← Chapters

အခန်း (၂၂၆)

Vol. 21 Ch. 226

အခန်း (၂၂၆)

Vol. 21 Ch. 226

တစ္ဆေဖိနှိပ်ခြင်းအဆောင်၏ ဖိအားအောက်တွင် ယန်ထျန်းထျန်းမှာ လုံးဝကို မလှုပ်ရှားနိုင်ခဲ့ပါချေ။

သူမ၏ စိတ်ဝိဉာဉ်အတွင်းကပင် ထွက်ပြေးချင်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ လှုပ်ရှားနိုင်မှုကင်းမဲ့နေခဲ့ပါသည်။

လီချန်ချင်း၏ နောက်ထပ်လှုပ်ရှားမှုကိုသာ ကူကယ်ရာမဲ့စွာနှင့်သာ စောင့်ကြည့်နေခဲ့ရတော့၏။

“ဓား…လာစမ်း”

လက်တဝှေ့တွင်ပင် လီချန်ချင်း၏ အသစ်ပြုလုပ်ထားသော အနက်ရောင်ဓားမှာ သူ၏ လက်ဖဝါးထဲသို့ ရောက်ရှိလာခဲ့တော့သည်။

ထိုဓားမှာ ချန်ထင်မြို့မှာ လီချန်ချင်းပြန်ယူလာသော သစ်သားပင် ဖြစ်သည်။

ထိုသစ်သားမှာ သူကမ္ဘာကူးပြောင်းလာစဉ်က မိုးကြိုးပစ်ခံခဲ့ရသော မြို့လည်က မက်မွန်ပင်ကြီး၏ အကိုင်းမှာ ဖြတ်ယူလာခဲ့ခြင်းပင် ဖြစ်သည်။

တာအိုဝါဒီတွင် ထိုကဲ့သို့သော သစ်သားမျိုးကို “မိုးကြိုးသွားသစ်သား” ဟုခေါ်သည်။

ထိုကဲ့သို့သော သစ်သားမျိုးမှာ တစ္ဆေနှင်ထုတ်ရာတွင် ရတနာတပါးဖြစ်သည်။

အထူးသဖြင့် မက်မွန်သားပင် ဖြစ်သည်။ ၎င်းမက်မွန်သားမှာ တရုတ်ရိုးရာအရ မကောင်းသောဝိဉာဉ်များကို ဖယ်ရှားနိုင်စွမ်းရှိသည်ဟု သတ်မှတ်ထားခဲ့ကြသည်။ မိုးကြိုးအပစ်ခံထားရသည့် မက်မွန်သားဆိုလျှင်ပင် ပို၍ပင် စွမ်းအားကြီးမားလှပေသည်။

မက်မွန်ဓားကို အကြိမ်ရေအနည်းငယ်ခန့် လွှဲရမ်းခဲ့ပြီးနောက်တွင်တော့ လီချန်ချင်း၏ မျက်ဝန်းများမှာ တင်းမာမှုများနှင့် ပြည့်နှက်လာခဲ့သည်။ သူက လက်ညှိုးမှ ဓားချီကို တဟူဟူထုတ်လွှတ်ပြီးနောက် မက်မွန်ဓားသွားထက်တွင် သင်္ကေတများကို ဆွဲချလိုက်သည်။ သူ၏ လက်ညှိုးထိပ်မှ မျက်စိကျိန်းလောက်အောင် ဝင်းလက်တောက်ပနေသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ လီချန်ချင်းမှာ မက်မွန်ဓားသွားတွင် ရွှေအိုရောင်သင်္ကေတများကို အမှန်တကယ်ပင် ရေးဆွဲနေခဲ့ပါတော့သည်။

ဓားသွားထက်တွင် ရေးဆွဲထားသော သင်္ကေတများမှာ အနက်ရောင်ဓားကို မြောက်မြားစွာသောစွမ်းအားများ ရရှိစေသွား၏။

ထို့နောက်တွင် လီချန်ချင်းက စတင်၍ ဂါထာမန္တာန်များကို ရွတ်ဖတ်ပါတော့သည်။

“ကျောက်စိမ်းမိန်းမပျိုကို ပင့်ဆောင်ပါတယ်။ ကံဆိုးမှုများကို ဖယ်ရှားပါလော့..

