ငါက ငြင်းတယ်ဆိုရင်ရော
Vol. 43 Ch. 644
အသစ်ဝင်ရောက်လာသူက ထက်ရှသောမျက်နှာပေါက်၊ ကြီးမားသော အရိုးတည်ဆောက်ပုံနှင့် သန်မာတောင့်တင်းလေသည်။ သူက အနက်ရောင်ဝတ်ရုံကို ဝင်ဆင်ထားပြီး အားကောင်းသောအော်ရာနှင့် လေနှင့်အတူ သွက်လက်စွာ ရောက်ရှိလာ၏။
ဆူဇီမိုသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုအနက်ရောင်ဝတ်လူက သာမန်မဟုတ်ဆိုတာ ပြောနိုင်လေသည်။
သူ၏ ဝတ်ရုံအပေါ်ယံက ကြယ်ပွင့်များကို ချိတ်ဆက်၍ ချုပ်လုပ်ထားပုံရပြီး တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် ခပ်သဲ့သဲ့တောက်ပနေ၏။
တိုက်ပွဲတစ်ခုတွင် သူ့ရန်သူက သတိမထားမိလျှင် သူ့ဝတ်ရုံပေါ်မှ ကြယ်များက တောက်ပဝင်းလက်လာသည့်အခါ ထိုသူ၏ အမြင်အာရုံအပေါ် သက်ရောက်၍ မှားယွင်းတိမ်းချော်မှုကို ဖြစ်ပေါ်စေနိုင်လေသည်။
သို့သော်လည်း ထိုဝတ်ရုံက ဆူဇီမိုကိုတော့ ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။
သူသည် မီးပဒေသာမျက်လုံးကို ကျင့်ကြံထားပြီး နေ့စဉ်နှင့်အမျှ နေထွက်နေဝင်ကို စောင့်ကြည့်ဖူးခဲ့၏။ ကြယ်တာရာအလင်းလောက်က သူ့အမြင်အာရုံကို မနှောင့်ယှက်နိုင်တော့ပေ။
အနက်ရောင်ဝတ်ကျင့်ကြံသူက ထက်ရှသောအကြည့်နှင့်အတူ ထန်ရှစ်ယွင်တို့ အုပ်စုကို ဝေ့ကြည့်ပြီးနောက် သူ့အမူအယာက သုန်မှုန်သွား၏။
“ဒါကတော့ စီနီယာအစ်ကိုကျူးယွဲ့ပဲ”
ထန်ရှစ်ယွင်က ဆူဇီမိုကို အရင်ပြောပြီးနောက် ကျူးယွဲ့ဘက်သို့ လှည့်လိုက်၏။
“စီနီယာအစ်ကိုကျူး.. သူကတော့ တာအိုရောင်းရင်းဆူတဲ့.. သူ့ကျေးဇူးကြောင့်ပဲ ကျမတို့ အသက်မသေခဲ့ရတာ”
ကျူးယွဲ့၏ အကြည့်က ဆူဇီမိုအပေါ် ဆင်းသက်လာ၏။
ပထမအကြည့်မှာတော့.. ဤလူက အရမ်းသာမန်ဆန်လွန်းသည်ဟု ထင်ရလေသည်။ သူက တွေ့ရလေ့ရှိသော အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူပုံစံက ဖြူဖြူချောချောနှင့် ခါးတွင် မည်သည့်ဂိုဏ်းတံဆိပ်ပြားကိုမှ ချိတ်ဆွဲမထားပေ။
ဤလူအပေါ် ပထမဆုံး ထင်မြင်ချက်မှာ ကျင့်ကြံသူတစ်ယောက်ဆိုတာထက်.. အားနည်းသော စာပေသမားတစ်ယောက်နှင့် ပိုတူနေလေသည်။
