သင်ခန်းစာ
Vol. 43 Ch. 645
ကျူးယွဲ့က သူ့ခေါင်းကို လှုပ်ခါ၍ သူ့စိတ်ထဲတွင် ပေါ်လာသော အတွေးရိုင်းများကို ဖျောက်ဖျက်ပစ်လိုက်၏။
သူသည် ဆူဇီမိုကို တစ်ဖန်ပြန်ကြည့်၏။
စောစောက သူခံစားခဲ့ရသော အစွယ်တကားကားနှင့် တုန်လှုပ်ချောက်ချားဖွယ်ရာအော်ရာက ပျောက်ကွယ်သွားပြီး ရွှေခြင်္သေ့၏ ကျောပေါ်ရှိ အားနည်းပုံရသော စာပေသမားကိုသာ သူပြန်မြင်လိုက်ရ၏။
“ဪ မင်းက ဓါးဝင်္ကပါသခင်ဆိုတဲ့ မင်းရဲ့အဆင့်အတန်းကို ဝှက်ဖဲအဖြစ် မှီခိုနေတာပေါ့လေ”
ကျူးယွဲ့က သူ့ခေါင်းကို အနည်းငယ်မော့၍ ခြိမ်းမောင်းဖွယ်ရာကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါ မင်းကို ပြောပြလိုက်မယ်.. ရှေးဟောင်းတိုက်ပွဲမြေမှာ ရွှေအမြုတေနယ်မြေကို ကျင့်ကြံနိုင်တဲ့သူတွေပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာကွ.. တစ်ကယ့် အစစ်အမှန် ပြိုင်စံရှားဆိုတာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ဝင်နိုင်တဲ့သူတွေကိုပဲ ခေါ်တာ”
သူ့စကား မဆုံးသေးခင်မှာပင် ကျူးယွဲ့က သူ့ရွှေအမြုတေကို စတင်၍ ရူးသွပ်စွာ လှည့်ပတ်လိုက်၏။
သူ့ခန္ဓာကိုယ်တွင်းတွင် စိတ်ဝိညာဉ်စွမ်းအင်များက ကြွယ်ဝ၍ ပေါများလွန်းလှ၏။ သူက ပကတိရွှေအမြုတေအဆင့်သို့ ရောက်နေသည်မှာ သိသာလေသည်။
“အမြုတေနယ်မြေတစ်ခုရဲ့ စွမ်းအားနဲ့တွေ့ရင် မင်းရဲ့စိတ်ဝိညာဉ်တိုက်ကွက်တွေနဲ့ ဓါးဝင်္ကပါက အလကားပဲ”
ကျူးယွဲ့၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်က ပုံသဏ္ဌာန်တစ်ခုအဖြစ် ဖွဲ့တည်လာသည်ဟု ထင်ရပြီး တစ်လုံးချင်း ပြောလိုက်၏။
“မင်းက လမ်းဖွင့်မပေးမှတော့ ငါ မင်းကို အရင်သတ်ရတာပေါ့”
ဝုန်း..
သူ့စကား မဆုံးသေးခင်မှာပင် မြေပြင်မှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ရွှေခြင်္သေ့ပေါ်ကနေ ခုန်ချ၍ မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်ကာ ကျူးယွဲ့ဆီသို့ မြားတစ်စင်းလို့ ပစ်ဝင်သွား၏။
အစက သူရပ်ခဲ့သည့်နေရာတွင် နက်ရှိုင်းသည့် ခြေဖဝါးရာကြီးက ပေါ်လာပြီး အက်ကွဲကြောင်းများက အပြင်ဘက်သို့ ဆန့်ထွက်သွား၏။
အဲ့ဒါက အရမ်းမြန်လွန်း၏။
ဆူဇီမိုသည် ရပ်နေရာကနေ ပျောက်ကွယ်မသွားခင်မှာပင် လူတိုင်း၏ အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားလိုက်ရ၏။
ဟင်း..
