တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်း
Vol. 43 Ch. 643
လူတစ်ယောက်နှင့် ခြင်္သေ့တစ်ကောင်ကြားက စွမ်းအားချင်းပြိုင်ဆိုင်ခဲ့တာကို အပြင်လူများသည် နားလည်နိုင်ကြမှာ မဟုတ်ပေ။
ကြမ်းကြုတ်ခက်ထန်သော မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်သည် အချိန်ခဏလေးအတွင်း လူတစ်ယောက်၏ အစီးအနင်းအဖြစ် နှိမ်နင်းခံခဲ့ရသည်ကို လူတိုင်းသည် စဉ်းစားကြည့်လို့တောင် မရပေ။
ဆူဇီမိုက ရွှေခြင်္သေ့ကို စီးနင်း၍ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသောအခါ ဘေးဘက်ရှိ ကျင့်ကြံသူတစ်ယောက်က လှပသောအမျိုးသမီးကျင့်ကြံသူကို ကြည့်ပြီး တိုးတိုး ပြောလိုက်၏။
“စီနီယာအစ်မ.. ကျုပ်တို့ သူ့ကို သွားပြီး ကျေးဇူးတင်စကားပြောရင် ကောင်းမလား”
လှပသော အမျိုးသမီးသည် ငေးငိုင်နေပြီး ထိုအသံကို ကြားသောအခါ ချက်ချင်း သတိပြန်မဝင်သေးပေ။ ထို့နောက် ချက်ချင်းပင် ပါးနှစ်ဖက်က နီမြန်းသွားကာ သူမ၏ လှပသော မျက်လုံများထဲမှာ ကြောက်ရွံ့စိတ် အနည်းငယ်က ရှိနေပြီး ခေါင်းညိတ်ပြလိုက်၏။
“ဒါ-ဒါပေါ့”
အစိမ်းရောင်ဝတ်ကျင့်ကြံသူကို သူမ ကြည့်သောအကြည့်က ကွဲပြားခြားနားနေ၏။
လူတိုင်းသည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သူများဖြစ်၏။ သူတို့အားလုံးသည် သူမ၏ အမူအယာကို မြင်နေရပြီး စိတ်ထဲကနေ နားလည်ထားကြလေသည်။
လှပသော အမျိုးသမီးကျင့်ကြံသူ၏ နာမည်က ထန်ရှစ်ယွင် ဖြစ်လေသည်။
သူမသည် သူတို့ဂိုဏ်းမှာ နာမည်ကြီးပြီး နံပါတ်တစ် အလှပဂေး ဖြစ်၏။ သူမ၏ တစ်မူထူးခြားသည့် ပါရမီနှင့် စွမ်းအားကြီးသောခွန်အားကို ပေါင်းစပ်လိုက်သောအခါ သူမ၏ မျိုးဆက်မှာတော့ သူမက ကျောက်မျက်သရဖူကိုဆောင်းကာ တောက်ပနေလေသည်။
ထန်ရှစ်ယွင်၏ စိတ်ခံစားချက်ကို သတိထားမိပြီးနောက် တစ်ဂိုဏ်းတည်းသားအမျိုးသား ကျင့်ကြံသူများသည် မနာလိုခြင်းအလျှင်းမရှိ ပကတိအဆင်ပြေသည်ဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် လူတိုင်းသည် ဤတိုက်ပွဲအပြီး၌ ရှင်းလင်းစွာ သိထားကြ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ထူးချွန်ပြောင်မြောက်သော သွင်ပြင်နှင့် တစ်ကယ့်ကို ရှားရှားပါးပါး ပြိုင်စံရှားတစ်ယောက် ဖြစ်လေသည်။ သူသည် စာပေသမားတစ်ယောက်နှင့် တူသလို ရှိသော်လည်း သူထံမှ လှုပ်ရှားမှု တစ်ချက်စီတိုင်းက လွန်မင်းစွာ စီးပိုးခြယ်လှယ်၍ အံ့မခန်း ချီးကျူးဖွယ်ရာ ဖြစ်လေသည်။
ထျန်ရှစ်ယွင်သည် အသက်ပြင်းပြင်းရှိုက်သွင်းပြီး ဆူဇီမိုအနားသို့ ချဉ်းကပ်၍ လက်နှစ်ဖက်ဆုပ် ဦးဆုပ်ကာ နူးညံ့စွာ ပြောလိုက်၏။
“ကျမက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ထန်ရှစ်ယွင်ပါ.. ကျမတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”
ဆူဇီမိုသည် သူ့လမ်းကြောင်းကို ရပ်တန့်၍ ထန်ရှစ်ယွင်ကို ခပ်ပေါ့ပေါ့ လှည့်ကြည့်လိုက်၏။
ထန်ရှစ်ယွင်သည် သူမ၏ ခေါင်းကို မသိမသာ ငုံ့ထားပြီး သေးသွယ်ဝင်းမွတ်သော လည်တိုင်ကို လှစ်ဟပြလိုက်၏။ သူမ၏ လည်ပင်းတွင် ချွေးစက်လေးများက ညှို့ငင်ဓါတ်အပြည့်ဖြင့် သီးနေ၏။
သူမသည် ဆူဇီမိုကို မြင်မြင်ချင်း ချစ်မိသွားသည်ဟု ပြောလျှင်တော့ လွန်ရာကျပေလိမ့်မည်။
သို့သော်လည်း ထိုအချိန်တွင် ထန်ရှစ်ယွင်၏ နှလုံးသားက ထိန်းချုပ်လို့ မရနိုင်လောက်အောင် တစ်ကယ်ပင် တဒုတ်ဒုတ် ခုန်နေ၏။
အဲ့ဒါက သူမကို အပြစ်တင်လို့လည်း မရပေ။
မည်သည့်မိန်းကလေးမဆို သေခါနီးဆဲဆဲအခြေအနေမှ ကယ်တင်ခြင်း ခံရပြီး ထိုသူရဲကောင်းက အံ့မခန်း လွှမ်းမိုးခြယ်လှယ်စွာနှင့် သားရဲနတ်ဆိုးများကို နှိမ်နင်းပေးခဲ့သည့်အခါ သူတို့၏ စိတ်နှလုံးက သေချာပေါက် လှုပ်ခတ်လာပေလိမ့်မည်။
“ရပါတယ်.. ပြောလောက်စရာ မဟုတ်ပါဘူး”
ဆူဇီမိုက ရွှေခြင်္သေ့ကို ပုတ်ပြီး အရေးမကြီးဟန်ဖြင့် ပြန်ပြောလိုက်၏။
ရွှေခြင်္သေ့ကလည်း သူ့အလိုဆန္ဒကို နားလည်၏။ သူက ထန်ရှစ်ယွင်တို့အုပ်စုကို လျစ်လျူရှုပြီး တောင်ကြား၏ ထွက်ပေါက်ဆီသို့ ဆက်လက်သွားလိုက်၏။
ထန်ရှစ်ယွင်သည် မျက်လွှာချထားသည့်အတွက် မှိန်ဖျော့သွားသော အစိမ်းရောင်ပုံရိပ်တစ်စကိုသာ ဖမ်းမိလိုက်၏။ သူမသည် ရင်ထဲမှာ စိတ်ပျက်သွားမိလေသည်။
