အခန်း (၂၂၀)
Vol. 21 Ch. 220
“အစ်မ၂ ကျွန်တော့်ကို လာတွေ့တာ ကိစ္စတခုခုရှိလို့လား”
“ဟုတ်တယ်” ယန်ထျန်းထျန်းကလည်း ထိုအချိန်ကျမှ ပြောစရာရှိတာကို စပြောလိုက်သည်။
“ဒီနေ့ မြို့ထဲကို ဝင်လာတော့ အမှတ်အသားတခုကို အစ်မတွေ့ခဲ့တယ်”
“ဘာအမှတ်အသားလဲ” လီဟမ်ရှန်းက စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။
“တောင်ဘက်ကျက်တီးနယ်မြေက ဆုမိသားစု” ယန်ထျန်းထျန်းက လေးနက်စွာ ပြောလိုက်သည်။
“အဲ့အမှတ်အသားကို တွေ့လိုက်တဲ့အချိန်မှာ ငါတို့ တည်းခိုဖို့ရှာနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဖြတ်ကနဲပဲ မြင်လိုက်ခဲ့တာပါ။ သူတို့က ဒီနေရာမှာ ဘာလုပ်နေကြတာလဲ မသိဘူး”
“တောင်ဘက်ကျက်တီးမြေက ဆုမိသားစုဆိုတာက ဘယ်သူတွေလဲ” လီဟမ်ရှန်းက ထိုမိသားစုကို မကြားဖူးခဲ့ပေ။
“ တောင်ဘက်ကျက်တီးမြေက ဆုမိသားစုဆိုတာက တောင်ဘက်ကျက်တီးနယ်မြေမှာဆိုရင် လုံးဝ ဆရာတဆူပဲ။ သူတို့မှာ နောက်လိုက်တပည့်တွေ ထောင်ချီပြီးရှိတယ်။ ပြီးတော့ ဆုမိသားစုရဲ့ ဘိုးဘေးနဲ့ ဒုဂိုဏ်းချုပ်က ရန်ငြိုးရှိခဲ့ဖူးတယ်။ သူတို့က ကွမ်လန်နန်းတော်နဲ့ အဆက်အဆံရှိတယ်ဆိုပြီး သတင်းရထားပြီးတော့ အခု ကွမ်လန်နန်းတော်နဲ့ ဝေးတဲ့ အရှေ့ပိုင်းဒေသကို ဘာလို့ ရောက်လာကြတာလဲ မသိဘူး”
ယန်ထျန်းထျန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
လီဟမ်ရှန်းကလည်း မေးလိုက်လေ၏။
“သူတို့က ဒုဂိုဏ်းချုပ်နဲ့ ရန်ငြိုးရှိနေခဲ့တာလား”
အဲ့ဒီ့ အဓိပ္ပာယ်မှာ ဆုမိသားစုက ရွှယ်ချမ်းပိုင်နှင့် ရန်ကြွေးရှိသည့် အဓိပ္ပာယ်သာ ဖြစ်သည်။
“ဟုတ်တယ် ဒုဂိုဏ်းချုပ်က ဆုမိသားစုရဲ့ အကြီးအကဲကို သတ်ခဲ့ဖူးတယ်”
ယန်ထျန်းထျန်းက သူမ၏ ဦးခေါင်းကို ခါယမ်းလျက် ဆက်ပြောသည်။
“အကြောင်းအရင်း တိတိကျကျကိုတော့ ငါလည်း မသိဘူး။ ဆုမိသားစုက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို ဒုဂိုဏ်းချုပ်ကို အပ်ဖို့အတွက် စွမ်းအားရှင်တွေ အများကြီး စေလွှတ်ပြီးတော့ ပြသနာရှာခဲ့တယ်။ ဒါပေမယ့် ဂိုဏ်းက သူတို့ကို အဖက်တောင် ပြန်မလုပ်ခဲ့ဘူး။
ဂိုဏ်းချုပ်က ဆုမိသားစုကို ပြန်ပြီးတော့တောင် ခြိမ်းခြောက်ခဲ့သေးတယ်။ ဆယ်ရက်အတွင်းမှာ ဆုမိသားစုဘိုးဘေးက သေရလိမ့်မယ်လို့တောင် ပြန်ပြောခဲ့လိုက်တယ်”