ကျူးယွဲ့၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။
ကြောက်မက်ဖွယ်ရာ တုန်လှုပ်စရာကောင်းသည့် အော်ရာတစ်ခုက ရှေ့လေဟာနယ်ကနေ သူ့ထံသို့ တလိပ်လိပ် တိုးဝင်လာပြီး သူ့ကို မွန်းကျပ်သွားစေလေသည်။
ဇီ..
ကျူးယွဲ့၏ ဝတ်ရုံပေါ်ရှိ ကြယ်များက တလက်လက်ထ၍ တောက်ပဝင်းလက်လာ၏။
သို့သော်လည်း ထိုအလင်းများက တိုက်ခိုက်သူအပေါ် အကျိုးသက်ရောက်မှု လုံးဝ မရှိပေ။
“တောင်ပိုင်းတူနှစ်ကိုယ်ကြယ်....”
ကျူးယွဲ့က အော်ဟစ်လိုက်၏။
သူ့အသံက ကျိုးပျက်သွားလေသည်။
ဆူဇီမိုသည် သူ့ရှေ့သို့ ချက်ချင်းရောက်လာပြီး သူ့လည်ပင်းကို ဖမ်းဆုပ်ကာ ကိုင်မြှောက်လိုက်၏။
ကျူးယွဲ့သည် စကားပြောဖို့ နေနေသာ.. အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ပေ။
ကျူးယွဲ့၏ ရွှေအမြုတေနယ်မြေကလည်း မထုတ်ဖော်ရသေးခင်မှာပင် ဖျက်ဆီးခံလိုက်ရလေပြီ။
ဆူဇီမိုက အေးစက်စက်အကြည့်နှင့်အတူ ကျူးယွဲ့၏ လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ဘယ်ညာ လွှဲရမ်းလိုက်၏။
ကျူးယွဲ့၏ ခန္ဓာကိုယ်မှ ထူးဆန်းသည့် အသံများက ဗျိုးဗျိုးဗျစ်ဗျစ်နှင့် ဆက်တိုက်ထွက်ပေါ်လာလေသည်။
ကျူးယွဲ့၏ မျက်နှာက ဆိုးဆိုးရွားရွား ရှုံ့မဲ့သွားပြီး သူ့အရိုးများက ကျိုးပြတ်ကုန်သည့်အလား ခံစားလိုက်ရ၏။ သူ့သွေးချီနှင့် စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးကလည်း ပျက်ပြယ်သွားပြီး မည်သည့်ခွန်အားကိုမှ ဆက်လက်မပိုင်ဆိုင်နိုင်တော့ပေ။
သူ့သိုလှောင်အိတ်ထဲကနေ ဆွဲထုတ်ထားသော ဓါးပျံကိုပင် ဆက်လက်ဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ဘဲ မြေကြီးပေါ်သို့ လွတ်ကျသွားလေသည်။
ဖြစ်စဉ်တစ်ခုလုံးက အသက်ရှူချိန်တစ်ချိန်တောင် မကြာလိုက်ပေ။
လူတိုင်းသည် မှင်တက်၍ ကြက်သေသေနေကြ၏။
အဲ့ဒါက ကျူးယွဲ့ ပြောခဲ့သလိုပင်.. ဆူဇီမို၏ ဓါးဝင်္ကပါနှင့် စိတ်ဝိညာဉ်တိုက်ကွက်က သန်မာသော်လည်း ရွှေအမြုတေနယ်မြေများကိုတော့ ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုက ဤရလဒ် ထွက်လာမည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
ကျူးယွဲ့သည် ဒီလောက်မြန်မြန်နှင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြပေ။
