အခန်း (၂၃၅)
Vol. 22 Ch. 235
ခြံဝင်းထဲတွင်တော့ လီဟမ်ရှန်းမှာ မိုးကြိုးအလျင်ကျင့်စဉ်ကို ဆက်တိုက်ကျင့်ကြံနေခဲ့ပါသည်။ ဒါပေမယ့် သူခန့်မှန်းထားတာထက် ထိုကျင့်စဉ်မှာ ထိန်းချုပ်ရခက်နေခဲ့ပါ၏။
ပထမအခက်အခဲမှာ သူ၏ ခွန်အားကို ထိန်းချုပ်နိုင်ရန်အတွက်ဖြစ်သည်။ နောက်ထပ်တခုမှာ ထိုသိုင်းကွက်၏ အလျင်ရိုက်ခတ်မှုကို ထိန်းချုပ်ခြင်းဖြစ်သည်။
ထိုအရာနှစ်ခုမှာ ကုန်ဆုံးခဲ့သောရက်များတွင် လီဟမ်ရှန်းကို ဒုက္ခကောင်းကောင်းပေးနေသည့် အရာများ ဖြစ်သည်။
နှစ်ရက်ခန့်လေ့ကျင့်ပြီးသောအခါတွင်တော့ စလေ့ကျင့်စဉ်တုန်းကလိုမျိုး သူ့ခေါင်းနှင့် တံခါးကို ဝင်ဆောင့်ခြင်းမျိုး မဖြစ်တော့ပါချေ။
သူက အလျင်ကို တိကျစွာ မထိန်းချုပ်နိုင်သေးသော်လည်း ယခင်ကထက်တော့ တိကျလာခဲ့ပါ၏။
ယခင်က ထိုကျင့်စဉ်ကို အသုံးပြုတုန်းက သူရောက်လိုသော နေရာနှင့် နှစ်မီတာဝေးသော နေရာသို့ လွဲမှားပြီး ရောက်ရောက်သွားခဲ့၏။ သို့သော် ယခုတွင်တော့ မီတာဝက်သာ လွဲချော်တော့သည်။
စွမ်းအားအပိုင်းတွင်တော့ မိုးကြိုးအလျင်ကျင့်စဉ်ကို အသုံးပြုရာတွင် ယခင်ကလို မြေပြင်အက်ကွဲခြင်းမျိုးများ မရှိတော့ပါချေ။ ယခုတွင် မိုးကြိုးအလျင်ကျင့်စဉ်ကို အသုံးပြုလိုက်သည့်အခါတွင် ဖုန်မှုန့်များလေထဲသို့ လွင့်ပျံရုံလောက်သာ ရှိတော့၏။
ထိုအဆင့်ကိုပင် လီဟမ်ရှန်းက မကျေနပ်နိုင်သေးပေ။ သူက မိုးကြိုးအလျင်ကျင့်စဉ်ကို အသုံးပြုလျှင် မည်သည့်အသံမှ မထွက်သည့် အနေအထားရောက်အောင် အသုံးပြုချင်ခဲ့သည်။ သူက ထိုအဆင့်သို့ရောက်ဖို့ အများကြီးလိုအပ်နေပေသေးသည်။
ထို့အပြင် မိုးကြိုးအလျင်ကျင့်စဉ်မှာ အင်မော်တယ်အရှင်သခင်လှံသိုင်းကို အသုံးပြုရခြင်းလောက် အတွင်းအားကုန်ခမ်းမှုမများပြားသော်လည်း သူ့အတိုင်းအတာနှင့် သူတော့ ကုန်ခမ်းပါသေးသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံသူက သာမန်လူသာဆိုလျှင် အတွင်းအားကုန်ခမ်းကာ အမောဆို့ပြီး သေသွားနိုင်ပေသည်။
နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်ရှိသောကြောင့်သာလျှင် လီဟမ်ရှန်းက ခံနိုင်နေခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ရှုခွေက ရောက်ရှိလာပြီးနောက်တွင် ရိုသေစွာဆိုလိုက်သည်။
“သခင်လေး၊ တယောက်ယောက်က သခင်လေးကို လာရှာပါတယ်”
“ကျုပ်နားလည်ပြီ”
လီဟမ်ရှန်းက ရောက်လာသူက ဘယ်သူလဲဆိုတာကို ခန့်မှန်းမိသောကြောင့် အဝတ်လဲကာ ဧည့်ခန်းသို့ ထွက်သွားလိုက်ပါသည်။
