အခန်း (၂၂၉)
Vol. 21 Ch. 229
မိုင်ထောင်နှင့်ချီအောင် သွားပြီးတော့ ကြက်ပေါင်လေးတပေါင်ပဲ ပြန်ပါလာတာလား။
ကျိုးကျွင်းက ကြက်ပေါင်ကို တုန်ရီနေသော လက်နှင့် ကိုင်လိုက်ပြီး သူ၏ ဘဝဆုံးဖြတ်ချက်များကို ပြန်လည်တွေးတောနေခဲ့သည်။ ဒီလိုသေးသေးလေးကို ယူလာတာမျိုးက ဘာမှပါမလာတာနဲ့ မကွာဘူးဖြစ်နေပြီလေ။
“အဟွတ် အကို၃”
လီဟမ်ရှန်းက အနားသို့ကပ်ကာ ပြောလိုက်သည်။
“အကို ဒီကြက်ပေါင်ကို အထင်မသေးလိုက်လေနဲ့။ အဲ့ကြက်ပေါင်က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အသစ်မိတ်ဆက်လိုက်တဲ့ ကြက်ကင်ပဲ။ ဒီကြက်ကင်အရသာကို စားဖူးတဲ့လူက အများကြီးမရှိသေးဘူး။ အရေအတွက်က နည်းနည်းပဲရှိတာ။ အဲ့ဒါကြောင့် ကျွန်တော်တောင် ကြက်ပေါင်တချောင်းပဲ ရအောင် ပြန်ယူလာနိုင်ခဲ့တာ။ ဒါပေမယ့် စိတ်မပူပါနဲ့။ သူတို့မိတ်ဆက်ပြီး ရောင်းချပြီးရင် အကို့အတွက် ကျွန်တော်အများကြီး ဝယ်ကျွေးပါ့မယ်”
“အဲ့ဒါကို အော်..အော်” လီဟမ်ရှန်းသည် ထိုခက်ခဲသောအကင်နာမည်ကို မနည်းပြန်စဉ်းစားနေခဲ့သည်။
“အဲ့ဒါကို အော်..ဘာကြက်ကင်ဆိုလားပဲ” သူရဲ့အရသာက အရမ်းထူးခြားပြီးတော့ အရသာအရမ်းရှိတယ်။ အကို ကြိုက်မှာပါ” လီဟမ်ရှန်းက ဆက်ပြောလိုက်သည်။
“အာ… ကြက်ကင်ကလည်း အေးနေပြီ”
ကျိုးကျွင်းက သဘောမကျစွာ ဆိုလိုက်ပြန်သည်။
“အကို၃ မြည်းကြည့်သင့်တယ်” လီဟမ်ရှန်းက ကျိုးကျွင်းကို စားသောက်ရန်အတွက် လက်ဟန်ပြလိုက်သည်။
သို့သော် ကျိုးကျွင်းက တုန့်ဆိုင်းနေပြီး သူ့လက်ထဲက ကြက်ပေါင်ကို ကြည့်လိုက်သည်။ သူဘာတွေးနေတာလဲဆိုတာကို ဘယ်သူမှ မသိပေ။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူက မစားခဲ့ပေ။ ထိုအစား သူက ဆရာဖြစ်သူ ရှမူဟိုင်၏ ဥပမာကို ယူကာ ကြက်ပေါင်ကို သူ၏ ဝတ်ရုံထဲသို့ ထိုးထည့်လိုက်လေသည်။
“ငါ လောလောဆယ်မှာ ဗိုက်မဆာသေးဘူး။ ညကျမှပဲ စားတော့မယ်” ကျိုးကျွင်းက ပြုံးရင်းနှင့် ပြောလိုက်သည်။
“အာ…” ကျိုးကျွင်း၏ စကားမှာ လီဟမ်ရှန်းက ထူးဆန်းနေသည်ဟု ခံစားမိလေသည်။ ကျိုးကျွင်းက အတိတ်တုန်းက ဒါမျိုးလုပ်ခဲ့ဖူးလို့လား။ ကျိုးကျွင်းက သူ၏ ပုံရိပ်ကို အလွန်တရာမှကို ထိန်းသိမ်းသောလူစားမျိုးဖြစ်ပါသည်။
