← Chapters

အခန်း (၂၂၁)

Vol. 21 Ch. 221

အခန်း (၂၂၁)

Vol. 21 Ch. 221

ကောင်းကင်ထက်ရှိ တိမ်စိုင်တိမ်မည်းများမှာ တချက်တည်း စုတ်ဖြဲခံလိုက်ရပြီးနောက်တွင် စုတ်ပြဲသွားသော နေရာမှ လရောင်များမှာ ယန်ထျန်းထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ လင်းလက်စွာ ကျဆင်းလာတော့သည်။

သူမ၏ ကိုယ်ပေါ်သို့ လရောင်ကျဆင်းသွားသည့်အခိုက်တွင် ယန်ထျန်းထျန်း၏ ခန္ဓာကိုယ်မှာ တချက်တုန်ရီသွားခဲ့သည်။ သူမ၏ မျက်လုံးထဲတွင်လည်း အသိဝင်လာသည့်အရိပ်အယောင်များ ဖြစ်လာခဲ့ပါသည်။

သူမ၏ အသိစိတ်မှာ ဖြေးညင်းစွာ ပြန်ရောက်လာခဲ့၏။

ယန်ထျန်းထျန်းမှာ သူမ၏ ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ပါသည်။ သူမအနေနှင့် ဘယ်နေရာကို ရောက်နေမှန်းမသိသော်လည်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ထူးဆန်းသည်ဟု ခံစားရသည့် ပုံမပေါ်ပေ။ သူမမှာ ဤသို့သော အခြေအနေနှင့် ရင်းနှီးနေသည့်အလားပင်။

သို့ပေမယ့် သူမ၏ အရှေ့တွင် ရပ်နေသည့် လီချန်ချင်းကို မြင်လိုက်သည့်အခါတွင်တော့ လန့်ဖျန့်သွားခဲ့ပါသည်။

“လီ… စီနီယာလီချန်ချင်းပါလား။ ဒီမှာ ဘာလို့ ရှိနေတာလဲ”

လီချန်ချင်းက ပြန်မဖြေပေ။ သူက သူမအား စိတ်ဝင်တစားနှင့်ကြည့်နေခဲ့သည်။ ထို့နောက်တွင် အရှေ့သို့ ခြေတလှမ်းတိုးလိုက်ပြီး သူမ၏ ပါးမို့မို့ကို ဆွဲစိတ်လိုက်၏။

ထိုလုပ်ရပ်ကြောင့် ယန်ထျန်းထျန်းမှာ အနည်းငယ် လန့်သွားခဲ့သည်။

“မင်းက လူလား၊ တစ္ဆေလား”

လီချန်ချင်းက မျက်ခုံးများကို တွန့်ကွေးကာ မေးလိုက်သည်။

“အခုလေးတင် မင်းဆီကနေ တစ္ဆေအရှိန်အဝါတွေ ထွက်နေခဲ့တာ။ အခုကျတော့ အဲ့ဒါတွေက လုံးဝပျောက်သွားပြီးတော့ ချက်ချင်းကို လူသားဖြစ်နေပြန်တယ်”

“ကျွန်မ…” ယန်ထျန်းထျန်းမှာ တခဏကြာအောင် ဘာပြောရမှန်းမသိအောင် ဖြစ်သွားခဲ့သည်။ ထိုအခိုက် လီချန်ချင်းမှာ တစုံတခုကို အာရုံခံမိသွားကာ အဝေးသို့ လှမ်းကြည့်လိုက်၏။ ထို့နောက်တွင် သူက ယန်ထျန်းထျန်းကို လှမ်းကိုင်ကာ ပျောက်ကွယ်သွားတော့သည်။

နှင်းငှက်မွှေးကိုယ်ဖော့သိုင်းကြောင့် သူက မျက်တောင်တခတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပါသည်။

တစုံတယောက်က ချဉ်းကပ်လာသည်ကို လီချန်ချင်းက အာရုံခံလိုက်မိသောကြောင့် ယန်ထျန်းထျန်းကို ဆွဲကိုင်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်ပါသည်။

