အခန်း (၂၂၇)
Vol. 21 Ch. 227
ထိုပုံရိပ်မှာ ပိန်ပါးသည့် ပုံစံရှိပြီး ဖျင်အင်္ကျီဝတ်ထားသည့်တိုင် သူ့ထံမှ မာနကြီးမားကာ ဩဇာအာဏာရှိသည့် အရိပ်အယောင်များကို ခံစားစေရ၏။
အဝေးကကြည့်သည့်တိုင် လီဟမ်ရှန်းက ထိုအမျိုးသား၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။ သို့သော် ထိုအမျိုးသားထံမှ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် ဇွဲနပဲကြီးမှုကို ခံစားမိလေသည်။
အရာအားလုံးကို တိုက်ခိုက်တော့မည့် သတ္တိနှင့်စိတ်ဓာတ်ပင် ဖြစ်သည်။
ထိုလူက ပန်းချီကားကို ရေးဆွဲသူဖြစ်မှန်းကို လီဟမ်ရှန်းက သိလိုက်သည်။
သူ၏ နတ်ဘုရားစိတ်ဝိဉာဉ် အရှိန်အဝါကို ကြည့်လိုက်ခြင်းဖြင့်ပင် ထိုသူမှာ အဆင့်မြင့်ပန်းချီဆရာတဦးဖြစ်မှန်းကို အတတ်ပြောနိုင်ပေ၏။
ဘုန်း
မြေပြင်မှာ ပြိုကျနေသည့်အလား၊ မိုးကြိုးပစ်ချက်တိုင်းတွင် မြေပြင်ရှိ ကျောက်တုံးများကို တုန်ရီစေခဲ့သည်။
လီဟမ်ရှန်းမှာထိုမြင်ကွင်းကို ထိတ်လန့်စွာဖြင့်သာ ကြည့်ရှုနေခဲ့မိတော့သည်။ မရေမတွက်နိုင်သည့် မိုးကြိုးမြွေများမှာ အားလုံးကို ဝါးမြိုပစ်တော့မည့်အလားပင်။ မိုးကြိုးအချို့မှာ ထိုအမျိုးသား၏ အနီးအနားသို့ပင် ပစ်ချနေခဲ့တော့သည်။
မြေပြင်မှာ တွင်းနက်ကြီးအဖြစ်သို့ ပြိုကျသွားခဲ့၏။
ထိုစွမ်းအားမှာ သက်သေပင်။
ပန်းချီဆရာက သူ့ခေါင်းပေါ်တွင်ဝဲပျံနေသော ဓားသွားများအလားရှိနေသည့် မိုးကြိုးသွားများဝန်းရံနေသည့် ပန်းချီကားကို ရေးဆွဲခဲ့သော ပန်းချီဆရာကို လီဟမ်ရှန်းက ထိတ်လန့်နေခဲ့မိသည်။
ထိုသူက မိမိအသက်ကိုတောင် မိမိ မနှမြောသည့်အလားပင်။
ကောင်းကင်မိုးကြိုး၏ ရိုက်ခတ်ခြင်းကို ခံရလျှင် အဆင့်မြင့်ပန်းချီဆရာတစ်ယောက်ပင်လျှင် ရှင်သန်နိုင်ရန်အတွက် ဖြစ်နိုင်ခြေ အလွန်နည်းပါးလိမ့်မည် ဖြစ်သည်။ ပြာပုံဘဝသို့ ရောက်နိုင်ခြေက ပိုများပေလိမ့်မည်။
သို့ပေမယ့် အန္တရာယ်များပတ်လည်ဝိုင်းနေသည့်တိုင် ထိုပုံရိပ်မှာ မတုန်လှုပ်နေပဲ သူ၏ စုတ်တံကို ဆွဲမကာ အရှေ့ကမြင်ကွင်းကို တည်ငြိမ်စွာ ရေးဆွဲနေခဲ့တော့သည်။
စုတ်တံတချက်စီတိုင်းမှာ နတ်ဘုရားများဆင်းသက်နေသည့်အလားပင်။
ထိုမြင်ကွင်းမှာ အချိန်အတော်ကြာသည်အထိ လီဟမ်ရှန်းကို ကျောက်ရုပ်ကြီး ဖြစ်စေသည့်အခြေအနေမှ မနိုးထနိုင်ခဲ့ပါချေ။
