← Chapters

ကံဆိုးမိုးမှောင်

Vol. 43 Ch. 642

ကံဆိုးမိုးမှောင်

Vol. 43 Ch. 642

တောင်တစ်လုံးက သူ့ခန္ဓာကိုယ်ပေါ်သို့ ပြိုကျလာသလို ရွှေခြင်္သေ့သည် မွန်းကျပ်မှုကို ခံစားလာရ၏။

သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချရပေတော့မည်။

ရွှေခြင်္သေ့၏ အကြည့်က အရောင်အမျိုးမျိုး ပြောင်းနေပြီးနောက် နောက်ဆုံး မခံစားနိုင်တော့ဘဲ နှာမှုတ်လိုက်၏။

“ငါက မင်းရဲ့ အစီးအနင်း လုပ်ပေးလို့ ရတယ်.. ဒါပေမယ့် မင်းနဲ့ငါ့ကြားမှာ သွေးသစ္စာထားမှာတော့ မဟုတ်ဘူး”

အဲ့ဒါက သူ၏ အောက်စည်းပင်။

ရွှေခြင်္သေ့မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူက နိမ့်ကျသော လူသားတစ်ယောက်ထံမှ သွေးသစ္စာဆို၍ ကျွန်ပြုခံရလျှင် အဲ့ဒါက သူတို့မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ချနင်းဖျက်ဆီးခံရတာပင်။

အတိတ်ကာလတုန်းက လူသားများထံမှာ သွေးသစ္စာကျိန်ဆိုခဲ့ဖူးသော ရွှေခြင်္သေ့များ ရှိခဲ့ဖူး၏။

သို့သော် ထိုလူသားများအားလုံးက အနှိုင်းမဲ့ သူရဲကောင်းများ ဖြစ်ကြလေသည်။

သူတို့က ဧကရာဇ်များ မဟုတ်ကြလျှင်တောင် စွမ်းအားကြီးပုဂ္ဂိုလ်၊ မျိုးနွယ်စုခေါင်းဆောင်များ သို့မဟုတ် အဆင့်တူချင်းမှာ လူတိုင်း၏ အထက်ကနေ ရပ်တည်နိုင်သော မျိုးဆက်တစ်ခုလုံး၏ ပြိုင်စံရှားများ ဖြစ်ခဲ့ကြလေသည်။

ရွှေခြင်္သေ့၏ အမြင်မှာတော့ သူ့ရှေ့မှ ဤလူသည် တစ်မူထူးခြားသည့် အံ့မခန်းနည်းလမ်းတချို့ကို သုံး၍ ကံကောင်းထောက်မစွာ သူ့ကို ဖိနှိမ်နိုင်ခဲ့သော်လည်း သိပ်ပြီး အထင်ကြီးစရာကောင်းမနေပေ။

ရွှေခြင်္သေ့၏ နှလုံးသားတွင်းမှာတော့ ဆူဇီမိုကို အထင်သေးမိနေဆဲဖြစ်၏။

သူက ဆုံးဖြတ်ချက်တစ်ခုချ၍ နောက်ဆုံး အလောင်းအစားတစ်ခုကို ပြုလုပ်ကာ လှောင်ရယ်လိုက်၏။

“မင်းမှာ တစ်ကယ် သတ္တိရှိတယ်ဆို ငါနဲ့ သွေးသစ္စာမပြုဘဲ နေကြည့်လိုက်လေ”

“သေချာတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သည်တစ်ကြိမ်တွင်တော့ ကြောင်အသွားရသူမှာ ရွှေခြင်္သေ့ဖြစ်၏။

သူသည် စောစောက စကားကို ပြောလိုက်သော်လည်း အသတ်ခံရတော့မည်ဟု တွေးထင်ထားပြီးဖြစ်၏။ ဆူဇီမိုက သူ့စကားကို အလွယ်တကူ သဘောတူလိုက်လိမ့်မည်ဟု သူထင်မှတ်မထားပေ။

ငါ့ရဲ့ ရန်စတဲ့စကားက အလုပ်ဖြစ်သွားတာလား..

ဒါမှမဟုတ် ဒီငနဲက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာများလား..