တောင်ပေါ်ကိုတက်မယ်၊ ကျောက်တုံးတွေအက်ကွဲ၊ ချိပ်စည်းကို ဝတ်ဆင်..”

“ဘယ်နတ်ဘုရားက အညံ့မခံရဲတာလဲ၊ ဘယ်တစ္ဆေက ခုခံရဲတာလဲ

နိယာမနဲ့ အမိန့်ပေးတယ်၊ ခုချက်ချင်းထွက်”

လီချန်ချင်းက ကြုံးဝါးလိုက်သည်။ သူ၏ အသံမှာ မိုးကြိုးပစ်ချသကဲ့သို့ဖြစ်ပြီး သူ့လက်ထဲမှ မက်မွန်ဓားသွားမှာလည်း မြောက်မြားစွာသော ရွှေရောင်အလင်းတန်းများနှင့် ဖုံးအုပ်သွားခဲ့ပါသည်။

ရွတ်ဆိုမှုအပြီးတွင်တော့ လီချန်ချင်းမှာ မက်မွန်ဓားသွားကို ဝှေ့ယမ်းကာ ဓားသွားနှင့် ယန်ထျန်းထျန်း၏ နဖူးကို ရိုက်နှက်လိုက်လေသည်။

ရိုက်နှက်သံနှင့်အတူ ယန်ထျန်းထျန်းထံမှ လွန်စွာသနားစရာကောင်းသည့် ငိုကြွေးသံထွက်ပေါ်လာကာ၊ သူမ၏ ခန္ဓာကိုယ်မှ ပုံရိပ်တခု ထွက်ပေါ်လာခဲ့ပါ၏။

ထိုပုံရိပ်မှာ ယန်ထျန်းထျန်းနှင့် တထပ်တည်းတူညီပါသည်။

ကွာခြားမှုမှာ သူမ၏ သွေးနီရောင်မျက်လုံးများနှင့် တစ္ဆေအရှိန်အဝါများသာ ဖြစ်သည်။ ထိုအရှိန်အဝါများမှာလည်း လီချန်ချင်း၏ ဓားသွားကြောင့် ပြိုကွဲတော့မည် ဖြစ်သည်။

သူမက ကိုယ်တုံးလုံးနှင့် ဖြစ်နေပြီး မီတာဒါဇင်ပေါင်းများစွာအထိ ပျံသန်းသွားကာ မြေပြင်ထက်သို့ ပြင်းပြင်းထန်ထန်ကို ပြုတ်ကျသွားခဲ့ပါသည်။

သူမ၏ မျက်နှာထက်တွင် နာကျင်မှုများနှင့် ပြည့်နှက်နေခဲ့ပါသည်။ သူမ၏ မျက်လုံးများတွင် ငြင်းဆန်လိုသောအရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့သည်။ တစ္ဆေယန်ထျန်းထျန်းမှာ ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။ သူမသာ ထွက်မပြေးပါက သေဆုံးရမည်ကို သိနေခဲ့သည်။

ထိုအန္တရာယ်ရှိသော သတ္တဝါကို လီချန်ချင်းက အဘယ်သို့ အလွတ်ပေးနိုင်မည်နည်း။

မက်မွန်ဓားမှာ သူ့လက်ထဲမှ ပြေးထွက်သွားပြီး တစ္ဆေယန်ထျန်းထျန်း၏ ရင်ဝကို ထိုးဖောက်သွားခဲ့တော့၏။

တစ္ဆေယန်ထျန်းထျန်းမှာ နားမခံနိုင်လောက်သည့် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်နေခဲ့ပြီး သူမ၏ မျက်နှာမှာလည်း လွန်စွာအရုပ်ဆိုးစွာ ရှုံ့မဲ့နေခဲ့သည်။ ထို့နောက်တွင်တော့ အနက်ရောင်မြူခိုးများအဖြစ် အသွင်ပြောင်းသွားပြီး ကောင်းကင်နှင့် မြေကြီးအောက်တွင် ပျောက်ကွယ်သွားခဲ့တော့လေသည်။

