အခန်း (၂၂၄)
Vol. 21 Ch. 224
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ တံခါးဝကြီးမှ ထွက်ခွာလာပြီး အပြင်သို့ရောက်သည်အထိ ဆုရှန်းချီမှာ ထိုရလဒ်ကို လက်မခံနိုင်ခဲ့သေးပေ။ တောင်ဘက်ကျက်တီးနယ်မြေ ဆုမိသားစုရဲ့ နဝမမြောက်သခင်လေးဖြစ်သူက ယခုလိုမျိုးဆက်ဆံခံရတယ်တဲ့လား
“နဝမမြောက်သခင်လေး၊ စိတ်မတိုလိုက်ပါနဲ့” ချန်ဝမ်အန်းမှာ ဘာပြောရမှန်းမသိကို ဖြစ်နေခဲ့သည်။ သူကိုယ်တိုင်ပင်လျှင် ထိုအခြေအနေက မတရားကို ထူးဆန်းနေကြောင်းကို ခံစားခဲ့ရသည်။
ဘယ်လိုပဲတွေးတွေး ပုံမှန်ကို ဟုတ်မနေခဲ့ပေ။
“ဒေါသမထွက်နဲ့?” ဆုရှန်းချီသည် ရက်စက်သော အပြုံးကို ပြုံးပြလိုက်သည်။
“ဦးလေးချန် ကျွန်တော်က ဒီအခြေအနေကို စိတ်မဆိုးဘူးလို့ ထင်နေတာလား”
ချန်ဝမ်အန်းသည်လည်း ကောင်းစွာနားလည်သဘောပေါက်ပါသည်။ ဆုရှန်းချီသည် ဆုမိသားစုခေါင်းဆောင်၏ ကိုးယောက်ေမြောက်သားဖြစ်ပြီး အနာဂတ်တွင် မိသားစုခေါင်းဆောင်ဖြစ်လာမည့် လူတစ်ယောက်ပင်ဖြစ်သည်။ သူက ဆုမိသားးစုတွင်သာမက တောင်ပိုင်းနယ်မြေတွင်ပင် စွမ်းအားကြီးသူ တစ်ယောက်ဖြစ်ပါသည်။
သူက ဘယ်နေရာသို့သွားသွားပင် လူတိုင်း၏ အာရုံစိုက်စရာဖြစ်ခဲ့သူ ဖြစ်သည်။
ယခုတွင်တော့ သူ့ဘဝတလျှောက်လုံးတွင် မကြုံတွေ့ဖူးသော ဆက်ဆံခြင်းမျိုးနှင့် ဆက်ဆံခြင်းကို ခံခဲ့ရသည်။ ထိုအခြေအနေကို သူက ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။
“ဦးလေးချန်” အချိန်တခဏကြာမှသာ သူ၏ လေသံမှာ ပြန်လည်၍ လျော့ကျသွားခဲ့ပါသည်။
“အဲ့ဒီ့လီဟမ်ရှန်း.. သူသာ မသေရင် ကျွန်တော့်စိတ်ထဲက အမုန်းတရားတွေက ငြိမ်းချမ်းသွားမှာ မဟုတ်တော့ဘူး”
“နဝမမြောက်သခင်လေး” ချန်ဝမ်အန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“အခုရောက်နေတာက မင်ဟုန်ခရိုင်မှာနော်။ ကျုပ်တို့သာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တပည့်ကိုသာ သတ်လိုက်ရင် ဒီနေရာကနေ ပြန်ထွက်နိုင်တော့မှာမဟုတ်ဘူး။ ပြီးတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ကျုပ်တို့ဆုမိသားစုကို မျက်လုံးထဲတောင်ထည့်တာ မဟုတ်ဘူး”
“ဒါပေမယ့် ကျုပ်ရဲ့ ဒေါသကို ကျုပ်မထိန်းနိုင်တော့ဘူးဗျာ” ဆုရှန်းချီ၏ မျက်လုံးများသည် ဒေါသကြောင့် ပေါက်ကွဲထွက်တော့မည့်အလားပင်။
