← Chapters

အစေခံအဖြစ် မွေးဖွားလာခြင်း

Vol. 43 Ch. 638

အစေခံအဖြစ် မွေးဖွားလာခြင်း

Vol. 43 Ch. 638

အဲ့ဒါသည် ရှေးဦးအဆက်နွယ်တောကောင်အမျိုးအစား.. ကောင်းကင်ရိုးဝံပုလွေတစ်ကောင် ဖြစ်လေသည်။ သူတို့၏ ခန္ဓာကိုယ်က ဆယ့်လေးငါးပေ ရှည်လျားပြီး တစ်ကိုယ်လုံးကို သွေးနီရောင်သားမွေးများဖြင့် ဖုံးအုပ်ထား၏။ သူတို့က သွေးဆာရက်စက်တတ်ပြီး တစ်ကိုယ်တော် သွားလာလေ့ရှိကာ အလွန်တရာသန်မာ၍ ပြင်းထန်ကြမ်းကြုတ်လေသည်။

သို့သော် ယခုအခါမှာတော့ ဤရှေးဦးအဆက်နွယ်တောကောင်၏ မျက်လုံးများက ငေးငိုင်နေပြီး တုန်လှုပ်ချောက်ချားကာ သတိမဲ့နေ၏။

တစ်ကယ်တော့ တာမင်းမန္တန်တစ်ခုတည်းဆိုလျှင် သက်ရောက်မှုက ဤမျှထိ ကြောက်စရာကောင်းနိုင်မှာ မဟုတ်ပေ။

အဲ့ဒါထက် ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး သူ၏ အဆုတ်က အလွန်တရာ သန်မာလေသည်။ ကြွယ်ဝသောသက်လုံအားနှင့် ရှင်းလင်းထားသောပါးစပ်ဒွာရတို့ကို ပေါင်းစပ်လိုက်သောအခါ သူ့ထံမှ ရုန်းကန်ပေါက်ကွဲအားက တုန်လှုပ်ချောက်ချားစရာပင်။

တာမင်းမန္တန်နှင့် ပေါင်းစပ်ထားတာကို မပြောနှင့် သူ့ထံမှ ရိုးစင်းသောဟိန်းဟောက်သံတစ်ချက်ကိုပင် သာမန်တောကောင်များက ခံယူနိုင်လိမ့်မည် မဟုတ်ပေ။

အားနည်းသော ကျင့်ကြံသူများဆိုလျှင် ထိုတုန်ခါအားဖြင့် နေရာမှာတင် အသက်ထွက်သွားနိုင်၏။

ဆူဇီမိုက သူ့လက်ချောင်းများကို ဆန့်ထုတ်ပြီး ကောင်းကင်ရိုးဝံပုလွေ၏ ဦးခေါင်းကို ဖိချလိုက်၏။

လူတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်၏ ပုံရိပ်များသည် လေထဲကနေ လျှင်မြန်စွာ ဆင်းသက်လာကြ၏။

ဝုန်း..

ဆူဇီမိုသည် ကောင်းကင်ရိုးဝံပုလွေ၏ ဦးခေါင်းကို မြေကြီးပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်ပြီး ကြီးမားသည့် တွင်းကြီးတစ်တွင်းကို ချက်ချင်းဖြစ်ပေါ်သွားစေ၏။

“ဗျစ် ဗျစ်...”

ကောင်းကင်ရိုးဝံပုလွေသည် သတိပြန်ဝင်လာပြီး အဆက်မပြတ် ရုန်းကန်လိုက်၏။

၎င်း၏ လက်သည်းများက မြေကြီးကို ဓါးမြှောင်များကဲ့သို့ ကုတ်ခြစ်နေပြီး ရွှံ့ခဲများကို တဖွားဖွား လွင့်စင်သွားစေကာ မာန်ဖီဟိန်းဟောက်ရင်း သားမွေးများက ထောင်ထလာ၏။

သို့သော် ဘယ်လိုပင် သူရုန်းကန်ပါစေ.. ဆူဇီမို၏ လက်ဖဝါးတွင်းမှ လွတ်မြောက်အောင် မရုန်းထွက်နိုင်ပေ။

သူ့လက်များက ဖြူဖွေးချောမွတ်နေပြီး ကျောက်စိမ်းနှင့် ဆင်တူကာ မည်သည့်လက်နက်ကိုမှ မကိုင်ခဲ့ဖူးသည့်ပုံပင်။

သို့သော်လည်း သူ၏ ဆန့်ထုတ်ထားသော လက်ချောင်းများက ကောင်းကင်ရိုးဝံပုလွေ၏ ဦးခေါင်းကို တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်နိုင်အောင် ဖိနှိမ်ထား၏။

