အခန်း (၂၃၃)
Vol. 21 Ch. 233
တည်းခိုဆောင်တွင်…
ဆုရှန်းချီက ချန်ဝမ်အန်းပြန်လာမည်ကို တည်းခိုဆောင်၌ စောင့်ဆိုင်းနေခဲ့ပါသည်။
သူက တည်းခိုဆောင်၏ ပထမအထပ်တွင် ထိုင်နေပြီး ဝိုင်တအိုးကို မှာယူကာ တိတ်တဆိတ် သောက်နေခဲ့ပါသည်။
ဖခင်ဖြစ်သူက အကြီးအကျယ်ဒဏ်ရာရသွားသောကြောင့် မိုးပြိုသလိုဖြစ်နေမည့် လီဟမ်ရှန်း၏ မျက်နှာကို မြင်ယောင်ရင်း ထက်ရှသော စိတ်ခံစားချက်များမှာ ဆုရှန်းချီ၏ မျက်ဝန်းများတွင် ဖြတ်ပြေးသွားခဲ့ပါသည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်ကွေးသွားခဲ့ပါသည်။
ငါ့ကို လာယှဉ်ချင်တာလား
ထိုအခိုက်မှာပင် ပုံရိပ်တခုက ဆုရှန်းချီစားပွဲ၏ အရှေ့ခုံတွင် ဝင်ထိုင်လိုက်ပါသည်။
“မင်းကို ဘယ်သူက ထိုင်ခွင့်ပြု…”
ဆုရှန်းချီက မောက်မာစွာ ပြောဆိုရန် ဟန်ပြင်လိုက်ပြီး သူ၏ ဦးခေါင်းကို မော့ကြည့်လိုက်ရာ သူ့အရှေ့ကလူ၏ မျက်နှာကို မြင်ပြီးသည့်နောက်တွင် သူ၏ အမူအရာများမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါသည်။
ဆုရှန်းချီက ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။
“အဘိုးလေး”
ထိုသူမှာ ဆံပင်ဖြူများရှိပြီး အနည်းငယ်ရှုပ်ပွနေခဲ့သည်။ သူ၏ မျက်ဝန်းများမှာ ထက်ရှကာ လင်းလက်နေခဲ့သည်။ သူက ဆုရှန်းချီကို တချက်ကြည့်ပြီး အကြမ်းပန်းကန်လုံးထဲသို့ ရေနွေးလောင်းထည့်လိုက်၏။
“မင်းရဲ့ အဘိုးလေးကို မင်းက မှတ်မိသေးတယ်လား” လူအိုကြီးကအေးစက်စွာ လှောင်လိုက်သည်။
တောင်ပိုင်းဒေသဆုမိသားစု၏ ဘိုးဘေးတပါးဖြစ်သော ဆုကျန်း
မဟာသိုင်းဂိုဏ်းအဆင့်သို့ရောက်နေသည့် အစစ်အမှန်ဆရာသခင်တပါး
“ချန်ဝမ်အန်း ဘယ်မှာလဲ” ဘေးပတ်ပတ်လည်ကို ကြည့်ပြီးနောက်တွင် ဆုကျန်းက မေးခွန်းထုတ်လိုက်သည်။
“ဦးလေးချန်းက အပြင်ထွက်ပြီး ကိစ္စတခုသွားလုပ်ပါတယ်”
ဆုရှန်းချီက လျင်မြန်စွာပင် ဖြေလိုက်သည်။
“ကိစ္စတခုသွားလုပ်တယ်? ငါထင်တာကတော့ သူက မင်းရှုပ်ခဲ့တဲ့ပြသနာကို သွားရှင်းပေးတာလို့ ထင်တယ်။ ဟုတ်လား”
ဆုကျန်းက ခံစားချက်မဲ့စွာ ပြောလိုက်သည်။
ဆုရှန်းချီက ရှင်းပြရန် ဟန်ပြင်လိုက်သော်လည်း ထိုအခိုက်တွင် သူ့မျက်နှာမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့တော့သည်။
သူက ဝတ်ရုံထဲမှ တစုံတခုကို ချက်ချင်းလှမ်းဆွဲထုတ်လိုက်သည်။
ထိုအရာမှာ ကျောက်စိမ်းနက်အပိုင်းအစပင် ဖြစ်သည်။
ကျောက်စိမ်းနက်မှာ တစစီကွဲကြေနေခဲ့ပြီ။
ချန်ဝမ်အန်းရဲ့ ဝိဉာဉ်ကျောက်စိမ်းလား?
ဆုကျန်း၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားခဲ့သည်။
“တယောက်ယောက်က ငါတို့ဆုမိသားစုကို ပြသနာလာရှာတာပဲ”
ဆုရှန်းချီက ပို၍ပင် ထိတ်လန့်သွားခဲ့ပါသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ချန်ဝမ်အန်းက လီချန်ချင်းကို သွားရှာတာမဟုတ်ဘူးလား။
အဲ့ဒါဆိုရင် ဘာလို့ သူ့ဝိဉာဉ်ကျောက်စိမ်းက ကွဲကြေသွားတာလဲ။
ချန်ဝမ်အန်းကို ဘယ်သူက သတ်သွားခဲ့တာလဲ။
ချန်ဝမ်အန်းက အဆင့်မြင့်ဆရာသခင်တပါးလေ။
“ဒါက မင်းလုပ်ခဲ့တဲ့ပြသနာပဲ” ဆုကျန်းက တည်ငြိမ်စွာပြောလိုက်သည်။ ဆုကျန်းက လုံးဝကို စိတ်မဆိုးခဲ့ပါချေ။
“ခုတလော မင်းဘာကောင်းတာတွေကို လုပ်ခဲ့လဲဆိုတာကို ငါ့ကို ပြောစမ်း”