ထို့ကြောင့် သူက တချက်ရယ်ကာ ပြောလိုက်၏။
“အကို၊ အကိုက ဆရာသခင်နဲ့ တဖြေးဖြေးပိုပိုပြီး တူလာပြီ။ ဘာကိုမှဂရုမစိုက်ပဲ ကြက်ပေါင်ကို ဝတ်ရုံထဲထိုးထည့်လိုက်တာမျိုးက တပုံစံတည်းလိုလိုပဲ။
သူတို့စကားပြောဆိုနေကြသည့်အချိန်တွင် သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်များကလည်း ရောက်ရှိလာခဲ့ကြ၏။
သူတို့က လီဟမ်ရှန်းဝယ်လာသည့် ကုန်ပစ္စည်းများကို သယ်ယူပြီး သိုလှောင်ရန်အတွက် တာဝန်ရှိသူများ ဖြစ်ပါသည်။
“မင်္ဂလာပါ အကိုလီ”
“အကိုလီ ဟယ်လို”
“အကိုလီဆိုတာဖြစ်မယ်။ အကိုလီရဲ့ သတင်းတွေ အများကြီး ကြားဖူးပါတယ်”
သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်များက လီဟမ်ရှန်းကို မြင်သော် အနားသို့လာကာ ပျာပျာသလဲ နှုတ်ဆက်နေကြ၏။ နှုတ်ဆက်ကြသူအများစုမှာ လီဟမ်ရှန်းနှင့် ရင်းနှီးကြသူများ ဖြစ်သည်။အချို့မှာမူ တပည့်အသစ်များဖြစ်ကာ လီဟမ်ရှန်း၏ ဒဏ္ဍာရီများကို ကြားသိပြီး ရင်းနှီးလိုသူများဖြစ်ကြသည်။
လီဟမ်ရှန်းက သူတို့၏ စံပြအိုင်ဒေါဖြစ်သည်။ လီဟမ်ရှန်းမှာ တချိန်တုန်းက သူတို့လိုပင် အစေခံတပည့်ဖြစ်ကြောင်းကို သူတို့က ကြားသိထားကြလေသည်။
ယခုတွင်တော့ သူက တိုက်ရိုက်တပည့်အဖြစ်သို့ အဆင့်တက်သွားကြောင်းကို သိခဲ့ရလေ၏။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင်ပင် သူက ထိပ်ဆုံးသို့ရောက်ရှိခဲ့ပါသည်။
လီဟမ်ရှန်းမှာ သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် ဒဏ္ဍာရီဖြစ်လာခဲ့ပါသည်။ တပည့်များအတွက် လီဟမ်ရှန်း၏ အဆင့်အတန်းက သူတို့၏ ရည်မှန်းချက်တခု ဖြစ်လာခဲ့ပါသည်။
မတိုင်ပင်ထားကြပဲနှင့် လီဟမ်ရှန်းမှာ သတ်ဖြတ်သူတသောင်းတောင်ထိပ်ရှိ အစေခံတပည့်များ၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် လူတိုင်း၏ ရင်ထဲတွင် ဖြစ်လာခဲ့ပါသည်။ နေ့ခင်းဖက်တွင် အလုပ်ကြမ်းများ လုပ်ကိုင်ပြီးစီးပြီးသည့်အချိန်တွင် သူတို့မှာ ကျင့်ကြံခြင်းကို လေးလေးနက်နက် ကြိုးစားကာ ကျင့်ကြံကြသည်။ တရက်ရက်တွင် သူတို့လည်း မြင့်တက်လာသော အနေအထားသို့ ရောက်ရှိနိုင်ရန် မျှော်လင့်နေခဲ့ကြသည်။
