← Chapters

6သားရဲများကို နှိမ်နင်းခြင်း

Vol. 43 Ch. 641

6သားရဲများကို နှိမ်နင်းခြင်း

Vol. 43 Ch. 641

တောင်းကြားထဲတွင် ရှေးဦးအဆက်နွယ်တောကောင်များ၏ အရေအတွက်က လျှင်မြန်စွာ လျော့ကျလာနေ၏။

အဲ့ဒီမှာ ရှေးဦးအဆက်နွယ်တောကောင်ပေါင်း တစ်ထောင်နီးပါး ရှိနေသေးသော်လည်း သူတို့သည် အဆင့် ၃ မီးပဒေသာဓါးဝင်္ကပါကို ယှဉ်ပြိုင်နိုင်ခြင်း မရှိကြတော့ပေ။

အလောင်းများက ပုံထပ်၍ သွေးများက ချောင်းစီးလာ၏။

တောင်ကြားတစ်ခုလုံးက သွေးရောင်ငရဲခန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်ဟု ထင်ရလေသည်။

နောက်ဆုံးမှာတော့ ရှေးဦးအဆက်နွယ်တောကောင်အချို့သည် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ သူတို့၏ မျက်လုံးများထဲမှ ကြမ်းကြုတ်ခက်ထန်မှုက ပျက်ပြယ်လာ၏။ သေခြင်းတရား၏ ကြောက်ရွံ့မှုက ကြီးစိုးလာပြီးနောက် သူတို့သည် ခြေဦးတည့်ရာသို့ စတင်၍ ထွက်ပြေးကုန်ကြ၏။

ရွှေခြင်္သေ့သည် တောင်ထွတ်ထိပ်မှာ ရပ်၍ ပါမွှားလူသားကို သုန်မှုန်စွာနှင့် ကြည့်နေ၏။ နောက်ဆုံးမှာတော့ သူသည် ထိုလူသားကို အထင်မသေးနိုင်တော့ပေ။

ဤလူသားက သန်မာလှလေသည်။

ထိုဓါးဝင်္ကပါက အလွန်တရာရှေးကျသော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားပုံရပြီး သူ့နှလုံးကပင် စတင်၍ တဒုတ်ဒုတ်ခုန်လာသည်ဟု ခံစားလိုက်ရ၏။

သို့သော်လည်း ကိစ္စက ထိုသို့ဖြစ်လေလေ.. ရွှေခြင်္သေ့က ပိုလို့ စိတ်လှုပ်ရှားလာလေဖြစ်ပြီး သူ့မျက်လုံးများက တိုက်ပွဲဝင်လိုစိတ်ဖြင့် ဝင်းလက်တောက်ပလာ၏။

သူသာ သန်မာသော ဤလူသားကို အစေခံတစ်ယောက်အဖြစ် ဖိနှိမ်နိုင်မည်ဆို ရှေးဦးအဆက်နွယ်တောကောင်များစွာကို ဆုံးရှုံးရလည်း အဲ့ဒါက ထိုက်တန်လေသည်။

“ဝေါင်း”

ရွှေခြင်္သေ့က ဟိန်းဟောက်ရင်း သူ့သွေးချီများက ထကြွလာကာ သူ့ခန္ဓာကိုယ်ကို သားရဲချီများက လွှမ်းခြုံလာ၏။ သူက တောင်ကြားထဲသို့ ဆင်းသက်၍ သူ့လက်သည်းများကို မြှောက်ပြီး မီးပဒေသာဓါးဝင်္ကပါထံသို့ ခုန်အုပ်ချလိုက်၏။

စောင့်ကြည့်နေကြသော သူများသည် ရှင်းရှင်းလင်းလင်း မြင်နေရ၏။

ဓါးဝင်္ကပါက စွမ်းအားကြီးသော်လည်း ဆက်တိုက်ဆင့်ကဲ တိုက်ခိုက်လာပြီးနောက် ဓါးတစ်လက်ချင်းစီမှာ ရှေးဦးအဆက်နွယ်တောကောင်များ၏ သွေးများက စွန်းထင်းနေပြီး ဓါးအလင်းများက တဖြည်းဖြည်း မှိန်လာနေလေပြီ။

ရှေးဦးအဆက်နွယ်တောကောင်များ၏ မျိုးဆက်သွေးက စွမ်းအားကြီးမား၏။

ထိုသားရဲများ၏ သွေးဖြင့် စွန်းထင်းခံရပြီးနောက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်များတောင်မှ ခွန်အားအရာမှာ အားနည်းလာလေသည်။

