← Chapters

အခန်း (၂၃၁)

Vol. 21 Ch. 231

အခန်း (၂၃၁)

Vol. 21 Ch. 231

ထိုစကားကိုကြားသော်လည်း ကျန့်ဖုကွမ်း၏ အမူအရာမှာ တည်ငြိမ်နေဆဲပင် ဖြစ်ပါသည်။ သာမန်လူများနားမလည်နိုင်သည့် သတ်ဖြတ်လိုသော အရိပ်အယောင်များမှာ သူ၏ မျက်ဝန်းများတွင် ဖြတ်ပြေးသွားခဲ့တော့လေသည်။

သူက ကျန့်စစ်ယောင်၏ ဦးခေါင်းလေးကိုပုတ်လိုက်ပြီး

“မကြောက်နဲ့ လူကြီးမင်းလီချန်ချင်းက အိမ်မှာမရှိဘူးလေ။ သူတို့က ရှာတွေ့မှာ မဟုတ်ပါဘူး။

“ဖေဖေ ဦးလေးလီချန်ချင်း တခုခုဖြစ်မှာကို သမီးကြောက်တယ်”

ကျန့်စစ်ယောင်လေးက စိုးရိမ်စွာ ထပ်ပြောသည်။

“အဆင်ပြေတယ်နော်”

စကားပြောပြီးနောက်တွင် ကျန့်ဖုကွမ်းက လမ်းကြားလေးကို စိုက်ကြည့်လိုက်ရာ ရထားလုံးမှာ အဝေးသို့ တလိမ့်လိမ့်နှင့် ထွက်သွားသည်ကို မြင်လိုက်ရသည်။

ကျန့်ဖုကွမ်း၏ အကြည့်မှာ တရွေ့ရွေ့ထွက်သွားသော ရထားလုံးနောက်သို့ လိုက်ပါသွားခဲ့တော့သည်။

ပေါက်စီဝယ်ယူပြီးသည့်နောက်တွင် သူက ကျန့်စစ်ယောင်လေးကို အိမ်သို့ပြန်ခေါ်သွားခဲ့သည်။

ပေါက်စီစားပြီးသောအခါတွင်တော့ ကျန့်စစ်ယောင်လေးက အနည်းငယ်စိတ်တည်ငြိမ်သွားခဲ့ပါ၏။

ကျန့်ဖုကွမ်းက ကျန့်စစ်ယောင်ကို အိမ်စာလုပ်ရန်နှင့် ဘယ်မှ လျှောက်မသွားရန် မှာကြားခဲ့ပြီးနောက်တွင် သူ၏ မိုးပြာရောင်ဓားကို ဆွဲယူကာ ယန်မိသားစုအိမ်မှ ထွက်လာခဲ့ပါသည်။

ထိုအချိန်တွင်တော့ ကောင်းကင်မှာမူ မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။

လူပုံသဏ္ဍာန်ကို မမြင်လိုက်သည့်တိုင် ကျန့်စစ်ယောင်၏ ပြောပြချက်အရတွင် လီချန်ချင်းကို သတ်မည့်သူများမှာ အမည်ပျက်စာရင်းတွင်ရှိသော မူလအဆင့်နှစ်ယောက်ပင် ဖြစ်သည်။

ယခုရရှိထားသော အချက်အလက်များကို ထောက်ရှုရသော် သူတို့က လီချန်ချင်း အိမ်မှာမရှိသည့်အချက်ကိုကော၊ လီချန်ချင်း၏ စွမ်းအားကိုကော မသိကြချေ။

ကျန့်ဖုကွမ်းက ယန်အိမ်တော်မှ ထွက်လာခဲ့သည်။ ချန်ထင်မြို့လိုမြို့ငယ်လေးတွင် အမည်ပျက်စာရင်းမှ လူသတ်သမားများကို ရှာဖွေရန်မှာ လွန်စွာလွယ်ကူလှပေသည်။ အဘယ်ကြောင့်ဆိုသော် ချန်ထင်မြို့တွင် မူလအဆင့်ဟူ၍ နှစ်ယောက်သာရှိသည်။ တစ်ဦးမှာ ယန်မိသားစုခေါင်းဆောင် ယန်ပါးထောင်ဖြစ်ပြီး ကျန်တစ်ဦးမှာ ပိုင်မိသားစု၏ ခေါင်းဆောင် ပိုင်ကျင့်ဖေးသာ ဖြစ်သည်။