လီချန်ချင်းထွက်သွားပြီး မကြာမီပင် လူတယောက် ရောက်လာခဲ့၏။ ထိုသူ၏ မျက်နှာမှာ ဆုံးဖြတ်ချက်ပြတ်သားပြီး ခိုင်မာသော စိတ်ဓာတ်ရှိသည့် အသွင်အပြင်ကို ပေးစွမ်းနေသည်။

သူ၏ ကိုယ်ဖော့သိုင်းမှာ ငြင်သာလွန်းလှသောကြောင့် တစ္ဆေသရဲတကောင်က လေထုထဲမှ ရုတ်တရက်ပေါ်လာသည့်အလားပင်။

ထိုသူမှာ ဝတ်ရုံကို ခြုံလွှမ်းထားလေ၏။ သူ၏ မျက်လုံးများမှာ သေးငယ်သည့်တိုင် ငြင်းဆန်မရနိုင်သော ဖိအားတရပ်က ရှိနေခဲ့ပါသည်။

သူ၏ ဝတ်ရုံတွင်လည်း ဆန်းကြယ်လှသော မျဉ်းကြောင်းများ ပါရှိနေခဲ့သည်။

သူက ကောင်းကင်ထက်တွင် တိမ်များကို ထိုးဖောက်ထားသော ဓားအရှိန်အဝါကို ကြည့်ရင်း ပြောလိုက်ပါသည်။

“ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့ ဓားအလင်းတန်းလဲ။ ဒီစွမ်းအားက အဆင့်မြင့်ဆရာသခင်အဆင့်ကို ရောက်နေတဲ့ ဓားသခင်တပါးပဲ ဖြစ်ရလိမ့်မယ်”

ထိုအမျိုးသား၏ မျက်နှာမှာ မသိမသာလေးနက်သွားခဲ့ပြီး တွေးတောနေခဲ့သည်။ မင်ဟုန်ခရိုင်မှာ စွမ်းအားကြီးတဲ့ ဓားသခင်တပါးက ဘယ်လိုရောက်လာခဲ့ရတာလဲ။ ချင်းရွှယ်အာဏာဓားများ ရောက်နေခဲ့တာလား။

ဒါပေမယ့် ကောင်းကင်ထက်က သန့်စင်တဲ့ဓားအရှိန်အဝါအရတော့ မဖြစ်နိုင်ပေ။

သူက ခြေတလှမ်းတိုးလိုက်ရာ တစုံတခုကို နင်းမိသွားခဲ့သည်။

သူငုံ့ကြည့်လိုက်ရာတွင် မြေပြင်ထက်၌ သစ်ကိုင်းတကိုင်းမှာ ငြိမ်သက်စွာဖြင့် လှဲလျောင်းနေခဲ့သည်။

သစ်ကိုင်းကိုကောက်ကိုင်လိုက်သော ထိုအမျိုးသား၏ မျက်ဝန်းများတွင် အံ့ဩသော အရိပ်အယောင်များက ဖြတ်ပြေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သစ်ကိုင်းတွင်လည်း ကောင်းကင်ထက်ရှိ သန့်စင်သော ဓားအရှိန်အဝါများကို ခံစားမိလိုက်သောကြောင့်ဖြစ်ပါသည်။

“သစ်ကိုင်းလေးကို သုံးပြီးတော့ တိမ်တွေကို ခွဲခဲ့တာလားဟ”

ဓားသခင်မှာ သူ၏ ဓားကို အသုံးပြုပြီး ကောင်းကင်ကို ခုတ်ပိုင်းခဲ့သည်ဟု ထိုအမျိုးသားက ထင်ခဲ့ပါသည်။

သစ်ကိုင်းကို အသုံးပြုခဲ့လိမ့်မည်ဟု သူလုံးဝမတွေးခဲ့မိပါချေ။

“ဘယ်သူများဖြစ်နိုင်မလဲ”

အမျိုးသားသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ စစ်ဆေးသော်လည်း ဘာသဲလွန်စကိုမှ မတွေ့ခဲ့ပေ။

ထို့ကြောင့် သူက သစ်ကိုင်းခြောက်ကို ကောက်ကိုင်လိုက်ပြီး မီးခိုးငွေ့လိုပင် နေရာမှပျောက်ကွယ်သွားခဲ့၏။

