အခန်း (၂၂၂)
Vol. 21 Ch. 222
လုကျင်းမြို့၏ သီးသန့်ခြံဝင်းတခု၌ ..
ညကောင်းကင်ယံအောက်တွင် ထိုခြံဝင်းထဲ၌ မီးရောင်ဖျော့ဖျော့လေးကို မြင်တွေ့ရမည် ဖြစ်သည်။
အခန်းထဲတွင် လူငယ်လေးတယောက်မှာ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး တုတ်ချောင်းတချောင်းကိုကိုင်ကာ ဆော့ကစားနေခဲ့သည်။
သူ့လက်ထဲရှိ သာမန်တုတ်ချောင်းကို စိုက်ကြည့်နေရင်း သူ၏ မျက်နှာအမူအရာမှာ ကစားလိုဟန်ပေါ်နေသည်။
“ဆန်းကြယ်တဲ့ လူတစ်ယောက်က ဒီတုတ်ချောင်းကို အသုံးပြုပြီတော့ တိမ်တွေကိုဖောက်ထွင်းနိုင်တဲ့ ဓားချီကို ထုတ်လွှတ်ခဲ့တယ်လို့ ခင်ဗျားပြောလိုက်တာလား”
လူငယ်လေးက သူ့နံဘေးရှိလူကို ကြည့်ကာပြောလိုက်သည်။
ထိုလူမှာ မြို့ပြင်မှာ ပေါ်လာသည့် ဝတ်စုံပြောင်ဝတ်ဆင်ထားသည့်လူပင် ဖြစ်သည်။
ဝတ်စုံပြောင်နှင့်လူက ခေါင်းညိတ်ကာပြောလိုက်သည်။
“နဝမမြောက်သခင်လေး၊ ဒီလိုမျိုး ထူးဆန်းပြီးစွမ်းအားကြီးမားတဲ့လူပေါ်လာတာကြောင့် လုကျင်းမြို့က မလုံခြုံတော့ဘူး။ သခင်လေးရဲ့ လုံခြုံရေးက ပိုအရေးကြီးတယ်။ မြို့ပြင်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တောင် ရှာမတွေ့နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန်ထွက်သွားတာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်”
“အဲ့လောက်ကြီးလဲ ဟုတ်မနေပါဘူး” လူငယ်လေးက အရေးမစိုက်သလို ပြောကာ တုတ်ချောင်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်လေ၏။
“ကျုပ်တို့ရဲ့ ဘိုးဘေးကို ဖယ်ထားလိုက်ရင်တောင် တုတ်ချောင်းတချောင်းကို အသုံးပြုပြီးတော့ မိုးမြေကိုကွဲအက်အောင်လုပ်နိုင်တဲ့ စွမ်းအားရှင်တစုလောက်က ကျုပ်တို့ဆုမိသားစုမှာတောင် ရှိနေသေးတာပဲ။ ဘာမှအံ့ဩနေစရာ မရှိဘူး”
“ဦးလေးချန်၊ အရမ်းစိုးရိမ်မနေပါနဲ့။ ဦးလေးရှိနေရင် ဒီမြို့မှာ ကျုပ်ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူး”
လူငယ်လေးက အေးအေးဆေးဆေးပြောလိုက်သည်။
ထိုလူငယ်လေးမှာ မြင့်မြတ်သော အသွင်အပြင်ရှိပြီး သူ၏ လှုပ်ရှားမှုတိုင်းမှာ တော်ဝင်ဆန်သောအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ တချက်ကြည့်လိုက်သည်နှင့် သာမန်မဟုတ်ပဲ အဆင့်အတန်းမြင့်မားသောအရှိန်အဝါက လွှမ်းခြုံထားသည်ကို ခံစားရလိမ့်မည်ဖြစ်သည်။
သူထုတ်ပြောသော စကားလုံးတိုင်းနှင့် အပြုံးတချက်တိုင်းတွင် တော်ဝင်ခမ်းနားသော အရိပ်အယောင်များ ဖုံးလွှမ်းနေခဲ့ပါသည်။
သူ့မျက်လုံးများတွင် မာနကြီးမှုများနှင့် ပြည့်နှက်နေကာ၊ သစ်ကိုင်းခြောက်ပိုင်ရှင်ကို စိတ်ထဲတွင် လုံးဝကို မထည့်ထားပေ။