ယန်ထျန်းထျန်းအစစ်မှာလည်း မေ့မျောသွားခဲ့သည်။

လီချန်ချင်းမှာ သတိကြီးကြီးထားကာ သူမ၏ အနားသို့သွားကာ လည်ပင်းကို ကိုင်ကာ စမ်းသပ်လိုက်ခဲ့သည်။ ယန်ထျန်းထျန်း၏ သွေးခုန်နှုန်းကို စမ်းသပ်မိမှသာ လီချန်ချင်းက စိတ်သက်သာရာစွာ သက်ပြင်းချနိုင်ခဲ့တော့သည်။ သူ၏ အစီအစဉ်မှာ အောင်မြင်သွားသည့်ပုံပင်။

ထိုအခိုက်တွင် ယန်ထျန်းထျန်း၏ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုများ ဖြစ်လာခဲ့တော့သည်။ ယန်ထျန်းထျန်း၏ အရှိန်အဝါများမှာ မသိလိုက်မသိဘာသာနှင့်ပင် မြင့်ထက်လာခဲ့လေ၏။

မူလအဆင့်ရှိသော ယန်ထျန်းထျန်း၏ အတွင်းအားများမှာ နောက်တဆင့်သို့ ချိုးဖြတ်သွားပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပါသည်။

လီချန်ချင်းမှာ အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ပါသည်။ ယန်ထျန်းထျန်း၏ ပါရမီမှာ မဆိုးဟု ပြော၍ရသည်။ တစ္ဆေဝိဉာဉ်ပျောက်ဆုံးသွားသည်နှင့် သူမက နောက်တဆင့်ကို ချက်ချင်းကို ချိုးဖြတ်နိုင်ခဲ့သွားတော့သည်။

အချိန်အနည်းငယ်ကြာမှသာ သူမ၏ အရှိန်အဝါမှာ တည်ငြိမ်သွားခဲ့ပြီး သူမ၏ ပိတ်ထားသော မျက်ဝန်းများမှာ ပွင့်ဟလာခဲ့ပါသည်။

“အလုပ်ဖြစ်သွားလား”

ယန်ထျန်းထျန်းမှာ ယခုလက်ရှိတွင် အလွန်တရာမှကို အံ့အားသင့်နေခဲ့ပါသည်။

သူမ၏ ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို ပြတ်ပြတ်သားသား သတိထားမိသွားတော့သည်။

သူမက ရုတ်တရက် ထထိုင်လိုက်ကာ သူမ၏ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ ကိုယ်တွင်းရှိ ဝိဉာဉ်ပွားမှာ ပျောက်ကွယ်သွားခဲ့ပြီ။ သူမ၏ တကိုယ်လုံးမှာ လွန်စွာမှကို သက်တောင့်သက်သာ ရှိနေခဲ့သည်။ သူမ၏ တကိုယ်လုံးမှာ ပိုမို၍ပင် ပေါ့ပါးနေခဲ့သည်။

ထို့ထက် အရေးကြီးသည့်အချက်မှာ သူမ၏ ကျင့်ကြံမှုမှာ မူလအဆင့်၏ ပြီးပြည့်စုံသောအဆင့်သို့ တိုးတက်သွားခြင်းပင်။ ဒါက လုံးဝကို မယုံနိုင်စရာပဲ။ ယန်ထျန်းထျန်းသည် မူလအဆင့်တွင် တစ်ဆို့နေသည်မှာ အလွန်တရာကို ကြာမြင့်နေခဲ့ပြီ။ သူမကျင့်ကြံတိုင်း တစ္ဆေအမြွာဝိဉာဉ်က သူမ၏ ကျင့်ကြံမှုများကို စုပ်ယူလေ့ရှိသောကြောင့် သူမအတွက် ကြီးစွာသော ဝန်ထုတ်ဝန်ပိုးကို ဖြစ်စေခဲ့ပါသည်။

“အလုပ်ဖြစ်သွားတယ်” လီချန်ချင်းက အနီးရှိ ကျောက်တုံးတတုံးပေါ်တွင် ထိုင်ကာ အပြုံးတခုနှင့် ပြောလိုက်၏။