“ရောက်လာတဲ့ စွမ်းအားရှင်တွေ တော်တော်များများက မယုံကြပေမယ့် အတွေ့အကြုံရှိပြီး သိုင်းလောကမှာ ကျင်လည်တာ ကြာနေပြီဖြစ်တဲ့ ဆုမိသားစု အကြီးအကဲတွေက ခေါင်းမာနေတဲ့ စွမ်းအားရှင်တွေအားလုံးကို အမြန်ပဲ ပြန်ခေါ်သွားပြီးတော့ တောင်တံခါးကနေ ဆုတ်ခွာသွားခဲ့တယ်”
“ဒါပေမယ့် ဆယ်ရက်ကြာတော့ ဂိုဏ်းချုပ်ပြောသလိုပဲ ဆုမိသားစုဘိုးဘေးက အသက်အန္တရာယ်ကျရောက်ခဲ့တယ်။ ဆုမိသားစုဘိုးဘေးက မတော်တဆ ရှေးဟောင်းနယ်မြေထဲကို ကျွံသွားခဲ့ပြီးတော့ တစ္ဆေမျိုးနွယ်က စွမ်းအားကြီးပုဂ္ဂိုလ်တဦးရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်။ ဆုမိသားစုက စွမ်းအားရှင်တွေက ဂိုဏ်းချုပ်စကားနဲ့ အချိန်မှီပြန်ရောက်လာလို့ အသက်မသေအောင် ကယ်တင်နိုင်ခဲ့ကြတာ”
“အဲ့ဒီ့အချိန်ကာလတုန်းက ဆုမိသားစုမှာ အရှုပ်အထွေးတွေ အများကြီးဖြစ်ခဲ့ရတယ်လေ။ အဲ့ဒါကြောင့် သူတို့က ဒုဂိုဏ်းချုပ်နဲ့ ပတ်သတ်တဲ့ကိစ္စကို လျှော်ပေးလိုက်ကြတယ်”
ယန်ထျန်းထျန်းက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို လီဟမ်ရှန်းသိအောင် အကျဉ်းချုပ် ပြောပြလိုက်၏။
“ဆရာသခင်က အဆင့်မြင့်ဆရာသခင်အဆင့်ကို အဆင့်တက်သွားတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆုမိသားစုက မင်ဟုန်ခရိုင်မှာ ပေါ်လာတယ်။ ဒါက သွေးရိုးသားရိုး တိုက်ဆိုင်တာမဟုတ်ဘူး။ ဒီအကြောင်းကို ဂိုဏ်းကို သတင်းပို့မှ ဖြစ်မယ်။ ဂိုဏ်းကို မမျှော်လင့်ထားတာတွေပေါ်လာရင် ချက်ချင်း ဆောင်ရွက်နိုင်အောင် ငါ စာသွားပို့မယ်”
ယန်ထျန်းထျန်းက ပြောလိုက်သည်။
“ဂိုဏ်းရဲ့ သတင်းစုဆောင်းရေးကွန်ယက်နဲ့ဆိုရင် အခုလောက်ဆိုရင် သူတို့ သိပြီးလောက်ရောပေါ့ မဟုတ်ဘူးလား” လီဟမ်ရှန်းက သတိပေးလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သတိပေးထားတာ မမှားဘူး။ နင်က ဒီနေရာမှာ ရှုခွေနဲ့ သတိထားပြီးသား နေခဲ့”
“အစ်မ ဂရုစိုက်သွားပါ။ ကျွန်တော့်ကိုယ် ကျွန်တော် စောင့်ရှောက်နိုင်ပါတယ်”
ယန်ထျန်းထျန်းက သူ့ကိုကလေးလိုဆက်ဆံနေသည်ဟု လီဟမ်ရှန်းက ထင်မြင်နေခဲ့သည်။
“ပြီးရောလေ”
ယန်ထျန်းထျန်းက လှည့်ထွက်သွားခဲ့ပါသည်။
ယန်ထျန်းထျန်း ပြန်ထွက်သွားပြီးနောက် မကြာမီတွင် မိုးများမှာ သည်းထန်စွာ ရွာသွန်းလာခဲ့ပါသည်။ မိုးရေများမှာ လုကျင်းမြို့ကို ဆေးကြောပစ်ချင်သည့်အလားပင်။