သူမသည် နေရာမှာတင် အမြစ်တွယ်ရပ်၍ အတန်ကြာ တုံ့ဆိုင်းနေပြီး တဖြည်းဖြည်း သေးငယ်သွားသော ပုံရိပ်ကို ငေးကြည့်နေမိ၏။ နောက်ဆုံးမှာတော့ သူမသည် ဆုံးဖြတ်ချက်ချကာ နောက်ကနေ အပြေးလိုက်သွား၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ရှင်သန်ကျန်ရစ်သူများလည်း သူမနောက်ကနေ ကပျာကယာ ပြေးလိုက်ကြလေသည်။
“တာအိုရောင်းရင်း.. ကျေးဇူးပြုပြီး စောင့်ပါဦး”
ထန်ရှစ်ယွင်က လှမ်းအော်လိုက်၏။
ရှေ့မှ ပုံရိပ်က ရပ်တန့်သွားလေသည်။
ထန်ရှစ်ယွင်သည် နှစ်ခြိုက်သွားပြီး ပို၍ မြန်မြန် လှုပ်ရှားလိုက်၏။
သိပ်မကြာမီ သူမသည် ထိုပုံရိပ်ကို မီသွားပြီး အနည်းငယ် မောဟိုက်နေ၏။
“တစ်ခုခု ပြောစရာ ရှိသေးလို့လား”
ဆူဇီမိုက မေးခွန်းတစ်ခုနှင့်အတူ လှည့်ကြည့်လိုက်၏။
စောစောက ရှေးဦးအဆက်နွယ်တောကောင်များနှင့် သူတိုက်ခိုက်နေစဉ်က ထန်ရှစ်ယွင်က ထွက်ခွာမသွားခဲ့ပေ။
သူမ၏ ထိုအပြုအမူက သူ့အတွက် ဤအမျိုးသမီးအပေါ် အမြင်ကောင်းတစ်ခု ရရှိသွားစေလေသည်။
မဟုတ်ပါက သူသည် စောစောက ရပ်တန့်ခြင်းမရှိဘဲ ထွက်ခွာသွားပေလိမ့်မည်။
ထန်ရှစ်ယွင်က သူမကိုယ်သူမ တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစား၍ ဆူဇီမို၏ ချောမောခံ့ညားသောသွင်ပြင်ကို ကြည့်ကာ ပြုံးပြလိုက်၏။
“ရှင့်နာမည်ကို ကျမ မသိရသေးဘူးလေ.. ဘယ်ဂိုဏ်း ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းက ဆိုတာရော.. ဘာပဲဖြစ်ဖြစ် ရှင်က ကျမတို့ရဲ့ ကျေးဇူးရှင်လေ.. နောက်တစ်ချိန် ကျမက ကျေးဇူးဆပ်ချင်ရင် ရှင်ကို ဘယ်မှာ လာရှာရမလဲ သိထားသင့်တာပေါ့”
ဆူဇီမိုက ဟက်ဟက်ပက်ပက် မရှိဘဲ ပြုံးလိုက်၏။
“ကျုပ်ကို ကျေးဇူးရှင်လို့ ခေါ်တာက များလွန်းနေပါပြီ.. ကျုပ်က ဒီတိုင်း ဖြတ်သွားရင်း စိတ်ဝိညာဉ်စုဆောင်းသစ်သီးကိုတွေ့လို့ ဝင်လှုပ်ရှားလိုက်တာပါ”
ထန်ရှစ်ယွင်၏ ပါးပြင်က နီမြန်းသွားပြီး သူမသည် အကြောင်းပြချက်တစ်ခုကို အသည်းအသန် ရှာဖွေကာ ထပ်မေးလိုက်၏။
“ရှင့်နာမည်ကို အခုထိ မပြောရသေးဘူးနော် တာအိုရောင်းရင်း”
“ကျုပ်နာမည်က...”