ထိုနေရာ၌ ဝူစန်းထောင်က သူ့အားစောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရပါသည်။
“ညီလေးဝူ”
လီဟမ်ရှန်းက အပြုံးနှင့်နှုတ်ဆက်လိုက်သည်။
“အကိုလီ”
ဝူစန်းထောင်ကလည်း ချက်ချင်းပြုံးကာ ပြန်နှုတ်ဆက်သည်။
ထို့နောက် သူက အချိန်မဖြုန်းနေပဲ လိုရင်းကိုသာ ပြောလိုက်သည်။
“ အကိုလီ ကျွန်တော် ရှယွဲ့ယွဲ့အကြောင်းရှာတွေ့ထားတာတွေကို သတင်းလာပို့ပေးတာပါ”
“အို? ပြောပါဦး”
လီဟမ်ရှန်းက ထိုင်ချကာ အကြမ်းရည်တခွက်ကို ဝူစန်းထောင်အတွက် လောင်းထည့်ပေးလိုက်သည်။
ရှယွဲ့ယွဲ့ရဲ့ မိသားစုက စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေပါ။ သူမက ထင်ရှားတဲ့မိသားစုနဲ့ ငယ်ငယ်ကတည်းက စေ့စပ်ကြောင်းလမ်းထားပြီးသားပါ။ မိသားစုနှစ်စုကလည်း အရမ်းကိုရင်းနှီးကြပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်လက ရှယွဲ့ယွဲ့နဲ့ စေ့စပ်ထားတဲ့အမျိုးသားက ရုတ်တရက်ပန်းချီဆရာအစွမ်းအစထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ့သတင်းက မိသားစုတော်တော်များများကို အံ့အားသင့်သွားစေခဲ့တယ်။ လက်ထပ်ဖို့ကမ်းလှမ်းမှုတွေအများကြီးကလည်း အဲ့ကောင်လေးရဲ့ မိသားစုဆီကို ရောက်လာခဲ့ပါတယ်။ အချို့ကမ်းလှမ်းချက်တွေဆိုရင် သူတို့မိသားစုအတွက် အကျိုးအမြတ်လုံးဝကို ရရှိစေမယ့် မိသားစုကြီးတွေက ကမ်းလှမ်းကြတာပါ”
ဝူစန်းထောင်က တချက်ရယ်လိုက်သည်။ ဒီလောက်ဆိုရင် အဆုံးသတ်ကို ခန့်မှန်းမိသလောက်ဖြစ်မှာပါ။ အခုလိုမျိုး အကျိုးအမြတ်ပိုရလာတဲ့ အခြေအနေမျိုးမှာ ရှယွဲ့ယွဲ့ရဲ့ စေ့စပ်ထားမှုက ဖြတ်သိမ်းခံလိုက်ရတာပေါ့လေ။ ဒီအဖြစ်အပျက်က ရှမိသားစုကို အရမ်းကိုအရှက်ရစေခဲ့တယ်။ သူတို့ကလည်း သည်းမခံနိုင်တာကြောင့် အငြင်းအခုန်တွေ ဖြစ်ပြီး မိသားစုနှစ်စုက တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တယ်။ အဲ့ထက်ဆိုးတာက ရှမိသားစုရဲ့ စီးပွားရေးက အဲ့ဒီ့အထက်တန်းလွှာမိသားစုက မိတ်ဆက်ပေးထားတဲ့ ဖောက်သည်တွေကြောင့် ရပ်တည်နိုင်နေတာပဲ။
အခုတော့ မိသားစုနှစ်စုက မသင့်မြတ်တော့ ဖောက်သည်တွေအကုန်လုံးကလည်း လက်ရှောင်သွားကြတယ်။
အထက်တန်းလွှာမိသားစုက ဩဇာအာဏာရှိတော့ ရှမိသားစုနဲ့ စီးပွားရေးလုပ်တဲ့ ဘယ်သူမဆို သူတို့နဲ့ ရန်သူဖြစ်မယ်လို့ ကြေငြာလိုက်ခဲ့တယ်”
“ရှမိသားစုရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ဖြတ်တောက်ခံလိုက်ရပြီး ပြိုလဲလုလုဖြစ်နေခဲ့ပြီ။ အခုအချိန်မှာ သူတို့က အိမ်အပြောင်းအရွှေ့လုပ်ဖို့ လုပ်နေရတယ်။ ဒီကိစ္စတွေကြောင့် ညီမလေး ရှယွဲ့ယွဲ့က စိတ်ညစ်နေတာပဲ ဖြစ်ရမယ်”