ထိုအချိန်တွင် အမှောင်ရိပ်ထဲတွင် ပုန်းခိုကာ စောင့်ကြည့်နေသည် လီချန်ချင်းမှာ အရာအားလုံးကို မြင်ကြားနေခဲ့ပါ၏။
ဆုရှန်းချီက သူ့သားကို သတ်ချင်နေသော စိတ်ကို ခံစားမိသောကြောင့် သူ၏ မျက်လုံးများမှာ အေးစက်သွားခဲ့ပါသည်။
ရွှယ်ချမ်းပိုင်က ဆုမိသားစုရဲ့ အကြီးအကဲနှစ်ယောက်ကို သတ်တာက မလုံလောက်သေးဘူးထင်တယ်။ သူသာ တကယ်လုပ်ရဲပါက ဆုမိသားစုရဲ့ နဝမမြောက်သားကို မင်ဟုန်ခရိုင်တွင် လီချန်ချင်းက မြေမြုတ်ပေးလိုက်ရုံသာ ဖြစ်၏။
ဆုရှန်းချီက အသက်ပြင်းပြင်းရှုလိုက်ပါသည်။ ချန်ဝမ်အန်းပြောသည်က အဓိပ္ပာယ်ရှိသည်ဟု သူက တွေးလိုက်သည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ တပည့်ကို သတ်ဖြတ်လိုက်ပါက ဆုမိသားစုနှင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတို့အကြား စစ်ကြေငြာသလို ဖြစ်သွားပါလိမ့်မည်။
တောင်ပိုင်းနယ်မြေတွင်သာဆိုပါက သတ်ဖြတ်ခြင်းက မခက်ခဲပေ။ သို့သော် ယခုလို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ပိုင်နက်ဖြစ်သော မင်ဟုန်ခရိုင်တွင် သတ်ဖြတ်ခြင်းမျိုးက ကိုယ့်သေတွင်းကို ကိုယ်တူးနေခြင်းသာ ဖြစ်သည်။
ချင်းရွှယ်အာဏာဓားအရှင်သာ သူတို့ကို သတ်ပစ်လိုက်လျှင်ပင် ဆုမိသားစုက ဘာမှ ပြန်လုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
“ဒါဆိုရင် ကျုပ်က လီဟမ်ရှန်းကို မသတ်ဘူး။ ဒါပေမယ့် သူ့ကိုလည်း အေးအေးဆေးဆေးတော့ ပေးမနေနိုင်ဘူး”
ဆုရှန်းချီက ခံစားချက်မဲ့စွာ ပြောလိုက်သည်။
“ဦးလေးချန်၊ ဒီလီဟမ်ရှန်းမှာ အကို၊ ဒါမှမဟုတ် အဖေရှိလား။ သူ့မိသားစုဝင်တွေကို စုံစမ်းပေးပါ။ ရှိရင် သူ့မိသားစုဝင်တွေရဲ့ ခြေလက်တွေကိုရိုက်ချိုးပြီး ဒုက္ခိတဖြစ်အောင် လုပ်ပေးပါ။ ဒီလီဟမ်ရှန်းကို သူချစ်ရတဲ့လူတွေ ဒုက္ခခံစားနာကျင်နေတဲ့ ခံစားချက်ကို ခံစားစေချင်တယ်”
“အမိန့်အတိုင်းပါ”
အချိန်အနည်းငယ်ကြာအောင် တုန့်ဆိုင်းနေပြီးသည့်နောက်တွင်တော့ သူသာ တခုခုမလုပ်ပေးပါလျှင် ဆုရှန်းချီမှာ ဒေါသစိတ်ကြောင့် လူတကယ်ထသတ်မိပေလိမ့်မည်ဆိုသည်ကို သိလိုက်သောကြောင့် သဘောတူလိုက်ခဲ့သည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းတပည့်နဲ့ ပြသနာဖြစ်တာမကောင်းပေမယ့် သူ့အဖေကိုတော့ ပြသနာရှာလို့ရမယ်မဟုတ်လား?