လီဟမ်ရှန်းက အောက်ခြေကနေမြင့်တက်လာခဲ့သည့် သူရဲကောင်းတယောက်ပင် မဟုတ်လား။
သူတို့အတွက် ကံဆိုးကာ မှားယွင်းသွားသည်မှာ သူတို့တွင် လီချန်ချင်းလိုမျိုး စွမ်းအားကြီးကာ ထောက်ပံ့ပေးနေသည့် ဖခင်မျိုး ရှိမနေခဲ့ပေ။
တပည့်များနှင့် နှုတ်ဆက်စကားပြောပြီးသည့်အချိန်တွင် လီဟမ်ရှန်းက တခြားကမ္ဘာသို့ ရောက်သွားသလို ခံစားမိခဲ့သည်။
လွန်ခဲ့သောနှစ်ဝက်တုန်းက သူက သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ အစေခံတပည့်သာ ဖြစ်သည်။
နေ့ရက်တိုင်းမှာ များပြားလှသော အလုပ်ကြမ်းများကို မနားမနေ လုပ်နေခဲ့ရပါ၏။ လစဉ်သူရရှိသော ငွေတုံးများမှာ လွန်စွာမှကို နည်းပါးလွန်းသဖြင့် ကျင့်ကြံရာတွင် လိုအပ်သည့် အရင်းအမြစ်များကိုပင် အနိုင်နိုင်ပင် ဖြစ်ပါသည်။ သို့သော် ထိုသို့ခက်ခဲနေသည့်တိုင် ထိုစဉ်တုန်းက ပိုမို၍ ပျော်ဖို့ကောင်းလှပါသည်။ နေ့တိုင်းတွင် သူအလုပ်ပြီးသည့်အချိန်တွင် လုချောင်းချောင်းက သူ့အား စောင့်ဆိုင်းနေသည်ကြီးသာ ဖြစ်သည်။
“အကိုလီပဲ မတွေ့တာကြာပြီ”
ထိုအခိုက်တွင် ရင်းနှီးသော ပုံရိပ်လေးမှာ လီဟမ်ရှန်း၏ အနားသို့ ကပ်လာကာ လာနှုတ်ဆက်လေသည်။
လီဟမ်ရှန်းက သူ့အရှေ့ကလူကို ကြည့်လိုက်ရာ ရှယွဲ့ယွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် နေထိုင်စဉ်အချိန်တုန်းက ရှယွဲ့ယွဲ့မှာ လုချောင်းချောင်း၏ အရင်းနှီးဆုံးသူငယ်ချင်းတယောက်ပင် မဟုတ်လား။ သူတို့နှစ်ယောက်က ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသည်။ သူတို့သုံးဦးမှာ ရံဖန်ရံခါတွင် အတူတကွ အချိန်ဖြုန်းလေ့ရှိကြသည်။
အရင်တုန်းက လုမိသားစုနှင့် ဟိုင်မိသားစုတို့၏ ထိမ်းမြားခြင်းတွင် လီဟမ်ရှန်းက ဘာမှ ဝင်မစွက်ဖက်ခြင်းကြောင့် ရှယွဲ့ယွဲ့က လီဟမ်ရှန်းအပေါ် ဒေါသပေါက်ကွဲခဲ့ပါသေးသည်။ သူမက လီဟမ်ရှန်းကို အရှေ့မှာကော, ကွယ်ရာမှာပါ အပုတ်ချကာ ပြောဆိုခဲ့သည်။
ယခု ရှယွဲ့ယွဲ့၏ ပုံစံမှာ ဟိုးယခင်ကလို သွက်လက်၊ ပျော်ရွှင်ကာ လန်းဆန်းခြင်းများ ကင်းမဲ့နေခဲ့ချေပြီ။ သူမ မျက်နှာထက်တွင်လည်း ယခင်က တွေ့နေကျဖြစ်သော အပြုံးများမှာလည်း မရှိခဲ့ပါတော့ချေ။