ဆူဇီမို၏ အကြည့်က သတ်တော့ဖြတ်တော့မည့်ပုံဖြင့် အေးစက်လာ၏။

အဲ့ဒါကို အာရုံခံမိလိုက်ပြီး ကောင်းကင်ရိုးဝံပုလွေသည် တသိမ့်သိမ့် တုန်ယင်သွားကာ ဆက်လက်ရုန်းကန်ခြင်း မရှိတော့ပေ။

သားရဲတောကောင်များက အန္တရာယ်အပေါ် အာရုံခံရာတွင် အထက်ရှဆုံးဖြစ်၏။

ဒါ့အပြင် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်၌ အသိဉာဏ်ဝင်နေပြီဖြစ်ပြီး ဆူဇီမိုက သနားညှာတာနေခြင်း ဖြစ်သည်ကို သူပြောနိုင်လေသည်။

ဆူဇီမိုက သူ့လက်ကို လွှတ်ပေးလိုက်သော်လည်း ကောင်းကင်ရိုးဝံပုလွေသည် မလှုပ်မယှက် ရှိနေ၏။

ကောင်းကင်ရိုးဝံပုလွေသည် သည်းထန်စွာ မောဟိုက်နေပြီး သူ့ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်၏။ သူနှင့် ဤလူသားကြားက အကွာအဝေးကို မြင်သောအခါ သူ့ရင်ထဲသို့ သတ်ဖြတ်လိုစိတ်က ပြန်လည်ဝင်ရောက်လာ၏။

ပုံမှန်အားဖြင့် ကျင့်ကြံသူများက အားနည်းသော ကိုယ်ကာယ ရှိလေသည်။

ဤအကွာအဝေးအရ သူ့အတွက် အောင်မြင်နိုင်ခြေက ၉၀% ရှိလေသည်။

သို့သော်လည်း နောက်ခဏ၌ ထိုအတွေးကို သူလက်လျှော့လိုက်၏။

ဆူဇီမိုက အမူအယာကင်းမဲ့၍ တည်ငြိမ်သော အကြည့်နှင့် ရှိနေ၏။ သူက တစ်ခုခု မူမမှန်တာ ပြုမူလိုက်သည်နှင့် ဤလူသားက သူ့ကို နေရာမှာတင် တစ်ခါတည်း သတ်ဖြတ်ပစ်တော့မည်ဟု ကောင်းကင်ရိုးဝံပုလွေသည် ခံစားမိလာ၏။

ဆူဇီမိုက ကောင်းကင်ရိုးဝံပုလွေ၏ ကျောပေါ်သို့ ခုန်တက်၍ သူ့ခေါင်းကိုပုတ်ကာ ရှေ့သို့လက်ညိုးထိုးရင်း ပြောလိုက်၏။

“အဲ့ကို သွား”

ကောင်းကင်ရိုးဝံပုလွေသည် တစ်နည်းတစ်ဖုံ တွန့်ဆုတ်စွာနှင့် ထရပ်၍ သူ့ကိုယ်ပေါ်က ရွှံ့များကို ခါချလိုက်၏။ သူက ဝမ်းခေါင်းသံဖြင့် တစ်ချက်ညည်းတွားပြီးနောက် ရှေးဟောင်းတိုက်ပွဲမြေအနက်ပိုင်းဆီသို့ ဝင်ချသွားလေသည်။

သူ့စိတ်ထဲမှာတော့.. ဤလူသားက သူ့ကို အတင်းအကျပ် သွေးသစ္စာ မကျိန်ဆိုခိုင်းသေးသရွေ့ သူ၏ ညွှန်ကြားချက်အချို့ကို လိုက်လျောပေးနိုင်လေသည်။

ကောင်းကင်ရိုးဝံပုလွေ၏ ကျောပေါ်သို့ ရောက်သွားပြီးနောက် ဆူဇီမိုက အေးဆေးသက်သာစွာ ကျင့်ကြံနိုင်လေသည်။

အခုဆို သူက နောက်ပိုင်းရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်၏။

ပတ်ဝန်းကျင်ရှိ ကြွယ်ဝသော စိတ်ဝိညာဉ်ချီနှင့်ဆိုပါက.. အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့ကျင့်ကြံမှုက အဆင့်တက်ဖို့ အခွင့်အလမ်း ရှိလေသည်။

ဆယ်ရက်ကြာပြီးနောက်..