ဝူစန်းထောင်က သူသိသမျှအရာအားလုံးကို ပြောပြလိုက်ပါသည်။
“ငါ နားလည်ပြီ”
လီဟမ်ရှန်းမှာ နားလည်သွားသော်လည်း မအံ့ဩခဲ့ပေ။ ထိုကဲ့သို့သော အခြေအနေများမှာ စန်းယွမ်ကုန်းမြေကြီးတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့်အခြေအနေများပင် မဟုတ်ပါလား။
ယခုတခေါက်တွင် သူနှင့်ရင်းနှီးနေသောသူ ဖြစ်နေရုံမျှသာ ဖြစ်၏။
“အဲ့ဒီ့အထက်တန်းလွှာမိသားစုနာမည်က ဘယ်လိုခေါ်လဲ။ သူတို့က အရမ်းကို အာဏာရှိနေလို့လား”
“သူတို့ရဲ့ မျိုးရိုးနာမည်က ရှု လို့ခေါ်ပါတယ်”
ဝူစန်းထောင်က ဆက်ပြောသည်။
“သူတို့က ရှမိသားစုနေထိုင်တဲ့ မြို့တွင်းမှာတော့ အာဏာနည်းနည်းတော့ရှိတယ်။ အဲ့လောက်ပါပဲ။ ကျွန်တော်တို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကိုတော့ ဘယ်မှီပါ့မလဲ။ ညီမလေးရှကိုသာ ကူညီချင်တယ်ဆိုရင် ဂိုဏ်းတပည့်တွေကို ကျွန်တော်က ဦးဆောင်ပြီးတော့ ရှုမိသားစုကို သင်ခန်းစာသွားပေးလိုက်ပါ့မယ်”
“မလိုပါဘူး”
“ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနာမည်ကို အသုံးချပြီး လူတွေကို အနိုင်ကျင့်လို့မဖြစ်ဘူး။ အဲ့လိုလုပ်လိုက်တာက ငါတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”
“အကိုလီပြောတာ အဓိပ္ပာယ်ရှိတယ်” ဝူစန်းထောင်က အလျင်အမြန်ပင် ပါးစပ်ပိတ်လိုက်ပါသည်။
“ကောင်းပြီ။ အလုပ်ကြိုးစားလို့ ကျေးဇူးပါပဲ။ နေ့လည်စာ တခါတည်းစားသွား” လီဟမ်ရှန်းက ပြုံးရင်းဆိုလိုက်ပါသည်။
“ဟင်” ဝူစန်းထောင်က အံ့အားသင့်သွားသော်လည်း ချက်ချင်းကို အသိပြန်ဝင်လာခဲ့သည်။ လီဟမ်ရှန်းက ယဉ်ကျေးမှုအရသာ ဖိတ်ခေါ်ခြင်းကို သိသဖြင့် သူက ပျာပျာသလဲ ဆိုလိုက်သည်။
“မစားတော့ပါဘူး အကိုလီ၊ ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ပါ။ နောက်တကြိမ်ကျရင် အကိုလီ့ကို ကျွန်တော် အရက်တိုက်ပါ့မယ်”
“ကောင်းပြီလေ” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
“မင်းလုပ်စရာရှိတာကို လုပ်လိုက်ပါဦး။ အကူအညီတခုခုလိုအပ်ရင်တော့ ငါ့ကို ပြောပါ”
“ဒါဆို ကျွန်တော် ပြန်လိုက်ပါဦးမယ်”
ဝူစန်းထောင်က အရိုအသေပေးကာ ပြန်ထွက်သွားခဲ့သည်။
လီဟမ်ရှန်းမှာ ထိုဂျူနီယာညီလေးကို ပို၍ပို၍ပင် သဘောကျလာခဲ့ချေပြီ။ ထိုညီလေးမှာ အလိုက်အလွန်သိပေသည်။