လီဟမ်ရှန်းအား ပြုံးပြသောအပြုံးမှာလည်း သူမက အတင်းကာရော ဟန်လုပ်ကာ ပြုံးထားရသည်ကို လီဟမ်ရှန်းက သတိထားမိပါသည်။
လီဟမ်ရှန်းက ရှယွဲ့ယွဲ့တစ်ယောက် လွန်ခဲ့သော နှစ်ဝက်ခန့်က မည်သည့်အရာများ ကြုံတွေ့ခဲ့ရသည်ကို သေချာမသိသည့်တိုင် သူမ၏ ကျင့်ကြံမှုမှာ ယခုထက်ထိပင် တက်လှမ်းခြင်းအဆင့်ငါးတွင်သာ ရပ်တန့်နေသည်ကို သတိထားမိခဲ့ပါသည်။
နှစ်ဝက်အတွင်းတွင် သူမနှင့် ပတ်သက်ပြီး မည်သည့်အရာမှ ပြောင်းလဲခဲ့သည့် ပုံစံမရှိပါချေ။
“ညီမလေးရှ အဆင်ကောပြေရဲ့လား”
လီဟမ်ရှန်းက အနားကပ်ကာ မေးမြန်းလိုက်သည်။ သူတို့က သိကျွမ်းခဲ့သော မိတ်ဆွေများပင် မဟုတ်ပါလား။ သူမက လုချောင်းချောင်း၏ အရင်းနှီးဆုံးလူဖြစ်သည်ကိုပင် ထည့်မပြောရသေးပေ။
အရင်က လီဟမ်ရှန်းထံသို့ လုချောင်းချောင်းက စာတစောင်ရေးခဲ့ပါသည်။ ထိုစာထဲတွင် ရှယွဲ့ယွဲ့နှင့် ပတ်သက်ပြီး မေးမြန်းထားတာ ရှိပါသေးသည်။ သို့ပေမယ့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပြန်ရောက်လာကတည်းကိုက သူက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသဖြင့် ထိုအကြောင်းအရာများကို တွေးတောရန်အတွက် အချိန်မရှိနေပါချေ။
ယခု ရှယွဲ့ယွဲ့ကို တွေ့မှသာ သူမက အဆင်မပြေနေမှန်းကို လီဟမ်ရှန်းက ဂရုပြုမိခဲ့ပါသည်။
“ကျွန်မအဆင်ပြေပါတယ်” ရှယွဲ့ယွဲ့က တည်ငြိမ်စွာဖြင့် ပြောခဲ့သည်။
ထို့နောက်မှ တချက်ပြုံးကာ ပြောလိုက်၏။
“အကိုလီ၊ အကိုက တနေ့တခြားပိုပိုပြီးတော့ ထူးချွန်လာခဲ့တာပဲ။ ကျွန်မတို့အတူတူ သတ်ဖြတ်သူတသောင်းတောင်မှာ ရှိနေကြတုန်းက အကို့လိုမျိုး အောက်ခြေကလူငယ်တယောက်က အခုလိုမျိုး မြင့်မားတဲ့နေရာကို ရောက်လာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး”
လီဟမ်ရှန်းက ခါးသက်စွာ ပြုံးပြလိုက်သည်။ ထိုစကားများမှာ ချီးကျူးနေသည်ဟုထင်ရသော်လည်း နောက်ကွယ်တွင်မူ အခြားသောအဓိပ္ပာယ်တခု ရှိနေသည့်အလားပင်။