“ကြင်နာမှုကို ကျေးဇူးတင်ပါတယ် စီနီယာချန်ချင်း” ထိုအချိန်တွင် ယန်ထျန်းထျန်းက လီချန်ချင်းအား နဖူးနှင့် မြေကြီးထိအောင် အကြိမ်ကြိမ်ဦးတိုက်ကာ အရိုအသေပြုခဲ့ပါသည်။

“အဲ့လိုမျိုးလုပ်ဖို့ မလိုအပ်ပါဘူး” လီချန်ချင်းက ခေါင်းခါလိုက်သည်။

“မင်းက ဟမ်ရှန်းရဲ့ စီနီယာပဲလေ။ မင်းကို ကူညီတာက သူ့ကိုသွယ်ဝိုက်ပြီးကူညီတဲ့သဘောပဲလေ။ ငါတို့အားလုံးက အကျိုးအမြတ်အတွက် လုပ်ကြတာကြီးပါပဲ”

ထိုစကားကြောင့် ဉာဏ်ကောင်းသော ယန်ထျန်းထျန်းမှာ လီချန်ချင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်သွားခဲ့ပါသည်။

“စီနီယာ၊ စိတ်ချပေးပါ။ ကျွန်မရှိနေသရွေ့ ဂျူနီယာမောင်လေးကို ကောင်းကောင်းကာကွယ်ပေးမှာပါ။ တယောက်ယောက်က မောင်လေးကို အန္တရာယ်ပေးချင်ရင် ကျွန်မရဲ့ အလောင်းကို အရင် ဖြတ်သွားမှ ရမယ်”

ယန်ထျန်းထျန်းက ဆုံးဖြတ်ချက်ခိုင်မာသည့် မျက်နှာထားနှင့် ပြောလိုက်သည်။

“ကောင်းပြီထတော့” လီချန်ချင်းက လက်အဝှေ့တွင် စွမ်းအားတရပ်ထွက်ပေါ်လာပြီး ယန်ထျန်းထျန်းကို မတ်တပ်ရပ်သွားစေခဲ့သည်။

ယန်ထျန်းထျန်းမှာ အဆင့်တက်သွားသော်လည်း လီချန်ချင်း၏ စွမ်းအားကို ခံစားလိုက်ရပြီးသည့်အချိန်တွင်လည်း လီချန်ချင်းမှာ ပင်လယ်ကြီးလိုကျယ်ပြန့်နေပြီး အဆုံးသတ်ကို သူမ မြင်နိုင်စွမ်းရှိမနေခဲ့ပါချေ။

သူမရဲ့ မောင်လေး၄က သူ့ဖခင်က ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို တကယ်ပဲ မသိသေးတာလား?

ထိုအချက်ကို တွေးမိသွားပြီး ယန်ထျန်းထျန်းမှာ ရုတ်တရက် အားလုံးကို သဘောပေါက်နားလည်သွားခဲ့လေသည်။

ဒီရက်ပိုင်းတွင် သူတို့ကြုံတွေ့ခဲ့ရသည့် ထူးခြားဆန်းကျယ်လှသော အဖြစ်အပျက်များကို သူမ ရှင်းလင်းသွားခဲ့တော့၏။

ယန်မိသားစု၏ ဖော်ရွှေမှု

ချန်ချင်းလုပ်ငန်း၏ ဂရုစိုက်မှုများ

လီချန်ချင်း၏ စွမ်းအားနှင့်ဆိုလျှင် လီဟမ်ရှန်းပြောသလို ချန်ချင်းလုပ်ငန်း၏ သေးငယ်သောရှယ်ရာကို ပိုင်ဆိုင်ထားခြင်းက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

ချန်ချင်းလုပ်ငန်းရဲ့ တကယ့်အမိန့်ပေးနိုင်သူက လီချန်ချင်းပဲ ဖြစ်နိုင်တယ်မဟုတ်ဘူးလား

အဲ့လိုသာဆိုရင်တော့ ချန်ချင်းလုပ်ငန်းစုရဲ့ မင်းသားလေးက လီဟမ်ရှန်းဆိုတာကို လီဟမ်ရှန်းကိုယ်တိုင်ပင် သိမနေတာပဲ ဖြစ်ရမယ်။

