အခန်း (၂၂၈)
Vol. 21 Ch. 228
သူ၏ အင်မော်တယ်အရှင်သခင်လှံသိုင်းနှင့် အစစ်အမှန်လှံသိုင်းကိုးချက်တို့မှာ အတော်လေးကို ကျွမ်းကျင်ကာ ပြည့်စုံသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူသာ ထိုကျင့်စဉ်ကို အောင်မြင်သွားခဲ့ပါက သူ၏ ခွန်အားမှာ နောက်ထပ်တဆင့်သို့ ထိုးတက်သွားလိမ့်မည်ဖြစ်သည်။ ယခင်တုန်းက ခန်းမသခင်လီက လီဟမ်ရှန်းကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အမှတ်အသားကျင့်စဉ်ဖြစ်သော “စည်းတံဆိပ်ငါးချက်ကျင့်စဉ်”ကို ကျင့်ကြံစေလိုခဲ့သည်။ သို့သော် လီဟမ်ရှန်းကမူ ငြင်းပယ်ခဲ့ပါသည်။ စည်းတံဆိပ်ငါးချက်မှာ အမှန်တကယ်ကို စွမ်းအားကြီးမားသည့်တိုင် ထိုအချိန်တုန်းက လီဟမ်ရှန်းမှာ လှံသိုင်းကိုသာ အရူးအမူးကျင့်ကြံနေခဲ့ပြီး တခြားကျင့်စဉ်များကို ပြောင်းလဲကျင့်ကြံရန် အချိန်ရှိမနေခဲ့ပါချေ။
လီဟမ်ရှန်းက မူလအဆင့်သို့ရောက်မှသာ စည်းတံဆိပ်ငါးချက်ကို ကျင့်ကြံရန်တွေးထားခဲ့သည်။ သူက မူလအဆင့်သို့မရောက်လျှင် စည်းတံဆိပ်ငါးချက်ကျင့်စဉ်၏ ဒုတိယအဆင့်ကို ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။
သူက နတ်ဘုရားခြေလှမ်း၊ အင်မော်တယ်နှင့် ခွန်အားမြှင့် တို့ကို ပထမအဆင့်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
ထို သိုင်းကွက်သုံးကွက်မှာ အခြားသော တပည့်များအတွက်တော့ အလွန်တရာကို အသုံးဝင်မည်ဖြစ်သော်လည်း လီဟမ်ရှန်းအတွက်တော့ သိပ်အသုံးမဝင်ပါချေ။
လီဟမ်ရှန်း၏ ခန္ဓာကိုယ်နှင့်စွမ်းအားမှာ လွန်စွာသန်စွမ်းကာ စွမ်းအားကြီးမားလှလွန်းသောကြောင့် အင်မော်တယ်နှင့် ခွန်အားမြှင့် ကျင်စဉ်များက သူ့အား များများစားစား အထောက်အကူပေးနိုင်လိမ့်မည် မဟုတ်ပေ။ ယခုသူ့တွင် မိုးကြိုးအလျင်ကျင့်စဉ် ရရှိပြီဖြစ်သောကြောင့် နတ်ဘုရားခြေလှမ်းကို ကျင့်ကြံရန်အတွက်လည်း မလိုအပ်တော့ပါချေ။
ထို့ကြောင့် လီဟမ်ရှန်းက သူ၏ အားစိုက်ထုတ်မှုများကို အခြားနေရာတွင်သာ အသုံးပြုရန်အတွက် တွေးထားခဲ့တော့သည်။
နောက်တနေ့နံနက်ခင်း
အရုဏ်တက်ခါစအချိန်မှာပင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ လူတယောက်ရောက်လာခဲ့ပါသည်။