ဝူစန်းထောင်ပြန်သွားပြီးသည့်နောက်တွင် လီဟမ်ရှန်းက အချိန်အကြာကြီးကြာမြင့်သည်အထိ တွေးတောနေခဲ့ပါသည်။ သူက ရှမိသားစု၏ အရေးကိစ္စတွင် ဝင်ရောက်မစွက်ဖက်ချင်ပါချေ။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အမည်ကို အသုံးချကာ အနိုင်ကျင့်တာမျိုးက လုံးဝကို မလုပ်လိုပေ။ သို့ပေမယ့်လည်း ရှယွဲ့ယွဲ့တို့မိသားစုတို့ ဒုက္ခရောက်တော့မည့်အဖြစ်ပျက်နှင့် အခြေအနေကိုလည်း ဒီတိုင်းကြီး ထိုင်မကြည့်နေနိုင်ပေ။ ထို့ကြောင့် ယန်ယုယွင်အား ခေါ်ပေးရန်အတွက် ရှုခွေကို တာဝန်ပေးလိုက်ပါသည်။
သူက ယန်ယုယွင်နှင့် ဆွေးနွေးစရာရှိနေပေသည်။
သိပ်မကြာခင်မှာပင် ယန်ယုယွင်ရောက်လာခဲ့သည်။
လီဟမ်ရှန်းက သူမကို တွေ့လိုသည်ကို သိသည်နှင့် ယန်ယုယွင်မှာ မျက်နှာချေခပ်ပါးပါးလေးဖို့ကာ အပြေးရောက်လာခဲ့ပါသည်။
“အကိုလီ”
“ညီမလေးယုယွင်၊ အကိုက ညီမနဲ့ ဆွေးနွေးစရာလေးရှိတယ်”
လီဟမ်ရှန်းက ဝေ့ဝိုက်မနေပဲနဲ့ ရှယွဲ့ယွဲ့၏ မိသားစုအခြေအနေကို တိုက်ရိုက်သာပြောလိုက်သည်။
“ရှယွဲ့ယွဲ့က အကို့ရဲ့ မိတ်ဆွေကောင်းတယောက်ပဲ။ အကို သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ နေခဲ့တုန်းက အကို့ကို အများကြီးကူညီခဲ့ဖူးတယ်။ အခု သူအဆင်မပြေတော့ အကိုကလည်း ပြန်ကူညီချင်မိတယ်”
လီဟမ်ရှန်းက လေးလေးနက်နက်နှင့် ပြောလိုက်ပါသည်။
“ဒါပေါ့။ အကိုလီက သစ္စာတရားကို တန်ဖိုးထားပြီး ဖြောင့်မတ်မှန်ကန်တဲ့လူပဲ။ ဒါကသိပ်ကို ကောင်းမွန်တယ်”
လီဟမ်ရှန်း၏ ဆိုလိုရင်းကို ယန်ယုယွင်ကလည်း နားလည်ပါသည်။ ထို့ကြောင့်သူမက ပြောလိုက်သည်။
“ဒါပေမယ့် အကိုက မူဟိုင်ဖုန်းတောင်ရဲ့ တိုက်ရိုက်တပည့်နော်။ အခု မူဟိုင်ဖုန်းတောင်သခင်က အဆင့်မြင့်ဆရာသခင်အဆင့်ကို အဆင့်တက်သွားပြီ။ ဒီအခြေအနေကို ဂုဏ်ပြုပွဲလုပ်နေတဲ့အချိန်မှာ တိုက်ရိုက်တပည့်ဖြစ်တဲ့ အကိုဝင်ပါတာကတော့ ကောင်းမယ်လို့ မထင်ဘူးနော်”
“အကိုဖြစ်စေချင်တာက ညီမက လူအချို့ကို ဦးဆောင်ပြီးတော့ ရှုမိသားစုကို ပြသနာသွားရှာစေချင်တာလား ဟုတ်တယ်ဟုတ်”
ယန်ယုယွင်၏ မျက်လုံးများတွင် ကြမ်းတမ်းရက်စက်သော အရိပ်အယောင်များက ဖြတ်ပြေးသွားခဲ့ပါသည်။
“ဟင်”
လီဟမ်ရှန်းမှာ တွေးရခက်သွားခဲ့သည်။ ဘာလို့ သူရဲ့ ဂျူနီယာညီတွေ ညီမတွေက လူတွေကို ရိုက်နှက်ဖို့ပဲ တွေးနေကြရတာလဲ။
သူတို့တွေက အရင်ဘဝတုန်းက ဓားပြဂိုဏ်းကလူတွေများလား။
“အကိုလီ အမိန့်သာပေးလိုက်။ ညီမ ဘယ်လောက်အထိ ကြမ်းပြဖို့လိုလဲ။ ခြေလက်တွေကို ရိုက်ချိုးရုံပဲလား။ သတ်ပစ်ဖို့အထိလိုလား” ယန်ယုယွင်မှာ သူ၏ အမိန့်ကို ချက်ချင်းကို လိုက်နာတော့မည့်အလားပင်။