ထိုသူမှာ သစ်ကိုင်းခြောက်ကို အသုံးပြုကာ ကောင်းကင်ကို ခွဲခဲ့သည့် အချက်အလက်ကို ကြားသိပြီးသည့်တိုင် သူ၏ မျက်လုံးထဲတွင် အဆင့်မရှိသေးပေ။
“နဝမမြောက်သခင်လေး” ချန်ဝမ်အန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“သခင်လေးပြောတာ မှန်ပါတယ်။ ဘိုးဘေးနှစ်ယောက်ကို ဖယ်ထားရင်တောင် ကျုပ်တို့မိသားစုမှာ ဒီသစ်ကိုင်းခြောက်ကို သုံးပြီးကောင်းကင်ကို ခွဲနိုင်တဲ့ စွမ်းအားရှင်တွေ ရှိကြပါတယ်။ ဒီလျို့ဝှက်တဲ့လူကို ကျုပ်က ယှဉ်မတိုက်နိုင်ပေမယ့် အန္တရာယ်နဲ့ကြုံလာရင် သခင်လေးကို ခေါ်ပြီး အဲ့လူရဲ့လက်ကနေ အေးအေးဆေးဆေး ထွက်ပြေးနိုင်ဖို့တော့ ယုံကြည်ချက်ရှိပါတယ်”
“ဒါပေမယ့် တခုရှိတာက ကျုပ်တို့ရဲ့ ဆုမိသားစုမှာ ဘိုးဘေးနှစ်ယောက်က လွဲရင် ကျန်တဲ့စွမ်းအားရှင်တွေက အဲ့လိုမျိုး သန့်စင်တဲ့စွမ်းအားကို ထုတ်လွှတ်ပြီးရင်တောင်မှ သစ်ကိုင်းခြောက်က အကောင်းအတိုင်းကျန်ရစ်နေမှာ မဟုတ်ဘူး။ အခုဒီဆန်းကြယ်တဲ့လူက ဓားချီထုတ်ပြီးတာတောင် အသုံးပြုခဲ့တဲ့ သစ်ကိုင်းက လတ်လတ်ဆတ်ဆတ်ချိုးထားတဲ့အတိုင်းပဲ ဖြစ်နေပြီး ပွန်းပဲ့ရာတခုမှကို မကျန်ရစ်ခဲ့ဘူး။
နဝမမြောက်သခင်လေး၊ ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့ရာမယ်ဆိုရင် ကျုပ်အသက်ပေးပြီး အသေခံတိုက်မှပဲ သခင်လေးလွတ်နိုင်မယ်”
ထိုစကားကိုကြားမှသာ မူလက ဂရုမမူမိသော သခင်လေးမှာ အမူအရာ ပျက်ပြားသွားပြီးနောက် စားပွဲပေါ်ရှိသစ်ကိုင်ကို ကောက်ကိုင်ကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်ခဲ့သည်။
မှန်၏။
သစ်ကိုင်းမှာ ပွန်းစင်းရာပင် မထင်သည့်အပြင်၊ ဓားစွမ်းအားထွက်ရှိရာ သစ်ကိုင်း၏ ထိပ်ဖျားတွင်ပင်လျှင် စိမ်းစိုနေသော သစ်ရွက်လေးများကိုပင် တွေ့ရသေးသည်။ ထိုသစ်ရွက်များမှာ ညှိုးရော်မှုများပင် ဖြစ်မနေပဲ၊ လတ်ဆတ်စိမ်းစိုနေပေသေး၏။
ချန်ဝမ်အန်းသာ မပြောလျှင် သူက လုံးဝကို သတိထားမိလိမ့်မည် မဟုတ်ပါချေ။
မိမိ၏ ခွန်အားကို ထိုကဲ့သို့ ပြီးပြည့်စုံအောင် ထိန်းချုပ်နိုင်စွမ်းရှိသူမှာ လုံးဝကို ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ စွမ်းအားရှင်တိုင်း၊ သိုင်းပညာရှင်တိုင်း ထိုအရာကို တတ်နိုင်သည်မဟုတ်ပေ။
“ဒါဆိုရင် မနက်ဖန့်နေ့လည်မှာပဲ ပြန်ထွက်ကြတာပေါ့” လူငယ်လေးက သူ၏ ဦးခေါင်းကို ခါယမ်းပြီးနောက်တွင် ဆက်ပြောလိုက်သည်။