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဂရုမစိုက်လောက်ဘူးမို့လား။
သူသာ သိုသိုသိပ်သိပ်လုပ်ဆောင်နိုင်ခဲ့ပါလျှင် သူလုပ်တယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။
တခဏဆွေးနွေးပြီးနောက်တွင် သူတို့နှစ်ဦးမှာ ချန်ချင်းလုပ်ငန်းစု၏ အရှေ့မှ ထွက်သွားခဲ့ကြလေတော့သည်။
“သူတို့တွေက တကယ့်ကို အဆင်ခြင်မဲ့ကြသူတွေပဲ” တည်းခိုဆောင်ထဲမှ လီချန်ချင်းသည် အဖြစ်အပျက်များအားလုံးကို ကြားလိုက်တော့၏။ လီချန်ချင်းမှာ ခေါင်းကိုက်နေသည့်ဟန်နှင့် သူ၏ နားထင်ကို ပွတ်သပ်ကာ ပြောလိုက်တော့သည်။
“သူတို့က ငါ့ရဲ့ခြေလက်တွေကို ချိုးချင်တာတဲ့။ ကြောက်စရာကြီးပါလား။ ဒီခေတ်ကလေးတွေက အဲ့လောက်တောင် ရက်စက်ပြီး ကြောက်ဖို့ကောင်းနေတာလား”
လီချန်ချင်းမှာ ကူကယ်ရာမဲ့စွာဖြင့် သူ၏ ဦးခေါင်းကို ခါယမ်းလိုက်ခဲ့သည်။
ထို့နောက်တွင် သူ့စိတ်ကို အလုပ်ရှုပ်အောင် လုပ်ငန်းကိစ္စရပ်များကိုသာ ဖိလုပ်နေလိုက်၏။
လီချန်ချင်း၏ အခန်းထဲတွင် ယန်ထျန်းထျန်းကို ကူညီရန်အတွက် ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့ပါသည်။ စားပွဲပေါ်တွင် ပိန်းပိန်းအောင်မှောင်နေသည့် သစ်သားနက်တတုံးကို တွေ့မြင်ရမည်ဖြစ်သည်။
ထိုသစ်သားနက်ကို ရရှိရန်အတွက် ချန်ထင်မြို့သို့ လီချန်ချင်းက တခေါက်ပြန်ခဲ့ရသေးည်။
ချန်ချင်းကုမ္ပဏီတွင်တော့ လီဟမ်ရှန်းက ‘ပေတထောင်မိုးကြိုးသွား’ပန်းချီကားကို ကြောင်တက်တက်နှင့် ကိုင်ထားမိနေသည်။
အခုအခြေအနေက ဘယ်လိုကြီးလဲ၊ ဘာကြီးလဲ။ ဘာတွေဖြစ်ကုန်တာလဲ
သူ့မှာ ငွေအလုံအလောက်ပါမလာတာတောင်မှ ‘ပေတထောင်မိုးကြိုးသွား’ပန်းချီကားကို ဝယ်ယူလို့ရခဲ့သည် မဟုတ်ပါလား။
ကျောက်ရှု၏ မျက်နှာမှာ သကာရည်သုတ်ထားသည့်အလား ချိုမြနေပြီး ကျန်သောငွေကို အဆင်ပြေမှ ပေးရန် အကြိမ်ကြိမ်ပြောခဲ့သည်။ အဆင်မပြေရင်လည်း ပေးရန်မလိုကြောင်းနှင့် ဤပန်းချီကားကို လက်ဆောင်အနေနှင့် ပေးလိုက်မည်ဖြစ်ကြောင်းအပြင်၊ မိတ်ဆွေဖွဲ့လိုကြောင်းကိုသာ အကြိမ်ကြိမ်ပြောနေခဲ့၏။
လီဟမ်ရှန်းမှာ ပြောစရာစကားများ ထွက်မလာနိုင်အောင်ကိုပင် ဆွံ့အနေခဲ့ပါသည်။ ဒီလူတွေက စီးပွားရေးကို အခုလိုလုပ်နေမှတော့ တနေ့တနေ့ ဘယ်လောက်တောင်မှ အရှုံးပေါ်နေမလဲ??