မြို့ပြင်ရှိ အိမ်ပျက်တလုံးတွင် လီချန်ချင်းနှင့် ယန်ထျန်းထျန်းတို့ ရှိနေခဲ့ကြသည်။

ပထမအခေါက်တုန်းကလိုပင် လီချန်ချင်းက ယန်ထျန်းထျန်းကို ကိုင်ပေါက်လိုက်ပြီး အေးစက်စွာဖြင့် ကြည့်နေလိုက်သည်။

ယန်ထျန်းထျန်းက လီချန်ချင်း၏ အေးစက်သောအကြည့်ကို သတိထားမိနေပြီး သူ့ထံမှ အန္တရာယ်ရှိသော အရိပ်အယောင်ကို ခံစားနေခဲ့ရသည်။

လီချန်ချင်းက သူ့ကို သတ်ဖို့အတွက် တွေးထားတာလား

လီချန်ချင်း၏ အတွေးကို ချက်ချင်းနားလည်သဘောပေါက်သွားသောကြောင့် ယန်ထျန်းထျန်းက အသက်ပြင်းပြင်းရှုရှိုက်ကာ ပြောလိုက်သည်။

“စီနီယာလီချန်ချင်း၊ ကျွန်မက လူတပိုင်းတစ္ဆေတပိုင်းပါ။ ကျွန်မက ညကောင်းကင်မှာ လရောင်လုံးဝမရှိတော့တဲ့အချိန်ကျမှသာ တစ္ဆေအဖြစ်ကို အသွင်ပြောင်းသွားတာပါ။ ကျွန်မက တစ္ဆေမျိုးနွယ်ရဲ့ သွေးတစ္ဆေမျိုးနွယ်ဝင်လို့ ပြောနိုင်ပါတယ်။ နောက်ဆုံးတခေါက်က တာဝန်က နေ့ခင်းဖက်ကြီး ဖြစ်တာကြောင့် ဂျူနီယာမောင်လေးနဲ့ အတူတူသွားခဲ့ပြီးတော့ သူ့ကို အန္တရာယ်မဖြစ်စေခဲ့တာပါ”

ထိုစကားများကို ကြားပြီးသည့်တိုင် လီချန်ချင်း၏ အမူအရာမှာ မပြောင်းလဲသေးပေ။ သူ၏ မျက်လုံးများမှာတဆင့် သူဘာတွေးနေသည်ဆိုသည်ကို ခန့်မှန်း၍ မရနိုင်ခဲ့ပါချေ။

“ဆရာသခင်က ကျွန်မရဲ့ ဒီပြသနာကို ဖြေရှင်းဖို့က စီနီယာလီချန်ချင်းပဲ ကူညီနိုင်လောက်မယ်လို့ တွေးထားပါတယ်။ အဲ့ဒါကြောင့် ဒီကို မလာခင်မှာ စီနီယာနဲ့ တွေ့ဖို့ ချန်ထင်မြို့ကို သွားခဲ့ပါသေးတယ်။ အဲ့ဒီ့မှာ စီနီယာက ရှိမနေခဲ့ဘူး။ ပြီးတော့ ဒီညမှာလည်း တိမ်က လကို လုံးဝကို ဖုံးလွှမ်းသွားလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားခဲ့မိဘူး။ ကံကောင်းလို့ပေါ့၊ ကျွန်မက ဂျူနီယာမောင်လေးကို အန္တရာယ်မပေးမိလိုက်တာ”

စကားဆုံးသော် ယန်ထျန်းထျန်းက စိတ်သက်သာရာစွာ သက်ပြင်းချလိုက်၏။

“အဲ့ဒါကြောင့်ပဲ မင်းက အခုထက်ထိ အသက်ရှင်နေသေးတာ” လီချန်ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ယန်ထျန်းထျန်းက ခေါင်းညိတ်ပြရုံကလွဲ၍ ဘာတခွန်းမှမပြောခဲ့ပေ။ သူမသာ လီဟမ်ရှန်းကို တိုက်ခိုက်ခဲ့ပါလျှင် ယခုလောက်ဆိုရင် သူမ၏ ဦးခေါင်းက ပြတ်နေလောက်ချေပြီ။

