အခန်း (၂၃၇)
Vol. 22 Ch. 237
ထိုကဲ့သို့သော အခွင့်အရေးမျိုးမှာ ကောင်းကင်ထက်မှ အလဟဿကျဆင်းလာမည်မဟုတ်မှန်းကို သူက သဘောပေါက်ပါသည်။ ထိုကိစ္စမှာ သူတို့၏ ရှမိသားစုနှင့် ဘယ်လိုမှ သက်ဆိုင်လိမ့်မည် မဟုတ်ကြောင်းကို သူသိပေသည်။ ထို့အပြင် ကောင်းကျိုးနှင့် ဆိုးကျိုးများကို တွက်ချက်ပြီးသည့်နောက်တွင် ရှလင်းဟမ်က သူတို့၏ ဘိုးဘွားပိုင်အိမ်ကို ရောင်းချရန်အတွက် ဆုံးဖြတ်ထားလိုက်တော့သည်။ ထိုက ရသောငွေများကို တင်နေသော အကြွေးများကိုဆပ်ပြီး၊ ကျန်တာကို ထုတ်ပိုးးပြီးတော့ ဤမြို့မှ သူ့ဇနီးနှင့် ထွက်သွားကြမည် ဖြစ်သည်။
နောက်တနေ့နံနက်စောစောတွင်
ဝမ်ကွမ်းမြို့တခုလုံးမှာ အလွန်တရာမှကို စည်ကားသိုက်မြိုက်နေခဲ့ပါသည်။ မြို့တံခါးဝတွင် လူအများက စုစည်းနေကြသည်။ ယနေ့တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ လူများက မြို့သို့လာမည်ဟူသော သတင်းအတိအကျရထားသောကြောင့် သူတို့က ပထမဦးဆုံးအထင်အမြင်ကောင်းလိုသောကြောင့် စောင့်နေကြခြင်းဖြစ်ပါသည်။
လူတိုင်းက စောင့်ဆိုင်းနေကြရင်း တဖြေးဖြေးနှင့် နေ့လည်ခင်းအချိန်သို့ ရောက်ရှိလာသည်။ ထိုအခိုက်တွင် မြို့ပြင်မှ လွန်စွာခမ်းနားလှသော ရထားလုံးကြီးဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုရထားလုံးတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားခဲ့သည်။
“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လူတွေ ရောက်လာပြီဟေ့”
တံဆိပ်တပ်ထားသော ရထားလုံးကို မြင်သည်နှင့် လူများစွာတို့သည် ရှေ့သို့ ပြေးတက်လာကြပြီး ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို အထင်အမြင်ကောင်း ရရှိစေရန် ပြိုင်ဆိုင်ကြတော့သည်။
ရှုမိသားစုက ပထမဦးဆုံး လှုပ်ရှားကြသူဖြစ်သည်။
ရှုလုံက သူ၏သားဖြစ်သူ ရှုကျင်းအား ခေါ်ဆောင်ပြီး အရင်ဆုံး အနားတိုးလာခဲ့သည်။ ရှုလုံတို့အား မြင်သောကြောင့် တခြားသော မိသားစုများမှာ ကြောက်ရွံ့နေပြီး အရှေ့သို့ လုံးဝ မတိုးရဲခဲ့ပါချေ။
ရထားလုံးမှာ မြို့နှင့်နီးကပ်လာသည်နှင့်အမျှ အရှိန်လျော့ကျလာသည်။ ရထားလုံးကို မောင်းနှင်သူမှာ ကန့်လန့်ကာကို ဖွင့်လိုက်သည့်အခါတွင်တော့ အတွင်းတွင် ကျောက်စိမ်းကဲ့သို့သော ချောမွေ့သည့် အသားအရည်ရှိသော လူငယ်လေးတဦးအား လူတိုင်းက တွေ့လိုက်ရပါသည်။
ထိုလူငယ်လေးမှာ ယန်ယွီရှစ် ဖြစ်လေသည်။
ယခုကိစ္စကို ကိုယ်တိုင်ဆောင်ရွက်ရန်အတွက် ယန်ယွီရှစ်က ဆုံးဖြတ်ခဲ့သည်။ ယန်မိသားစု၏ အနာဂတ်ခေါင်းဆောင်ဖြစ်လာမည့်သူသည် ခေါင်းဆောင်တို့နှင့် သက်ဆိုင်သည့် အရာများကို လေ့လာရမည်ဖြစ်သည်။
သားဖြစ်သူကိုယ်တိုင် ဦးဆောင်လိုသည်ကို သိသော ယန်ပါးထောင်သည် ဝမ်းမြောက်ဝမ်းသာနှင့်ပင် ခွင့်ပြုပေးခဲ့ပါသည်။
သူ ခရီးမထွက်ခင် တနာရီခန့်အလိုတွင် သူ့အား လီချန်ချင်းက ခြံဝင်းလေးထဲသို့ ခေါ်ယူပြီးနောက် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့သည်။