ကုန်စည်များကို လှည်းများပေါ်တွင် ဖြည့်တင်းပြီးပြီ ဖြစ်သောကြောင့် လီဟမ်ရှန်းအား လာရောက်စစ်ဆေးရန်အတွက် သတင်းလာပို့ခြင်းပင် ဖြစ်၏။
“တော်တော်မြန်တာပဲ”
လီဟမ်ရှန်းက ယခင်ကထင်ထားခဲ့သည်မှာ အဆင်သင့်ဖြစ်ရန်အတွက် နေ့ခင်း သို့မဟုတ် ညနေအထိ လုပ်ရန်လိုအပ်မည်ဟူ၍ ဖြစ်သည်။ စောစောအဆင်သင့်ဖြစ်တော့လည်း စောစောသူပြန်နိုင်တာပေါ့လေ။
“ဘာတွေလောနေတာလဲ”
“သခင်လေးလီက မနက်စာတောင် မသုံးဆောင်ရသေးဘူး။ နင်အပြင်ကနေစောင့်နေ”
မင်းမင်းက သတင်းလာပို့သူကို မြင်ပြီးနောက်တွင် ပြောလိုက်ခြင်းဖြစ်ပါသည်။
“ဟုတ်ကဲ့ပါ” သတင်းလာပို့သူမှာလည်း ယခုရှိနေသည့် ဧည့်သည်တော်မှာ ပစ်မှား၍ မရနိုင်သော လူမှန်းကို သိသဖြင့် နာခံစွာဖြင့် စောင့်ဆိုင်းနေခဲ့တော့သည်။
ဒါပေမယ့် လီဟမ်ရှန်းက ထိုအခြေအနေကို ခံစားရတာကတော့ ပုံမှန်ဖြစ်မနေခဲ့ပေ။ သတင်းလာပို့သူက ချန်ချင်းကုန်သွယ်ရေး၏ ဆိုင်တာဝန်ခံ ယန်လဲ့ရှန်းမှာ ရုံးခန်းသို့ရောက်နေပြီး သူ့အားစောင့်ဆိုင်းနေသည်ဟု ပြောခဲ့သည်မဟုတ်ပါလား။ တာဝန်ခံက မနက်အစောကြီး အသင့်ပြင်ကာ စောင့်ဆိုင်းနေသည့်အချိန်တွင် သူက အေးအေးဆေးဆေးနံနက်စာထိုင်စားနေခြင်းမှာ မဖြစ်သင့်ဘူးမဟုတ်လား။
ထို့ကြောင့် လီဟမ်ရှန်း၊ ယန်ထျန်းထျန်းနှင့် ရှုခွေတို့မှာ ချန်ချင်းလုပ်ငန်းသို့ တိုက်ရိုက်သာသွားလိုက်ကြသည်။
ချန်ချင်းလုပ်ငန်းစု၏ အရှေ့တွင် ကုန်စည်အပြည့်နှင့် လှည်းဆယ်စီးမှာ အဆင်သင့်ရှိနေကြသည်။
လှည်းဆယ်စီးလုံးတွင် စန်းယွမ်ပို့ဆောင်ရေးလုပ်ငန်း၏အလံများ စိုက်ထူထားသည်။
“သေချာလေးချည်ကြ” ယန်လဲ့ရှန်းကိုယ်တိုင်ပင် ကုန်စည်များကို သေချာစီစစ်ကာ အလုပ်သမားများကို ကိုယ်တိုင်ကြီးကျပ်နေခဲ့သည်။
ထိုအချိန်မှာပင် လီဟမ်ရှန်းတို့ ရောက်လာကြတော့သည်။
“သခင်လေးလီ”
ယန်လဲ့ရှန်းက အပြေးလာကာ လီဟမ်ရှန်း၏ ရထားလုံးကို ကိုယ်တိုင် တံခါးလာဖွင့်ပေးခဲ့သည်။
ထိုလုပ်ရပ်မှာ ချန်ချင်းကုန်သွယ်ရေးသို့ ကုန်လာဝယ်သော ကုန်သည်အများအပြားကို အံ့အားသင့်သွားစေခဲ့သည်။
ယန်လဲ့ရှန်းလို ချန်ချင်းကုန်သွယ်ရေးရဲ့ နာမည်ကြီးတာဝန်ခံကို လေးလေးစားစားနဲ့ ဆက်ဆံရတဲ့ လူဆိုတာ လုကျင်းမြို့မှာ ရှိနေသေးတာလား။ ချန်ချင်းကုန်သွယ်ရေးရဲ့ နောက်ကွယ်မှာ ချင်းလဲ့ဓားသခင်ရှိနေတယ်မဟုတ်ဘူးလား။ သူတို့အောက်ကျို့ရမယ့် လူက တကယ်ပဲရှိနေသေးတယ်လား။