တိတိပပပြောရလျှင် ထိပ်တန်းအဆင့်လက်နက်များကို ရှေးဦးအဆက်နွယ်သားရဲများ၏ သွေးထဲမှာ အချိန်ကြာမြင့်စွာ စိမ်ထားလျှင် လုံးလုံးလျားလျားပင် ပျက်စီးသွားပေလိမ့်မည်။

မီးပဒေသာဓါးဝင်္ကပါ၏ လည်ပတ်မှုက အရင်ကလောက် ချောချောမွေ့မွေ့ မဖြစ်တော့တာ သိသာလာလေသည်။ ဓါးချီဖြာထွက်သည့် ဝန်းဝိုင်းကလည်း သိသိသာသာ ကျုံ့ဝင်သွားပြီး ၎င်း၏ ရွေ့လျားမှုက အနည်းငယ် လေးကန်လာလေသည်။

ရွှေခြင်္သေ့သည် တိုက်ခိုက်ရန် ဤအချိန်ထိ စောင့်ဆိုင်းနေခဲ့သည်မှာ သူက မီးပဒေသာဓါးဝင်္ကပါကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ချင်သောကြောင့် ဖြစ်လေသည်။

ဝုန်း..

ကျယ်လောင်သော ဆူညံသံကြီးက ထွက်ပေါ်လာ၏။

မီးပဒေသာဓါးဝင်္ကပါနှင့် ရွှေခြင်္သေ့တို့က ထိပ်တိုက် ထိတွေ့သွားကြလေပြီ။

ခဏမျှ ရပ်တန့်သွားပြီးနောက်...

ဓါးဝင်္ကပါက ပျက်ပြယ်သွားပြီး ဓါးပျံ ၂၇ လက်သည် လေထဲကနေ တစ်လက်ပြီးတစ်လက် ပြန့်ကျဲ ကျလာ၏။ ဓါးများအားလုံးမှ အလင်းများကလည်း လုံးဝ မှိန်ကျသွားလေပြီ။

စိတ်ဝင်တစား စောင့်ကြည့်နေကြသူများသည် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

ဓါးဝင်္ကပါက ဖျက်ဆီးခံလိုက်ရသည်ကို တွေ့သောအခါ သူတို့သည် ဆူဇီမိုထက်ပင် စိုးရိမ်ပူပန်နေကြ၏။

တစ်ဖက်မှာတော့ ဆူဇီမိုက အံ့အားသင့်မသွားဘဲ သူ့အကြည့်က တည်ငြိမ်နေ၏။ သူက ဓါးပျံ ၂၇ လက်ကို ခပ်တည်တည်ပင် သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။

ဤတိုက်ပွဲပြီးလို့ ဓါးများပေါ်ရှိ သားရဲသွေးများကို ဖယ်ရှင်းပစ်လိုက်သည်နှင့် ဓါးပျံများက သူတို့၏ နဂိုမူလအနေအထားသို့ သိပ်မကြာခင် ပြန်ရောက်ရှိသွားပေလိမ့်မည်။

ရွှေခြင်္သေ့သည် နောက်ပြန်လွင့်သွားပြီး မြေကြီးပေါ် သုံးလေးပတ် လိမ့်သွားပြီးမှ ပြန်ကျုံးထလာ၏။ သူ့လက်သည်းများက ပြင်းထန်သော နာကျင်မှုဖြင့် အနည်းငယ် တုန်ရီနေ၏။

ထိုသို့ဆိုလျှင်တောင် ရွှေခြင်္သေ့သည် သူ့မျက်လုံးများထဲမှာ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။

နောက်ဆုံးမှာတော့ သူသည် ထိုကြောက်စရာဓါးဝင်္ကပါကို စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ချက်နှင့်အတူ ဖျက်ဆီးလိုက်နိုင်လေပြီ။

ရွှေခြင်္သေ့က သူ့ခေါင်းကို မော့၍ ရယ်မောကာ အော်လိုက်၏။

“အသုံးမကျတဲ့ကောင်.. မင်းရဲ့ အသန်မာဆုံးနည်းစနစ်လဲ ငါနဲ့တွေ့တော့ တစ်ခါထဲ တန်းပြီး ပျက်စီးသွားရတာပဲမလား.. ဟဟဟားဟား”

“အသန်မာဆုံး နည်းစနစ်လား”

ဆူဇီမိုက ကြောင်အမ်းအမ်း အမူအယာ ဖြစ်သွား၏။

ရွှေခြင်္သေ့က ဝင်းလက်နေသော မျက်လုံးများနှင့် တောင်ကြားထဲရှိ ဆူဇီမိုကို ငုံ့ကြည့်လိုက်၏။