ကုန်ဆုံးခဲ့သော နှစ်လတွင် ပိုင်ကျင့်ဖေးသည်လည်း မူလအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။ သူကလည်း ချန်ထင်မြို့ရှိ လူကုံထန်အသိုင်းအဝိုင်းကို ဖိတ်ကြားခဲ့ပြီး သူ၏ အောင်မြင်မှုကို ဂုဏ်ပြုပွဲဖြင့် ကျင်းပခဲ့ပါသည်။

ပိုင်ကျင့်ဖေးက မူလအဆင့်သို့ ဝင်ရောက်သွားသည်ကို ကြားသိလိုက်ရသည့် ကျောက်ရီချိုးမှာ မနာလိုဖြစ်လွန်းလှသောကြောင့် သူ၏ ကျင်ငယ်ရည်ပင်လျှင် အဝါရောင်သို့ ပြောင်းသွားခဲ့သည်။

ကျန့်ဖုကွမ်းမှာ သတ်ဖြတ်ငွေ့ကို အာရုံခံနိုင်စွမ်းလွန်စွာမှကို မြင့်မားသူတဦးဖြစ်သည်။ သွေးအရိပ်ဂိုဏ်းဝင်တဦးအနေနှင့် သတ်ဖြတ်ငွေ့ကို ထုတ်လွှတ်ခြင်းမှာ လုံးဝကို တားမြစ်ထားသောအခြေအနေပင် ဖြစ်သည်။

သင်က သတ်ဖြတ်ငွေ့ကို ဖော်ပြလိုက်ပါက သင်၏ ရည်ရွယ်ချက်ကို တဖက်လူက ချက်ချင်းကို နားလည်သွားမည်ဖြစ်သည်။

သူ၏ သတ်ဖြတ်ငွေ့ကို အာရုံခံနိုင်စွမ်းမှာ လူအများစုနားလည်ထားသည်ထက် ကျော်လွန်နေခဲ့ချေပြီ။ မျက်မမြင်တဦးက အသံများကို သေချာကြားနိုင်သည့်အလားပင် ဖြစ်သည်။

ချန်ထင်မြို့က မြို့ငယ်လေးဖြစ်သည့်တိုင် ၎င်း၏ ဧရိယာမှာမူ ကျယ်ပြောလှသည်။

ထို့ကြောင့် အမည်ပျက်စာရင်းဝင် မူလအဆင့်နှစ်ဦးမှာ သူတို့၏ သတ်ဖြတ်လိုစိတ်များကို မထိန်းချုပ်နိုင်ခဲ့ကြချေ။

ကျန့်ဖုကွမ်းမှာ အမဲလိုက်ခွေးတကောင်လိုမျိုး သတ်ဖြတ်ငွေ့အနောက်ကို ခြေရာခံလိုက်နေခဲ့တော့သည်။

ကောင်းကင်မှာ အပြည့်အဝကို မမှောင်မိုက်သေးပေ။

လမ်းမထက်တွင် လူများနှင့်စည်ကားနေပေသေးသည်။

ကျန့်ဖုကွမ်းက လမ်းမထက်တွင် လမ်းလျှောက်နေရင်း သတ်ဖြတ်ငွေ့နှင့် တစထက်တစနီးကပ်လာသည်ကို ခံစားမိလာခဲ့သည်။

သူက အရှေ့သို့မျှော်ကြည့်လိုက်ရာ မီးများကလင်းထိန်နေပြီး လူများကလည်း ဥဒဟိုသွားလာနေသည်ကို တွေ့လိုက်ရသည်။

လမ်းမထက်ရှိ လူအချို့မှာ လမ်းဘေးကချေသည်များကို ငေးမောနေကြသည်။ အချို့မှာမူ လမ်းဘေးဆိုင်များတွင် သွားရည်စာများကို စားသောက်နေခဲ့၏။

ကျန့်ဖုကွမ်း၏ အကြည့်မှာမူ လူနှစ်ယောက်ထံသို့ ရောက်ရှိသွားခဲ့သည်။

ထိုသူနှစ်ယောက်မှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ယန်အိမ်တော်သို့ ဦးတည်နေသည်ကို တွေ့လိုက်ရသည်။

ကျန့်ဖုကွမ်းကလည်း လမ်းလျှောက်လိုက်၏။

ထိုသူနှစ်ယောက်မှာ ညအချိန်သို့ တဖြေးဖြေးရောက်လာသည်ကို သတိထားမိကြပြီး လီချန်ချင်းကို မြန်မြန်ဖြေရှင်းပြီးနောက် ငွေများကို ရယူရန်အတွက်သာ တွေးနေခဲ့ကြသည်။