သူနေထိုင်ရာအိမ်သို့ ပြန်သည့်လမ်းပေါ်တွင်ပင် လီဟမ်ရှန်းမှာ စိတ်ရှုပ်ကာ နားမလည်နိုင်အောင် ဖြစ်နေပါသေးသည်။
“ဦးလေးရှု” လီဟမ်ရှန်းက မနေနိုင်ပဲ မေးလိုက်သည်။
“ကျုပ်တောင်အောက်မဆင်းတာကြာသွားလို့ထင်တယ်။ ခေါင်းမကောင်းတော့သလို ခံစားနေရတယ်”
“တောင်ပေါ်မှာ နေတုန်းက ဂိုဏ်းတူအကိုတွေ၊အစ်မတွေက တောင်အောက်က လောကအခြေအနေကို ပြောတာကြားဖူးတယ်။ သူတို့ပြောတာတွေနဲ့ ကျွန်တော်အခုကြုံတွေ့ရတာတွေက ဘာလို့များ ကွဲလွဲနေရတာလဲ။
သူတို့ပြောတာကတော့ လောကကြီးမှာ လူတိုင်းက အကျိုးအမြတ်မရရင် ဘာမှ မလုပ်ကြဘူးတဲ့။ ဒါပေမယ့် အခုကျွန်တော်တွေ့ခဲ့တဲ့ လူတော်တော်များများက ကြင်နာတယ်၊ အကောင်းမြင်စိတ်တွေနဲ့ ပြည့်ဝပြီး တက်ကြွတဲ့အပြင် အရမ်းကို မိတ်ဆွေဆန်လွန်းကြတယ်။ ဂိုဏ်းတူအကို၊အမတွေ ပြောပြဖူးတဲ့ ရက်စက်တဲ့လောကကြီးနဲ့ တူညီမနေဘူး”
လီဟမ်ရှန်း၏ စကားကိုကြားပြီးနောက်တွင် ရထားလုံးကို မောင်းနှင်နေသည့် ရှုခွေပင်လျှင် မိမိကိုယ်ကို သံသယပြန်ဝင်နေခဲ့ပါသည်။
သူ့လိုမျိုး လောကအတွေ့အကြုံကို ရင့်ကျက်နေသည့် လူတစ်ယောက်အတွက်ပင်လျှင် ဤရက်ပိုင်း၌ တွေ့ကြုံခဲ့ရသည်များကြောင့် ဘဝအဓိပ္ပာယ်ကိုပင် မေးခွန်းပြန်ထုတ်စေမည့်အထိ ဖြစ်ပေါ်နေခဲ့သည်။
လောကကြီးက အဲ့သလောက်အထိတောင်မှကို ပြောင်းလဲနေခဲ့ပြီလား။
သွေးစွန်းနေတဲ့လောကကြီးက ငြိမ်းချမ်းပြီးတော့ နေရာတိုင်းမှာ မေတ္တာတရားတွေနဲ့ ပြည့်ဝနေခဲ့ပြီလား
သူ၏ အတွေ့အကြုံများမှာ အကုန်လုံး အလကားဖြစ်ကုန်ချေပြီ။
အခြေအနေများမှာ သူခန့်မှန်းထားသည်များထက်များစွာကို ကျော်လွန်နေသည်ကြီးသာ ဖြစ်သည်။
ပိုပြီးမယုံနိုင်စရာကောင်းသည့်အဖြစ်အပျက်မှာ တစ်မီလီယံတန်ဖိုးရှိသည့်ပစ္စည်းကို တဝက်ဈေးနှင့် ရလိုက်ခြင်းပင်။ ပေးချေရန်ကျန်ရှိသောငွေကြေးများကိုလည်း အဆင်ပြေတဲ့အချိန်မှ ပေးနိုင်သည်တဲ့လေ။
ထိုအဖြစ်ကြောင့် ရှုခွေမှာ သူ၏ အတိတ်နေ့ရက်များက အတွေ့အကြုံကို ပြန်သတိရသွားခဲ့လေ၏။
အတိတ်တုန်းက သူက အလွန်တရာမှကို ဆာလောင်လွန်းလှသောကြောင့် ခေါက်ဆွဲတပွဲစားလိုခဲ့သည်။ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲဖိုးအတွက် အဿပြာပေးရန် ငွေပြားတပြားလိုနေသောကြောင့် ဆိုင်ရှင်က သူ့အား လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုပြီး ဆိုင်မှမောင်းထုတ်ခဲ့လေ၏။
“ဖြစ်နိုင်တာက လောကကြီးက တကယ်ပဲ ပြောင်းလဲသွားခဲ့တာထင်တယ်” ရှုခွေကသက်ပြင်းတချက်ချလိုက်သည်။ လက်ရှိအချိန်၌ သူက အတော်လေးကို အိုမင်းသွားခဲ့ပြီဟု ခံစားနေခဲ့ရတော့သည်။
ညအချိန်သို့ ရောက်သောအခါတွင်…
ယန်ထျန်းထျန်းမှာ သူမ၏ အခန်းထဲမှ ခြေသံမထွက်အောင် ခိုးထွက်လာခဲ့ပါသည်။ သူမက ဖနောင့်တချက်ပေါက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်၏။
သူမ၏ ဦးတည်ရာက မြို့ပြင်ကိုပင် ဖြစ်ပါသည်။
လောလောဆယ်၌ သူမသည် အနည်းငယ်တော့ စိတ်လှုပ်ရှားနေခဲ့ပါသည်။
ယနေ့ညတွင် သူမ၏ အမြွှာဝိဉာဉ်ပြသနာမှာ ဖြေရှင်းနိုင်လောက်ပေမည်။