အခန်း (၂၂၅)
Vol. 21 Ch. 225
မြို့ပြင်ရှိ စွန့်ပစ်ထားသည့် ခြံကျယ်ကြီး၌..
ယန်ထျန်းထျန်းရောက်လာသည့်အချိန်တွင် လီချန်ချင်းက ကြိုတင်၍ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ခြံဝင်းမှာ အလွန်အင်မတန်မှကို တိတ်ဆိတ်နေသောကြောင့် အပြင်ဘက်မှ တိုက်ခတ်နေသည့် လေများပင်လျှင် ခြံဝင်းအတွင်း၌ အားနည်းကာ အသံတိုးသွားသလို ဖြစ်နေပါတော့သည်။
“စီနီယာချန်ချင်းရှင့်၊ ကျွန်မရောက်လာပါပြီ”
ယန်ထျန်းထျန်းက အနားသို့တိုးကပ်လာခဲ့ပြီး တရိုတသေပင် ဦးညွတ်လိုက်ခဲ့ပါသည်။
“မင်းအဆင်သင့်ဖြစ်ပြီလား” လီချန်ချင်းက သူ၏ဦးခေါင်းကို မော့ကာ ယန်ထျန်းထျန်းကို ကြည့်လိုက်ပါသည်။
“ငါပြောပြီးသားစကားကို နောက်တခါထပ်ပြောဦးမယ်။ အောင်မြင်ဖို့အတွက်ကို ငါက အာမမခံနိုင်ဘူး။ ဒီနည်းလမ်းကို ရှေးဟောင်းစာပေတွေထဲက ငါရှာတွေ့ခဲ့တာ။ မအောင်မြင်ခဲ့ရင် ပေးဆပ်လိုက်ရမှာက မင်းရဲ့အသက်ပဲ။ အဲ့ဒီ့အချိန်ကျရင် ငါကမင်းကိုဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး”
“စီနီယာရှင့် ကျွန်မဆုံးဖြတ်ထားပြီးပါပြီ။ ကျွန်မကို ကူညီပေးနိုင်ဖို့ကို မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက်တွင် ယန်ထျန်းထျန်းက သူမ၏ ဝတ်ရုံထဲမှ စာတစောင်ကို ထုတ်ကာ လီချန်ချင်းအား ပေးလိုက်ပါသည်။
“မတော်တဆ ကျွန်မသာ သေဆုံးသွားခဲ့ရင် ဒီစာကို ကျွန်မဆရာကို ပို့ပေးပါ။ စာထဲမှာ ဒီစမ်းသပ်မှုကို ကျွန်မကိုယ်တိုင် လိုလိုလားလားနဲ့ အစမ်းသပ်ခံခဲ့တယ်ဆိုတာကို ရေးသားထားပါတယ်”
“အင်း”
လီချန်ချင်းက ခေါင်းညိတ်ကာ စာကိုလှမ်းယူလိုက်သည်။ ထိုကဲ့သို့သော ကြိုတင်ပြင်ဆင်မှုက လီချန်ချင်းကို အနည်းငယ် စိတ်သက်သာရစေပါသည်။ မတော်တဆ ယန်ထျန်းထျန်သေဆုံးသွားပါက ရှမူဟိုင်က သူ့အား အပြစ်တင်လို့မရတော့ပါချေ။
စာကိုသိမ်းဆည်းပြီးသည့်အခိုက်တွင် လီချန်ချင်းက မတ်တပ်ထရပ်လိုက်ကာ
“ငါတို့အချိန်ဆွဲနေလို့မဖြစ်ဘူး။ အခုပဲ စလိုက်ရအောင်”
“ဟုတ်ကဲ့။ ကျွန်မဘာလုပ်ဖို့လိုလဲ စီနီယာချန်ချင်း” ယန်ထျန်းထျန်းမှာ လီချန်ချင်းက ဘာလုပ်မလဲဆိုသည်ကို နားမလည်ခဲ့သေးပေ။