ထူးဆန်းနေသည့်တိုင် ရှယွဲ့ယွဲ့၏ စကားများက လီဟမ်ရှန်းကို နွေးထွေးသွားစေခဲ့သည်။ သူမက ယခင်တုန်းကအတိုင်းပင် ဖြစ်ပြီး လီဟမ်ရှန်းအပေါ်ဆက်ဆံမှုများမှာ မပြောင်းလဲသေးပါချေ။ သူက တိုက်ရိုက်တပည့်ဖြစ်သွားသော်လည်း သူမ၏ ပြောဆိုပုံမှာ သူက သတ်ဖြတ်သူတသောင်းတောင်ထိပ်တွင် ရှိစဉ်ကာလတုန်းက အတိုင်းသာ ဖြစ်သည်။
ထိုရင်းနှီးသည့်ခံစားချက်မှာ ခံစား၍ ကောင်းလှပေသည်။
“အစ်မလုသာ ဒီမြင်ကွင်းတွေကို မြင်ရရင် သိပ်ကိုကောင်းမှာပါပဲ” ရှယွဲ့ယွဲ့၏ အမူအရာများမှာ ဖျော့တော့သွား၏။ သူမက လုချောင်းချောင်းကို တွေးနေပုံရသည်။
လီဟမ်ရှန်းက တိတ်ဆိတ်နေခဲ့သည်။ သူက လုချောင်းချောင်းပို့ခဲ့သောစာရဲ့အကြောင်းးကို မပြောပြခဲ့ပေ။ ထိုသို့မပြောခဲ့ရခြင်းမှာလည်း ဘာတွေဖြစ်နေတာလဲဆိုတာကို သူက သေချာမသိသည့်အပြင် ထိုစာကို မည်သူက ပို့တာလဲဆိုတာကို မသိသောကြောင့်ပင် ဖြစ်သည်။
“ငါ သူ့ကို ရအောင်ပြန်ခေါ်ခဲ့မှာ” လီဟမ်ရှန်းက သေချာသည့်လေသံနှင့်ဆိုလိုက်သည်။
“အင်း” ရှယွဲ့ယွဲ့က ခေါင်းညိတ်ပြသည်။
“ငါ နင့်ကို ယုံပါတယ်”
“ရှယွဲ့ယွဲ့ ဒီကိုလာပြီး ပစ္စည်းတွေ ဝိုင်းမပေးပါဦး” ထိုအချိန်မှာပင် သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ အကြီးအကဲတဦးက ရှယွဲ့ယွဲ့ကို လှမ်းခေါ်လိုက်သည်။
“ကျွန်မလာပြီ”
“အကိုလီ၊ ကျွန်မကို အကြီးအကဲက ခေါ်နေပြီမို့လို့ နောက် အချိန်ရှိမှပဲ စကားပြောကြတာပေါ့” ရှယွဲ့ယွဲ့က လီဟမ်ရှန်းကို ပြောလိုက်သည်။
“ကောင်းပြီလေ”
ရှယွဲ့ယွဲ့က အခြားသော သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်များလိုပင် ကုန်ပစ္စည်းများကို အထုပ်ဖြေရန်အတွက် ပြေးသွားလိုက်တော့သည်။
ဂိုဏ်းတွင် ထိုကဲ့သို့သော အလုပ်ကြမ်းများကို အစေခံတပည့်များက လုပ်ကိုင်ရသည် ဖြစ်သည်။
ရှယွဲ့ယွဲ့၏ အပြုံးကို တွေးမိပြီးနောက်တွင် တစုံတခုက လွဲမှားနေသည်ဖြစ်ကြောင်းကို လီဟမ်ရှန်းက ခံစားမိခဲ့ရပြန်သည်။
ချင်ကျူးတောင်ပေါ်သို့ ရောက်ပြီးသည့်အထိ သူ၏ စိတ်ထဲတွင် မကျေနပ်နိုင်သောကြောင့် လီဟမ်ရှန်းက အစေခံတစ်ယောက်ကို အမိန့်ပေးကာ ဝူစန်းထောင်အား သွားခေါ်ခိုင်းလိုက်ခဲ့သည်။
သိပ်မကြာခင်မှာပင် ဝူစန်းထောင်က အပြေးလေးရောက်လာခဲ့ပါသည်။