မည်သူမဆို သူတို့နှင့် မျိုးနွယ်စုမတူသော သူများကို စိုးရိမ်တတ်ကြလေသည်။

သူသာ အသာစီးရခဲ့လျှင် ရွှေခြင်္သေ့က ဆူဇီမိုကို သေချာပေါက် သွေးသစ္စာကျိန်ဆိုခိုင်းပေလိမ့်မည်။ ထိုမှသာ နောက်နောင် ထိုလူက သစ္စာဖောက်မှာကို သူပူပန်မနေရမှာ ဖြစ်လေသည်။

နောက်ထပ် အခြေအနေတစ်ခုမှာ သူတို့အကြား ခွန်အားကွာဟချက်က လုံလောက်အောင် ကြီးမားလျှင် သွေးသစ္စာကျိန်ဆိုနေစရာ မလိုပေ။ အဲ့ဒါကလည်း အနည်းဆုံး အဆင့်ကြီးနှစ်ဆင့်လောက် ကွာဟနေဖို့ လိုလေသည်။

ထိုမှသာ တစ်ဖက်သူ သစ္စာဖောက်မှာကို စိုးရိမ်နေစရာမလိုမှာ ဖြစ်လေသည်။

သို့သော် ယခုအခြေအနေက ထိုသို့ မဟုတ်ပေ။

ရွှေခြင်္သေ့၏ အတွေးရိုင်းများက ပြေးလွှားနေစဉ်မှာပင် ဆူဇီမိုသည် သူ့အပေါ်မှ သားရဲနှိမ်နင်းချိတ်စည်းကို ပယ်ဖျက်ပေးလိုက်၏။

ရွှေခြင်္သေ့သည် ကျေနပ်နှစ်ခြိုက်၍ စိတ်လက်ပေါ့ပါးသွား၏။

ဒီငနဲက သွေးသစ္စာမကျိန်ခိုင်းဘဲနဲ့ ငါ့ကို တစ်ကယ်ကြီး လွှတ်ပေးလိုက်တာပဲဟ..

ရွှေခြင်္သေ့က သူ့စိတ်ခံစားချက်များကို အကောင်းဆုံး ကြိုးစား၍ ထိန်းချုပ်နေသော်လည်း သူ့မှာ သေချာသော အချက်တစ်ချက် ရှိနေ၏။

ဤပိန်ပိန်ပါးပါးစာပေသမား၏ ဦးနှောက်ထဲမှာ တစ်ခုခု မှားယွင်းနေတာ ဖြစ်ရပေမည်။

“ဟဟဟားဟား”

ရွှေခြင်္သေ့သည် ရင်ထဲကနေ အားပါးတရ ရယ်မောလိုက်၏။

“သူက ငါ့ကို တစ်ကယ်ကြီး လွှတ်ပေးလိုက်တာပဲ.. ငါအခု အချိန်မရွေး ထွက်သွားလို့ ရပြီ.. ငါက သူ့အစီးအနင်း လုပ်ပေးမယ်လို့ သူက တစ်ကယ်ကြီး ထင်နေတယ်ပေါ့လေ”

ဆူဇီမိုသည် သားရဲနှိမ်နင်းချိတ်စည်းကို ပယ်ဖျက်ပေးပြီးနောက် ရွှေခြင်္သေ့ကို ဂရုမစိုက်သည့် အထာနှင့် နောက်ကျောပေးပြီး လှည့်ထွက်ကာ မလှမ်းမကမ်းရှိ စိတ်ဝိညာဉ်စုဆောင်းသစ်သီးဆီသို့ ဦးတည်လိုက်၏။

စိတ်ဝိညာဉ်စုဆောင်းသစ်သီးကို ဆူဇီမိုကသာ ပိုင်ဆိုင်သင့်လေသည်။

အစကတော့ ရွှေခြင်္သေ့သည် လှည့်ထွက်ပြေးမလို့ ဖြစ်၏။ သို့သော်လည်း ဆူဇီမို၏ နောက်ကျောကို မြင်ပြီးနောက် သူ့ရင်ထဲတွင် သတ်ဖြတ်လိုစိတ်က တလိပ်လိပ် ထကြွလာကာ သူ့မျက်လုံးများက ကြမ်းကြုတ်ခက်ထန်လာ၏။

အခုနေ သူခုန်အုပ်လိုက်လျှင် ထိုစာပေသမားက အချိန်မီတုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

စာပေသမားက တုံ့ပြန်နိုင်မည်ဆိုလျှင်တောင် စောစောက ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်တိုက်ကွက်ကို အချိန်ခဏအတွင်း တူညီစွာ ပြန်လည်ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ဘဲ သူ့အစာအဖြစ် သေချာပေါက် ပြောင်းလဲသွားပေလိမ့်ပေမည်။