စုတ်တံတချက်ချင်းစီတိုင်းတွင် လီဟမ်ရှန်း၏ နှလုံးခုန်သံမှာ စည်းချက်ညီလာခဲ့သည်။ စုတ်တံနှင့် သူ၏ နှလုံးခုန်သံမှာ တထပ်တည်းတူညီလာသလို ဖြစ်လာခဲ့သည်။
အချိန်များကုန်လွန်လာသည်နှင့် သူထိုမြင်ကွင်းကို စောင့်ကြည့်နေသည်မှာ ဘယ်လောက်အထိကြာမြင့်နေပြီဆိုတာကို သူမသိတော့ပါချေ။ လီဟမ်ရှန်းမြင်နေရသည်မှာ မိုးကြိုးများက သူတို့အားစိန်ခေါ်နေသည့် အောက်ဖက်က မလောက်လေးမလောက်စား သေမျိုးကိုသာ ဒေါသပိုမို၍ထွက်လာသည်ကိုသာ မြင်နေခဲ့သည်။ ထိုသေမျိုးမှာ သူတို့က သတိပေးနေသည့်တိုင် လုံးဝကို မထွက်ခွာသေးပဲ ပန်းချီဆက်ဆွဲနေခဲ့သေး၏။
ကောင်းကင်ထက်ရှိ မိုးကြိုးများမှာ နောက်ဆုံးတွင် စုစည်းလာခဲ့ပြီးနောက်တွင် မိုးကြိုးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်နောက်တွင် အောက်သို့ တဟုန်ထိုးကို ရိုက်ခတ်လာခဲ့ပါသည်။
၎င်းတို့က လောကတခုလုံးကို ဝါးမြိုချင်သည့်အလားပင်။
ထိုအခိုက်တွင် ပန်းချီဆရာမှာ သူ၏ ပန်းချီကားကို ရေးဆွဲ၍ ပြီးဆုံးသွားခဲ့ချေပြီ။ ပန်းချီကားတခုလုံးမှာ မိုး၊မြေကို ဖုံးလွှမ်းသွားမည့် ကြီးမားကျယ်ပြန့်သည့် အရှိန်အဝါများနှင့် ပြည့်နှက်သွားခဲ့တော့သည်။
သူက ရင်ခေါင်းသံနှင့် ဟစ်ကျွေးလိုက်သည်။ စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသည့် ကြုံးဝါးသံကြီးမှာ ထွက်ပေါ်လာခဲ့သည်။
နောက်တခဏတွင် သူ၏ နတ်ဘုရားဝိဉာဉ်မှာ ကောင်းကင်ထက်သို့ ထိုးဖောက်သွားကာ သူ၏ အချုပ်အနှောင်များကို ချိုးဖြတ်သွားကာ နောက်ထပ်တဆင့်ကို ထိုးတက်သွားခဲ့ပါသည်။ ယခုအကြိမ်တွင်တော့ သူ၏ စိတ်ဝိဉာဉ်မှာ သန့်စင်ခြင်းကို ခံလိုက်ရသည့်အလားပင်။ ထို့နောက်တွင် သူက လွန်စွာသိမ်မွေ့သော အခြေအနေသို့ ဝင်ရောက်သွားခဲ့ကာ မိုးမြေနှင့်တသားတည်း ဖြစ်သွားသည့်ပုံစံပင်။
“သူက ပန်းချီသူတော်စင်အဆင့်ကို ရောက်သွားခဲ့ပြီပဲ”
လီဟမ်ရှန်းသည် မြင်လိုက်ရသော မြင်ကွင်းကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့မိတော့သည်။
ထိုပန်းချီဆွဲချက်က အဆင့်မြင့်ပန်းချီဆရာကို ပန်းချီသူတော်စင်ဖြစ်အောင် ဉာဏ်အလင်းပွင့်စေနိုင်တဲ့ ပန်းချီကား ဖြစ်လာခဲ့တာလား။