ကောင်းကင်ရိုးဝံပုလွေ၏ ကျောပေါ်ရှိ ဆူဇီမိုသည် ကျင့်ကြံနေရာမှ နိုးထလာ၏။ သူ့နားရွက်က အနည်းငယ် လှုပ်သွားပြီး ခပ်လှမ်းလှမ်းတစ်နေရာမှ သားရဲတောကောင်ဟိန်းသံများ ရောနေသော တိုက်ခိုက်သံတချို့ကို ဝိုးတဝါး ကြားလိုက်ရ၏။

“အဲ့ဘက်ကိုသွား.. သွားစစ်ဆေးကြည့်စရာ ရှိတယ်”

ဆူဇီမိုသည် ကောင်းကင်ရိုးဝံပုလွေကို ပုတ်ပြီး နောက်ထပ် ဦးတည်ဘက်တစ်ခုကို ညွှန်ပြလိုက်၏။

ကောင်းကင်ရိုးဝံပုလွေသည် လမ်းတစ်လျှောက် တစ်ဟုန်ထိုး ပြေးသွားလိုက်ပြီးနောက် သိပ်မကြာမီ တောင်ကြားတစ်ခု၏ ဝင်ပေါက်ဝရှေ့သို့ ရောက်ရှိလာ၏။

တောင်ကြားထဲမှာ အနည်းဆုံး သားရဲတောကောင် တစ်ထောင်လောက်ရှိပြီး ကျင့်ကြံသူတစ်အုပ်စုကို ဝိုင်းပတ်ထားကြ၏။

ကြောက်စရာကောင်းသည့်အချက်မှာ သူတို့အားလုံးနီးပါးက ရှေးဦးအဆက်နွယ်တောကောင်များ ဖြစ်နေကြခြင်းပင်။

တောင်ကြားအနီးရှိ တောင်ထွတ်တစ်ခုပေါ်မှာ ရွှေရောင်သားမွေးများဖြင့် စွမ်းအားကြီးခြင်္သေ့တစ်ကောင်က ရပ်နေ၏။ ၎င်းက နတ်ဘုရားဆန်သောစွမ်းအားကို ပိုင်ဆိုင်ထားပြီး ခေါင်းလောင်းမျှ ကြီးမားသော သူ၏ မျက်လုံးများဖြင့် တောင်ကြားအောက်ကို ငုံ့ကြည့်နေ၏။

ရွှေခြင်္သေ့..

အဲ့ဒါက တစ်ကယ့်ကို အစစ်အမှန် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ပင်။

ဒါ့အပြင် ဤရွှေခြင်္သေ့က အလွန်တရာ သန်မာပြီး ၎င်း၏ အတွင်းအမြုတေက အထွတ်အထိပ်သို့ ရောက်နေပြီဆိုတာကို ဆူဇီမို ခံစားမိလေသည်။ ၎င်းက မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာဖို့ နောက်ထပ်ခြေတစ်လှမ်းသာ လိုတော့လေသည်။

ကောင်းကင်ရိုးဝံပုလွေသည် သိသာထင်ရှားစွာ ကြောက်လန့်နေပြီး နောက်ပြန်ဆုတ်ကာ ထွက်ပြေးချင်နေမိ၏။

သို့သော်လည်း သူ့ကို မြေပြင်ပေါ်မှာ အတင်းဝပ်တွားစေချင်နေသည့်အလား ဆူဇီမို၏ ခန္ဓာကိုယ်က အရမ်းကို သိသိသာသာ လေးလံလာသည့်အတွက် သူသည် စိတ်ထဲကနေ တအီအီနှင့် ဝမ်းနည်းပက်လက် ညည်းတွားလိုက်ရ၏။

တည်ငြိမ်သော အမူအယာနှင့်အတူ ဆူဇီမို၏ အကြည့်က တောင်ကြားကို ဖြတ်သွား၏။

တောင်ကြားထဲရှိ ကမ်းပါးစွန်းတစ်ခုတွင် အစိမ်းရောင်ပန်းတစ်ပွင့်က ဖူးပွင့်နေ၏။

ထိုပန်းပွင့်ထဲမှာ အစိမ်းရောင်သစ်သီးတစ်လုံးရှိပြီး အဲ့ဒါက မွေးကင်းစကလေးလက်သီးအရွယ်လောက် ရှိလေသည်။ အဲ့ဒါက အဖြူရောင်အစက်လေးများဖြင့် ပြည့်နေပြီး ခပ်ဖျော့ဖျော့ မွှေးရနံ့ကို ထုတ်ပေးနေ၏။

စိတ်ဝိညာဉ်စုဆောင်းခြင်းသစ်သီး..