ဆူဇီမို၏ လက်ထဲတွင် ကျူးယွဲ့၏ ခန္ဓာကိုယ်ကြီးက ကြက်ကလေး၊ ငှက်ကလေး တစ်ကောင်လို လေထဲမှာ ခြေတွဲလောင်းနှင့် ကူကယ်ရာမဲ့စွာ ရုန်းကန်နေရ၏။
ရွှေခြင်္သေ့တောင်မှ တုန်လှုပ်သွားရ၏။
သူ့စိတ်ထဲတွင် ကျူးယွဲ့က ရှုံးနိမ့်မည်မှာ သံသယဖြစ်စရာ မလိုပေ။
သို့သော်လည်း ကျူးယွဲ့က အီးတောင်တစ်ချက် မပေါက်လိုက်နိုင်ဘဲ တန်းပြီး ဖိနှိမ်ခံရလိမ့်မည်ဟုတော့ သူလည်း ထင်မှတ်မထားခဲ့မိပေ။
အဲ့ဒါထက် ပို၍ ကြောက်စရာကောင်းသည့် အချက်မှာ ဆူဇီမို၏ ရုန်းကန်ပေါက်ကွဲအားပင်။
သူတို့နှစ်ယောက်က ဆယ်ပေတိတိအကွာမှာ ရှိခဲ့၏။
သူ၏ မျိုးဆက်သွေးကို ထုတ်ဖော်၍ ခွန်အားကုန်ထုတ် တိုက်ခိုက်လျှင်တောင် ထိုအမြန်နှုန်းကို မီနိုင်လိမ့်မည် မဟုတ်ပေ။
ရွှေခြင်္သေ့သည် ဆူဇီမို၏ ခွန်အားကို နောက်ထပ်တစ်ဆင့်သို့ တိုးမြှင့်၍ သတ်မှတ်လိုက်ရ၏။
“မင်းပြောတာ မှားတယ်.. ရွှေအမြုတေနယ်မြေတွေကို ရွှေအမြုတေအဆင့်မှာ ရနိုင်တဲ့ အသန်မာဆုံးနည်းလမ်းလို့တော့ ပြောလို့ ရတယ်”
ဆူဇီမိုက ကျူးယွဲ့၏ မွန်းကျပ်၍ ခရမ်းရောင်သန်းနေသည့်မျက်နှာကို ကြည့်ပြီး ညင်သာစွာ ပြုံးပြလိုက်၏။
“ဒါပေမယ့်လို့ အဲ့ဒါကို မင်းက ထုတ်ဖော်နိုင်ဦးမှကိုး”
“အစ်...”
ကျူးယွဲ့သည် စကားလုံးဝ မပြောနိုင်ဘဲ ကြိုးစားရုန်းကန်နေရပြီး ထူးဆန်းသည့်အသံများသာ ထွက်လာနေ၏။
“စီနီယာအစ်ကိုကျူးကို လွှတ်လိုက်ပါ”
“တာအိုရောင်းရင်းဆူ.. မြန်မြန်လွှတ်လိုက်ပါ.. မဟုတ်ရင် ရိုင်းပျတဲ့အတွက် ကျုပ်တို့ကို အပြစ်မတင်နဲ့”
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို ဆွဲထုတ်၍ အော်ဟစ်လိုက်ကြ၏။
“ဟမ့်”
ကျူးယွဲ့၏ လည်ပင်းကို ဆုပ်ကိုင်ထားလျက်နှင့်ပင် ဆူဇီမိုက တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းကို ဓါးတစ်လက်လို ထက်ရှစွာ စိုက်ကြည့်လိုက်၏။
“မင်းတို့တွေက ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့လေ”
လူတိုင်းသည် ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွားကြပြီး သူနှင့် အကြည့်ချင်း မဆုံရဲကြပေ။
အချို့ဆိုလျှင် ဆူဇီမို၏ အကြည့်အောက်၌ ရင်တလျှပ်လျှပ်ဖြစ်၍ ခြေလှမ်းဝက်နောက်ဆုတ်ကာ နဖူးမှ ခြေဖျားထိ တုန်ယင်သွားကြ၏။