ယန်ထျန်းထျန်းမှာ သူမ၏ အရှေ့မှ လွန်စွာနက်မှောင်နေသော အရောင်အဆင်းရှိသည့်ဓားတချောင်းကို တွေ့လိုက်ရသည်။
ထိုဓားမှာ ယန်ထျန်းထျန်းအား လွန်စွာမှကို ထူးဆန်းသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့တော့၏။ လရောင်အောက်တွင် ဓား၏ အရောင်အသွေးမှာ လွန်စွာမှကို နက်မှောင်နေလေ၏။
အကြောင်းအရင်းအချို့ကြောင့် ထိုဓား၏ အနားသို့ သူမ မနီးကပ်လိုပါချေ။ ထိုဓားက သူမကို သက်တောင့်သက်သာ မရှိအောင် ခံစားစေရသည်။
“ဘာမှ ပြင်ဆင်စရာမလိုဘူး။ မတ်တပ်ရပ်ပြီး စိတ်လျှော့ထားလိုက်၊ ကျန်တာအကုန်ကို ငါတာဝန်ယူတယ်”
လီချန်ချင်းက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ယန်ထျန်းထျန်းမှာ နာခံစွာဖြင့် ထိုနေရာတွင်သာ မတ်တပ်ရပ်နေခဲ့ပါသည်။ သို့ပေမယ့် သူမက အနည်းငယ်တော့ စိတ်လှုပ်ရှားနေခဲ့ပါသည်။
လီချန်ချင်းမှာ မတ်တပ်ရပ်လိုက်ပြီး သူ့အရှေ့က ယန်ထျန်းထျန်းကို စိုက်ကြည့်လိုက်၏။
ထိုခဏ၌ သူ၏ ကိုယ်တွင်းမှာ တောင်တလုံးကဲ့သို့ ကြီးမားကျယ်ပြန့်သည့်စွမ်းအားများမှာ ဟုန်းကနဲကို ထွက်ချလာတော့သည်။
သူ၏ လက်တချက်အဝှေ့မှာပင် ပြင်းထန်လှသောလေပြင်းများက လောကတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါသည်။ သူတို့ရှိနေရာ ခြံဝင်းလေးမှာလည်း တသိမ့်သိမ့်ကို တုန်ခါလာတော့၏။
ချက်ချင်းဆိုသလို လီချန်ချင်းကို ဗဟိုပြုကာ မြေကြီးမှာ ငလျင်လှုပ်လာပြီးနောက် တောင်တန်းများမှာ တုန်ခါလာခဲ့သည်။ လောကကြီးမှာ ပြိုလဲတော့မည့်အလားပင်။
ထိုကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားများမှာ လောကကြီးကို တစစီဖျက်ဆီးတော့မည့်အလားပင် ဖြစ်နေသည်။ တောင်တန်းများမှာ ပြိုကွဲပြီး၊ ပင်လယ်များပင် ပြောင်းပြန်လှန်တော့မည့်အလားပင်။
ထိုဖြစ်ရပ်၏ အရှိန်နှင့်ပင် ယန်ထျန်းထျန်း၏ နှလုံးသားတခုလုံးမှာ ပြိုလဲသွားတော့မည့်အလားပင်။
အမျိုးအမည်ဖော်ပြ၍ မရနိုင်သည့် ရင်တွင်းခံစားချက်မှာ တဖြေးဖြေးနှင့် မြင့်တက်လာခဲ့ပါသည်။
ဒီစွမ်းအားက လူသားတစ်ယောက်ပိုင်ဆိုင်ထားတဲ့စွမ်းအားကောဟုတ်လို့လား။