လီချန်ချင်းကို ဆက်လက်၍ ရှင်းပြပေးရန် မလိုအပ်မှန်းကို ယန်ထျန်းထျန်းက နားလည်ပါသည်။ သူသာ သူမက ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့် ပတ်သက်သော တစ္ဆေမျိုးနွယ်ဟု သတ်မှတ်ပြီး နှိမ်နင်းမည်ဆိုပါက သူမတွင် လွတ်မြောက်နိုင်စွမ်းမရှိနေပါချေ။

သူမ၏ ကံကြမ္မာမှာ လီချန်ချင်း၏ လက်ထဲတွင်သာ ရှိနေတော့သည်။

“လူတပိုင်းတစ္ဆေတပိုင်း” လီချန်ချင်းက ပေါ့ပါးစွာ ပြောလိုက်သည်။

“မင်းလိုမျိုး အခြေအနေက ရှားပါးလွန်းတယ်”

“ဟုတ်ပါတယ်”

ယန်ထျန်းထျန်းက ခါးသက်စွာပြုံးကာ ပြောလိုက်သည်။

“ကျွန်မရဲ့အခြေအနေက ရှားပါးနေတာက ကျွန်မရဲ့ အဖေက လူသားဖြစ်ပြီး အမေကတော့ တစ္ဆေပါ။ လူသားနဲ့တစ္ဆေကနေ မွေးဖွားလာတဲ့ ကလေးတွေက တစ္ဆေမဟုတ်ရင်၊ လူသားဆိုပြီးတော့ပဲ မွေးလာတတ်ကြတာပါ။ ကျွန်မလိုမျိုး လူတပိုင်းတစ္ဆေတပိုင်းဆိုပြီး မဖြစ်ကြဘူး။ ကျွန်မမှာ အမြွှာဝိဉာဉ်ရှိနေပါတယ်”

ယန်ထျန်းထျန်းက မည်သည့်အရာကိုမှ မဖုံးကွယ်ထားခဲ့ပါချေ။

“ကောင်းကင်ကြီးကို အမှောင်ဖုံးသွားခဲ့ရင် ကျွန်မရဲ့ မူလဝိဉာဉ်က အိပ်ပျော်သွားခဲ့ပြီးတော့ တခြားဝိဉာဉ်က နိုးထလာခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ တစ္ဆေဝိဉာဉ်က ကျွန်မရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ပါတော့တယ်။ ကျွန်မရဲ့ လူသားဝိဉာဉ်က ခန္ဓာကိုယ်ကို ထိန်းချုပ်လာတာက နှစ်အရမ်းကြာနေတာကြောင့် တစ္ဆေဝိဉာဉ်နိုးထလာရင် အသိစိတ်ရှိမနေတော့ပဲ သွေးဆာလောင်မှုတခုတည်းသာ ရှိနေပါတယ်”

“ဝိဉာဉ်နှစ်ခုရှိနေတာကြောင့်လည်း ကျွန်မရဲ့ ကျင့်ကြံခြင်းကို အလွန်တရာကို နှောင့်နှေးသွားစေခဲ့ပါတယ်။ ကျွန်မအစွမ်းကုန် ကျင့်ကြံရင်တောင် သူများတွေရဲ့ တဝက်လောက်ကိုပဲ ကျင့်ကြံနိုင်ပါတယ်”

“အဲ့ဒါကြောင့်ပဲ ကျွန်မက မူလအဆင့်ကို ဖြတ်ကျော်ပြီးတာနဲ့ ဆရာသခင်က ကျွန်မကို တောင်အောက်ကိုဆင်းပြီးတော့ တာဝန်တွေကို မလုပ်ခိုင်းခဲ့တော့ပါဘူး။ ကျွန်မက ထိန်းချုပ်မှုလွတ်ပြီးတော့ လူသတ်မိမှာစိုးလို့ပါ”

“အမြွှာဝိဉာဉ်တဲ့လား” ထိုစကားကြောင့် လီချန်ချင်းမှာ တစုံတခုကို နားလည်ခဲ့သွား၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ဝိဉာဉ်နှစ်ခုနေထိုင်ပြီးတော့ စိတ်ကကော နှစ်မျိုးဖြစ်နေမလားဆိုတာကို သူသိချင်သွားခဲ့ပါသည်။