ဂိုဏ်းကြီးတွေက လူတွေလာရင်တောင် ယန်လဲ့ရှန်းက ကိုယ်တိုင်လုပ်ပေးဖို့မလိုခဲ့ဘူးလေ။ ဘယ်လိုတွေ ဖြစ်ကုန်ခဲ့တာလဲ။
“သူက အဲ့လူငယ်လေးရဲ့ ရထားလုံးတခါးကိုတောင် ကိုယ်တိုင်ဖွင့်ပေးတာလား။ အဲ့ဒီ့လူငယ်လေးက ဘယ်သူများလဲ”
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက တပည့်တယောက်ပဲ”
“တကယ်ကြီးလား။ ဒါပေမယ့် ချန်ချင်းလုပ်ငန်းစုက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို အဲ့လောက်ယဉ်ကျေးနေစရာမလိုဘူးလေ ဟုတ်တယ်မဟုတ်လား”
လူစုမှာ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါသည်။
“သူဌေးယန် ကျေးဇူးတင်ပါတယ်”
လီဟမ်ရှန်းသည် ရထားလုံးပေါ်မှာဆင်းသည်နှင့် ကုန်ပစ္စည်းများကို သေသပ်စွာ ထုတ်ပိုးထားသည်ကို မြင်ပြီး အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ပါသည်။
“ဘာတွေများကျေးဇူးတင်ဖို့လိုလဲ သခင်လေးလီရဲ့။ ဒါက ကျွန်တော့်ရဲ့ အလုပ်ပဲလေ”
ယန်လဲ့ရှန်းက အပြုံးတခုနှင့် ဆိုလိုက်သည်။
“သူဌေးရဲ့ စီစဉ်မှုတွေက သိပ်ကိုစောလွန်းတယ်။ သခင်လေးလီက နံနက်စာတောင် မသုံးဆောင်ရသေးဘူးလေ”
မင်းမင်းက မျက်မှောင်တွန့်ကွေးရင်း ဝင်ပြောသည်။
“ဟင်”
ယန်လဲ့ရှန်းမှာ ထိတ်လန့်သွားပြီးနောက် အလျင်အမြန်ဆိုလိုက်သည်။
“ကျုပ်ရဲ့အမှားပါဗျာ။ ကျုပ်က သခင်လေးလီကို စောစောမခေါ်ခဲ့သင့်ဘူး။ သခင်လေးလီ နံနက်စာမသုံးဆောင်ရသေးတာက ပြသနာမရှိပါဘူး။ ဒီမှာလည်း သုံးဆောင်လို့ရပါတယ်။ မင်းမင်းရေ အမြန်သွားပြင်ဆင်လိုက်စမ်း”
“ရပါတယ်။ မစားလို့လည်း ဘာမှမဖြစ်ပါဘူး” လီဟမ်ရှန်းက အလျင်အမြန်ပင် ငြင်းဆန်လိုက်သည်။ ကုန်ပစ္စည်းတွေကို ထုပ်ပိုးပြီးမှတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို အမြန်ပြန်တာက ပိုကောင်းမည်ဟုသာ သူတွေးလိုက်သည်။
ယန်လဲ့ရှန်းမှာ အလွန်တရာမှကို ယဉ်ကျေးလွန်းနေသည်။ အလွန့်ကို ယဉ်ကျေးနေသည်ဖြစ်သောကြောင့် လီဟမ်ရှန်းမှာ မနေတတ်မထိုင်တက်အောင်ကို ဖြစ်နေရတော့သည်။
“သခင်လေးလီ ကျုပ်တို့က အရမ်းယဉ်ကျေးနေတာမဟုတ်ပါဘူး။ ဒီနေ့မှာ ကျုပ်တို့ရဲ့ ချန်ချင်းလုပ်ငန်းစုကနေပြီးတော့ ကုန်ပစ္စည်းအသစ်တမျိုးကို မိတ်ဆက်မှာ။ သူ့ကို အော်လင်းကြက်သားကင်လို့ ခေါ်တယ်။ အဲ့ဒါကြောင့် သခင်လေးလီကို ဖိတ်ခေါ်ပြီး မြည်းစမ်းခိုင်းစေချင်လို့ပါ။ သခင်လေးလီရဲ့ ဖြည့်စွက်အကြံပြုချင်တာလေးတွေရှိရင်လည်း တခါတည်း နားထောင်ရအောင်ပါ”