လက်ရှိအချိန်တွင် ကောင်းကင်ကို တိမ်မဲများက အရပ်မျက်နှာမျိုးစုံမှ စုစည်းလာပြီး ဖြေးဖြေးချင်းအလည်ဗဟိုသို့ စုဝေးလာကာ လီချန်ချင်းနှင့် ယန်ထျန်းထျန်းတို့ တည်ရှိနေရာ၏ အပေါ်တည့်တည့်တွင် ဖုံးအုပ်လာခဲ့ပါသည်။
“ဒါ… ဒါက တောင်တန်းနဲ့ပင်လယ်ကို ရွေ့လျားနိုင်တဲ့စွမ်းအားပဲ” ယန်ထျန်းထျန်းမှာ ပါးစပ်အဟောင်းသားနှင့်သာ ပြောင်းလဲမှုများကို ကြည့်ရှုနေခဲ့မိသည်။ သူမက ထိုအရာကို ကြားပဲကြားဖူးခဲ့ပြီး မမြင်ဖူးခဲ့ပါချေ။
သူမ၏ ဆရာသခင်ဖြစ်သူက လီချန်ချင်းက ကြောက်မက်ဖွယ်ကောင်းလှသည့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်းကို ကြားသိခဲ့ရသည့်တိုင် သူမကိုယ်တိုင် လီချန်ချင်း၏ စွမ်းအားများကို ခံစားမိပြီးမှ လီချန်ချင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးဆိုသည်ကို သိရှိခဲ့ခြင်းဖြစ်သည်။
မကောင်းဆိုးဝါးဆိုသည့် စကားလုံးကပင် သူ၏ စွမ်းအားကိုရှင်းပြနိုင်စွမ်းရှိနေဦးမည်မဟုတ်ချေ။
ချင်းလဲ့ဓားခုနစ်လက်သတ်ဖြတ်ခြင်းအစီအရင်ကို လီချန်ချင်းက လေ့လာခဲ့ပြီးနောက်ပိုင်းတွင် သိုင်းပညာရပ်များအပေါ်တွင် သူ၏ နားလည်လာမှုများမှာ အလွန်ကို တိုးတက်ခဲ့လေသည်။ ယခုလက်ရှိ သူတို့အရှေ့ရှိ မြင်ကွင်းနှင့် အခြေအနေများမှာ လီချန်ချင်းက သူ၏ နတ်ဘုရားဝိဉာဉ်ကို အသုံးပြုကာ ဖန်တီးထားခြင်းသာ ဖြစ်သည်။ ဖြစ်ရပ်များမှာ အနည်းငယ်ကြောက်ရွံ့ဖွယ်ရာ ရှိသော်လည်း ၎င်းတို့တွင် စွမ်းအားများစွာ မပါလှပေ။
မြေလျှောက်အင်မော်တယ်များတွင်သာ တောင်နှင့်ပင်လယ်ကို ရွေ့လျားစေနိုင်သည့်အစွမ်းရှိသည်ဟု ကောလဟာလအဆိုရှိသည် မဟုတ်ပါလား။ သူတို့က တောင်နှင့်ပင်လယ်များကို အသာလေးရွှေ့လျားနိုင်သော်လည်း လက်ရှိလီချန်ချင်း၏ စွမ်းအားမှာ ထိုကဲ့သို့သော စွမ်းအားများကို နှိုင်းယှဉ်နိုင်စွမ်းမရှိနေသေးပေ။
လောလောဆယ်တွင် လီချန်ချင်းက ထိုသို့စွမ်းအားကို ထုတ်သုံးရခြင်း၏ ရည်ရွယ်ချက်မှာ ယန်ထျန်းထျန်း၏ ကိုယ်တွင်းရှိတစ္ဆေမျိုးနွယ်ကို ဆွဲထုတ်ရန်အတွက် ကောင်းကင်ပြင်ကို တိမ်များဖုံးလွှမ်းလာစေရန် ဖြစ်ပါသည်။