ဆူဇီမိုသည် ခဏမျှ တုံ့ဆိုင်းပြီးနောက် ဖြေပေးလိုက်၏။
“ကျုပ်က ဆူဇီမို.. ဘယ်ဂိုဏ်း ဘယ်အဖွဲ့ကမှ မဟုတ်ဘူး”
တစ်ချိန်တည်းမှာပင် သူသည် ထန်ရှစ်ယွင်၏ အမူအယာကို အကဲခတ်ကြည့်လိုက်၏။
သူမ၏ အမူအယာမှာ ပြောင်းလဲမှု များစွာ မရှိပေ။
အဲ့ဒါက သူစိမ်းတစ်ယောက်၏ နာမည်ကို ကြားရသည့်အခါ တုံ့ပြန်မှုမျိုးသာ ဖြစ်လေသည်။
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းဆိုမှတော့ သူတို့က မြောက်ပိုင်းဒေသက မဟုတ်နိုင်လောက်ပေ။
မြောက်ပိုင်းဒေသမှာ ဆိုလျှင်တော့ ဆူဇီမို၏ နာမည်ကို မကြားဖူးသည့်သူက မရှိသလောက်ပင်။
“တာအိုရောင်းရင်းဆူ.. ရှင်ဘယ်ကို သွားမှာလဲ.. လမ်းကြောင်းသင့်တယ်ဆိုရင် ကျမတို့ အတူသွားလို့ ရတာပဲမလား” ထန်ရှစ်ယွင်က စိတ်ရင်းနှင့် ဖိတ်ခေါ်လိုက်၏။
ဆူဇီမိုသည် မျက်ခုံးပင့်၍ ငြင်းပယ်မလို့ ပြင်လိုက်၏။
ဆူဇီမိုမျက်ခုံးပင့်လိုက်သည်ကို မြင်သောအခါ သူက သူမတို့နှင့် အတူမသွားလိုတာကို နားလည်လိုက်ပြီး သူမက အလောတကြီး ထပ်ပြောလိုက်၏။
“ရှေးဟောင်းတိုက်ပွဲမြေ ဖွင့်တဲ့ချိန်ကစပြီး သက်ရှိပေါင်းများစွာက အိပ်မောကျနေရာကနေ နိုးထလာကြပြီလေ.. နောက်ပြီးဒီမှာ သားရဲနယ်မြေရှစ်ခွင်က ကြမ်းကြုတ်တောကောင်တွေလဲ ရှိနေကြသေးတယ်.. ဒီနေရာက အရမ်းကို အန္တရာယ်များတဲ့နေရာပဲ.. ကျမတို့ အတူခရီးသွားကြမယ်ဆို တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်လို့ ရတာပေါ့”
ထိုသို့ပြောပြီးမှ ထန်ရှစ်ယွင်သည် အနည်းငယ် ရှက်ရွံ့သွား၏။
စောစောက ဆူဇီမိုပြသခဲ့သော ခွန်အားအရ.. သူက သူမတို့၏ အကူအညီကို ဘယ်လိုလုပ် လိုအပ်ပါမည်နည်း။
ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ထန်ရှစ်ယွင်က ဆက်ပြော၏။
“တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက တောင်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်းတွေထဲက တစ်ဂိုဏ်းပဲ.. ကျမတို့က တိုက်ခိုက်ရည်ခွန်အားမှာ ရှင်နဲ့ မယှဉ်နိုင်ပေမယ့် အကူအညီအချို့တော့ ပေးနိုင်ပါတယ်.. နောက်ပြီး စီနီယာအစ်ကိုကျူးကလည်း အပြင်ကို တစ်ယောက်ထဲ ထွက်သွားလို့.. ဒါပေမယ့် ကျမတို့က စိတ်ဝိညာဉ်ကြိုးကြာနဲ့ အကူအညီ လှမ်းတောင်းထားတဲ့အတွက် အခုလောက်ဆို ဒီနေရာကို သူအပြင်းနှင်လာနေလောက်ပြီ”
“အမှန်ပဲ.. စီနီယာအစ်ကိုကျူးသာ ကျုပ်တို့နဲ့ အတူပါလာရင် ကျုပ်တို့ အခုလို ဆိုးဆိုးရွားရွား ရှုံးနိမ့်မှာ မဟုတ်လောက်ဘူး” ဘေးဘက်ရှိ ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြ၏။
“စီနီယာအစ်ကိုကျူးက သန်မာတယ်.. သူက ပြီးခဲ့တဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ စာရင်းဝင်ခဲ့တဲ့ ပြိုင်စံရှားတစ်ယောက်ပဲ.. သူသာ အနားမှာရှိရင် အဲ့တောကောင်တွေက သိပ်ပြီး ဇောင်းကြွနိုင်မှာ မဟုတ်ဘူး”