“မလုပ်ပါနဲ့”
ထန်ရှစ်ယွင်က အထိတ်တလန့် ဖြစ်သွား၏။
ဆူဇီမို၏ မျက်လုံးမှ ထိုအကြည့်ကို သူမ ရင်းနှီးခဲ့ဖူးလေသည်။
စောစောက တိုက်ပွဲမှာ ရှေးဦးအဆက်နွယ်တောကောင်များကို သူ့ကြည့်ခဲ့ပုံနှင့် ထိုအကြည့်က အတူတူပင် ဖြစ်လေသည်။
အဲ့ဒါသည် သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့မည်ဆိုသည့် အရိပ်လက္ခဏာပင် ဖြစ်လေသည်။
ထန်ရှစ်ယွင်သည် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်း၏ ရှေ့သို့ ရောက်လာပြီး လေးနက်စွာ ပြောလိုက်၏။
“ရှင်တို့ရဲ့ လက်နက်တွေကို ပြန်သိမ်းလိုက်.. တာအိုရောင်းရင်းဆူသာ စောစောက ဝင်မကူညီခဲ့ရင် အခုလောက်ဆို ကျမတို့အားလုံး သေပြီးနေပြီဆိုတာ ရှင်တို့ မေ့ကုန်ကြပြီလား”
“ရှင်တို့က အန္တရာယ်ကနေ လွတ်လာတာနဲ့ ကိုယ့်ကျေးဇူးရှင်ကို လက်နက်တွေနဲ့ ပြန်ချိန်နေကြပြီလား”
လူတိုင်းသည် ရှက်ရွံ့စွာနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာမှ ပြန်မပြောရဲဘဲ သူတို့၏ စိတ်ဝိညာဉ်လက်နက်များကို ပြန်သိမ်းလိုက်ကြ၏။
ထိုသည်ကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိသိသာသာ လျော့ကျသွား၏။
စောစောက သူ၏ သတ်ဖြတ်လိုစိတ်သည် တစ်ကယ်ပင် ထကြွခဲ့လေသည်။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည် သူကယ်တင်ပေးခဲ့သည့် အသက်များဖြင့် သူ့ကို ရန်ရှာဖို့ လုပ်လာခဲ့ကြ၏။
မင်းတို့အသက်ကို ငါကယ်တင်ပေးနိုင်ရင်.. မင်းတို့အသက်ကိုလဲ ငါပြန်ယူနိုင်တယ်..
ထန်ရှစ်ယွင်က ဆူဇီမိုရှေ့သို့ ကပျာကယာ ဝင်ရပ်လိုက်၏။
“တာအိုရောင်းရင်းဆူ သူတို့က စိတ်ခံစားချက်တွေ များနေလို့ပါ.. ကျေးဇူးပြုပြီး စိတ်ထဲမှာ မထားပါနဲ့”
ဆူဇီမိုသည် ဆိတ်ဆိတ်သာနေပြီး ပြန်မဖြေပေ။
သို့သော်လည်း ထန်ရှစ်ယွင်သည် ဆူဇီမို၏ မျက်လုံးထဲမှာ ကြောက်စရာကောင်းသည့် ထိုအကြည့် ဖျော့တော့သွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။
“တာအိုရောင်းရင်းဆူ.. ကျေးဇူးပြုပြီး စီနီယာအစ်ကိုကျူးရဲ့ အသက်ကို ချမ်းသာပေးပါရှင်”
ထန်ရှစ်ယွင်က ပြောလိုက်၏။