ကျန့်ဖုကွမ်းက သူတို့နှစ်ယောက်ထံသို့ လျှောက်လာသည်ကို မြင်သည့်တိုင် သူတို့က သံသယမဝင်မိပါချေ။ ထိုသို့ဖြစ်ရခြင်းမှာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ကျန့်ဖုကွမ်းမှာ သာမန်လူတစ်ယောက်လိုမျိုး ဖြစ်နေခြင်းကြောင့်ပင်။

သူတို့နံဘေးမှ ဖြတ်လျှောက်လိုက်သည့်အချိန်မှာပင် ကျန့်ဖုကွမ်းက လှုပ်ရှားခဲ့သည်။

သူ၏ လှုပ်ရှားမှုမှာ ပြင်းထန်သော်လည်း ချောမွေ့လွန်းပါသည်။ မျက်တောင်တခတ်အတွင်းမှာပင် ဓားချက်နှစ်ချက်နှင့် တွက်လိုက်သည်။ ထိုလူနှစ်ယောက်၏ လည်ပင်းမှာ ပြတ်တောက်သွားခဲ့၏။

သူတို့မျက်နှာထက်ရှိ အမူအရာမှာလည်း မပြောင်းလဲသွားပေ။ သူတို့သေဆုံးနေပြီဖြစ်ကြောင်းကို ပင် သူတို့က မသိသေးသည့်အလားပင်။ တခဏအကြာတွင် သူတို့၏ ဦးခေါင်းများမှာ မြေပြင်ပေါ်သို့ လိမ့်ဆင်းလာခဲ့သည်။

မြည်သံနှစ်ခုနှင့်အတူ သူတို့၏ ခေါင်းပြတ်ခန္ဓာများသည် မြေပြင်ထက်သို့ လဲကျသွားခဲ့ပါသည်။

လူနှစ်ယောက်မှာ ဆန်းကြယ်စွာသေဆုံးသွားခဲ့ပြီ။

သူတို့၏ ဦးခေါင်းများမှာလည်း မြေပြင်ပေါ်တွင် လိမ့်ကျနေခဲ့သည်။

လမ်းမတခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ချေပြီ။ တရားခံကို မတွေ့သောကြောင့် လူထုမှာ ပို၍ပင် ကြောက်ရွံ့နေကြသည်။ ထိုအရာများကို လုပ်ဆောင်ခဲ့သော ကျန့်ဖုကွမ်းမှာမူ လမ်းကြားလေးတခုထဲသို့ ဝင်ရောက်ကာ မီးခိုးငွေ့တခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ချေပြီ။

ထိုလူနှစ်ယောက်မှာ မူလအဆင့်များဖြစ်သည့်တိုင် ကျန့်ဖုကွမ်းကို မတားဆီးနိုင်ကြချေ။

ယခုတွင် သူက ရထားလုံးအတွင်းမှ ခိုင်းစေသောသူကို ရှင်းပစ်ဖို့သွားနေပြီ ဖြစ်သည်။

ထိုသူကမှ တကယ့်ပြသနာဖြစ်သည်။

ယခုအချိန်တွင် ချန်ထင်မြို့ပြင်၏ အဝေးပြေးလမ်းမကြီးတွင် ရထားလုံးတစင်းမှာ လမ်းမ၏ နံဘေးတွင် ရပ်တန့်နေခဲ့ပါသည်။

သက်လတ်ပိုင်းအရွယ်လူတစ်ဦးမှာ ရထားလုံးအတွင်း၌ တိတ်ဆိတ်စွာဖြင့် ထိုင်နေခဲ့၏။

ထိုလူမှာ ချန်ဝမ်အန်းသာ ဖြစ်သည်။

ဆုရှန်းချီ၏ အမိန့်အတိုင်း ချန်ဝမ်အန်းက လီဟမ်ရှန်း၏ နောက်ကြောင်းကို စုံစမ်းခဲ့လေသည်။ လီဟမ်ရှန်းတွင် ဖခင်တဦးသာ ကျန်တော့ကြောင်းကို စုံစမ်းရရှိခဲ့၏။

သူက ယခုတွင် ယန်မိသားစုနှင့်အတူနေထိုင်ပြီး စဦးအဆင့်ပန်းချီဆရာတဦးလည်းဖြစ်ပါသည်။

ဆုရှန်းချီက လီဟမ်ရှန်းတွင် ဖခင်ဖြစ်သူ လီချန်ချင်းတဦးသာ ရှိတော့ကြောင်းကို သိလိုက်သောအခါတွင် လွန်စွာမှကို စိတ်ကျေနပ်ခဲ့ပါသည်။

