆင့် ဓမ္မပညာရပ်တွေ ဒါမှမဟုတ် ကျင့်ကြံရေးနည်းစနစ်တွေ ဒါမှမဟုတ် ထိပ်တန်းအဆင့် နဲ့ ပကတိအဆင့် ဓမ္မလက်နက်တွေ ပါနိုင်တယ်.. ပြောရမယ်ဆို အဲ့ဒီမှာ မူလဓမ္မလက်နက်တစ်ခုကို ရနိုင်တဲ့ အခွင့်အရေးသေးသေးလေးတစ်ခုတောင် ရှိနေတယ်”