သို့သော်လည်း ရွှေခြင်္သေ့သည့် နောက်တစ်ဖန် ပြန်တွေးပြီးနောက် တွေဝေသွား၏။

ဘာပဲဖြစ်ဖြစ် ဤစာပေသမားက အခုလေးတင် သူ့အသက်ကို ချမ်းသာပေးခဲ့တာ ဖြစ်လေသည်။

ထိုကဲ့သို့သော ကျေးစွပ်သည့်အလုပ်ကို လုပ်ရမှာ သူလိပ်ပြာမလုံပေ။

သေစမ်းကွာ.. ဒါဆို ငါ့လက်အောက်က သားရဲတောကောင်တွေက အလကားသက်သက် သေခဲ့ရတာလား..

ဒီငနဲ စောစောက ငါ့ကို မြေပြင်ပေါ်မှာ ဖိနှိမ်ခဲ့တုန်းက ငါ့ခေါင်းက ရွှံနဲ့တောင် ထိတော့မယ်.. အဲ့ဒါကို ငါက ဒီတိုင်း ခွင့်လွှတ်ပေးလိုက်ရမှာလား..

ထိုသို့ အတွေးများနှင့်အတူ ရွှေခြင်္သေ့သည် ဒေါသထွက်လာပြန်၏။

အဲ့ဒါက သူသည်းမခံနိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။

ဤကဲ့သို့သော အခြင်းအရာများကို သူခွင့်မလွှတ်နိုင်ပေ။

သူက စဉ်းစားတွေးတောနေစဉ်မှာပင် ဆူဇီမိုက စိတ်ဝိညာဉ်စုဆောင်းသစ်သီးကို ခူးယူ၍ ပြန်လှည့်လာပြီဖြစ်၏။

ရွှေခြင်္သေ့၏ စိတ်ထဲမှာ အတွေးတစ်ခုက ဝင်ရောက်လာ၏။

ဒီငနဲ ငါ့ပေါ်တက်စီးရင် ငါ့အတွင်းအမြုတေကို လှည့်ပတ်၊ ငါ့အသားတွေ၊ အရွတ်တွေကို ပွပြီးတော့ သူ့ကို အရှက်တကွဲ ပြုတ်ကျအောင် လုပ်ရမယ်..

ဟဟဟားဟား..

အဲ့လို လုပ်ရမယ်.. ဟုတ်တယ် အဲ့လို လုပ်မယ်..

ရွှေခြင်္သေ့သည် အဲ့ဒါကို တွေးရင်းတွေးရင်းနှင့် ပို၍ ပို၍ စိတ်လှုပ်ရှားလာပြီး ပြုံးစိစိ ဖြစ်လာ၏။

ဆူဇီမိုမှာ နည်းလမ်းများစွာ ရှိသော်လည်း စိတ်ချင်းဆက်သွယ်၍ ရသော ဗုဒ္ဓနတ်ဘုရားစွမ်းအားကို မကျင့်ကြံထားသည့်အတွက် ရွှေခြင်္သေ့၏ စိတ်ထဲတွင် ရှိနေသော အရာများကို မသိနိုင်ပေ။

သို့သော် ခြင်္သေ့၏ မျက်နှာပေါ်မှ ကောက်ကျစ်ကျစ်အပြုံးကို မြင်လိုက်သောအခါ ဆူဇီမိုက မျက်မှောင်ကြုတ်၍ ပါးပိတ်ရိုက်လိုက်၏။

“မင်း ဘာတွေ ရူးကြောင်ကြောင်နဲ့ ပြုံးစိစိ လုပ်နေတာလဲ.. သွားရတော့မယ်ကွ”

ထိုသို့ပြောရင်း သူက ရွှေခြင်္သေ့၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။

ထိုရိုက်ချက်က ရွှေခြင်္သေ့ကို မှင်တက်သွားစေ၏။

သူသည် နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေမိပြီး မတုံ့ပြန်နိုင်ပေ။

အဲ့လူက အခု.. ငါ့ကို.. ပါးရိုက်လိုက်တာလား...

သူ-သူ ငါ့ကို ပါးရိုက်တယ်ပေါ့..