များသောအားဖြင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို သူတို့၏ အော်ရာမှာ အကဲဖြတ် ကြည့်နိုင်လေသည်။
အချို့လူများမှာ အလွန်အားကောင်းသော အော်ရာများ ရှိနေပြီး သူတို့က လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိဘဲနှင့်ပင် လူတိုင်းကို တုန်လှုပ်သွားစေနိုင်လေသည်။
အချို့လူများမှာ ပြင်းထန်အားကောင်းသည့် အကြည့်များရှိပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် လေထဲမှာ သွေးရနံ့ကို ပြည့်နှက်သွားစေနိုင်လေသည်။
သို့သော်လည်း ကျူးယွဲ့၏ မျက်လုံးထဲမှာတော့ ဆူဇီမိုက တစ်ကယ့်ကို သာမန်ပင်။
သူ့ကို အံ့အားသင့်စေရသည့် တစ်ခုတည်းသော အချက်မှာ ဆူဇီမို၏ အောက်ရှိ ခြင်္သေ့ပင် ဖြစ်လေသည်။ သူ့တစ်ကိုယ်လုံးက ရွှေရောင်ဖြစ်ပြီး ရွှေခြင်္သေ့မျိုးနွယ်မှ ဖြစ်ပုံ ရလေသည်။
သို့သော်လည်း ရွှေခြင်္သေ့များက ပုံမှန်အားဖြင့် ဤခြင်္သေ့ထက် ပို၍ မာကြောခက်ထန်လေသည်။
ဤခြင်္သေ့ကတော့ မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်၏ ကြမ်းကြုတ်ခက်ထန်မှုနှင့် လွှမ်းမိုးနိုင်စွမ်းတို့ မရှိဘဲ အသက်မဲ့ကာ ညှိုးငယ်ထိုင်းမှိုင်းနေပုံရ၏။
‘သူ့မျိုးဆက်သွေးက တခြားတိရစ္ဆာန်တစ်ကောင်ရဲ့ သွေးနဲ့ နှောထားတဲ့ပုံပဲ’
အဲ့ဒါက ကျူးယွဲ့၏ စိတ်ထဲသို့ ဝင်ရောက်လာသော အတွေးဖြစ်ပြီး အဲ့ဒါကို များစွာ သိပ်ပြီး စဉ်းစားမနေပေ။
ကျူးယွဲ့က ဆူဇီမိုကို တစ်ချက်ကြည့်ပြီးသည်နှင့် နှုတ်ဆက်နေတာတွေ ဘာတွေ မရှိဘဲ တန်းမေးလိုက်၏။
“ဘာဖြစ်ခဲ့တာလဲ”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ရှေ့သို့ တက်လာပြီး တောင်ကြားထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်းပြောပြလိုက်ကြ၏။
ကျူးယွဲ့၏ အမူအယာက တဖြည်းဖြည်း မှုန်ကုပ်လာလေသည်။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းသည် ဤခရီးစဉ်အတွက် ကျင့်ကြံသူတစ်ရာ ပို့ပေးခဲ့၏။ သို့သော် ယခုအခါ သူတို့ထဲမှ အယောက် ၂၀ ပင် မကျန်ရှိတော့ပေ။ အဲ့ဒါက ကြီးမားသည့် ဆုံးရှုံးမှုပင်။