ဒါပေမယ့် သူက ပန်းချီသူတော်စင်ဖြစ်တော့မည့်အခိုက်မှာပင် အဆုံးမဲ့သောမိုးကြိုးများက သူ့အား အပြည့်အဝကို လွှမ်းခြုံသွားခဲ့တော့ပါသည်။ လောကကြီးတခုလုံးမှာ နေ့အလင်းရောင်၏ အောက်သို့ ရောက်ရှိသွားကာ ထိုလင်းလက်မှုကြောင့် လီဟမ်ရှန်း၏ မျက်လုံးများကို တခဏကန်းသွားစေခဲ့သည်။
တချိန်တည်းမှာပင် မိုးမြေတွင် ပျံ့နှံ့နေသည့် ပန်းချီသူတော်စင်၏ အရှိန်အဝါများမှာလည်း ချက်ချင်းကို ကွယ်ပျောက်သွားကာ အစအနကို ရှာ၍မရတော့ပေ။
လီဟမ်ရှန်းသည် ထိုဖြစ်ရပ်ကြောင့် မျက်လုံးကြီးပြူးကာ ကြက်သေသေနေခဲ့ပါသည်။ ပန်းချီသူတော်စင်အဆင့်သို့ ပူပူနွေးနွေးအဆင့်တက်လာခဲ့သော ပန်းချီဆရာမှာ သူ၏ အမည်နာမကို လောကကြီးက မသိခင်မှာပင် မိုးကြိုးပင်လယ်၏ အောက်တွင် သေဆုံးသွားခဲ့ရသည်။
ကျန်ရစ်ခဲ့သည်မှာတော့ ပန်းချီကားတကားထဲသာ ဖြစ်ပါသည်။
ထိုအချိန်မှသာ ဒီပန်းချီကားက အဆင့်မြင့်ပန်းချီဆရာရေးဆွဲခဲ့သည့် ပန်းချီကားမဟုတ်ကြောင်းကို သူဘာလို့ခံစားခဲ့ရလဲဆိုတာကို နားလည်လာခဲ့ရတော့သည်။ ယင်းမှာ ထိုပန်းချီကားက အဆင့်မြင့်ပန်းချီဆရာနှင့် ပန်းချီသူတော်စင်အဆင့်ကြားတွင် ရှိသော ပန်းချီကားကြောင့် ဖြစ်သည်။ ထိုပန်းချီကားက ပန်းချီသူတော်စင်တပါးမွေးဖွားလာသည်ကို မြင်တွေ့ခွင့်ရခဲ့သောကြောင့်သာ ဖြစ်သည်။
ကံဆိုးသည်မှာ ၎င်းပန်းချီကားမှာ ထိုပန်းချီသူတော်စင်၏ နောက်ဆုံးလက်ရာဖြစ်သွားခဲ့ရခြင်းပင်။
သူက ပန်းချီသူတော်စင်ဖြစ်သွားသည်ကို မည်သူမျှမသိခဲ့ကြပေ။ သူ့အမည်နာမကို အဆင့်မြင့်ပန်းချီဆရာအဖြစ်သာ လူတွေက သိကြလိမ့်မည်ဖြစ်သည်။ လီဟမ်ရှန်း၏ နှလုံးသားတွင် တခဏကြာမြင့်သည်အထိ ဝမ်းနည်းမှုကို ခံစားလိုက်ခဲ့ရတော့သည်။ ထိုဝမ်းနည်းသောခံစားချက်မှာ အချိန်အတော်ကြာသည်အထိ ကျန်ရှိနေခဲ့၏။ ထိုခံစားချက်မှာ ပန်းချီသူတော်စင်ကြောင့်လား၊ သူ့ဖခင်ကို သတိရမိသွားသောကြောင့်လားဆိုသည်ကိုတော့ လီဟမ်ရှန်းက နားမလည်ခဲ့ပါချေ။
တချိန်တည်းမှာပင် လီဟမ်ရှန်းက နားလည်ခဲ့သည်။ ထိုပန်းချီကားကသာ ပန်းချီသူတော်စင်တပါးက ရေးဆွဲခဲ့ပါက ငွေတုံးငါးသောင်းနှင့်ဝယ်ယူ၍ ရလိမ့်မည် မဟုတ်ပေ။ ထိုပန်းချီကားမှာ တန်ဖိုးဖြတ်မရသော ရတနာတပါးဖြစ်လာမည်။
လီဟမ်ရှန်းက သက်ပြင်းမောကိုသာ မှုတ်ထုတ်နေမိခဲ့သည်။ ပန်းချီသူတော်စင်မျိုးဆက်တခုက ဒီလိုပဲ ကျဆုံးသွားခဲ့ရတာလား။ သူတို့က မြေလျှောက်အမတများလို စွမ်းအားကြီးမားသော်လည်း ဒီတိုင်းအသတ်ခံလိုက်ရတာတဲ့လား။ အဲ့လိုသာဆိုရင် ကျင့်ကြံမှုရဲ့အဆုံးသတ်က ဘယ်မှာများလဲ။