သူလိုချင်သည့်အတိုင်းပင်၊ ကောင်းကင်ထက်ရှိ ထွန်းတောက်နေသည့်ငွေလမှာ တိမ်မဲများနှင့် ဖုံးလွှမ်းသွားခဲ့သောကြောင့် အလင်းမှာ ပြန်လည်မထွန်းတောက်နိုင်ခဲ့ပါချေ။ အမှောင်ထုမှာ ကုန်းမြေတိုက်ကြီးကို ဖုံးလွှမ်းသွားခဲ့ချေပြီ။ ထိုအခိုက်တွင် ယန်ထျန်းထျန်းမှာလည်း စတင်၍ ထူးဆန်းစွာ ပြုမူလာခဲ့ပါတော့သည်။
ယန်ထျန်းထျန်း၏ ခန္ဓာကိုယ်မှာ တွန့်လိမ်ကောက်ကွေးနေခဲ့ပြီး သူမ၏ ခြေလက်များမှာလည်း အချိုးမညီမျှတော့ပေ။ တချိန်တည်းမှာပင် သူမ၏ မျက်လုံးများမှာလည်း သွေးနီရောင်အလင်းတန်းများ ဖြာထွက်လာခဲ့တော့သည်။
ခမ်းနားသော တစ္ဆေအရှိန်အဝါမှာ မီးတောင်ပေါက်ကွဲသလို နေရာပတ်ပတ်လည်ကို ပျံ့နှံ့လာခဲ့တော့၏။
သူမ၏ မျက်လုံးများမှာ သွေးနီရောင်အလင်းများပိုတောက်ပလာပြီး ယခင်က ချစ်စဖွယ်ယန်ထျန်းထျန်း၏ လူသားဝိဉာဉ်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပြီ။
ထိုအချိန်မှာပင် ထူးဆန်းသောအသံတသံမှာ ယန်ထျန်းထျန်း၏ လည်မျိုမှ ထွက်ပေါ်လာခဲ့ပါသည်။ တချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ အရှေ့သို့ကော့လာပြီး လီချန်ချင်းအား သားကောင်တကောင်ကို ကြည့်သလို စိုက်ကြည့်နေခဲ့သည်။
ထိုခြောက်ခြားဖွယ်ရာ မြင်ကွင်းမှာ လီချန်ချင်းအား အနည်းငယ် ရွံရှာစက်ဆုတ်စေခဲ့သည်။ သူတို့ရောက်နေသည့်ခေတ်မှာ ခေတ်သစ်ကမ္ဘာတွင်သာဆိုလျှင် မြို့ပြမှ လူများသည် ဤမြင်ကွင်းကိုမြင်လျှင် ဘောင်းဘီများစိုရွှဲသည်အထိသေးများပေါက်ချမိကြမည်ဖြစ်သည်။
နောက်တခဏတွင်တော့ ယန်ထျန်းထျန်းမှာ တောရိုင်းတိရစ္ဆာန်ကောင်အလား လီချန်ချင်းရှိရာသို့ ပြေးထွက်လာခဲ့တော့သည်။
သူမက လီချန်ချင်း၏ အနားသို့ရောက်သော ပါးစပ်ဟကာ ကိုက်ချရန်ပြုလုပ်လိုက်သည်။ သူမ၏ မြင်ကွင်းတွင် လီချန်ချင်းမှာ အရသာရှိသောစားသောက်ဖွယ်ရာကြီးအလား ဖြစ်နေခဲ့သည်။
လီချန်ချင်းသည် အရင်ဘဝတုန်းက သရဲအရမ်းကြောက်သူ ဖြစ်သည်။ ယခုဘဝတွင် စွမ်းအားကြီးနေပြီဖြစ်သော်လည်း တစ္ဆေမျိုးနွယ်များကို သတိနှင့်ဆက်ဆံခဲ့သည်။