ရွှေခြင်္သေ့သည် ဒေါသထောင်းကနဲ ထသွားပြီး ဝမ်းခေါင်းသံဖြင့် မာန်ဖီကာ သူ့အတွင်းအမြုတေကို ရူးသွပ်စွာ လှည့်ပတ်၍ သူ့အသားများကို ပြန့်ကားလာစေ၏။ သားရဲချီများက ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ပွယောင်းလာလေသည်။

ဆူဇီမို၏ အမူအယာက တည်ငြိမ်နေပြီး တောင်တစ်လုံးကဲ့သို့ ခိုင်မာစွာ ရပ်တည်ကာ သူ့မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာ၏။

ဘုန်း..

ဆူဇီမို လုပ်လိုက်သည့်အရာကို မည်သူမှ မမြင်လိုက်ခင်မှာပင် ရွှေခြင်္သေ့သည် မြေပြင်ပေါ် ဝပ်တွားကျသွားပြီး ဖုန်မှုန့်များက တထောင်းထောင်းထသွား၏။

“အီး...”

ရွှေခြင်္သေ့သည် နာကျင်စွာဖြင့် ညည်းတွားလိုက်ရ၏။

ထိုပိန်ပိန်ပါးပါး စာပေသမားလေးကြောင့် သူ့ခါးရိုးက ကျိုးတော့မည့်မတတ် ခံစားလိုက်ရ၏။

စာပေသမား၏ ခြေထောက်နှစ်ဖက်က ဖျက်ဆီးလို့ မရနိုင်သော သံမဏိထောက်တိုင်နှစ်ခုကဲ့သို့ သူ့နံအိမ်နှစ်ဖက်ကို ညှပ်ထားပြီး သူ့ခန္ဓာကိုယ်က လုံးဝ လှုပ်လို့ မရတော့ပေ။

သူကိုယ်တိုင်တောင် ဤဖိအားအောက်မှာ မွန်းကျပ်နေရမှတော့ ထိုစာပေသမားကို သူက ဘယ်လိုလုပ် ခါချနိုင်ပါဦးမည်နည်း။

မဖြစ်နိုင်တာကွာ..

ရွှေခြင်္သေ့က စိတ်ထဲကနေ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။

“ဒီပိန်ပိန်ပါးပါး စာပေသမားလေးက ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ ကိုယ်ကာယစွမ်းအားကို ပိုင်ဆိုင်ထားရတာလဲကွာ”

ထိုစဉ်မှာပင် စာပေသမားက သူ့နားရွက်နားသို့ စောင်းငဲ့၍ တိုးတိုး ပြောလိုက်၏။

“အချိုးပြေပြေနေနော်.. ဟာသ လုပ်မနေနဲ့”

စာပေသမားက လက်ဝါးဖြင့် သူ့ဦးခေါင်းကို သပ်ပေးရင်း ပြောနေ၏။

ထိုလှုပ်ရှားပြုမူမှုက နူးညံ့သိမ်မွေ့သည်ဟု ထင်ရသော်လည်း ရွှေခြင်္သေ့သည် တသိမ့်သိမ့်တုန်ယင်၍ ကျောရိုးတစ်လျှောက် ချမ်းတုန်ကာ ကြက်သီးမွေးညင်းများ ထလာ၏။

စာပေသမား၏ လက်သည်းများက အနည်းငယ် ပြူထွက်လာသည်နှင့် သူ့ဦးရေပြားကို ထိုးခွဲတော့မည်ဖြစ်ကြောင်း သူရှင်းလင်းစွာ ခံစားမိနေ၏။

သူ့လက်သည်းများက ဓါးများထက်တောင်မှ ပိုထက်ရှနေသေး၏။

စာပေသမားက သူ့ခွန်အားကို စိုက်ထုတ်လိုက်သည်နှင့် သူ့ဦးခေါင်းပေါ်တွင် အပေါက်ငါးပေါက်က သေချာပေါက် ပေါ်လာတော့မည်ဆိုတာ သူ သံသယ မရှိတော့ပေ။

ရွှေခြင်္သေ့သည် ငိုချင်လာမိ၏။

ဤစာပေသမားက ရူးနေလို့ မဟုတ်ဘဲ လုံလောက်အောင် သန်မာမှု ရှိသောကြောင့်ဆိုတာ နောက်ဆုံး သူနားလည်လာ၏။

ထိုလူသည် သွေးသစ္စာမပြုခိုင်းဘဲနှင့်ပင် သူ့ကို အချိန်မရွေး ဖိနှိမ်နိုင်လောက်အောင် သန်မာလွန်းလေသည်။