ရှေးဟောင်းတိုက်ပွဲမြေက အခုမှ စတင်ရုံသာ ရှိသေးလေသည်။
သူသည် ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားသည့်အလား လူအုပ်ထဲကို စေ့စေ့စပ်စပ်ကြည့်ပြီး အေးစက်စွာ မေးလိုက်၏။
“ငါ့ညီလေးရော ဘယ်မှာလဲ”
“သူ့ကို အဲ့ဒီရွှေခြင်္သေ့က စားပစ်လိုက်တာပါ”
စောစောက ရွှေခြင်္သေ့ကြောင့် ထိတ်လန့်ခဲ့ရသော ကျင့်ကြံသူသည် ကပျာကယာ ဝင်ပြောလိုက်၏။ သူက အခွင့်အရေးကို အမိအရ အသုံးချ၍ ရွှေခြင်္သေ့ကို မုန်းတီးစွာ စိုက်ကြည့်လိုက်လေသည်။
ရွှေခြင်္သေ့က အကြောက်အလန့်မဲ့စွာနှင့် သူ့ခေါင်းကို ခါလိုက်၏။
ဆူဇီမိုကသာ သူ့ကျောပေါ်မှာ စီးနေခြင်း မဟုတ်လျှင် သူက ရှေ့သို့ ခုန်အုပ်၍ ကျူးယွဲ့ဆိုသော ထိုငနဲကို အပိုင်းပိုင်း စုတ်ဖြဲပစ်ပြီးနေလောက်လေပြီ။
ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။
ဒီလိုသာဆိုရင် စောစောက ကိုယ်လွတ်ရုန်းပြေးဖို့ ကြိုးစားခဲ့သော အပြာရောင်ဝတ်လူက ကျူးယွဲ့၏ညီ ဖြစ်လေသည်။
“ဟမ့်”
ကျူးယွဲ့က ချာကနဲလှည့်၍ ဆူဇီမိုနှင့် ရွှေခြင်္သေ့ကို သတ်တော့ဖြတ်တော့မည့်ပုံစံနှင့် ကြည့်လိုက်၏။
ထျန်ရှစ်ယွင်၏ အမူအယာက ပြောင်းလဲသွားလေသည်။
လေထုက တင်းကျပ်၍ အပူချိန်က ထိုးကျလာလေသည်။
“စီနီယာအစ်ကိုကျူး.. ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ”
ထန်ရှစ်ယွင်က ကပျာကယာ ဝင်ပြောလိုက်၏။
“တာအိုရောင်းရင်းဆူက ကျမတို့ရဲ့ ကျေးဇူးရှင်ပါ.. အဲ့ဒါက သူနဲ့ ဘာမှ မပတ်သတ်ပါဘူး.. နောက်ပြီး ကျူးဝေကလဲ တာအိုရောင်းရင်ဆူ တစ်ယောက်ထဲ တိုက်ခိုက်နေတုန်းမှာ ကိုယ်လွတ်ရုန်းပြေးဖို့ ကြိုးစားခဲ့တာ မှန်ပါတယ်.. အဲ့ဒါကြောင့်လဲ သူက အစားခံခဲ့ရတာပါ”
ထန်ရှစ်ယွင်က ဆူဇီမိုနှင့် နီးကပ်၍ သူမက ထိုသူကို ကာကွယ်ပေးဖို့ ကြိုးစားနေသည်ကို မြင်သောအခါ ကျူးယွဲ့၏ အမူအယာက ညိုမည်းလာပြီး သူ၏ သတ်ဖြတ်လိုစိတ်က နက်ရှိုင်းလာလေသည်။
“ခွိခွိ..”
ကျူးယွဲ့က လှောင်ရယ်၍ မေးမြန်းလိုက်၏။
“ဒါဆို ငါ့ညီက သေသင့်တယ်လို့ နင်က ပြောချင်တာပေါ့လေ”
“မ-မဟုတ်ပါဘူး.. ကျမက အဲ့လိုဆိုလိုတာ မဟုတ်ရပါဘူး.. ပြော-ပြောချင်တာက...”