မိုးကောင်းကင်တခုလုံးမှာ တိမ်မည်းများအုံ့ဆိုင်းနေပြီး ညရောက်သည်အထိ ကောင်းကင်ထက်တွင် ကြယ်တာရာများကိုပင် လုံးဝမတွေ့ရပါချေ။
ညရောက်သည့်အချိန်တွင် ယန်ထျန်းထျန်းမှာ ပြန်ရောက်လာခဲ့၏။ လီဟမ်ရှန်းကလည်း များများစားစား မမေးခဲ့ပါချေ။ ထို့နောက် လူတိုင်းက အိပ်ယာဝင်ခဲ့ကြ၏။
လီချန်ချင်းမှာ ထိုအခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့ပါသည်။ သူက ရွှယ်ချမ်းပိုင်နှင့် ဆုမိသားစုကြားက ရန်ငြိုးကိုလည်း ကြားသိထားခဲ့လေ၏။
“တောင်ဘက်ကျက်တီးနယ်မြေက ဆုမိသားစုလား။ ရွှယ်ချမ်းပိုင်က ဆုမိသားစုရဲ့ အကြီအကဲတွေကို ဘာလို့ သတ်ခဲ့တာလဲ”
လီချန်ချင်းအနေနှင့် အနည်းငယ်အံ့ဩမိလေသည်။ အဘယ်ကြောင့်ဆိုသော် သူက ရွှယ်ချမ်းပိုင်၏ အကြောင်းကို ကောင်းကောင်းသိသောကြောင့်ပင်ဖြစ်သည်။ ရွှယ်ချမ်းပိုင်က အကြောင်းမရှိပဲနှင့် လူသတ်တတ်သော လူစားမျိုးမဟုတ်နေခဲ့ပေ။
ညကတိတ်ဆိတ်နေသည်။
တိမ်မဲများမှာ ကောင်းကင်ထက်ရှိ လမင်းကို ဖုံးကွယ်သွားကာ အလင်းရောင်မှာ ပိန်းပိန်းမှောင်အောင် ပျောက်ကွယ်သွားခဲ့သည်။
မိုးများမှာ တိတ်ဆိတ်သွားပြီဖြစ်သော်လည်း လုကျင်းမြို့တမြို့လုံးကို အမှောင်ထုက ဖုံးလွှမ်းသွားကာ တိတ်ဆိတ်နေခဲ့တော့၏။
ထိုအခိုက်တွင် ယန်ထျန်းထျန်းမှာ တစုံတခု မှားယွင်းနေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ရီနေခဲ့သည်။
သူမ၏ ပုံစံမှာ လွန်မင်းစွာ နာကျင်နေသည့်ပုံစံရှိနေပြီး ညည်းသံသဲ့သဲ့မှာ သူမ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာခဲ့ပါသည်။
နောက်တခဏတွင် ယန်ထျန်းထျန်း၏ မျက်လုံးများမှာ ပွင့်ဟလာခဲ့ပါသည်။ သူမ၏ မျက်လုံးများမှာ လူသားမျက်လုံးနှင့် မတူပဲ သွေးနီရောင်မျက်လုံးများပွင့်ဟလာကာ မိစ္ဆာဆန်နေခဲ့ပါသည်။
မျက်လုံးများမှာ သွေးဆာနေကာ ရူးသွပ်နေသည့်အလားပင် ဖြစ်နေခဲ့ပါသည်။
ယန်ထျန်းထျန်း၏ နှုတ်မှ မကောင်းဆိုးဝါးတကောင်၏ ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာခဲ့၏။
တပြိုင်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ မီခိုးမည်းမည်းများမှာ ထွက်လာခဲ့ပြန်သည်။
ဘန်းး