သူက လီချန်ချင်းကို ဒုက္ခပေးပြီး သူ့ကို စော်ကားသည့် အကျိုးရလဒ်ကို လီဟမ်ရှန်းသိသွားအောင် လုပ်ရန် ချန်ဝမ်အန်းကို အမိန့်ပေးခဲ့ပါသည်။

သို့ပေမယ့် ချန်ဝမ်အန်းက စဦးအဆင့်ပန်းချီဆရာတဦးကို ကိုင်တွယ်ရန် သူ့လက်များကိုအညစ်ပေမခံခဲ့ပေ။ သူက ထိုလုပ်ရပ်မှာ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ခံစားရခဲ့သောကြောင့်ပင်။

ထို့ကြောင့် အမည်ပျက်စာရင်းတွင်ရှိသော မူလအဆင့်နှစ်ဦးကို ရှာကာ ထိုကိစ္စကို ကိုင်တွယ်ရန်အတွက် ငှားရမ်းခဲ့သည်။

ဆုရှန်းချီ၏ ကာကွယ်စောင့်ရှောက်သူဖြစ်သည့် ချန်ဝမ်အန်းမှာ ဆုမိသားစုဝင်မဟုတ်သော်လည်း ဆုမိသားစု၏ ဧည့်အကြီးအကဲတစ်ဦးဖြစ်သည်။ သူက အဆင့်မြင့်ဆရာသခင်တပါးလည်းဖြစ်ပြီး ထိုကဲ့သို့ သေးနုပ်သောအလုပ်ကို လုပ်ရန်မှာ သူ့အဆင့်ကို နှိမ့်ချရာရောက်သောကြောင့် သူက လုံးဝကို မလုပ်နိုင်ပေ။

ချန်ဝမ်အန်းက ဆုရှန်းချီကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူဖြစ်သောကြောင့် ဆုရှန်းချီ၏ အကြောင်းကို ကောင်းကောင်းသိပါသည်။ သူ့ဒေါသကို မပေါက်ကွဲရလျှင် ဆုရှန်းချီမှာ မအိပ်နိုင်မစားနိုင်များ ဖြစ်နေပေလိမ့်မည်။

ချန်ဝမ်အန်းမှာ ဆုရှန်းချီ၏ ဒေါသကို ဖြေဖျောက်ရန် ကူညီပေးမည်ဖြစ်သော်လည်း သူ၏ အောက်ဆုံးစည်းကိုတော့ အထိခိုက်ခံလိမ့်မည် မဟုတ်ပါချေ။

ကောင်းကင်မှာ လုံးလုံးကို မဲနက်သွားခဲ့ပြီ။

ချန်ဝမ်အန်းက နာရီဝက်တိုင်တိုင် စောင့်ဆိုင်းနေခဲ့သော်လည်း သူစောင့်ဆိုင်းနေသည့် မူလအဆင့်နှစ်ဦးမှာ ပေါ်မလာခဲ့ပါချေ။

ထိုဖြစ်ရပ်ကြောင့် တစုံတခုမှာ မှားယွင်းနေပြီဟု ချန်ဝမ်အန်းအား ခံစားစေရခဲ့သည်။

ယန်မိသားစုတွင် မူလအဆင့်က တဦးတည်းသာရှိသည်။ အမည်ပျက်စာရင်းရှိ မူလအဆင့်နှစ်ဦးမှာ စွမ်းအားကြီးမားလွန်းသောကြောင့် ယန်ပါးထောင်ကို အေးဆေးလေး ဖိနှိပ်နိုင်လိမ့်မည်။

သူတို့ကို ရှာတွေ့ပြီး တိုက်ပွဲအကြီးကြီးဖြစ်ရမည်ဆိုလျှင်ပင် ယခုအချိန်လောက်ဆို ပြန်ရောက်သင့်ပြီ ဖြစ်သည်။

ထိုအခိုက်…

ခရပ်,,ခရပ်

မီးပုံထဲသို့ ထင်းတုံးများထည့်နေသည့်အသံကို ချန်ဝမ်အန်းကြားလိုက်ရသည်။ သူက ရထားလုံး၏ ကန့်လန်ကာကို မတင်ကာ အပြင်ဖက်သို့ ထွက်လိုက်သည်။

All Chapters