သူမက ထိုအရာကို နားလည်သွားပြီးသည့်နောက်တွင် ဤရက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ထူးဆန်းသောအခြေအနေများကို ထင်ထင်ရှားရှား သဘောပေါက်သွားခဲ့သည်။

သူတို့နှစ်ယောက်စလုံးမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ ဖြစ်ကြသော်လည်း လူတိုင်း၏ လီဟမ်ရှန်းအပေါ်ကို ဆက်ဆံမှုမှာ သူမကိုဆက်ဆံမှုနှင့် အလွန်တရာမှကို ကွာခြားလွန်းလှသည်။

ထို့ကြောင့် သူတို့က ယဉ်ယဉ်ကျေးကျေးဆက်ဆံခြင်းကို ခံနေရသည်မှာ ဂိုဏ်းနှင့် ဘာမှမသက်ဆိုင်ပေ။

ယန်ထျန်းထျန်းက ယနေ့တွင် ချန်ချင်းကုန်သွယ်ရေးသို့ မသွားခဲ့သည့်တိုင် ဆုမိသားစုမှ သခင်လေးနှင့်တွေ့ကာ ပြသနာဖြစ်ခဲ့ကြောင်းကို လီဟမ်ရှန်းက ပြန်ပြောပြသောကြောင့် သိခဲ့ရပါသည်။

ပြီးတော့ ချန်ချင်းလုပ်ငန်းစုက အံ့အားသင့်ဖွယ်ကောင်းသောအရာများပြုလုပ်ကာ သူ့ဖက်မှ ရပ်တည်ပေးခဲ့သည်တဲ့

ထိုအရာများကို ယခင်က သူမက နားမလည်နိုင်ခဲ့ပေ။

ယခုမှသာ သူမက အကုန်လုံးကို ကောင်းကောင်းကို နားလည်သွားခဲ့ပါတော့သည်။

လီဟမ်ရှန်းမှာ ချန်ချင်းလုပ်ငန်းစု၏ မင်းသားလေးပင် မဟုတ်လား။ အဲ့လိုဆိုမှတော့ ချန်ချင်းလုပ်ငန်းစုက တခြားလူဖက်က ရပ်တည်ပါတော့မလား။

ဆုမိသားစုကကော?

လီဟမ်ရှန်း၏ ရှေ့မှောက်တွင် ဆုမိသားစုမှာလည်း အရေးမပါပါချေ။

သူမ၏ အရှေ့တွင်ရှိသောလူသည် ပို၍ပို၍ပင် ဆန်းကြယ်လာသည်ဟု ယန်ထျန်းထျန်းက ခံစားမိလာသည်။ ထိုသူ၌ စွမ်းအားကြီးမားသော ကျင့်ကြံမှုရှိသည့်တိုင် စန်းယွမ်တိုက်ကြီးတွင် သူနှင့်ပတ်သက်သော မည်သည့်ဂုဏ်သတင်းကျော်ကြားမှုများရှိမနေခြင်းက အမှန်တကယ်ကို တွေးရခက်စေပါသည်။

“မင်းရဲ့တစ္ဆေဝိဉာဉ်က ငါ့ကြောင့် သေဆုံးသွားပြီ။ တစ္ဆေဝိဉာဉ်နဲ့ ပတ်သက်ပြီးတော့ ဘာမှကို စိတ်ပူနေဖို့မလိုတော့ဘူး။ မင်းကအခု လူသားစင်စစ်ဖြစ်သွားခဲ့ပြီ။ မင်းရဲ့ ကျင့်ကြံဆင့်ကလည်း အခုကနေစပြီးတော့ မြင့်တက်လာလိမ့်မယ်” လီချန်ချင်းက သူ့ဝတ်ရုံထဲမှ စာတစောင်ကို ထုတ်ကာ ယန်ထျန်းထျန်းထံသို့ ကမ်းပေးလိုက်သည်။ ယန်ထျန်းထျန်းက အသက်ရှင်နေပြီဖြစ်သောကြောင့် ထိုစာကို အသုံးပြုရန် မလိုအပ်ပါတော့ချေ။