ထန်ရှစ်ယွင်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ရှင်းပြချင်မိ၏။ သို့သော် ဘယ်ကနေ စရှင်းပြရမလဲ သူမ မသိတော့ပေ။ ထို့အစား သူမသည် ဆူဇီမိုကိုသာ တောင်းပန်သလို လှည့်ကြည့်လိုက်၏။
ဆူဇီမိုက ဂရုမစိုက်သည့်အထာနှင့်ပင် အေးအေးလူလူ ပြောလိုက်၏။
“ငါ့ အမြင်မှာတော့.. မင်းညီက တစ်ကယ်ပဲ သေသင့်တယ်”
ထိုသို့သူပြောပြီးသည်နှင့် အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ပကတိတိတ်ဆိတ်ခြင်းပင်။
“မင်း ဘာ ပြော လိုက် တာ လဲ ကွ”
ကျူးယွဲ့၏ စိတ်ဝိညာဉ်စွမ်းအင်က တလိပ်လိပ်တက်လာပြီး သူ့မျက်လုံးများက ထက်ရှသော သတ်ဖြတ်လိုစိတ်နှင့်အတူ တောက်ပလာ၏။
“မဟုတ်ဘူးလေ”
ထန်ရှစ်ယွင်က သူတို့နှစ်ယောက်ကြားကို ဝင်ရပ်လိုက်ပြီး ငိုချတော့မည့်အမူအယာဖြင့် ပြောလိုက်၏။
“စီနီယာအစ်ကိုကျူး.. တာအိုရောင်းရင်းဆူ.. ကျေးဇူးပြုပြီး မတိုက်ခိုက်ကြပါနဲ့ရှင်.. အဲ့ဒါက နားလည်မှု လွဲနေကြတာပါ”
“နားလည်မှုလွဲတာ ဟုတ်လား”
ကျူးယွဲ့က ခနဲ့တဲ့တဲ့ပြုံး၍ ကျောချမ်းဖွယ်ရာလေသံဖြင့် ပြောလိုက်၏။
“ငါ့ညီတစ်ယောက်လုံး သေသွားတာတောင် နားလည်မှုလွဲတာတဲ့လား.. ငါအခု သူ့ကို သတ်ပြီး နားလည်မှုလွဲတာပါလို့ ပြောရင်ရော မရဘူးလား”
“စီနီယာအစ်ကိုကျူး.. အဲ့ဒါက တာအိုရောင်းရင်းဆူနဲ့ ဘယ်လိုမှ မပတ်သတ်ပါဘူး.. သူကသာ ကျမတို့ဘက်က ရပ်တည်ပြီး ကယ်တင်ပေးခဲ့တာပါ” ထန်ရှစ်ယွင်က အကောင်းဆုံးကြိုးစား၍ ရှင်းပြလိုက်၏။
“ကျေးဇူးပြုပြီး စိတ်လျှော့ကြပါဦး”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကလည်း ဝင်ရောက်ဖျောင်းဖျလိုက်၏။
“စီနီယာအစ်ကိုကျူး.. တာအိုရောင်းရင်းဆူ ခင်ဗျားတို့နှစ်ယောက် တိုက်ခိုက်ကြလဲ ကျုပ်တို့နှစ်ဖက်စလုံးပဲ ဆုံးရှုံးရမှာပါ.. အဲ့လောက်ထိ လုပ်ကြဖို့ မလိုပါဘူး”
နှစ်ဖက်စလုံး ဆုံးရှုံးရမှာဟူသော စကားကို ကြားချိန်တွင် ရွှေခြင်္သေ့က မနေနိုင်ဘဲ ဟက်ကနဲ ရယ်လိုက်မိ၏။
သူက ကျူးယွဲ့ကို ဉာဏ်ရည်မမီသောလူတစ်ယောက်လို ကြည့်လိုက်၏။
ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ..
တစ်ကယ်ဆို စတင်ကတည်းက ဆူဇီမိုသည် လုံးဝ ဒေါသထွက်ခြင်း မရှိခဲ့ပေ။ သူ့ပုံစံက ထူးမခြားနှင့် သူ့မျက်လုံးများထဲမှာ စိတ်ခံစားချက် လုံးဝ မရှိပေ။
“ဟီးဟီးဟီး....”