မိုးကြိုးပင်လယ်၏ ခက်ထန်ကြမ်းတမ်းမှုကို ကြည့်ရှုပြီးနောက်တွင် လီဟမ်ရှန်းတွင် ခံစားမှုတခုရှိခဲ့သည်။ သူ၏ နားထဲတွင် အူနေလောက်အောင် ပေါက်ကွဲနေသည့် မိုးကြိုးသံများ၊ ငွေရောင်မြွေများ၏ ဟိန်းသံများမှာ လီဟမ်ရှန်း၏ ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်းကို နစ်မြုတ်နေခဲ့ပါသည်။
ပေတထောင်မိုးကြိုးသွား
မနေ့က ဝယ်ယူခဲ့သည့် ပန်းချီကားကို လီဟမ်ရှန်းက တခဏမျှသာ ကြည့်ရုံနှင့်ပင် ၊ တစုံတခုကို ဖမ်းဆုပ်မိသည့်အကြောင်းအရာကို ရှုခွေနှင့် ယန်ထျန်းထျန်းသာ သိပါက ဆွံ့အသွားကြလိမ့်မည်ဖြစ်သည်။ သူတို့မှာ ထိုကဲ့သို့သော အချိန်တိုအတွင်မှာ ဉာဏ်အလင်းပွင့်မှုကို မမြင်ဖူးခဲ့ပါချေ။
ညနေရောက်မှသာ လီဟမ်ရှန်းက သူ၏ မျက်လုံးများကို ဖွင့်ကာ သတိဝင်လာခဲ့တော့သည်။ သူက ပန်းချီကားကို ဈာန်ဝင်စားနေသည်မှာ တနေကုန်ဖြစ်သွားခဲ့၏။
သို့သော် သူမျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် သူ၏ သူငယ်အိမ်များမှ လျှပ်စီးများမှ ဖြတ်သန်းကာ ယှက်ပြေးသွားခဲ့သည်။ ပေတထောင်မိုးကြိုးများမှာ သူ၏ သူငယ်အိမ်ထဲတွင် ကိန်းအောင်းနေသည့်အလားပင်။
ထို ‘ပေတထောင်မိုးကြိုး’များသည် လီဟမ်ရှန်းအား အကျိုးအမြတ်များစွာ ရရှိစေခဲ့၏။
တကြိမ်မျှသာ အာရုံဝင်စားပြီးနောက်တွင် လီဟမ်ရှန်းက သူလိုအပ်နေသည့် သိုင်းကျင့်စဉ်ကို ရရှိခဲ့ပါတော့သည်။
မိုးကြိုးသွားအလျင်
လီဟမ်ရှန်းအတွက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ နာမည်ကျော် ‘နှင်းငှက်မွှေးကိုယ်ဖော့သိုင်း’ နှင့် ‘လုံရွှမ်အရပ်ရှစ်မျက်နှာခြေလှမ်းသိုင်း’ တို့ထက် ယခုကျင့်စဉ်မှာပို၍ သင့်တော်ပါသည်။
ထိုကျင့်စဉ်မှာ တခြားလူများနှင့်တော့ သင့်တော်လိမ့်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် မိုးကြိုးသွားအလျင်တွင် ပေါက်ကွဲမှုမှာ လွန်စွာ စွမ်းအားကြီးမားခြင်းကြောင့်ပင်။ သူကျင့်ကြံနေခဲ့သော နည်းလမ်းနှင့် အင်မော်တယ်အရှင်သခင်လှံသိုင်းတို့တွင် တူညီသော ပေါက်ကွဲအားရှိကြပါသည်။