ယန်ထျန်းထျန်းက စာကို ယူကာ သူမ၏ လက်ဖဝါးထက်မှ မီးတောက်တခုကို ဖန်ဆင်းကာ မီးရှို့လိုက်တော့သည်။

“စီနီယာ ကျွန်မက စီနီယာ့အပေါ်မှာ အကြီးမားဆုံးသော အသက်ကြွေးကို တင်သွားခဲ့ပါပြီ။ အနာဂတ်မှာ ဘာပဲလိုလို စီနီယာအတွက် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ပေးပါ့မယ်”

ယန်ထျန်းထျန်းက စိတ်အားထက်သန်သည့် အမူအရာနှင့် ပြောလိုက်ပါသည်။

“ကောင်းပြီ အခုပြန်တော့” လီချန်ချင်းက ပြုံးရင်းဆိုလိုက်ပါသည်။

သူတို့နှစ်ယောက်စလုံးမှာ ခြံပျက်ကြီးမှ ပြန်ထွက်လာခဲ့ကြသည်။

နောက်တနေ့နံနက်ခင်း

လီဟမ်ရှန်းနိုးလာသည့်အခါတွင် ခြံထဲ၌ လက်သီးထိုးလေ့ကျင့်နေသည့် ယန်ထျန်းထျန်းကို မြင်လိုက်ရသည်။

“အစ်မ၂က အစောကြီးနိုးနေပါလား”

လီဟမ်ရှန်းက အံ့အားသင့်စွာနှင့် ပြောလိုက်သည်။ သူ့အစ်မ၂မှာ တစုံတခုပြောင်းလဲသွားသည်ကို လီဟမ်ရှန်းက ခံစားနေခဲ့ရသည်။

“မင်္ဂလာနံနက်ခင်းပါ” ယန်ထျန်းထျန်းက ပြန်တုန့်ပြန်လိုက်သည်။

“အစ်မ၂..” လီဟမ်ရှန်းက ယန်ထျန်းထျန်းကို စိတ်အားထက်သန်စွာဖြင့်ကြည့်လိုက်ပြီး

“အစ်မကို ကြည့်ရတာအရမ်းကို ပြောင်းလဲသွားတာပဲ။ ဒါပေမယ့် ဘာက ပြောင်းလဲသွားတာလဲဆိုတာကို ကျွန်တော်မပြောပြတတ်ဘူး ဖြစ်နေတယ်”

မနေ့တုန်းကအထိ သူမ၏ အသားအရည်များမှာ ဖြူရော်ရော်ဖြစ်နေသေးသည်။

ဒါပေမယ့်ယနေ့တွင်တော့ သူမ၏ အသားအရည်မှာ လွန်စွာမှကို ပြောင်းလဲကာ ကောင်းမွန်နေခဲ့ပါသည်။

ယန်ထျန်းထျန်းမှာ ပြုံးသာပြုံးနေပြီး ဘာမှ မပြောပါချေ။

ထိုအချိန်တွင် မင်းမင်းက နံနက်စာပြင်ပြီးကြောင်းကို သတင်းလာပို့လေသည်။

ထမင်းစားစာပွဲတွင် မင်းမင်းက လီဟမ်ရှန်းကို အသိပေးလိုက်သည်။

“သခင်လေးလီ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဆိုင်တာဝန်ခံက လူလွှတ်ပြီး သတင်းပို့ခဲ့ပါတယ်။ သခင်လေးမှာယူထားတဲ့ ပစ္စည်းတွေကို မနက်ဖန်ကျရင် အပြီးပြင်ဆင်ပြီးပါပြီတဲ့။ စန်းယွမ်ပို့ဆောင်ရေးဌာနကိုလည်း ကျွန်မတို့ဘက်က ပို့ဆောင်ရေးခကိုပါ တခါတည်းရှင်းပေးဖို့အတွက် ဆက်သွယ်ထားပြီးပါပြီ။”