ချစ်စဖွယ်ကလေးမလေးအရွယ်ခန္ဓာကိုယ်နှင့် ယန်ထျန်းထျန်းမှာ သူမ၏ ကျားစွယ်ကဲ့သို့ သွားတက်များပေါ်အောင် ပါးစပ်ဟကာ သူ့ထံသို့ ပြေးလာနေသည့်ပုံကိုမြင်သော် လီချန်ချင်းက မကြောက်သည့်အပြင် အနည်းငယ်ချစ်စရာကောင်းသည်ဟုပင် ထင်မြင်ခဲ့မိသည်။
သူမက တကယ့်ကို ချစ်စရာလေးဖြစ်နေတာပါ။ လီချန်ချင်းက ယန်ထျန်းထျန်း၏ ခုန်အုပ်မှုကို ခြေတလှမ်းကို ဘေးရွှေ့က လှလှပပနှင့် ရှောင်ရှားလိုက်တော့သည်။ တစ္ဆေမျိုးနွယ်များမှာ လျင်မြန်ကြသော်လည်း ယန်ထျန်းထျန်းက သူမ၏ အမြန်နှုန်းကို သုံးတတ်သေးသည်ပုံမပေါ်ပေ။ မည်သည့်မူလအဆင့်မဆို သူမ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်ရှားနိုင်မည်ဖြစ်သည်။
သူမ၏ တိုက်ခိုက်မှုမှာ လွဲချော်သွားသည်ကို မြင်လိုက်သည့် ယန်ထျန်းထျန်းမှာ နံဘေးသို့ ချက်ချင်းလှည့်ချလိုက်ပြီး လီချန်ချင်းအား နောက်ထပ်တကြိမ် တိုက်ခိုက်ရန်အတွက်ကြိုးပမ်းလိုက်ပြန်သည်။
သို့ပေမယ့် သူမ၏ ဦးခေါင်းက လီချန်ချင်းရှိရာသို့ လှည့်လိုက်သည်နှင့် တပြိုင်နက် လီချန်ချင်းက သူမ၏ နဖူးပေါ်သို့ တစုံတခု လှမ်းကပ်လိုက်သည်။
ယန်ထျန်းထျန်း၏ နဖူးထက်တွင် စာရွက်တရွက်ကပ်နေလေ၏။
ထိုစာရွက်ပေါ်တွင် ပြဒါးရိုင်းစုတ်တံနှင့် ရေးဆွဲထားသည့် သင်္ကေတများရှိနေခဲ့သည်။
ယင်းစာရွက်မှာ တစ္ဆေဖိနှိပ်ခြင်းအဆောင်စာရွက်ပင် ဖြစ်သည်။
စာရွက်အဝါထက်ရှိ သင်္ကေတများမှာ ပြဒါးရိုင်းစုတ်တံနှင့်ရေးဆွဲထားသောကြောင့် သွေးမျှင်များကဲ့သို့ အနီရောင်တောက်ပကာ လင်းလက်နေခဲ့ပါတော့သည်။ ယန်ထျန်းထျန်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းကို မလှုပ်ရှားနိုင်ခဲ့ပါတော့ချေ။
သူမ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားမှုကြောင့် ယန်ထျန်းထျန်း၏ မျက်ဝန်းများတွင် အကြောက်တရားများ ဖြတ်ပြေးသွားခဲ့ပါတော့သည်။
“ဒီစာရွက်ပေါ်က သင်္ကေတတွေဆိုတာက ရှေးဟောင်းစာအုပ်ထဲကနေ ငါလေ့လာခဲ့တာတွေပဲ။ အဲ့ဒါတွေက မင်းခန္ဓာကိုယ်ထဲက တစ္ဆေမျိုးနွယ်ရဲ့ ဝိဉာဉ်ကို ဖိနှိပ်နိုင်စွမ်းရှိလိမ့်မယ်။ ငါသာ စည်းတံဆိပ်ငါးချက်ရဲ့ ချုပ်နှောင်ပညာရပ်ကို အသုံးပြုလိုက်ရင် မင်းရဲ့တစ္ဆေဝိဉာဉ်က ပုန်းအောင်းနေလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ တကယ်ကို ပြသနာများလိမ့်မယ်”