“အော်လင်းကြက်သားကင်?” လီဟမ်ရှန်းသည် ထိုကဲ့သို့ ထူးဆန်းသည့် အမည်နာမနှင့်ဟင်းလျာကို တခါမှ မကြားဖူးခဲ့ပါချေ။
“သခင်လေးလီအထဲကို ကြွပါ” ယန်လဲ့ရှန်းက ဖိတ်ခေါ်သည့်အမူအရာကို လုပ်ပြလိုက်သည်။
လီဟမ်ရှန်းက ယန်ထျန်းထျန်းကို လှည့်ကြည့်လိုက်ရာ ယန်ထျန်းထျန်းက ပြုံးရင်းနှင့် ဆိုလိုက်သည်။
“သူတို့ရဲ့ကြင်နာမှုကို မငြင်းပါနဲ့ သခင်လေးလီ”
ယန်ထျန်းထျန်းကပါ သူ့အား နောက်ပြောင်နေသဖြင့် လီဟမ်ရှန်းက တချက်ပြုံးကာ အတွင်းသို့ ဝင်လိုက်ပါသည်။
သူတို့ကို ခေါ်ဆောင်သွားသောအခန်းမှာ ဗီအိုင်ပီအခန်းပင်ဖြစ်ပြီး မင်းမင်းက နံနက်စာကို အလျှံပယ်ပြင်ဆင်ထားသောကြောင့် စားပွဲများပင် ပြည့်လျှံနေခဲ့ပါတော့သည်။
ထိုအချိန်မှာပင် ယန်လဲ့ရှန်းကလည်း အော်လင်းကြက်သားကင်ကို ယူဆောင်လာခဲ့သည်။ လီဟမ်ရှန်းက တချက်ကြည့်လိုက်ရာတွင် သာမန်ကြက်သားကင်နှင့် တူညီနေသည်ကိုသာ တွေ့လိုက်ရ၏။ သူက အနားကပ်ကာ ရနံ့ကို ခံလိုက်မှသာ အထူးသင်းရနံ့ကို ရရှိခဲ့ပါတော့သည်။
“သခင်လေးလီ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါဦး” ယန်လဲ့ရှန်းမှာ ကိုယ်တိုင်ပင် ကြက်ပေါင်ကို ဖဲ့ပေးလိုက်ခဲ့သည်။
လီဟမ်ရှန်းက လှမ်းယူကာ တကိုက်ကိုက်လိုက်လေသည်။
နောက်တခဏတွင် လီဟမ်ရှန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားခဲ့ပါသည်။
ယခုအကြိမ်သည် သူစားဖူးသမျှထဲတွင် ပထမဦးဆုံးသော အရသာသစ်တခုပင် ဖြစ်သည်။
လွန်စွာထူးခြားသောပါဝင်ပစ္စည်းများနှင့် ကြက်သားကို နှပ်ထားပြီး ထိုအသားမှာ လျှာဖျားလေးမှ ပျော်ဝင်သွားကာ တကိုက်ကိုက်ပြီး နောက်တကိုက်ကို မကိုက်ပဲ မနေနိုင်လောက်သည့်အထိ ဖြစ်သွားခဲ့ပါသည်။ ထူးခြားသောပါဝင်ပစ္စည်းအပြင် ချိုမြိန်သောအရသာကိုပါ ခံစားရမည်ဖြစ်သည်။
အရသာတခုချင်းစီက မသန့်စင်သည့်တိုင် ရောစပ်လိုက်သည့်အခိုက်တွင်မူ အံ့မခန်းဖွယ်အရာသာသစ်တရပ်ကို မွေးဖွားလာစေခဲ့ပါသည်။
“ဒါက တကယ့်ကို အရသာ ရှိတာပဲ”
လီဟမ်ရှန်းက ထိုသို့မမျှော်လင့်ထားခဲ့မိပေ။
“ငါလည်း မြည်းကြည့်မယ်” ယန်ထျန်းထျန်းကလည်း ကြက်တောင်ပံကို ဆွဲဖြုတ်လိုက်သည်။