“သွားမယ်လေ”

ဆူဇီမို၏ အသံက ထွက်လာ၏။

ရုတ်တရက် ရွှေခြင်္သေ့၏ ခန္ဓာကိုယ်ပေါ်ရှိ တန်ပေါင်းများစွာ အလေးချိန်က ပျက်ပြယ်သွားပြီး သူ့န္ဓာကိုယ်က ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရလေသည်။

သို့သော်လည်း ထိုစာပေသမားက သူ့ကိုယ်ပေါ်မှာ စီးနင်းထားဆဲဖြစ်၏။

ဒီပြန်ဝင်စားမွန်းစတားက ဘယ်နေရာနေ ထွက်လာတာလဲဟ.. ငါကတော့ ကံဆိုးမိုးမှောင်ကျတာပဲ..

ခြင်္သေ့ရိုင်းတောင်ကြောရိုးမှာဆို.. ကြမ်းကြုတ်တောကောင်တစ်ကောင်အနေနှင့် သူ့မှာ အဆင့်အတန်းတစ်ခု ရှိလေသည်။

ရှေးဟောင်းတိုက်ပွဲမြေသို့ စတင်ဝင်ရောက်လာတုန်းက သူသည် လူသားမျိုးနွယ်မှ ပြိုင်စံရှားများအားလုံးကို အနိုင်ယူကာ သူ၏ ခွန်အားနှင့် အစွမ်းအစကို ထုတ်ဖော်ပြသ၍ ကမ္ဘာတစ်ဝှမ်း ကျော်ကြားသည့် ဂုဏ်သတင်းကို တည်ဆောက်မည်ဟု အားခဲထားခဲ့၏။

အခုတော့ ဤနေရာသို့ ဝင်ရောက်လာပြီး ရက်အနည်းငယ် အကြာမှာပင် သူသည် ယခုကဲ့သို့ ကြီးကြီးမားမား ထိုးနှက်ခံလိုက်ရလေပြီ။

ယခုအခါမှာတော့ သူသည် လူသားပြိုင်စံရှားအားလုံးကို အနိုင်ယူဖို့ နေနေသာ လူသားတစ်ယောက်၏ အစီးအနင်းအဖြစ် နာခံစွာ နေနေရလေပြီ။

ရွှေခြင်္သေ့အစိုးရိမ်ဆုံးအရာမှာ.. နောက်ပိုင်းတွင် ရှေးဟောင်းတိုက်ပွဲမြေ၌ သူ၏ အသိအကျွမ်းသားရဲတောကောင်များနှင့် ကြုံတွေ့ရမှာကိုပင်။

ထိုသားရဲတောကောင်များသာ ဤသည်ကို မြင်လျှင် သူသည် တစ်ကယ်ကို အရှက်ရမည်ဖြစ်ပြီး ရွှေခြင်္သေ့မျိုးနွယ်ကလည်း ဂုဏ်သိက္ခာကျဆင်းပေလိမ့်မည်။

ထိုသို့တွေးရင်း ရွှေခြင်္သေ့၏ မျက်လုံးများက ဝမ်းနည်းမှုဖြင့် စိုစွတ်လာ၏။

“စီနီယာအစ်မ.. တစ်ချက်ကြည့်စမ်း.. အဲ့ခြင်္သေ့က ဘယ်လောက်တောင် အထုအထောင်းခံလိုက်ရလဲ မသိဘူး ငိုတောင် ငိုနေပြီ”

ဘေးနားရှိ ကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။

ထိုအသံကို ကြားသောအခါ ရွှေခြင်္သေ့၏ မျက်နှာက ညိုမည်းသွားပြီး ဒယီးဒယိုင်ဖြင့် သွေးအန်လုနီးပါး ဖြစ်သွားရ၏။

“ကောင်းကောင်းသွားစမ်း”

ဆူဇီမိုက ကြိမ်းမောင်းလိုက်၏။

ဖျောင်း..

ရိုက်ချက်တစ်ချက်က သူ့ဦးခေါင်းပေါ်သို့ ထပ်မံ ကျဆင်းလာလေသည်။

သည်တစ်ကြိမ်တွင်တော့ ရွှေခြင်္သေ့သည် အမှန်တစ်ကယ်ပင် မျက်ရည်နှင့်မျက်ခွက် ဖြစ်လာလေတော့သည်။

All Chapters