ဤပဋိပက္ခ၏ အကြောင်းရင်းက ထိုစိတ်ဝိညာဉ်စုဆောင်းသစ်သီးကြောင့် ဖြစ်ရပေမည်။

ဘုန်းကြီးအိုက သူ့ကို မှာကြားခဲ့၏။ စိတ်ဝိညာဉ်စုဆောင်းသစ်သီးနှင့် ဝိညာဉ်အားဖြည့်သွေးဂျင်စင်းတို့ကို ကျင့်ကြံသူများသာ လိုအပ်သည်မဟုတ်ဘဲ သားရဲတောကောင်များတောင်မှ အဲ့ဒါကို တွေ့လျှင် လုယက်ကြပေလိမ့်မည်။

ဝိုင်းရံတိုက်ခိုက်ခံထားရသောဘက်တွင် အမျိုးသားရော၊ အမျိုးသမီးများပါ ပါရှိပြီး သူတို့၏ ခြေရင်းတွင် အလောင်းများစွာလည်း ရှိနေ၏။ ထိုအလောင်းများလုံးက ရုပ်ပျက်ဆင်းပျက်နှင့် သေဆုံးနေကြလေသည်။

အသက်ရှင်ကျန်သေးသူက ဆယ်ယောက်ကျော် ရှိပြီး သူတို့အားလုံးသည် ဒဏ်ရာများ ရရှိထားကြ၏။

သို့သော်လည်း သူတို့သည် အုပ်စုတစ်ခုအဖြစ် စုကပ်ဖွဲ့၍ ဗျူဟာကျကျပုံစံ၊ ထူးကဲသောနည်းလမ်းများနှင့်အတူ အကောင်းဆုံး ခုခံ၍ ရှင်သန်နိုင်ဖို့ ကြိုးစားရုန်းကန်နေကြ၏။ သူတို့က ဂိုဏ်းကြီးတစ်ဂိုဏ်းမှ လာခဲ့သည်မှာ သိသာလေသည်။

ရွှေခြင်္သေ့သည် ဆူဇီမိုကို လှည့်ကြည့်လိုက်ပြီး မည်သည့်ခြိမ်းခြောက်မှုကိုမှ မခံစားရဘဲ လှောင်ပြောင်သရောသလို ကြည့်လိုက်၏။

“ဝေါင်း”

ရွှေခြင်္သေ့က ဟိန်းဟောက်၍ တောင်ထွတ်ကို ပြင်းထန်စွာ ဆောင့်နင်းချလိုက်၏။

တောင်ထွတ်က ချက်ချင်း ကြေမွသွားလေသည်။

များစွာသော ကျောက်ဆောင်များက ကြောက်စရာကောင်းစွာ တုန်ခါလာကြ၏။

အဲ့ဒါက တစ်ကယ့်ကို ကမ္ဘာတုန်လောက်စရာပင်။

ကောင်းကင်ရိုးဝံပုလွေသည် တသိမ့်သိမ့် တုန်ယင်လာပြီး ပိုလို့တောင် ကြောက်ရွံ့လာ၏။

အမိန့်တစ်ခုကို ရလိုက်သည့်အလား ရှေးဦးအဆက်နွယ်တောကောင် တစ်ထောင်ကျော်သည် သူတို့၏ တိုက်ခိုက်မှုအရှိန်ကို လျှော့ချ၍ တဖြည်းဖြည်း ရပ်တန့်လိုက်ကြ၏။

သို့သော်လည်း ထိုရှေးဦးအဆက်နွယ်တောကောင်များက ကျန်ရှိနေသော ကျင့်ကြံသူအနည်းစုကို ကြမ်းကြုတ်သောအကြည့်များနှင့်အတူ ဝိုင်းပတ်ထားကြဆဲဖြစ်ပြီး သူတို့ခြေထောက်အောက်ရှိ အလောင်းကောင်များမှ အသားများကို အလွန်တရာ ရက်စက်ကြမ်းကြုတ်စွာ သွားရည်တမျှားမျှားဖြင့် ကိုက်ဖဲစားသောက်နေကြ၏။

ကျန်ရစ်သူများထဲမှ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သည် ထိုမြင်ကွင်းကိုကြည့်ပြီး အော့အန်လိုက်ကြ၏။

အဲ့ဒါက သူတို့ဂိုဏ်းသားအဖော်များ၏ အလောင်းများ ဖြစ်လေသည်။

သူတို့ထဲမှ တစ်ယောက်က နေရာမှာတင် ပြိုလဲသွားပြီး မျက်ရည်များဖြင့် ငိုကြွေးလိုက်၏။

ကျန်ရှိနေသော အမျိုးသားများမှာလည်း ကြောက်လန့်လာကြပြီး ဖြူလျော့သော မျက်နှာများနှင့် တုန်ယင်နေကြ၏။