နောက်ထပ် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသားတစ်ယောက်ကလည်း ရွှေခြင်္သေ့ကို မုန်းတီးစွာ စိုက်ကြည့်၍ မာန်မဲဟိန်းဟောက်လိုက်၏။
အစကတော့ ရွှေခြင်္သေ့သည် အသက်မဲ့၍ စိတ်အားညှိုးငယ်နေ၏။
သို့သော်လည်း ရန်လိုမှုကို ခံစားမိသွားသောအခါ သူက ထိုလူဘက်သို့ ဒေါသတကြီးလှည့်၍ ခုန်အုပ်ကိုက်ခဲတော့မည့်ပုံနှင့် ဟိန်းဟောက်လိုက်၏။
“ဝေါင်း”
တောင်တန်းများနှင့် တောအုပ်များက လှုပ်ခါသွား၏။
ထိုဂိုဏ်းသားသည် ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်သွားပြီး နောက်သို့ အလိုလို ခုန်ဆုတ်ကာ သူ့မျက်နှာက သွေးဆုတ်သွားလေသည်။ သူ့ခြေထောက်များက ပျော့ခွေသွားပြီး မြေကြီးပေါ် လဲကျသွား၏။
“ဟဟဟားဟား”
ရွှေခြင်္သေ့က သူ့ခေါင်းကိုမော့၍ လှောင်ပြောင်သလိုကြည့်ကာ ရယ်မောလိုက်၏။
သူသည် ဆူဇီမို၏ နှိမ်နင်းခြင်းကို ခံခဲ့ရသော်လည်း သူ့စွမ်းအားက ရှိနေဆဲဖြစ်၏။ တွေ့ကရာလူက သူ့အား လာရောက်စော်ကားတာကို ခေါင်းငုံသည်းခံနေမှာ မဟုတ်ပေ။
ဘာပဲပြောပြော ရွှေခြင်္သေ့က မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်ဖြစ်၏။ သူ၏ ပင်ကိုစရိုက်ကကို ခက်ထန် ကြမ်းကြုတ်၍ ယဉ်ပါးအောင်လုပ်လို့ မရပေ။
ထိုဂိုဏ်းသာသည် ရှက်ရွံ့သွားပြီး သူ့အမူအယာက ပိုလို့ အငြိုးအတေး ကြီးလာ၏။
သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုသည် သူ့ကို ပြစ်တင်ဆုံးမ မနေတော့ဘဲ အဝေးတစ်နေရာသို့ လှမ်းကြည့်ကာ အတွေးနက်နေ၏။
ရုတ်တရက် ကြမ်းတမ်းသည့် လေခွင်းသံများက ထွက်ပေါ်လာလေသည်။
အလွန်တရာ အားကောင်းသည့် အော်ရာတစ်ခုက လျှင်မြန်စွာ ပျံသန်းလာနေပြီး အဝတ်စလေတိုးသံများက တဖျပ်ဖျပ်နှင့် လေထဲမှာ လျှပ်စီးတစ်ခုလို တိုးဝင်လာလေသည်။
“စီနီယာအစ်ကိုကျူး”
“စီနီယာအစ်ကိုကျူး ပြန်လာပြီဟေ့”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် စိတ်လှုပ်ရှား တက်ကြွသွားကြ၏။
ဆူဇီမိုက ထူးမခြားနား အမူအယာဖြင့်ပင် အံ့အားသင့်မသွားပေ။
အသံက ရောက်မလာခင်မှာပင် ထိုဘက်မှ မူမမှန်သည့် လှုပ်ရှားမှုကို သူသတိထားမိခဲ့ပြီးဖြစ်၏။
တစ်ကယ်တော့ မျိုးရိုးနာမည်ကျိုးနှင့် ဤကျင့်ကြံသူသည် ရှေးဟောင်းတိုက်ပွဲမြေမှာ တစ်ယောက်တည်း စိတ်ကြိုက်သွားလာနိုင်သည့်အတွက် သူ့မှာ အစွမ်းအစအချို့တော့ သေချာပေါက် ရှိပေလိမ့်မည်။
ဒါ့အပြင် ဤနေရာသို့ ဝင်ရောက်လာခဲ့သော ရွှေအမြုတေပေါင်းက အနည်းဆုံး သန်းနှင့်ချီ၍ ရှိလေသည်။
သို့သော်လည်း ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာကား စုစုပေါင်း ၁၀၈ နေရာသာ ရှိလေသည်။ ထိုစာရင်းတွင် တစ်နေရာ ရယူနိုင်သော မည်သူမဆို သေချာပေါက် ထူးချွန်ပြောင်မြောက်သူများသာ။