“အခုနေ မင်း အသာတကြည် လက်လျှော့ပြီး ငါ့ဆီမှာ သွေးသစ္စာကျိန်ဆိုမယ်ဆိုရင်တော့.. အနာသက်သာမှာပေါ့ကွာ.. မဟုတ်ရင်တော့... ဟီးဟီး”

သူက ဆူဇီမိုကို ခြိမ်းမောင်းဖွယ်ရာ စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။

“မင်းပြောတဲ့ စကားအတိုင်းပဲ မင်းကို ငါပြန်ပြောလိုက်မယ်”

ဆူဇီမိုက ပြုံးစစနှင့် ကောင်းကင်ရိုးဝံပုလွေပေါ်ကနေ ခုန်ဆင်းလိုက်၏။

“ခြင်္သေ့ဝါ.. မင်းအခုနေ ငါ့ရှေ့မှာ နာခံစွာနဲ့ ဝပ်တွားပြီးတော့ ငါ့အစီးအနင်း လုပ်ပေးမယ်ဆိုရင်တော့ မင်း အနာသက်လိမ့်မယ်”

ရွှေခြင်္သေ့က ဒေါသူပုန်ထသွား၏။

သို့သော်လည်း ကောင်းကင်ရိုးဝံပုလွေကတော့ ကျေနပ်နှစ်ခြိုက်သွားပြီး ပျော်ရွှင်စွာ အသံပြု၍ တောင်ကြားဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွား၏။

“အသုံးမကျတဲ့ကောင်.. မင်းက ငါ့ဒေါသကို လာဆွနေတာပဲ”

ရွှေခြင်္သေ့က အံကိုကြိတ်ကာ သွားရည်တများများနှင့် အစွယ်များကိုထုတ်ပြီး တစ်လုံးချင်း ပြောလိုက်၏။

“မင်း အခုချက်ချင်း အသနားခံတောင်းပန်လိုက်ရင် ကောင်းလိမ့်မယ်နော်.. မဟုတ်လို့ ငါစိတ်ပြောင်းသွားရင်တော့ အရှင်လတ်လတ် ဝါးစားခံရလိမ့်မယ်”

ထိုသည်ကို ကြားသောအခါ ဆူဇီမိုက ပြုံးလိုက်၏။

ဆူဇီမို၏ အပြုံးကို မြင်သောအခါ ရွှေခြင်္သေ့သည် ပို၍ စိတ်တိုဒေါသထွက်လာပြီး ဟိန်းဟောက်လိုက်၏။ သူ၏ သားမွေးများက ထောင်ထလာပြီး သွေးချီများက ရုန်းကြွလာကာ သူ့ခန္ဓာကိုယ်ကြီးက ပြန့်ကား ကြီးမားလာ၏။

“ငါ မင်းကို စားတော့မယ်”

ရွှေခြင်္သေ့က ဟိန်းဟောက်လိုက်၏။

“ဟမ့်”

ဆူဇီမိုက သူ့အပြုံးကိုရုတ်၊ သူ့လက်ဝါးကို ရုတ်တရက် ဆန့်ထုတ်၊ လက်ချောင်းများကို ယှက်လိမ်၍ စိတ်ဝိညာဉ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်ကာ ရွှေခြင်္သေ့ဘက်သို့ ညွှန်လိုက်၏။

ရွှစ်..

လေရူးများက တဝီဝီအော်မြည်၍ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကန်ထကြွလာ၏။

တောင်ကြားထဲရှိ စိတ်ဝိညာဉ်ချီများသည် ဆူဇီမို၏ စိတ်ဝိညာဉ်တိုက်ကွက်ဆီသို့ ရေစီးကြောင်းများကဲ့သို့ စီးဝင်စုဆုံလာနေသည်ကို လှပသော အမျိုးသမီးကျင့်ကြံသူတို့ အုပ်စုသည် ရှင်းလင်းစွာ ခံစားမိနေကြ၏။

စိတ်ဝိညာဉ်ချီဝဲကတော့ကြီးတစ်ခုက ဖြစ်ပေါ်လာနေသည့်အလားပင်။

“ဘယ်လောက် ကြောက်ဖို့ကောင်းလိုက်တဲ့ စိတ်ဝိညာဉ်တိုက်ကွက်လဲ”

လူတိုင်းသည် တုန်လှုပ်သွားကြ၏။

နောက်ခဏ၌ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် စုဖွဲ့ထားသော ဧရာမလက်ဝါးကြီးတစ်ဖက်က ဆူဇီမိုရှေ့မှာ ပေါ်လာ၏။ သူ့လက်ချောင်းများကို ဖြန့်ထုတ်ထားပြီး လက်ဗွေအရေးအကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နေရ၏။