“စီနီယာအစ်ကိုကျူးက မှားခဲ့တယ်ဆိုပေမယ့် အဲ့ဒါကလဲ သူ့ညီအရင်းတစ်ယောက် သေဆုံးမှုကြောင့် စိတ်လွတ်သွားလို့ပါ.. အဲ့ဒါကြောင့်လဲ သူက ရှင့်ကို တိုက်ခိုက်ခဲ့တာပါ”
တစ်ကယ်တော့ ဆူဇီမိုသည် ကျူးယွဲ့ကို ချက်ချင်းမသတ်သေးသည်မှာလည်း ထိုအကြောင်းကြောင့်ပင် ဖြစ်လေသည်။
သူသည်လည်း ဆွေမျိုးရင်းချာတစ်ယောက်ကို ဆုံးရှုံးခဲ့ရသည်မှာ သိပ်မကြာသေးသောကြောင့် ထိုခံစားချက်ကို ကိုယ်ချင်းစာနိုင်လေသည်။
မဟုတ်ပါက သူသည် ကျူးယွဲ့ကို သတ်ဖြတ်ပြီးသည်မှာ ကြာနေလောက်လေပြီ။
ကျူးယွဲ့၏ မျက်နှာက ခရမ်းရောင်သန်းနေပြီဖြစ်ပြီး မျက်လုံးများက ပြူးကျယ်ကာ လျှာတစ်လစ်ထွက်လာ၏။
သူ၏ အသိစိတ်က စတင် ဝေဝါးလာလေပြီ။
“တာအိုရောင်းရင်းဆူ.. ကျမတို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် စီနီယာအစ်ကိုကျူးရဲ့ အသက်ကိုလဲ ကျေးဇူးပြုပြီး ထပ်ချမ်းသာပေးပါဦး.. သူက မှားခဲ့ပေမယ့်လဲ သေလောက်အောင် အပြစ်ပေးဖို့ထိတော့ မပြင်းထန်သင့်ဘူးလို့ ကျမ ထင်ပါတယ်”
ထန်ရှစ်ယွင်က ဒူးထောက်ချဖို့ ဟန်ပြင်ပြီး ပြောလိုက်၏။
“ကျမ အာမခံပါတယ်.. ဒီနေ့ကစပြီး ရှေးဟောင်းတိုက်ပွဲမြေမှာ ဘယ်လိုကိစ္စပဲ ပေါ်ပေါ် တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းက ရှင်ဘက်ကနေ အကောင်းဆုံးကြိုးစားပြီး ကူညီပေးပါ့မယ်.. တာအိုရောင်းရင်းဆူ”
ထန်ရှစ်ယွင်ထံမှ ပကတိစိတ်ရင်းကို ဆူဇီမိုသည် ခံစားမိနိုင်လေသည်။
ဒါ့အပြင် သူသည် အစကတည်းက ကျူးယွဲ့ကို သတ်ဖြတ်ဖို့ စိတ်ကူးမရှိပေ။ သူက ထိုငနဲကို သင်ခန်းစာတစ်ခု သင်ပေးချင်ရုံသာ။
“အဲ့လို လုပ်ဖို့ မလိုပါဘူး”
ဆူဇီမိုက သူ့ဝတ်ရုံစကို ဝေ့ရမ်း၍ ထန်ရှစ်ယွင်ကို ဒူးမထောက်ရအောင် တားဆီးလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ ဆုပ်ကိုင်ထားမှုကို ဖြေလျှော့ပေးလိုက်လေသည်။
ကျူးယွဲ့သည် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး လေများကို သည်းထန်စွာ အငမ်းမရ ရှူသွင်းနေ၏။
ထန်ရှစ်ယွင်က ပျော်ရွှင်သွားလေသည်။
တောင်ပိုင်းတူနှစ်ကိုယ်ဂိုဏ်းမှ လူတိုင်းသည်လည်း စိတ်သက်သာရာရကာ သက်ပြင်းချ၍ ရှေ့သို့ ပြေးတက်လိုက်ကြ၏။
လူအချို့သည် ကျူးယွဲ့ကို ထူမ၍ အချို့က ဆူဇီမိုကို လေးနက်စွာ ဦးညွှတ်လိုက်ကြ၏။
“ကျေးဇူးတင်ပါတယ်.. တာအိုရောင်းရင်းဆူ”