ကျူးယွဲ့က မကောင်းဆိုးဝါးဆန်ဆန် ရယ်မော၍ အေးစက်စွာ ပြောလိုက်၏။
“မတိုက်ခိုက်နဲ့ဆိုလဲ ရတယ်လေ.. ဒါပေမယ့် ငါ့ညီရဲ့ အသက်အတွက် ဘယ်သူက ပြန်ပေးဆပ်မှာလဲ”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူက ရွှေခြင်္သေ့ကို သရော်သလိုကြည့်၍ လက်ညိုးထိုးလိုက်၏။
“စီနီယာအစ်ကိုကျူးဝေကို စားခဲ့တာက အဲ့ခြင်္သေ့ပဲ.. သူ့ကို သတ်ရအောင်.. သူ့အသက်နဲ့ ပြန်ပေးဆပ်ခိုင်းရမယ်”
ထန်ရှစ်ယွင်သည် အနည်းငယ် ကျေနပ်သွားပြီး ဆူဇီမိုကို အလိုလို လှမ်းကြည့်လိုက်၏။
ဘာပဲပြောပြော သူက ရွှေခြင်္သေ့နှင့် မည်သို့မှ ပတ်သတ်ဆက်နွယ်ခြင်း မရှိပေ။ သူက ဤတောကောင်နှင့် အမှတ်မထင် ကြုံတွေ့ခဲ့ပြီး သွေးသစ္စာပင် ကျိန်ဆိုခိုင်းခြင်း မရှိဘဲ ဒီတိုင်း နှိမ်နင်းထားရုံသာ ဖြစ်လေသည်။
ဤအကြံပြုချက်က နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မည့်နည်းလမ်း ဖြစ်လေသည်။
“ရတယ်လေ”
ကျူးယွဲ့က သူ့နှုတ်ခမ်းကို ကွေးညွှတ်၍ ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
“ငါ့ရဲ့ ဂျူနီယာတွေက မင်းအတွက် အသနားခံတောင်းပန်ပေးနေမှတော့ အခုလောလောဆယ် မင်းအသက်ကို ငါချမ်းသာပေးလိုက်မယ်.. ဒါပေမယ့် မင်းအောက်က တောကောင်ကိုတော့ အရင်သတ်ရလိမ့်မယ်”
ဆူဇီမိုက ပြုံးစစနှင့် မထီတရီ ပြန်မေးလိုက်၏။
“ငါက ငြင်းတယ် ဆိုရင်ရော”
စောစောကတင် လျော့ကျလာသော အခြေအနေက နောက်တစ်ဖန် ပြန်လည် တင်းမာသွားကြ၏။
သူတို့နှစ်ယောက်၏ အကြည့်များက လေထဲမှာ ဆုံတွေ့၍ မီးပွားလေးများပင် လွင့်ပျံသွား၏။
ဆူဇီမို၏ အမြင်တွေ ကျူးဝေဆိုသော ထိုလူက တစ်ကယ်ကို သေသင့်လေသည်။
ရွှေခြင်္သေ့ကသာ သူ့ကို အရှင်လတ်လတ် ဝါးမစားခဲ့လျှင် ဆူဇီမိုကိုယ်တိုင် သူ့ကို လိုက်လံသတ်ဖြတ်မိပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ စိတ်နေစရိုက်အရ ထိုကဲ့သို့သော ကိစ္စလေးများကို အရေးတယူလုပ်ပြီး လိုက်ရှင်းပြနေမှာ မဟုတ်ပေ။
အဲ့လူက သေသွားတယ်ဆိုရင်လဲ သေသွားတယ်ပေါ့..
‘ငါက ငြင်းတယ်ဆိုရင်ရော’ ဟူသည့် စကား၏ နောက်တွင်...
ငါက ငြင်းတယ်ဆိုရင်ရော.. မင်းက ဘာလုပ်နိုင်မှာမို့လဲ ဟု အဓိပ္ပါယ်ရလေသည်။
ထိုစကားမှာ သူ၏ ခွန်အားနှင့် စိတ်ဓါတ်ကို ပြသထား၏။
ထိုအခိုက်အတန့်မှာပင် ကျူးယွဲ့၏ အမြင်အာရုံက ရိပ်ကနဲ ဖြစ်သွားပြီး ရုတ်တရက် နုနုနယ်နယ် စာပေသမားက သူ့ရှေ့တွင် ကြောက်မက်ဖွယ်ရာ အစွယ်များကို ထုတ်ပြလာသည်ဟု ခံစားလာရ၏။
ကျူးယွဲ့သည် ပုံရိပ်ယောင်တစ်ခုကို မြင်ယောင်လာလေသည်။
ထိုစာပေသမားက သူ့ကို အရှင်လတ်လတ် ဝါးစားတော့မည့်အလားပင်။