“ရှမူဟိုင်က မင်းရဲ့ပြသနာကို ဖြေရှင်းပေးဖို့ ငါ့ဆီကို လွှတ်လိုက်တာလား”

လီချန်ချင်းမှာ အံ့ဩနေခဲ့မိသည်။ သူ့ကိုရှာတွေ့တာက ဘာများအသုံးဝင်မှာမို့လို့လဲ။

“ဆရာသခင်ပြောတာကတော့ လူကြီးမင်းမှာ တစ္ဆေမျိုးနွယ်စွမ်းအားကို ဖိနှိပ်ဖို့အတွက် နည်းလမ်းတခုခုရှိနိုင်လောက်မယ်တဲ့” ယန်ထျန်းထျန်းမှာ မျှော်လင့်နေသော မျက်လုံးများဖြင့် လီချန်ချင်း၏ မျက်နှာကို မော့ကြည့်နေခဲ့ပါသည်။

“စီနီယာချန်ချင်း ကျွန်မကို ကူညီနိုင်မလား”

“ရှမူဟိုင်က ငါ့ကို တကယ်ကြီးကို အထင်ကြီးနေခဲ့တာပဲ”

လီချန်ချင်းမှာ အနည်းငယ်ကူကယ်ရာမဲ့သလို ခံစားနေခဲ့ရပါသည်။ အလွန်အကျွံအားကိုးခံရခြင်းမှာလည်း မကောင်းမွန်ပေ။ ယခုအကြိမ်သည် ထိုကဲ့သို့သော အခြေအနေကို သူကြုံတွေ့သော ပထမဦးဆုံးသောအကြိမ်လည်း ဖြစ်ပါသည်။ သူက ဘာလုပ်ရမှာလဲ။

သူက စစချင်းတော့ ငြင်းဆန်ရန် ကြံရွယ်ထားသော်လည်း ယန်ထျန်းထျန်း၏ အပြစ်ကင်းဆင်ပြီး သနားစဖွယ်မျက်နှာလေးကြောင့် လီချန်ချင်း၏ နှလုံးသားမှာ ပျော့ပျောင်းသွားခဲ့ပါ၏။

သူမက သားဖြစ်သူ၏ စီနီယာအစ်မ၂ ဖြစ်သည်မဟုတ်ပါလား။ သူမကို ကူညီခြင်းက အချိန်တခုရောက်ရင် သားဖြစ်သူအတွက် အထောက်အကူရနိုင်လောက်မှာပဲလေ။

နောက်တခုက သူသာ မကူညီလိုက်လျှင် တရက်ရက်မှာ သူမ၏ ခန္ဓာကိုယ်ရှိ တစ္ဆေဝိဉာဉ်က နိုးထလာခဲ့ပြီးနောက် သားဖြစ်သူကို အန္တရာယ်ဖြစ်သွားစေနိုင်ပေသည်။

သူမကို အခုချက်ချင်း သတ်ပစ်ဖို့လည်း မဖြစ်နိုင်ပေ။

“ဒါလေးကို ဝတ်ကြည့်”

လီချန်ချင်းက သူ၏ လည်ပင်းမှာ ဗုဒ္ဓရုပ်ထုလည်ဆွဲကို ဆွဲချွတ်လိုက်ပြီးနောက် ယန်ထျန်းထျန်းကို ကမ်းပေးလိုက်သည်။ ယန်ထျန်းထျန်း၏ ကိုယ်ထဲမှာ တစ္ဆေစွမ်းအားများကို ဗုဒ္ဓရုပ်ပွားတော်က ဖိနှိပ်နိုင်မလားဟူသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။

ထိုဗုဒ္ဓရုပ်ပွားတော်မှာ ရှမူဟိုင်နှင့် ကျန်သူများ၏ တစ္ဆေစွမ်းအားများကို ဖိနှိပ်နိုင်စွမ်းရှိခဲ့လေသည်။

အချိန်အနည်းငယ်ကြာသည်အထိပဲ ဖြစ်ဖြစ် ဖိနှိပ်နိုင်ခဲ့ပါက၊ လောလောဆယ်တွင် ခဏစိတ်ချရပြီး၊ နောက်ပိုင်းအမြစ်ပြတ်ဖိနှိပ်နိုင်မည့် အဖြေကို ရှာဖွေနိုင်လိမ့်မည်။