လီချန်ချင်းက ရှင်းပြလိုက်ပါသည်။ ယန်ထျန်းထျန်းက သူ့စကားသံကို ကြားနိုင်ပါ့မလားဆိုသည်ကတော့ မသေချာပေ။
ရှေးဟောင်းစာအုပ်များမှ လေ့လာထားခြင်းဟူသော ရှင်းပြချက်မှာ လုံးဝကို မဟုတ်ကြောင်းကိုတော့ လီချန်ချင်းက ကောင်းကောင်းကို သိနေသည်။
ထိုအသိပညာမှာ အရင်ဘဝတုန်းက တရုတ်သရဲကားများကို ကြည့်ခြင်းမှ သိခဲ့ရခြင်းပင် ဖြစ်သည်။
လီချန်ချင်းမှာ သရဲကားများကို ကြိုက်နှစ်သက်သည့်တိုင် တကားလောက်ကြည့်ပြီးလျှင် အိမ်သာသို့ တယောက်ထဲ တလလောက်မသွားရဲတော့ပေ။
နောက်ပိုင်းတွင်တော့ တရုတ်သရဲကားကို အရမ်းစွဲလန်းသွားသောကြောင့် တာအိုစာအုပ်များကို ဈေးကြီးပေးကာ ဝယ်ယူပြီးနောက်တွင် သရဲနှင်အဆောင်များကို ရေးဆွဲခဲ့ပြီး အိမ်နှင့် ဆိုင်၏ နေရာအနှံ့အပြားတွင် သရဲများ မဝင်နိုင်အောင် ချိတ်ဆွဲခဲ့ဖူးပါသည်။
လီချန်ချင်း၏ ဖခင်က ထိုအရာများကို မြင်သောအခါတွင် လီချန်ချင်း၏ အရည်အချင်းကို ချီးကျူးသည့်အနေနှင့် ဖင်စုတ်အောင်ရိုက်နှက်တော့လေသည်။
လီချန်ချင်းက အရိုက်ခံရကာ ငိုယိုနေရင်းနှင့်ပင် ရွှေအလင်းမန္တာန်ကိုပင် ရွတ်ဆိုနေခဲ့ပေးသေးသည်။
ယနေ့တွင်တော့ ယန်ထျန်းထျန်း၏ အခြေအနေကြောင့် ထိုတာအိုနည်းလမ်းကို အသုံးပြုပြီး တစ္ဆေဝိဉာဉ်ကို နှင်ထုတ်ရန်တွေးခဲ့မိလေသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓနည်းလမ်းများကို အသုံးပြုခဲ့စဉ်များတုန်းကတော့ ထိုနည်းလမ်းများမှာ အလုပ်မဖြစ်ပဲ ယန်ထျန်းထျန်းပင် သေလုမြောပါး ဖြစ်သွားရခြင်းကြောင့်ပင်။
တစ္ဆေများကို နှင်ထုတ်ရာ၌ တာအိုဝါဒီက ထိပ်တန်းပင် မဟုတ်ပါလား။
တစ္ဆေဖိနှိပ်အဆောင်ကို နဖူးတွင်ကပ်လိုက်ပြီးသည့်အခိုက်တွင် ယန်ထျန်းထျန်းမှာ လုံးဝကို မလှုပ်ရှားနိုင်တော့သောကြောင့် လီချန်ချင်းမှာ လွန်စွာမှကို ပျော်ရွှင်လာခဲ့တော့သည်။
စန်းယွမ်ကုန်းမြေကြီးမှာ သူ့အရင်ဘဝကအရာတွေက အလုပ်ဖြစ်တယ်တဲ့လား?
လီချန်ချင်းမှာ အံ့အားသင့်နေသလို စိတ်လည်းလှုပ်ရှားနေခဲ့မိသည်။ ထိုအရာမှာ သူ၏ ကလေးဘဝတုန်းက အိပ်မက်တခုပင် ဖြစ်သောကြောင့်တည်း။