ယန်ထျန်းထျန်းက တံခါးကို ဆောင့်ကန်ကာ အပြင်သို့ထွက်လာသည်။ သူမ၏ မျက်လုံးများမှာ သတ်ဖြတ်ရန် သားကောင်ကို လိုက်ရှာနေခဲ့သည်။ နောက်တခဏတွင် သူမ၏ ပုံရိပ်မှာ ခြံဝင်းထဲမှ ပျောက်ကွယ်သွားတော့၏။
“တစ္ဆေအရှိန်အဝါလား”
ထိုအခိုက်တွင် လီချန်ချင်းမှာ တစ္ဆေအရှိန်အဝါကို အာရုံခံမိသွားခဲ့၏။
နောက်ဆုံးမှာတော့ ပုန်းအောင်းနေတဲ့ တစ္ဆေမျိုးနွယ်တွေက လီဟမ်ရှန်းကို သတ်ဖို့ စပြီး လှုပ်ရှားလာတာလား
ညမှောင်မှောင်၊ လုကျင်းမြို့၏ လမ်းထက်တွင် လူတယောက်က သေရည်များသောက်စားထားလွန်းသောကြောင့် အမူးလွန်ကာ ယိမ်းထိုးနေခဲ့သည်။
မိုးရွာသွန်းထားသောကြောင့် လမ်းမပေါ်ရှိ ချိုင့်ခွက်များတွင် ရေအိုင်ငယ်လေးများ ဖြစ်ထွန်းနေသည်။ ထိုရေအိုင်ငယ်လေးများကို သူက ရှောင်သွားရမည့်အစား တက်နင်းနေခဲ့သည်။
သူ လမ်းလျှောက်နေသည့်အခိုက်တွင် သူ့အရှေ့တွင် လွန်စွာ သေးငယ်သော ပုံရိပ်လေးတခုက ပိတ်ဆို့ထားသည်ကို မြင်တွေ့လိုက်ရ၏။ သေသေချာချာသာ မကြည့်လျှင် သစ်သားပိုင်းတခုကို ထောင်ထားသည်ဟု ထင်မိစရာပင်။
“ဘယ်သူလဲကွ”
အမူးသမားက သူ၏ မျက်လုံးများကို ပွတ်သပ်ပြီး သူ့အရှေ့တွင် ရပ်နေသူမှာ လူဟုတ်၊မဟုတ်ကို သေချာအောင် ကြည့်လိုက်သည်။
“ဘယ်သူ့ကလေးလဲကွ၊ ညဖက်ကြီး လမ်းပေါ်ရောက်နေတယ်။ မိဘတွေကလည်း ကိုယ့်သားသမီးကို ဂရုစိုက်လေ”
တခဏကြာသော် ထိုပုံရိပ်လေးမှာ သူ့ထံသို့ တဟုန်ထိုးပြေးတက်လာသည်ကို မြင်လိုက်ရသည်။ အမှောင်ထဲမှ နီရဲနေသည့် မျက်ဝန်းအစုံမှာ သူ့အား အရှင်လတ်လတ် စားသောက်ချင်နေသည့်နှယ်။
အမူးသမားမှာ မြေပြင်ပေါ်သို့ ပစ်လဲကျကာ အမေကို တနေခဲ့သည်။
ကလေးငယ်နှင့်တူသော ပုံရိပ်မှာ သူ့ထံသို့ တဟုန်ထိုးပြေးလာသောကြောင့် သူ၏ လက်များနှင့် ကြောက်အားလန့်အား လှမ်းကာလိုက်ခဲ့သည်။
အချိန်တခုကြာသည်အထိ သူ ဘာမှမဖြစ်သောကြောင့် အမူးသမားမှာ လက်များကိုဖယ်ကာ ချောင်းကြည့်လိုက်ခဲ့သည်။
သူက ထိတ်လန့်တကြားနှင့် ကြည့်လိုက်သည့်တိုင် သူ့အနားတွင် မည်သူမှ ရှိမနေပါချေ။
လမ်းမမှာ တိတ်ဆိတ်နေလေ၏။ မည်သည့်အရာမှ မဖြစ်ပွားသည့်အလားပင်။
“ငါသောက်တာများသွားလို့လား”
အမူးသမားမှာ တွေဝေနေသည့်တိုင်၊ သူမြင်တွေ့ခဲ့ရသည်များမှာ လွန်စွာမှကို စစ်မှန်နေသောကြောင့် ကြောက်ရွံ့နေဆဲပင်။
လုကျင်းမြို့၏အပြင်ဘက်ရှိ လွင်ပြင်တွင် ယန်ထျန်းထျန်းမှာ ကိုင်ပေါက်ခံလိုက်ရသောကြောင့် ဖုန်တောထဲတွင် လူးလိမ့်သွားခဲ့သည်။