ထိုဧရာမလက်ဝါးကြီးက ကောင်းကင်ထက်မှာ လွှမ်းခြုံသွားပြီး ရွှေခြင်္သေ့ဆီသို့ ပြင်းထန်စွာ ဖိချလာ၏။

“ဟမ်”

ရွှေခြင်္သေ့၏ အမူအယာက ပြောင်းလဲသွားလေပြီ။

ထိုဆင့်ခေါ်လက်ဝါးမှ အလွန်တရာ ကြောက်စရာကောင်းသည့် အော်ရာတစ်ခု ဖြာထွက်နေသည်ကို သူခံစားမိနေ၏။

တိတိပပပြောရလျှင် ထိုလက်ဝါးက သူ့သွေးချီကိုပင် သိသိသာသာ ဖိနှိမ်လာလေသည်။

“ဒါက ဘာလဲဟ”

ရွှေခြင်္သေ့သည် သူ့အတွင်းအမြုတေကို ရူးသွပ်စွာ လှည့်ပတ်လိုက်၍ သားရဲချီများက တညုန်းညုန်း အော်မြည်၍ လည်ပတ်လာ၏။

“မာ!”

ရုတ်တရက် ဂါထာမန္တရားသံက ကမ္ဘာတုန်ဖွယ်ရာ ကျယ်လောင်စွာ မြည်ဟည်းလာ၏။

ရွှေခြင်္သေ့သည် တသိမ့်သိမ့် တုန်ယင်သွားပြီး သူ့သားမွေးများက ကျွတ်ကျကုန်၏။ သူ့သွေးချီက ပျက်ပြယ်လာပြီး သူ့အတွင်းအမြုတေ၏ လည်ပတ်မှုအရှိန်ကလည်း နှေးကွေးသွား၏။

“ဘယ်လို ဖြစ်ရတာလဲဟ”

ရွှေခြင်္သေ့သည် စိတ်ထဲကနေ ကြိတ်ပြီး တုန်လှုပ်သွား၏။

ဆူဇီမိုအနေနှင့်လည်း တာမင်းအစစ်အမှန်သုတ္တန်ကို ကျင့်ကြံပြီးနောက် တာမင်းဓမ္မချိတ်စည်းကို တာမင်းမန္တန်နှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်လိုက်ခြင်း ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် ဤဓမ္မချိတ်စည်းက ရွှေခြင်္သေ့အပေါ် သိသာထင်ရှားစွာ ဖိနှိမ်နိုင်ရသည့် အကြောင်းရင်းတစ်ချက်လည်း ရှိသေး၏။

အဲ့ဒါက သားရဲနှိမ်နင်းချိတ်စည်း ဖြစ်နေသောကြောင့်ပင်။

သားရဲနှိမ်နင်းချိတ်စည်းက သားရဲတောကောင်များကို ချိုးနှိမ်ရာတွင် အထူးပြုလေသည်။

ဘေးဘက်တွင် အခုချိန်ထိ ထွက်မပြေးရသေးသော ရှေးဦးအဆက်နွယ်တောကောင်များသည် သူတို့၏ ခန္ဓာကိုယ်များမှ သွေးချီများက ပျက်ပြယ်လာသည်ကို ခံစားလိုက်ရပြီး ကြောက်လန့်တကြား အမူအယာဖြင့် မြေပြင်ပေါ်မှာ ခွေယိုင်လဲကျကုန်၏။

ရွှေခြင်္သေ့က အခုချိန်တည် မာန်တင်း၍ တောင့်ခံထားနိုင်သေးသည်မှာ သူက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်နေသောကြောင့်ပင်။

သို့သော်လည်း သားရဲနှိမ်နင်းချိတ်စည်းက သူ့ဦးခေါင်းထက်ကနေ ကျဆင်းလာနေလေပြီ။

ဘုန်း..