“ဦးလေးရှု၊ မြည်းကြည့်ပါဦး” လီဟမ်ရှန်းက နောက်ထပ်ကြက်တောင်ပံကို ဖြုတ်ကာ ရှုခွေအား ကမ်းပေးလိုက်ပါသည်။ ရှုခွေက လှမ်းယူပြီး ကိုက်ဝါးလိုက်သည်။ သူ့မျက်နှာထက်တွင် ကျေနပ်သည့်အမူအရာတခု ထွက်ပေါ်လာခဲ့သည်။
အရသာမှာ သူတို့ပုံမှန်စားနေကျဖြစ်သော ကြက်ကင်အရသာနှင့် ကွဲပြားနေခဲ့သည်။
“သူဌေးယန်၊ ဒီလိုကြက်ကင်မျိုးရောင်းဖို့အတွက်ရှိသေးလား။ ကျုပ်အတွက် ထုပ်ပိုးပေးလိုက်ပါဦး”
လီဟမ်ရှန်းက ကြက်ကင်သိပ်ကြိုက်သော ရှမူဟိုင်နှင့် ကျိုးကျွ
င်းအတွက် ယူသွားလိုခဲ့သည်။
ကျိုးကျွင်းက ကြက်ကင်ကို ရူးသွပ်နေသည့်အဆင့်သို့ပင် ရောက်နေခဲ့သည်။
ယန်ထျန်းထျန်း၏ ဆော်ပလော်တီးခြင်းကို ခံရမည်မှန်းသိသိရက်နှင့်ပင် ပိုင်လင်တောင်ထိပ်ကို သွားပြီး စွန့်စွန့်စားစားနှင့် ကြက်သူခိုးလုပ်နေကတည်းကိုက ကြက်သားကို ဘယ်လောက်ကြိုက်လဲဆိုသည်ကို သိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျိုးကျွင်းမှာ အော်လင်းကြက်သားကင်ကို သေချာပေါက်ကို ကြိုက်နှစ်သက်လိမ့်မည် ဖြစ်သည်။
“အာ” ယန်လဲ့ရှန်းက အလျင်အမြန်ပင် ပြောလိုက်သည်။
“ဒါက သခင်လေးလီ မြည်းစမ်းဖို့အတွက်ပဲ လုပ်ထားတာပါ။ ကျုပ်တို့မှာ လုပ်ထားပြီးသားတွေ မရှိသေးပါဘူး။ ဒီလိုလုပ်ပါ သခင်လေးလီက ခဏစောင့်ပေးပါ။ ကျုပ်က မီးဖိုချောင်သွားပြီး နောက်ထပ် ထပ်ကင်ပေးပါ့မယ်”
“ဘယ်လောက်လောက် ကြာနိုင်မလဲ” လီဟမ်ရှန်းက မေးလိုက်သည်။
“အဲ့ဒါကတော့” ယန်လဲ့ရှန်းက တခဏတုန့်ဆိုင်းနေပြီးမှသာ ဖြေလိုက်သည်။
“အော်လင်းကြက်သားကင်က ကြက်သားကို အရင်ဆုံးနှပ်ထားရတာမို့လို့ နေ့ခင်းမှပဲ အဆင်သင့် ဖြစ်နိုင်လောက်ပါလိမ့်မယ်ဗျ”
“အဲ့ဒါဆိုရင်လည်း ထားလိုက်ပါတော့”
လီဟမ်ရှန်းက ပြုံးရင်းဆိုလိုက်သည်။
“ကျွန်တော့်ရဲ့ အကို၃က ကံဆိုးတာပဲ”
“ကြက်ပေါင်တချောင်းတော့ ကျန်သေးတယ်။ ဒါကိုပဲ အကို၃အတွက်ယူသွားတာပေါ့”
လီဟမ်ရှန်းက တချောင်းထဲကျန်ရစ်သော ကြက်ပေါင်ကို ဆီလုံစက္ကူနှင့်ထုပ်ပိုးလိုက်သည်။
“သခင်လေးလီ ကျုပ်တောင်းပန်ပါတယ်ဗျာ”
ယန်လဲ့ရှန်းမှာ ရှက်ရွံ့နေခဲ့ပါသည်။
“သူဌေးယန်၊ ပြသနာမရှိပါဘူးဗျာ။ ကျုပ်နောက်တခါလာရင် လာဝယ်ပါ့မယ်”
စားသောက်ပြီးသော် လီဟမ်ရှန်းတို့က ပြန်ထွက်ခွာရန် ဟန်ပြင်လိုက်ပါသည်။