လီဟမ်ရှန်းက သူ့အားခေါ်သည်ကို သိသည်နှင့် ဝူစန်းထောင်က လုပ်ကိုင်နေသည်များကို ပစ်ချကာ ချက်ချင်းပြေးလာခဲ့သည်။ သူက လီဟမ်ရှန်း၏ နောက်လိုက်ခွေးလုပ်ရန် စီစဉ်ထားဆဲဖြစ်သည်။
“အကို ကျွန်တော်ဘာကူညီပေးရမလဲ”
ယခုအကြိမ်သည် လီဟမ်ရှန်းက ချင်ကျုးတောင်သို့ ပထမဦးဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သောကြောင့် အနညး်ငယ်တော့ စိတ်လှုပ်ရှားနေခဲ့ပါသည်။ ဒီနေရာက တိုက်ရိုက်တပည့်တွေ နေထိုင်တဲ့ နေရာပဲ မဟုတ်ဘူးလား
ဒီနေရာက စိတ်ဝိဉာဉ်ချီက သူတို့နေထိုင်ရာခွေးအိမ်လိုနေရာနှင့် ယှဉ်လျှင် အလွန်ကို ကွာခြားလှပေသည်။
“ဟုတ်တယ်၊ ငါမင်းအကူအညီကို လိုတယ်” လီဟမ်ရှန်းက ဝူစန်းထောင်ကို ကြည့်ကာ ပြောလိုက်ပါသည်။
“လိုအပ်တယ်ဆိုတဲ့ စကားက အရမ်းကို ယဉ်ကျေးနေပါပြီ” ဝူစန်းထောင်က အပြုံးတခုနှင့်ဆိုလိုက်သည်။
“အကိုလီက အကူအညီလိုတဲ့အချိန်မှာ ကျွန်တော့်ကို သတိရတာနဲ့တင်ပဲ ဂုဏ်ယူနေပါပြီ။ အကို့အတွက်နဲ့ ကျွန်တော် ရေနဲ့မီးကို ဖြတ်ကျော်ရဲပါတယ်။ ပြောသာပြောလိုက်ပါ။ ကျွန်တော်လုပ်နိုင်ရင် လှလှပပလေး ကျွန်တော်လုပ်ပေးပါ့မယ်။ ကျွန်တော်မလုပ်နိုင်တာဆိုရင်တောင်မှ အကောင်းဆုံးကြိုးစားပြီး နည်းလမ်းရှာပေးပါ့မယ်”
ဝူစန်းထောင်၏ ချောမွေ့သော စကားကြောင့် လီဟမ်ရှန်းကလည်း အားမနာနေတော့ပေ။
“သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ ရှယွဲ့ယွဲ့လို့ ခေါ်တဲ့ တပည့်မတယောက်ရှိတယ်”
“သူနဲ့ပတ်သက်ပြီး ဒီအတောအတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ငါသိချင်တယ်”
“သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်မလား” ဝူစန်းထောင်က ခေါင်းညိတ်ကာ
“စိတ်မပူနဲ့။ ကျွန်တော့်ကို အချိန်တရက်ပဲပေး။ တရက်အတွင်း ထူးခြားစေရမယ်”
အတွင်းစည်းတပည့်များကို စုံစမ်းရခြင်းက အနည်းငယ်ခက်ခဲပေသည်။ အစေခံတပည့်၏ နောက်ကြောင်းကို စုံစမ်းရတာကတော့ ပုလင်းထဲက လိပ်ကို ဖမ်းရသလောက်ကိုပင် လွယ်ကူပေသည်။
“ကျေးဇူးပဲ” လီဟမ်ရှန်းက သူ၏ အိပ်ထဲမှ ငွေလက်မှတ်များကို ထုတ်ယူကာ ဝူစန်းထောင်ကို ပေးလိုက်သည်။