ရွှေခြင်္သေ့က စိတ်ဝိညာဉ်စွမ်းအင်လက်ဝါးကြီးကို ရင်ဆိုင်ဖို့ မားမားမတ်မတ် ရပ်တည်ရန် ပြင်လိုက်စဉ်မှာပင် ထိုလက်ဝါးက သူ့ကို ပြင်းထန်စွာ ဖိချလိုက်၏။

စိတ်ဝိညာဉ်စွမ်းအင်လက်ဝါးအောက်တွင် ရွှေခြင်္သေ့၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးက တဆတ်ဆတ် တုန်ယင်နေ၏။

ရွှေခြင်္သေ့၏ ခန္ဓာကိုယ်ထဲတွင် မျိုးဆက်သွေးလည်ပတ်မှုက နှေးကွေးသွားပြီး ကောင်းမွန်စွာ မစီးဆင်းနိုင်တော့ပေ။

ရွှေခြင်္သေ့က လက်မခံနိုင်သော အမူအယာဖြင့် မြေကြီးပေါ်မှာ ဒူးထောက်ကျသွား၏။ သူက မကျေမချမ်း ဖြစ်နေသော်လည်း သူ၏ ကြီးမားသည့် ဦးခေါင်းကို မထိန်းချုပ်နိုင်တော့ဘဲ ဦးညွှတ်ကျသွားရ၏။

“အီး...”

သူက လက်မလျှော့သေးဘဲ ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်၏။

သို့သော် ဘယ်လိုပင် သူကြိုးစားရုန်းကန်ပါစေ.. သားရဲနှိမ်နင်းချိတ်စည်းကို သူဘာမှ လုပ်နိုင်စွမ်း မရှိတော့ပေ။

ဖျောက်.. ဖျောက်.. ဖျောက်..

သူတို့သည် အစက လွန်ဆွဲနေသေးသော်လည်း သားရဲနှိမ်နင်းချိတ်စည်း၏ စွမ်းအားက သိသိသာသာ ပို၍ သန်မာလာနေလေသည်။

ရွှေခြင်္သေ့၏ အရိုးများမှ တဖျောက်ဖျောက် မြည်သံများက ထွက်ပေါ်နေပြီး သူ့သွေးချီက ဖိနှိမ်ခံရကာ သူ့ခန္ဓာကိုယ်က ကျုံ့ဝင်လာ၏။

လှပသောအမျိုးသမီးတို့အုပ်စုမှာ ကြက်သေသေနေမိကြ၏။

စောစောကတင် ရိုင်းစိုင်းခက်ထန်၍ မောက်မာဝင့်ကြွားသော မူလသွေးမျိုးဆက်တောကောင်သည် ယခုအခါ မြေပြင်ပေါ်မှာ မလှုပ်ရှားနိုင်ဘဲ ငြိမ်သက်နေရ၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ နည်းလမ်းများက တစ်ကယ်ကို ကြောက်ဖို့ကောင်းလှလေသည်။

စိတ်ဝိညာဉ်စွမ်းအင်လက်ဝါးက ရွှေခြင်္သေ့၏ ခန္ဓာကိုယ်ကို ဆက်လက်ဖိချနေဆဲဖြစ်၏။

ဆူဇီမိုသည် ရွှေခြင်္သေ့ရှေ့သို့ လျှောက်သွားပြီး ထူးမခြားနားပုံစံဖြင့် ပြောလိုက်၏။

“မင်းသာ အချိန်အတိုင်းအတာ တစ်ခုအထိ ငါ့ရဲ့ အစီးအနင်းအဖြစ် နေပေးမယ်ဆို မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်”

ရွှေခြင်္သေ့၏ မျက်လုံးများက ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ တောက်ပလာပြီး အံကို တကျွိကျွိမြည်အောင် ကြိတ်လိုက်၏။

ဆူဇီမို၏ အကြည့်က အေးစက်ခက်ထန်လာလေသည်။

ဘုန်း..

သားရဲနှိမ်နင်းချိတ်စည်း၏ စွမ်းအားက နောက်တစ်ဖန် သိပ်သည်းသွား၏။

ရွှေခြင်္သေ့သည် ဖိအားဒဏ်ကို မခံနိုင်ဘဲ ခပ်အုပ်အုပ် ညည်းညူ၍ သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ့ကိုယ်တွင်းအင်္ဂါများက စတင်၍ ဖိကြိတ်လှုပ်ခါလာလေသည်။

သူသာ ဆက်လက်ခေါင်းမာနေလျှင် ဤလူသားက သူ့ကို သတ်ဖြတ်တော့မည်ဆိုတာ သူနားလည်လိုက်၏။

သို့သော်လည်း ရွှေခြင်္သေ့က မကျေမချမ်းနှင့် လက်မခံနိုင်သေးပေ။

သူသည် သားရဲနယ်မြေရှစ်ခွင်တွင် ပါဝင်သော ခြင်္သေ့ရိုင်းတောင်ကြောရိုးမှ မြင့်မြတ်သော မျိုးဆက်သွေးနှင့် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင် ဖြစ်၏။ သူက နိမ့်ကျသော လူသားတစ်ယောက်၏ အစီးအနင်းအဖြစ် ဘယ်လို လုပ်နိုင်ပါမည်နည်း။

All Chapters