လီဟမ်ရှန်းက ကုန်စည်များကို အကြမ်းဖျဉ်းစစ်ဆေးပြီးသော် မည်သည့်အမှားအယွင်းမှ မတွေ့ရသောကြောင့် ငွေချေလိုက်သည်။ ထို့နောက်တွင် သူတို့က လုကျင်းမြို့မှ ပြန်ထွက်လာခဲ့၏။
စန်းယွမ်ပို့ဆောင်ရေးဌာနမှ လူများကလည်း တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပါသည်။
လီဟမ်ရှန်းက လုကျင်းမြို့မှ ထွက်ခွာလာပြီဖြစ်သောကြောင့် လီချန်ချင်းကလည်း တိတ်တဆိတ်နှင့် လိုက်ပါလာခဲ့သည်။
လုကျင်းမြို့မှ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့အပြန်လမ်းခရီးမှာ အန္တရာယ်အများဆုံးအခြေအနေပင် ဖြစ်ပါသည်။ ရွှယ်ချမ်းပိုင်က သူ၏ စာထဲတွင် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လုပ်ကြံမှုမှာ ဤအချိန်တွင် ကျရောက်နိုင်ကြောင်းကို ဆိုထားသဖြင့် လီချန်ချင်းက စောင့်ဆိုင်းပြီး ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထာဝရရှင်သန်ခြင်းဂိုဏ်းမှ လုပ်ကြံသူများရောက်လာပါက လီချန်ချင်းက ချက်ချင်းဖမ်းဆီးပြီး ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ ရွှဲ့ယီက ဘယ်သူလဲဆိုသည်ကို မေးမြန်းမည်သာဖြစ်သည်။
ထိုသူလျိုကို မမိသေးသရွေ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ငြိမ်းချမ်းပြီး အေးအေးဆေးဆေးရှိလိမ့်မည်မဟုတ်ချေ။
လီဟမ်ရှန်းမှာ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်လာပေသည်။
စန်းယွမ်ပို့ဆောင်ရေးဌာနမှ လူများလည်း ပါနေသဖြင့် လမ်းခရီးမှာ ကြန့်ကြာနေခဲ့သည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ တောင်ခြေသို့ ရောက်ရန်အတွက် လမ်းတွင် နှစ်ရက်ကြာမြင့်သွားခဲ့သည်။
လမ်းခရီးတလျှောက်လုံးတွင် ကြက်ပေါင်က မကောင်းတော့မည်ကို လီဟမ်ရှန်းက စိုးရိမ်နေခဲ့သည်။
သူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတောင်ခြေသို့ ရောက်သည့်အခါတွင် ကံကောင်းစွာနှင့် ကြက်သားမှာ အေးရုံသာအေးနေခဲ့ပြီး ကောင်းမွန်နေခဲ့ပါ၏။
သို့သော် အနောက်မှ လိုက်ပါလာခဲ့သော လီချန်ချင်းအဖို့ ခရီးလမ်းမှာ လွန်စွာ ငြိမ်းချမ်းနေခဲ့ပြီးနောက် လုပ်ကြံသူများနှင့် မတွေ့ခဲ့ပေ။
မရင်းနှီးသော အရှိန်အဝါများကို လုံးဝကို မခံစားမိခဲ့ပါချေ။
ဖြစ်နိုင်တာက ထာဝရရှင်သန်ခြင်းဂိုဏ်းက ဒီတခေါက်မှာ မလှုပ်ရှားတာများလား။