“ကျေးဇူးတင်ပါတယ်၊ စီနီယာ” ယန်ထျန်းထျန်းက ဗုဒ္ဓဆွဲကြိုးကို လှမ်းယူလိုက်သည်။

သို့သော် ဗုဒ္ဓဆွဲကြိုးကို ယန်ထျန်းထျန်းက ထိလိုက်မိသည်နှင့် ဗုဒ္ဓအလင်းမှာ တောက်ပလာပြီး ယန်ထျန်းထျန်းကို တဟုန်ထိုး ပစ်လွှတ်လိုက်ခဲ့သည်။ ဗုဒ္ဓရုပ်ပွားတော်မှာလည်း မျက်လုံးပွင့်လာပြီး ယန်ထျန်းထျန်းကို ဒေါသတကြီးနှင့် စိုက်ကြည့်နေခဲ့သည်။

ယန်ထျန်းထျန်း၏ ခန္ဓာကိုယ်လေးမှာ အဝေးသို့ လွင့်ပျံသွားခဲ့ပါသည်။

“အဟွတ်”

ယန်ထျန်းထျန်းမှာ သွေးတလုပ်ကို အန်ထုတ်လိုက်ရပါသည်။ သူမ၏ လက်ထဲမှ ဗုဒ္ဓရုပ်ထုမှာလည်း အဝေးသို့ လွင့်ပျံသွားခဲ့ပါသည်။

လီချန်ချင်းမှာ အလွန့်ကို ထိတ်လန့်သွားခဲ့ပါသည်။ သူက ယန်ထျန်းထျန်းကို အသေခံခိုင်း၍ မဖြစ်ပါချေ။

“ဘယ်လိုနေသေးလဲ” လီချန်ချင်းက ရှေ့သို့ အမြန်တိုးကာ ယန်ထျန်းထျန်းအား ကုသဆေးကို တိုက်ကျွေးလိုက်ခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်မှာ ယန်ထျန်းထျန်းအား ထိုမျှပြင်းထန်သော တုန့်ပြန်ချက်ကို ပေးလိမ့်မည်ဟု သူက လုံးဝမထင်ထားခဲ့မိပါချေ။

၎င်း၏ အခြေအနေမှာ ယန်ထျန်းထျန်း၏ ကိုယ်တွင်းမှ တစ္ဆေမျိုးနွယ်၏ စွမ်းအားကို ခံစားသိရှိနေသည့်အလားပင်။

ယန်ထျန်းထျန်းမှာ ထိတ်လန့်နေပြီး သူမ၏ မျက်နှာလေးမှာ ဖြူရော်နေခဲ့သည်။ ကုသဆေးကို သောက်သုံးပြီးမှသာ ကိုယ်တွင်း၌ လှိုင်းထန်နေခဲ့သည့် အတွင်းအားများကို ပြန်လည်ထိန်းချုပ်နိုင်သွားတော့ပါသည်။

တခဏအတွင်းတွင် ယန်ထျန်းထျန်းမှာ သူမ သေဆုံးတော့မည်ဟု ချက်ချင်းကို ခံစားခဲ့ရလေသည်။

ဗုဒ္ဓအလင်းတန်းမှာ သူမကို စုတ်ဖြဲလုနီးပါးပင်။

အတွင်းစွမ်းအားများကို ကြိုးစားထိန်းချုပ်ပြီးမှသာ မျက်နှာအပျက်ပျက်အယွင်းယွင်းနှင့် ယန်ထျန်းထျန်းက ဖြေလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်”

“ဒီဟာက မင်းနဲ့မသင့်တော်ဘူးပဲ”

ဗုဒ္ဓဆင်းတုတော်များသည် တစ္ဆေမျိုးနွယ်များကို ဖိနှိပ်ထိန်းချုပ်ရာတွင် လွန်စွာစွမ်းအားကြီးမားလှသည်။ ရုပ်ပွားတော်က ယန်ထျန်းထျန်း၏ ဝိဉာဉ်ပွားကို ထိန်းချုပ်ရန်မကြိုးစားပဲ တချက်တည်း သတ်ပစ်ရန်လုပ်ခဲ့သဖြင့် ယန်ထျန်းထျန်း၏ လူသားဝိဉာဉ်ပါ တပါတည်းလိုက်သေရမလိုပင် ဖြစ်သွားခဲ့ရသည်။