“အရမ်းကြီး စိုးရိမ်မနေပါနဲ့။ အခုရောက်နေတာက အရှေ့ပိုင်းကုန်းမြေကြီးဖြစ်နေရင်တောင်မှ ကျုပ်က ဆုမိသားစုကဆိုတာကို သိတဲ့လူက သိပ်ရှိမှာမဟုတ်တာမို့လို့ ဘယ်သူမှ ပြသနာရှာကြမှာ မဟုတ်ပါဘူး”
“ဆုမိသားစုက ချင်းရွှယ်အာဏာဓားအရှင်နဲ့ ရန်ငြိုးရှိတယ်ဆိုရင်တောင်မှ ချင်းရွှယ်ဓားအရှင်က ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်မှာတော့ မဟုတ်ပါဘူး”
လူငယ်လေးက ပြုံးလျက် ပြောသည်။
“ဘယ်လိုပဲ ဖြစ်ဖြစ် နဝမမြောက်သခင်လေးရဲ့ လုံခြုံရေးက အရေးကြီးလွန်းပါတယ်” ချန်ဝမ်အန်းက လေးနက်သည့်အသံနှင့် ပြောလိုက်သည်။
“သခင်လေးရဲ့ စတုတ္ထအဘိုးလေးကသာ ကျွန်တော်က သခင်လေးကို လုကျင်းမြို့ကို ခေါ်လာတာကိုသာ သိသွားရင် ကျွန်တော်ကတော့ ပြသနာအကြီးကြီးတက်ပြီပဲ”
“ဟားဟား စတုတ္ထအဘိုးလေးက မသိပါဘူး စိတ်မပူပါနဲ့” လူငယ်လေးက ပြုံးရင်းနှင့် နှစ်သိမ့်လိုက်သည်။
ညကကုန်ဆုံးသွားလေသည်။
မနက်ရောက်သော် လီဟမ်ရှန်းက နိုးထလာသည့်အခါတွင် မင်းမင်းမှာ နံနက်စာကို ပြင်ဆင်ထားပေးပြီး ဖြစ်သည်။
ရှုခွေမှာမူ အစောကြီးနိုးနေခဲ့ပါသည်။
နံနက်စာစားပွဲတွင် ယန်ထျန်းထျန်းကို မတွေ့သဖြင့် လီဟမ်ရှန်းက မေးလိုက်သည်။
“ဦးလေးရှု၊ အစ်မ၂က ဘယ်မှာလဲ”
“ယန်မိန်းကလေးက နေမကောင်းဖြစ်နေတယ်လို့ပြောပါတယ်။ ကျွန်မက သူ့အခန်းကို နံနက်စာ ပို့ထားပေးပါတယ်” မင်းမင်းက ဝင်ဖြေခဲ့သည်။
“အစ်မ၂ကနေမကောင်းဘူးလား။ ဘယ်လိုဖြစ်တာလဲ”
မူလအဆင့်ဖြစ်သော ယန်ထျန်းထျန်း၏ နေမကောင်းဖြစ်ခြင်းက လီဟမ်ရှန်းကို အံ့အားသင့်သွားစေပါသည်။
“အမျိုးသမီးတွေရဲ့ တလတခါပြသနာဖြစ်ပါလိမ့်မယ်”
မင်းမင်းက အိုးတိုးအမ်းတန်းနှင့် ဝင်ပြောသည်။
“အာ” လီဟမ်ရှန်းကလည်း နားလည်သွားသောကြောင့် နောက်ထပ် မေးခွန်းများကို ဆက်မမေးခဲ့တော့ပေ။
မူလအဆင့်သို့ရောက်သည့်အခါတွင် သေမျိုးခန္ဓာကိုယ်မဟုတ်တော့ပဲ၊ သန့်စင်သွားသောကြောင့် ထိုအမျိုးသမီးပြသနာများက ဖြစ်နေသေးလားဆိုသည်ကိုတော့ သူတကယ်ပဲ သိချင်နေမိ၏။
နံနက်စာစားပြီးသော်
“ဦးလေးရှု၊ အပြင်ကိုထွက်ကြရအောင်”
“သခင်လေးက ဘယ်ကို သွားမလို့လဲ”
“ကျွန်တော်က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို သွားမလို့ပါ၊ မနေ့ကတုန်းကတွေ့ခဲ့တဲ့ တဆင့်ရောင်းဝယ်ရေးနေရာကို စိတ်ဝင်စားလို့ နည်းနည်းသွားလေ့လာချင်လို့”
လီဟမ်ရှန်း၏ လေသံတွင် စိတ်လောနေမှုများလည်း ပါဝင်နေခဲ့၏။ လီဟမ်ရှန်း၏ စကားကိုကြားပြီးသည့်နောက်တွင် ရှုခွေက တချက်ပြုံးလိုက်ပါသည်။
“ကောင်းပြီလေ။ ကျုပ်လိုက်ပို့ပေးပါ့မယ်” ရှုခွေက သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။