ပထမဦးဆုံးသူတို့က သန်စွမ်းသော ကိုယ်ကာယရှိဖို့လိုအပ်ပေမည်။ ဒုတိယက ထိုကျင့်စဉ်က ကျင့်ကြံသူ၏ ခန္ဓာကိုယ်ရဲ့ ပြန်လည်ကုသနိုင်စွမ်းကို စမ်းသပ်ပါသည်။ ထိုအချက်များကို လီဟမ်ရှန်း၏ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်က အပြည့်အဝ ထောက်ပံ့ပေးထားနိုင်သည်။
ထိုပေါက်ကွဲစွမ်းအားများမှာ လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို အရှိန်မြင့်စွာ လှုပ်ရှားနိုင်အောင် ထောက်ပံ့ပေးနိုင်ပါသည်။
လီဟမ်ရှန်းက ထိုကျင့်စဉ်ကို အင်မော်တယ်အရှင်သခင်လှံသိုင်းနှင့် ပေါင်းစည်းဖို့ရန် ကြိုးပမ်းနေသည်။ ပေါင်းစည်းလိုက်ပါက လှံသိုင်းမှာ နောက်တဆင့်ရောက်သွားမည်ဟု သူက သေချာနေခဲ့ပါသည်။
လီဟမ်ရှန်းသည် မတ်တပ်ရပ်ကာ အသက်ရှုရင်းနှင့် သူ၏ ကိုယ်တွင်းရှိအတွင်းအားများကို တိတ်ဆိတ်လှည့်ပတ်လိုက်ရင်း စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်သည်။ အခန်းမှာ ကျဉ်းမြော င်းလှသောကြောင့် ခြံဝင်းထဲသို့ သွားရန်အတွက် တာတိုရွေ့လျားမှုနည်းလမ်းကို စမ်းသပ်ကာ အသုံးပြုလိုက်သည်။
“ဝှစ်”
ရွေ့လျားမှုနှင့်အတူ မိုးကြိုးပစ်သံက ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။
လီဟမ်ရှန်း၏ ပုံရိပ်မှာ တံခါးဝတွင် ပေါ်လာခဲ့သည်။ သူ၏ နဂိုနေရာမှ တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား ဝေးကွာသည့် နေရာတွင် ပြန်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဘမ်းး
တံခါးဝနှင့် လီဟမ်ရှန်း၏ ဦးခေါင်းနှင့် ပစ်ဆောင့်မိသွားတော့သည်။
တံခါးတခုလုံးမှာ လီဟမ်ရှန်းကြောင့် ပွင့်ဟသွားခဲ့ပါသည်။
“အားးး နာတယ်ဟ”
လီဟမ်ရှန်းက သူ့ဦးခေါင်းကို ပွတ်သပ်ရင်း ငြီးတွားလိုက်ပါသည်။
ထိုနည်းလမ်းမှာ ပြင်းထန်ပေါက်ကွဲသော စွမ်းအားများပါဝင်ခဲ့သည့်တိုင်၊ ၎င်း၏ ပါဝါနှင့် အရှိန်တွင်ပါဝင်သော အဟုန်မှာ အလွန်တရာမှကို ကြီးမားလွန်းပါသည်။ သူက ထိုအရာကို ကောင်းကောင်းမထိန်းချုပ်နိုင်ပါက ထိုနည်းလမ်းမှာ အလကားသာဖြစ်လိမ့်မည်။
“အခုအသံက ဘာအသံလဲ” ယန်ထျန်းထျန်းနှင့် ရှုခွေမှာ လီဟမ်ရှန်းက အတိုက်ခိုက်ခံရသည်ကို သိလိုက်ရသောကြောင့် အလျင်အမြန်ပြေးလာခဲ့ကြသည်။
“ဘာမှမဟုတ်ဘူး အစ်မ။ ကျွန်တော်တံခါးကို ဝင်တိုက်မိတာလေးပါ”
“တံခါးကိုဝင်တိုက်မိတာ?”