ခမ်းနားသော လှည်းတန်းကြီးမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းထဲသို့ ဝင်လာခဲ့၏။
ထိုအခြေအနေက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ တပည့်များ၏ အာရုံကိုဆွဲဆောင်သွားခဲ့ပါသည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ လွန်စွာမှကို အလုပ်များနေခဲ့ပါသည်။ ဖိတ်ကြားလွှာများစွာတို့ကို ပို့ပြီးနောက်တွင် တပည့်တိုင်းလိုလိုပင် ပြင်ဆင်မှုများနှင့် အလုပ်များနေကြ၏။
“ညီ၄ မင်းပြန်လာပြီပဲ”
ထိုအချိန်တွင် ရထားလုံးပေါ်မှ ဆင်းလာသည့် လီဟမ်ရှန်းမှာ ကျိုးကျွင်း၏ အသံကို ကြားလိုက်ရတော့သည်။
ကျိုးကျွင်းက သူ့ထံသို့ ပြေးလာသည်ကို မြင်လိုက်ရသောကြောင့် လီဟမ်ရှန်းက အံ့အားသင့်သွားခဲ့သည်။
သူက ဒီကို ရောက်လာတာ မြန်လွန်းတယ် မဟုတ်ဘူးလား။
မဟုတ်မှလွဲရော ကြက်ကင်အနံ့ကို ရလို့ ပြေးလာတာဖြစ်ရမယ်။
ကျိုးကျွင်းက ပြေးလာသဖြင့် လီဟမ်ရှန်းက ပြေးဖက်တော့မည် အမှတ်နှင့် အဖက်ခံရန်ပြင်ဆင်ထားလိုက်သည်။ သို့သော် ကျိုးကျွင်းက သူ့ကို ဖြတ်ကျော်သွားပြီး လှည်းများမှ ကုန်စည်များကို ပြေးကြည့်သည်။
“မင်း ထူးဆန်းတဲ့ပစ္စည်းတွေ ယူလာသေးလား။ ငါ့အတွက်ကော စားဖို့ တခုခုပါသေးလား။ လက်ဖက်ရည်ကြမ်းလား”
ကျိုးကျွင်းမှာ အထုတ်များကိုဖောက်ကာ မွှေနေတော့သည်။ သို့သော် ချက်ချင်းစားသုံး၍ရမည့် မည်သည့်အရာကိုမှ မတွေ့ခဲ့ပေ။
“ချထားလိုက်စမ်း”
ယန်ထျန်းထျန်းက သူမ၏ လက်သီးသေးသေးလေးနှင့် ကျိုးကျွင်း၏ ဦးခေါင်းကို ထုချလိုက်သည်။
ကျိုးကျွင်းက အသံပြဲကြီးနှင့် အော်လိုက်သည်။
“အစ်မ၂ ကျွန်တော့်ကို ဘာလို့ ရိုက်တာလဲ”
“နင်လုပ်တာ အထုတ်တွေ ပြေကုန်ပြီလေ”
ယန်ထျန်းထျန်းက ကျိုးကျွင်းကို စိုက်ကြည့်လိုက်သည်။
“အကို၃ အတွက်စားဖို့က ဒီမှာဗျ”
ထိုအခိုက်တွင် ကျိုးကျွင်းဘာမှ မပြောနိုင်သေးခင်မှာပင် သူ့ထံသို့ အထုတ်တထုတ်ပျံလာသည်ကို မြင်လိုက်ရ၏။
သူက လေထဲမှ အထုတ်ကို သာသာယာယာဖမ်းယူလိုက်ပြီး ကြည့်လိုက်သည်။
အနီးကပ်စစ်ဆေးလိုက်ပြီးသောအခါတွင် ကြက်ပေါင်တချောင်းဖြစ်နေသည်ကို သူတွေ့လိုက်ရသည်။
ထိုအချိန်တွင် ကျိုးကျွင်း၏ မျက်နှာအမူအရာက ချက်ချင်းကို ပြောင်းလဲသွားခဲ့သည်။
ကြက်ပေါင်ပိစိလေးလား…