ထိုအခိုက်တွင် လီချန်ချင်းက ယန်ထျန်းထျန်းကို ထူးဆန်းသော အမူအရာနှင့် ကြည့်လိုက်ပြီးနောက်တွင် မေးခဲ့သည်။

“ငါ့မှာ တခြားနည်းလမ်းတခုတော့ ရှိတယ်။ ဒါပေမယ့် အပြည့်အဝအောင်မြင်မယ်လို့တော့ အာမတော့မခံဘူး။ မင်းစမ်းကြည့်ချင်လား”

“ကျေးဇူးပြုပြီးတော့ ဘယ်နည်းမဆိုစမ်းသပ်ပေးပါ စီနီယာလီချန်ချင်း”

ယန်ထျန်းထျန်းက လေးနက်စွာ ပြောလိုက်ပါသည်။

“ဒီနှစ်တွေမှာ ဆရာသခင်က နည်းလမ်းမျိုးစုံကို အသုံးပြုပေးတဲ့အပြင် စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း ဖိတ်ခေါ်ပြီး ကျွန်မရဲ့ ပြသနာကို ဖြေရှင်းဖို့ကြိုးစားပေမယ့် ဘယ်သူမှ အောင်မြင်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။ စီနီယာကပဲ ကျွန်မရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါရှင်”

“မင်းကို မတော်တဆသတ်မိမှာကို ငါစိုးရိမ်နေမိတယ်” လီချန်ချင်းက ဖျော့တော့စွာ ပြောလိုက်ပါသည်။

သူ၏ ဗုဒ္ဓရုပ်ထုမှာ ယန်ထျန်းထျန်းကို သတ်ဖြတ်လုနီးပါးကို ဖြစ်သွားစေသည်မဟုတ်ပါလား

“ပြသနာမရှိပါဘူး” ယန်ထျန်းထျန်း၏ မျက်နှာလေးမှာ ညှိုးငယ်နေခဲ့ပါ၏။

“ဆရာသခင်က အနာဂတ်မှာ မျှော်လင့်ချက်ဆိုတာ ရှိလာလိမ့်မယ်လို့ အမြဲတန်းကို ပြောခဲ့ပါတယ်။ ကျွန်မရဲ့ တစ္ဆေဝိဉာဉ်ပျက်ဆီးသွားမယ့်နေ့ကို ကျွန်မက စောင့်မျှော်နေခဲ့ရတာပါ။ ကျွန်မက တစ္ဆေတပိုင်း၊လူတပိုင်းမကောင်းဆိုးဝါးဘဝနဲ့ နေမယ့်အစား အသေပဲခံလိုက်ပါမယ်”

“စီနီယာချန်ချင်းရဲ့ လက်ထဲမှာ သေရမယ်ဆိုရင် ကျေကျေနပ်နပ်ကို အသေခံပါ့မယ်” ယန်ထျန်းထျန်းက လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုရင် ငါအရင်ဆုံး ပြင်ဆင်ဖို့တော့ လိုဦးမယ်။ မနက်ဖန်ညကျရင် တခေါက်ပြန်ထွက်လာခဲ့။ တစ္ဆေဝိဉာဉ်ကို နှုတ်ဖို့ ကြိုးစားပေးမယ်” လီချန်ချင်းမှာ ထိုကလေးမလေးကို သတ်မိမလား၊ ဝိဉာဉ်ကိုပဲ အောင်အောင်မြင်မြင်နှုတ်နိုင်မလားဆိုတာကိုတော့ သူကိုယ်တိုင် မသေချာပေ။

“ကျေးဇူးတင်ပါတယ် စီနီယာလီချန်ချင်း” ယန်ထျန်းထျန်းက ရိုသေစွာ ဦးညွတ်လိုက်၏။

“ပြန်တော့”

လီချန်ချင်းက ခပ်တိုးတိုးပြောလိုက်သည်။

All Chapters