လူကောင်းအကြီးကြီးက တံခါးကို ဘာလို့ဝင်တိုက်မိတာလဲဆိုတာကို ယန်ထျန်းထျန်းက နားမလည်နိုင်ခဲ့ပေ။
လီဟမ်ရှန်းက ရွေ့လျားမှုသိုင်းကို ကျင့်ကြံနေရင်းဖြစ်သည်ကိုမူ မပြောပြနိုင်ခဲ့ပါချေ။ သူသာ ထိုအရာကို ပြောပြကာ ဝန်ခံလိုက်ပါက လူရယ်စရာဖြစ်သွားလိမ့်မည် မဟုတ်လား။
“အစ်မ စိတ်မပူပါနဲ့။ ကျွန်တော်အဆင်ပြေတယ်” လီဟမ်ရှန်းက လျင်မြန်စွာဆက်ပြောလိုက်သည်။
“ဦးလေးရှု ကျုပ်ကို အခုလိုမကြည့်ပါနဲ့။ အဲ့ဒါကတကယ်ပဲ မတော်တဆပါ”
သံသယအပြည့်ရှိသောအကြည့်များနှင့်ယန်ထျန်းထျန်းမှာမူ ဘာမှ ဆက်မပြောပဲ အဝေးသို့သာ လှည့်ထွက်သွားခဲ့ပါသည်။
ရှုခွေကလည်း ဘာမှ ဆက်မပြောခဲ့ပေ။
ထိုကျင့်စဉ်ကို ဂိုဏ်းသို့ပြန်ရောက်မှသာ ဆက်ကျင့်တာက ပိုကောင်းလိမ့်မည်ဟု လီဟမ်ရှန်းက တွေးလိုက်ခဲ့သည်။ သူသာ ဒီနေရာတွင် ဆက်ကျင့်နေပါက ဆူညံနေလိမ့်ပေမည်။
သူနောက်တကြိမ်တံခါးနှင့်ခေါင်းတိုက်မိလျှင် ထပ်မံ၍ မျက်နှာပူစရာတွေထပ်ဖြစ်နေဦးမည်။ သူက လူတိုင်းကို သံမဏိဦးခေါင်းသိုင်းကို ကျင့်ကြံနေပါသည်ဟုလည်း လိမ်ညာ၍ မရပါချေ။
ထိုကျင့်စဉ်ကို ကျင့်ရန်အတွက်လည်း သူ၏ အတွင်းအားများကို ထိန်းချုပ်ရန်အတွက် ကြိုးပမ်းရဦးမည် ဖြစ်သည်။ လီဟမ်ရှန်းက ထိုကျင့်စဉ်ကို အသုံးပြုခဲ့သည့်နေရာကို တချက်လှမ်းကြည့်လိုက်သည်။ သူရပ်နေခဲ့သော ကျောက်စိမ်းခုံမှာ တစစီကြေမွနေခဲ့ပြီ။ သူ၏ ခြေဖဝါးအောက်မှ ပေါက်ကွဲအားမှာပြင်းထန်လှသောကြောင့် အောက်ရှိ မြေပြင်မှာ အတော်လေးခံစားလိုက်ရသည်။
အတွင်းအားအများအပြားအသုံးပြုရခြင်းသည် ကောင်းကျိုးဖြစ်မနေပေ။ တိကျသေချာမှုကသာ သူ ဦးစားပေးရမည့်အခြေအနေသာ ဖြစ်သည်။
ထိုအားနည်းချက်ကို မပြင်ဆင်ပဲ ရန်သူနှင့်တိုက်ခိုက်မည်ဆိုပါက မိမိခြေဖဝါးအောက်မှ အသံကျယ်ကြီးထွက်ပြီးသည်နှင့် ရန်သူက အနောက်လှည့်ပြီး မိမိပေါ်လာမည့်နေရာကို လက်သီးနှင့် ပစ်ကျွေးလိုက်ပါက ပိုးစိုးပက်စက်ခံရလိမ့်မည်ဖြစ်သည်။
သင်ယူခြင်းနှင့် ကျွမ်းကျင်ခြင်းမှာ မတူညီပေ။