ယန်ထျန်းထျန်းမှာ နားမလည်နိုင်ခဲ့ပေ။ သူမက ခုနတုန်းကပဲ လမ်းမပေါ်မှာလေ၊ ဘယ်လိုဖြစ်ပြီး ဒီလွင်ပြင်ကို ရောက်လာခဲ့တာလဲ။
သူမ၏ ဦးခေါင်းကို စောင်းငဲ့ပြီး ကြည့်လိုက်သည့်အခါတွင် လီချန်ချင်းကို တွေ့လိုက်ရ၏။
သူမ၏ မျက်လုံးများ၏ သွေးဆာနေမှုများမှာတော့ မပျောက်ကွယ်သေးပါချေ။ သူမ၏ မျက်လုံးများမှာ အသိမဝင်သေးပဲ လီချန်ချင်းကို အစိမ်းလိုက်ဝါးစားလိုလေခဲ့သည်။
ထိုအဖြစ်ကို မြင်သော လီချန်ချင်းမှာ လက်တချက်ဝှေ့ယမ်းလိုက်ခဲ့သည်။ စည်းတံဆိပ်ငါးချက်အစီအရင်မှာ သူ၏ အတွင်းအားမှ ထွက်လာပြီး သဏ္ဍာန်မဲ့ချိန်းကြိုးများမှာ ယန်ထျန်းထျန်းကို မလှုပ်ရှားနိုင်အောင် တုတ်နှောင်လိုက်ခဲ့သည်။
ယန်ထျန်းထျန်းမှာ အသည်းအသန်ရုန်းကန်နေသည့်တိုင် လီချန်ချင်း၏ ချုပ်နှောင်မှုမှ လွတ်မြောက်အောင် မရုန်းထွက်နိုင်ခဲ့ပေ။
“ဒါက ဟမ်ရှန်းရဲ့ စီနီယာအစ်မမဟုတ်လား”
လီချန်ချင်းက အနီးကပ်ကာ ကြည့်ရှုလိုက်သည်။
“ဒီကောင်မလေးက လူသားမဟုတ်ဘူးလား”
ဘာလို့ သူ့မှာ တစ္ဆေအရှိန်အဝါတွေ ရှိနေတာလဲ။ လီချန်ချင်းက နားမလည်နိုင်ခဲ့ပေ။
ထိုအခိုက်တွင် ကောင်းကင်ထက်တွင် တိမ်မည်းများမှာ အနည်းငယ်ရွေ့လျားသွားပြီး လရောင်ဖျော့ဖျော့လေး ကျဆင်းလာခဲ့သည်။ ထိုအချိန်မှသာ ယန်ထျန်းထျန်း၏ သွေးဆာနေသော မျက်လုံးများတွင် အသိစိတ်အနည်းငယ်ဝင်လာကာ ထိန်းချုပ်မှုတခု ပေါ်ထွက်လာသည်။ သူမ၏ ကြုံးဝါးနေသော လည်ချောင်းသံကြီးမှာလည်း အနည်းငယ် ဖျော့တော့သွားခဲ့ပါသည်။
“ဟင်?”
လီချန်ချင်းသည် တိမ်မည်းများကို မော့ကြည့်လိုက်သည်။ သံသယတခုမှာ သူ၏ နှလုံးသားထဲသို့ ယှက်သန်းလာခဲ့သည်။
သူ၏ လက်တချက်အဝှေ့တွင် အနီးအနားရှိသစ်ပင်မှ သစ်ကိုင်းတကိုင်းမှာ ကျိုးကျလာကာ သူ့ထံသို့ ပျံဝဲလာခဲ့၏။
“ဖယ်ရှားလိုက်စမ်း”
ခပ်တိုးတိုးရေရွတ်သံနှင့်အတူ၊ လီချန်ချင်းက လက်ထဲမှ သစ်ကိုင်းကို ဝှေ့ယမ်းလိုက်ရာ သန့်စင်အားပြင်းလှသော ဓားချီမှာ သစ်ကိုင်းထိပ်မှ ဟုန်းကနဲ ထွက်လာခဲ့သည်။
ဓားချီမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး ပိန်းပိန်းအောင် မှောင်နေသော တိမ်မည်းများကို ထိုးဖောက်သွားခဲ့တော့ပါသည်။
ဓားချီမှာ မိုးနှင့်မြေပြင်ကို အပေါက်အကြီးကြီးဖြစ်အောင် ဖောက်ထွင်းသွားတော့သည်။