ရိုးရိုးသားသားပြောရမည်ဆိုလျှင် ထိုကဲ့သို့သော အရာမျိုးမှာ ယန်ယုယွင်အတွက် မစိမ်းနေခဲ့ပေ။ သူမငယ်ငယ်ကတည်းက ထိုကဲ့သို့သောအရာမျိုးမှာ သူမ ငယ်ရွယ်စဉ်ကတည်းက ရင်းနှီးနေခဲ့ပြီးသားဖြစ်သည်။ ယန်မိသားစုမှာ ထိုကဲ့သို့သော အခြေအနေအနေအထားများကို ဖြတ်ကျော်ခဲ့ပြီး ချန်ထင်မြို့တွင် အင်အားအကြီးမားဆုံးသော မိသားစုဖြစ်လာခဲ့သည်မဟုတ်ပါလား။
ယန်ယုယွင်၏ စကားကြောင့် လီဟမ်ရှန်းမှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားခဲ့ပါသည်။
သူ့ပုံစံက ထိုကဲ့သို့သော လူမိုက်မျိုးနဲ့ တူနေတာလား။
“ညီမလေး အကိုကလူလည်းမသတ်ချင်သလို၊ ဒုက္ခိတဖြစ်အောင်လည်းမလုပ်ချင်ပါဘူး။ အကိုလုပ်ချင်တာက အဆင်မပြေဖြစ်နေတဲ့ ရှမိသားစုကို အဆင်ပြေအောင် လုပ်ငန်းအကူအညီလေးတွေ ပေးစေချင်ရုံပါ”
လီဟမ်ရှန်းက မတတ်နိုင်သည့်လေသံနှင့် ပြောလိုက်သည်။
“အခု ရှမိသားစုက သူတို့ရဲ့ လွှမ်းမိုးမှုကို အသုံးပြုပြီး ရှမိသားစုကို စီးပွားရေးမလုပ်နိုင်အောင် ဖိအားပေးနေတယ်။ ဖောက်သည်တွေအားလုံးက ရှုမိသားစုကိုကြောက်နေကြလို့ ဘာစီးပွားရေးမှ မလုပ်ရဲကြဘူး”
“လောလောဆယ်မှာ ရှမိသားစုရဲ့ စီးပွားရေးက စုတ်ပြတ်သတ်နေပြီ။ ညီမလေးကို ခေါ်လိုက်တယ်ဆိုတာက ညီမလေးရဲ့အဖေကို စာပို့ပြီး ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက သူတို့မိသားစုကို လက်ဖက်ရည်ကြမ်းလုပ်ငန်းကို နည်းနည်းခွဲပေးပြီးတော့ လုကျင်းမြို့မှာ အေးဂျင့်အဖြစ်လုပ်ခိုင်းလို့ရမလားဆိုတာကိုပါ”
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနဲ့ လုကျင်းမြို့က အရမ်းကို ဝေးတယ်လေ။ တောင်နဲ့မြောက်ပဲ။ ရှမိသားစုကသာ အေးဂျင့်အဖြစ်နဲ့ လုပ်ကိုင်မယ်ဆိုရင် လူတွေအတွက် လက်ဖက်ရည်ကို ဝယ်ယူရတာပိုအဆင်ပြေသွားတာမက၊ ရောင်းအားတွေလည်း တက်လာလိမ့်မယ်။
ထိုစကားကိုကြားသော် ယန်ယုယွင်က အနည်းငယ်အံ့အားသင့်သွားခဲ့ပါသည်။
“အကို့အဖေကို အကိုက ဘာလို့စာရေးပြီး မပြောတာလဲ”
“အဖေ့ကို မေးရမယ်?”
လီဟမ်ရှန်းက ရယ်မောလိုက်လေသည်။
အရူးမလေးပဲ
“စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တာတွေကို ယန်မိသားစုခေါင်းဆောင်က ဆုံးဖြတ်တာလေ။ အကို့အဖေက ရှယ်ယာသေးသေးလေးပဲ ပိုင်ဆိုင်တာပါ။ သူ့မှာ ဒီလိုကိစ္စတွေဆိုရင် ဆုံးဖြတ်ပိုင်ခွင့် ဘယ်လိုလုပ်ပြီး ရှိမှာလဲ။ အဲ့ဒါကြောင့်မို့လို့ ညီမလေး ယုယွင် အကို့ကို ကူညီပေးပါ”
အမ်? အိုကေ
ယန်ယုယွင်မှာ သက်ပြင်းချရုံသာ တတ်နိုင်တော့လေသည်။ လီဟမ်ရှန်းမှာ ဘာမှကို မသိသေးပါလား။ သူ့အဖေကသာ တကယ့်ကို ဆရာကြီးလေ။
ဒါပေမယ့် ယန်ယုယွင်က ဘာမှမပြောပဲ၊ သဘောတူခဲ့လေသည်။