“အစ်မ၂ အေးအေးဆေးဆေး အနားယူလိုက်ပါဦး။ သိပ်မကြာဘူးနော်၊ ပြန်လာခဲ့မယ်”
လီဟမ်ရှန်းက ယန်ထျန်းထျန်း၏ အခန်းဝမှ လှမ်းအော်လိုက်သည်။
“အင်း”
ယန်ထျန်းထျန်းက အားနည်းစွာဖြင့် တုန့်ပြန်လိုက်ခဲ့သည်။ မနေ့ညက ရရှိခဲ့သော ဒဏ်ရာများမှာ ပြင်းထန်လှ၏။
ထို့နောက်တွင် လီဟမ်ရှန်းတို့ သုံးယောက်သားမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းသို့ ထွက်လာခဲ့ကြ၏။
ယနေ့ချန်ချင်းကုန်သွယ်ရေးမှာလည်း မနေ့ကနှင့် ဘာမှ မကွာခြားလှပေ။ ဖောက်သည်များနှင့် အပြည့်ဖြစ်နေခဲ့ပြန်သည်။ ဤအခြေအနေကို ပထမဦးဆုံးအကြိမ်မြင်တွေ့ခြင်းမဟုတ်သည့်တိုင် သူတို့က အံ့အားသင့်နေခဲ့ပြန်၏။
“သခင်လေးလီ တဆင့်ရောင်းဝယ်ရေးဌာနကို ကျွန်မလိုက်ပို့ပေးပါ့မယ်။ တဆင့်ရောင်းဝယ်ရေးဌာနမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဖောက်သည်တွေအများကြီးဖြစ်တာကြောင့် ဂိုဏ်းပေါင်းစုံက တန်ဖိုးကြီးရတနာတွေတောင်မှ ရောင်းချဖို့အတွက် လာအပ်နှံထားတာတွေရှိပါတယ်။ သခင်လေးကြည့်ချင်တယ်ဆိုရင် ကျွန်မလိုက်ပြပေးပါ့မယ်”
“ကောင်းပြီလေ” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
သူတို့သုံးယောက်သား တတိယထပ်သို့ တက်သွားကြ၏။
တဆင့်ရောင်းဝယ်ရေးဌာနမှာ စက်ဝိုင်းပုံသဏ္ဍာန်ကောင်တာကြီးရှိပြီး တတိယထပ်ကို အပြည့်နီးပါးကို နေရာယူထားပါသည်။ မြောက်မြားစွာသော ရတနာများမှာ ကောင်တာများတွင် ပြသထား၏။
ပစ္စည်းတိုင်းမှာ ထူးဆန်းပြီး ပုံမှန်မဟုတ်နေပေ။
လီဟမ်ရှန်းမှာ ထိုအရာများကို မြင်ပြီးနောက် အမြင်ကျယ်သွားခဲ့သည်။ လီဟမ်ရှန်းပင်မဟုတ် နံဘေးတွင်ရပ်နေသည့် ရှုခွေပင်လျှင် အံ့အားသင့်နေခဲ့ချေပြီ။
ပရိဘောဂများနှင့် အဝတ်အစားများကို ပြုလုပ်ရန်အတွက် ဝိဉာဉ်သားရဲအရေခွံများလည်း ရောင်းချရန် ရှိသည်။
လက်နက်များပြုလုပ်ရန်အတွက် သားရဲအရိုးများလည်း ရှိသည်။
ထူးခြားဆန်းကြယ်သော ဆေးလုံးများစွာတို့လည်း ရှိနေသည်။
ဥပမာပေးရသော် သင်၏အသံကို တခဏ မိန်းကလေးအသံအဖြစ်ပြောင်းလဲသွားစေနိုင်မည့် ဆေးလုံးများလည်း ရှိသည်။
သင့်အသက်ကို မထိခိုက်စေပဲ၊ သင်၏ ဦးခေါင်းကို ၁၈၀ဒီဂရီ လှည့်နိုင်မည့် ဆေးလုံးများလည်းရှိသည်။
အမျိုးသမီးတယောက်၏ ရင်သားရှိအမွှေးအမျှင်များကို သန်စွမ်းစေနိုင်မည့် ဆေးလုံးများလည်းရှိသည်။
ပို၍ အဓိပ္ပာယ်မရှိသည့်ဆေးလုံးမှာ သင့်အား မရပ်မနားပဲ ဆီးသွားစေနိုင်မည့် ဆေးလုံးပင်ရှိသည်။
ထိုဆေးလုံးများကို ဘယ်သူတွေကများ ဝယ်မှာလဲဆိုတာကို လီဟမ်ရှန်းက မစဉ်းစားနိုင်ခဲ့ပါတော့ချေ။