“ကမျောက်ကချောက် လူသားတွေ.. မင်းတို့က အခုထိ ခုခံချင်နေကြသေးတယ်ပေါ့.. ငါ မင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. ငါ့ဆီမှာ သွေးသစ္စာကျိန်ဆိုပြီး ငါ့အစေခံ လာလုပ်လိုက်”

ရွှေခြင်္သေ့က ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ လူသားဘာသာစကားကို ပြောလိုက်၏။

ထိုအသံကို ကြားသောအခါ ဆူဇီမိုက မျက်မှောင်ကြုတ်၏။

သားရဲတောကောင်များကို ထိန်းချုပ်ဖို့နှင့် သစ္စာဖောက်မှုကို တားဆီးဖို့အတွက် ကျင့်ကြံသူများသည် သွေးသစ္စာကျိန်ဆိုခိုင်းကြ၏။

သားရဲများကလည်း လူသားများကို သွေးသစ္စာပြန်လည်ကျိန်ဆိုခိုင်းလိမ့်မည်ဟု သူထင်မှတ်မထားမိပေ။

ဤသားရဲများက လူသားများကို သူတို့၏ အစေခံအဖြစ် ထားရှိချင်နေကြ၏။

ရွှေခြင်္သေ့က ဟိန်းဟောက်လိုက်၏။

“မင်းတို့အနေနဲ့ ငါ့ရဲ့အစေခံဖြစ်ရတာ ဂုဏ်တောင်ယူသင့်သေးတယ်”

“ကမ္ဘာဦးခေတ်တုန်းကဆို လူသားတွေက မျိုးနွယ်စုတစ်ထောင်ကျော်ရဲ့ ကျွန်ပြုခံထားရတာပဲ.. မင်းတို့လူသားတွေရဲ့ မျိုးဆက်သွေးက အားနည်းပြီးတော့ မင်းတို့ရဲ့ အသက်တွေကလဲ ဟင်းရွက်ကန်စွန်းတွေလိုပဲ.. မင်းတို့အားလုံးက အစေခံဖြစ်ဖို့ မွေးဖွားလာခဲ့ကြတာပဲ”

အစေခံဖြစ်ဖို့ မွေးဖွားလာခြင်း..

ထိုစကားလုံးများက ဆူဇီမိုအတွက် အလွန်တရာ နားကြားပြင်းကပ်လေသည်။

သူသည်လည်း သားရဲကျင့်ကြံခြင်းကို ကျင့်ကြံထား၏။

သို့သော် ဘာပဲဖြစ်ဖြစ် သူက လူသားတစ်ယောက်သာ ဖြစ်လေသည်။

ရွှေခြင်္သေ့၏ လေသံမှ အထင်အမြင်သေးမှုက ဆူဇီမိုကို လူသားများ၏ ဂုဏ်ကျက်သရေ ညှိးနွမ်းခဲ့သော ကမ္ဘာဦးခေတ်သို့ ပြန်ရောက်ရှိသွားသည့်အလား ခံစားသွားရစေ၏။

ကျန်ရှိနေသော ကျင့်ကြံသူများ၏ မျက်နှာများကလည်း ပျက်စီးသွားကြ၏။

သူတို့သည် အဲ့ဒါကို ငြင်းဆန်လျှင် သူတို့ကို ဝိုင်းပတ်ထားသော ရှေးဦးအဆက်နွယ်တောကောင်တစ်ထောင်ကျော်က သူတို့ကို အပိုင်းပိုင်း စုတ်ဖြဲပစ်ပေတော့မည်။

သူတို့၏ ခေါင်းဆောင်က မကျေမချမ်း ဖြစ်နေသော်လည်း.. သူက နောက်ဆုံး သက်ပြင်းချလိုက်၏။

“ကျုပ်တို့.....”

“ဘယ်လောက်တောင် သွေးကြောင်လိုက်လဲကွာ”

သူ့စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် တောင်ကြားအပြင်ဘက်မှ လှောင်ပြောင်သံတစ်သံက သူ့စကားသံကို ဖြတ်တောက်ပစ်လိုက်၏။

အကြည့်ပေါင်းများစွာက တောင်ကြား၏ ဝင်ပေါက်ဝဘက်သို့ ရောက်ရှိသွားကြ၏။

ကောင်းကင်ရိုးဝံပုလွေတစ်ကောင်ကို စီးနင်းထားသော အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သည် ထူးမခြားနားအမူအယာနှင့် တည်ငြိမ်သော အကြည့်နှင့်အတူ ဖြည်းဖြည်းချင်း ဝင်ရောက်လာလေသည်။

All Chapters