“နောက်ကြောင်းကို စုံစမ်းရတယ်ဆိုတာက ငွေကုန်တယ်။ ဒါကို ခြေကြွခလို့သာ သဘောထားလိုက်ကွာ။ မလောက်ရင် နောက်တကြိမ် ငါ့ကို လာရှာ။ များနေတယ်ဆိုရင်တော့ ပိုတာတွေက မင်းအတွက်ပဲ”
“ကျွန်တော် ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ အကို၊ အကိုက အရမ်းကို ကြင်နာနေပါပြီ”
ဝူစန်းထောင်က အလျင်အမြန်ပြောလိုက်သည်။
ဝူစန်းထောင်၏ အကြည့်မှာ ငွေလက်မှတ်များပေါ်သို့ ကျရောက်သွားပြီးနောက်တွင်
ငွေစနှစ်ထောင်တောင်လား
သူ၏ နှလုံးသားမှာ ပျော်ရွှင်မှုကြောင့် လှုပ်ခတ်သွားခဲ့သည်။
ဒါတွေအားလုံးက အစေခံတပည့်ကို စုံစမ်းဖို့အတွက်လား
ဝူစန်းထောင်မှာ အပြင်စည်းတပည့်သာဖြစ်ပြီး သူ၏ လစဉ်ရရှိသည့်ခွဲတန်းမှာ ငွေစသုံးရာသာဖြစ်ပြီး ကျင့်ကြံရန်အတွက်ပင် သိပ်မလုံလောက်ပါချေ။
လီဟမ်ရှန်းပေးသည့် ငွေစနှစ်ထောင်မှာ သူ့အတွက်တော့ အလွန်ကို များပြားသည့်ပမာဏသာ ဖြစ်သည်။
ထိုအချက်ကြောင့်ပင် ဝူစန်းထောင်ကို တခဏမျှ တုန့်ဆိုင်းသွားစေခဲ့ပါသည်။
သူက သူတယောက်တည်းအတွက်သာ အသုံးပြုလိုသည့်တိုင် လီဟမ်ရှန်းက သူ့အား လောဘကြီးသည်ဟု ထင်သွားမည်ကိုလည်း စိုးရိမ်နေမိပါသေးသည်။
သို့သော် ပြန်ပေးရန်မှာလည်း ငွေစနှစ်ထောင်မှာ သူ့အတွက် အလွန်များပြားသည့်ပမာဏဖြစ်ပြီး သူက ပြန်မပေးနိုင်ပေ။
ဝူစန်းထောင်၏ တုန့်ဆိုင်းမှုကို မြင်ပြီးနောက်တွင် လီဟမ်ရှန်းက သူ၏ ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
“ယူလိုက်၊ ဒါကိုသုံးပြီးလိုအပ်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ဝယ်ပြီး အသုံးပြုလိုက်။ အနာဂတ်မှာ မင်းကိုငါအလိုရှိတဲ့အခါကျရင် မင်းရဲ့အားနည်းနေတဲ့ ကျင့်ကြံမှုက အနှောင့်အယှက်ဖြစ်လာလိမ့်မယ်”
“ဒါဆိုလည်း ကျုပ်လက်ခံလိုက်ပါ့မယ်။ ကျေးဇူးပါ အကိုလီ” ဝူစန်းထောင်က သိသည်။ လီဟမ်ရှန်းက သူ့အား အားနာနေမည်စိုးသောကြောင့် ထိုစကားကိုပြောခဲ့မှန်း။ သူက စိတ်ထဲတွင် အနည်းငယ်ခိုက်သွားခဲ့ပြီး ငွေလက်မှတ်များကို သိမ်းဆည်းပြီးနောက်တွင် အလျင်အမြန်အရိုအသေပေးကာ တောင်ပေါ်မှ ဆင်းသွားခဲ့သည်။
သူက လီဟမ်ရှန်းအတွက် ရှယွဲ့ယွဲ့အား အလျင်အမြန်ပင် စုံစမ်းဖို့ လိုအပ်နေပေသည်။