“တကယ်ကြီးလား” လီဟမ်ရှန်းမှာ အတော်လေးကို ထိတ်လန့်အံ့ဩသွားခဲ့သည်။

ရှုခွေမှာလည်း တော်တော်အံ့ဩနေခဲ့ပါပြီ။ လုကျင်းမြို့နှင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက အတော်လေးဝေးကွာပါသည်။ ထိုမျှများပြားလှသည့် ကုန်စည်များကို ပို့ဆောင်ပက ပို့ဆောင်ခမှာ နင့်နေအောင် ပေးရလိမ့်မည်ဖြစ်သည်။ အဲ့ဒါကို ချန်ချင်းကုန်သွယ်ရေးက ပို့ဆောင်ခကိုပါ အကုန်အကျခံပေးတာလား။ အရင်နေ့ကလည်း သူတို့အတွက် လျှော့ဈေးတွေ အများကြီးကို ပေးခဲ့တာပဲ။ ဒီလိုပုံစံနဲ့စီးပွားရေးလုပ်ရင် ချန်ချင်းကုန်သွယ်ရေးရဲ့ အနာဂတ်က တကယ့်ကို ရင်လေးစရာပဲ။

ယန်ထျန်းထျန်းတစ်ယောက်သာ တိတ်ဆိတ်နေခဲ့သည်။ သူမကသာ ထိုအခြေအနေကို နားလည်ပေသည်။

သူက လီချန်ချင်း၏ တဦးတည်းသောသားဖြစ်သောကြောင့် သူတို့က ကောင်းကောင်းမွန်မွန်ဆက်ဆံကြခြင်းသာ ဖြစ်သည်။

“ဟုတ်တယ် ကျွန်မတို့ လုပ်ငန်းက ဖောက်သည်တွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ်ရှင်”

မင်းမင်းက အပြုံးတခုနှင့်ဆိုလိုက်သည်။

“တော်တော်လေးကိုမြန်တာပဲ” ယန်လဲ့ရှန်းက နှစ်ရက်အတွင်းရမည်ဆိုသည့်အတိုင်း ရအောင် လုပ်ပေးနိုင်ခြင်းကြောင့် လီဟမ်ရှန်း အံ့အားသင့်နေခဲ့ပါသည်။

စားသောက်ပြီးသည့်အခိုက်တွင် ဘာမှ လုပ်စရာမရှိတော့သောကြောင့် လီဟမ်ရှန်းက မနေ့က ဝယ်ယူခဲ့သော ပန်းချီစာလိပ်ကို ဖွင့်ဖောက်လိုက်သည်။

ပေတထောင်မိုးကြိုးသွားပန်းချီစာလိပ်မှာ မရိုးရှင်းသည်ကို လီဟမ်ရှန်းက သိပေသည်။

ဝူတောက်ကျီ၏ သစ်သားရုပ်ထု၏ ကောင်းချီးပေးမှုကြောင့် တခြားသူများ မမြင်နိုင်သည့် ပန်းချီကား၏ ထူးခြားဆန်းကျယ်မှုများကို လီဟမ်ရှန်းက မြင်နိုင်စွမ်းရှိနေခဲ့သည်။

လီဟမ်ရှန်း၏ နတ်ဘုရားစိတ်ဝိဉာဉ်သည် ပန်းချီကားထဲသို့ နစ်မြုတ်သွားလေခဲ့ပြီ။

လီဟမ်ရှန်း၏ ပတ်ပတ်လည်တွင် လေပြင်းများတိုက်ခတ်ကာ မိုးကြိုးများမှာ ကောင်းကင်အပြည့်ဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။

ထိုမြင်ကွင်းမှာ ကမ္ဘာပျက်တော့မည့် မြင်ကွင်းအလားပင်။

ပြင်းထန်လှသော လေပြင်းများမှာ သူ့မျက်နှာကို တိုက်ခတ်နေပြီး သူ၏ အရေပြားကို ဓားနှင့် မွှန်းနေသည့်အလားပင်။ ကောင်းကင်ထက်ရှိမိုးကြိုးများက လောကကြီးတခုလုံးကို ဖျော့တော့သော အလင်းရောင်ကို ထုတ်လွှတ်ပေးနေခဲ့၏။

ထိုအချိန်မှာပင် မိုးကြိုးမုန်တိုင်းပန်းချီကားထဲတွင် ပုံရိပ်တခုကို လီဟမ်ရှန်းက မြင်တွေ့လိုက်တော့သည်။

All Chapters