လီချန်ချင်း၏ သင်ကြားမှုမှာ ယန်ယွီရှစ်အား အမြင်ကျယ်သွားစေခဲ့ပါ၏။
၎င်းမှာ ယန်မိသားစုတွင်ပင်လျှင် သူသင်ယူ၍ မရနိုင်မည့် အရာများပင် ဖြစ်ပါသည်။
ယန်ယွီရှစ်မှာ ငယ်ရွယ်စဉ်ကတည်းကိုက မိသားစု၏ စီးပွားရေးတွင် လုံးဝကို နှစ်မြုတ်ကာ လေ့လာခဲ့သူ ဖြစ်သည်။ သူက ယန်ပါးထောင်ထံမှ လုံလုံလောက်လောက်သင်ယူခဲ့ပြီးပြီဟု တွေးထင်ထားခဲ့မိသူလည်း ဖြစ်ပါသည်။ သူက မည်သည့်ကိစ္စကိုမဆို ပြသနာမရှိပဲ ကိုင်တွယ်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့လေ၏။
သို့သော် လီချန်ချင်း၏ အစီအစဉ်ကို နားထောင်ပြီးနောက်တွင် တကယ့်ကျွမ်းကျင်သူဆိုတာက ဘယ်လိုမျိုးဆိုသည်ကို ယန်ယွီရှစ်က မျက်ဝါးထင်ထင်ကို မြင်တွေ့ခဲ့ရပါသည်။
ယန်ပါးထောင်၏ အတွေ့အကြုံနှင့် စဉ်းစားပုံများမှာ အတော်လေးကို လိုအပ်နေပါသေး၏။ ချန်ချင်းကုန်သွယ်ရေလုပ်ငန်းက မတရားအောင်မြင်နေသည်မှာ အံ့ဩစရာ မရှိပါတော့ချေ။
“ခင်ဗျားတို့အားလုံးက အရမ်းစိတ်အားတက်ကြွနေကြတာပဲ”
ယန်ယွီရှစ်က ရထားလုံးထဲမှ အပြင်သို့ ထွက်လာခဲ့၏။
“ဒီက သခင်လေးက ချန်ချင်းကုန်သွယ်ရေလုပ်ငန်းရဲ့ ကိုယ်စားပြုထင်တယ်”
ရှုလုံက အလျင်အမြန်ပင် အနားသို့ တိုးကပ်လာရင်း ပြောလိုက်သည်။ ထိုလူငယ်လေးက ငယ်ရွယ်လွန်းသောကြောင့် ရှုလုံက အနည်းငယ်တော့ သံသယဝင်နေခဲ့မိသည်။
ဒီကောင်လေးက ချန်ချင်းကုန်သွယ်ရေလုပ်ငန်းမှာ ဝင်ပြောဖို့တောင် ထိုက်တန်တဲ့နေရာမှာကော ရှိလို့လား
“ကျုပ်က တာဝန်ရှိသူပဲ”
ယန်ယွီရှစ်က မိမိ၏ အဆင့်အတန်းကို နှိမ့်ချမနေပဲ ပေါ့ပါးစွာ ပြောလိုက်သည်။
“ကျုပ်အဖေ ယန်ပါးထောင်က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဥက္ကဌပဲ။ ကျုပ်က လက်တလောမှာ အားနေတာမို့လို့ ဒီကိုလာပြီး ကိုယ်တိုင် လာကြည့်တာပဲ။ ကျုပ်အဖေကလည်း အနာဂတ်မှာ ကျုပ်ကို မိသားစုကို ဦးဆောင်နိုင်ဖို့အတွက် အတွေ့အကြုံရအောင် ဒီကို လွှတ်လိုက်တာပါပဲ”
ထိုစကားများကိုကြားသောအခါတွင် လူတိုင်းမှာ အကြီးအကျယ်က ရှော့ရသွားကြ၏။
သူတို့တွေးထင်ထားကြသူမှာ ယခုရောက်ရှိလာသူသည် လုကျင်းမြို့ရှိ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ သာမန်ဝန်ထမ်းဟုသာ ထင်မြင်ထားကြခြင်းပင်။
ယခုလိုမျိုး ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဥက္ကဌ၏ သားဖြစ်သူ (သို့) အနာဂတ်ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဥက္ကဌကိုယ်တိုင် ရောက်လာလိမ့်မည်ဟု လုံးဝ၊ လုံးဝ၊ လုံးဝကို မမျှော်လင့်ထားခဲ့ပါချေ။
ဒီလူငယ်လေးက နာမည်ကြီးပဲဟ
“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ သခင်လေးပဲ”
တယောက်ယောက်က ရေရွတ်လိုက်သည်။ ထိုဖြစ်ရပ်ကြောင့် ရောက်နေကြသူတိုင်းကို စိတ်လှုပ်ရှားသွားစေကာ ခြေမကိုင်မိ၊လက်မကိုင်မိ၊ ကတုန်ကယင်တွေ ဖြစ်သွားစေခဲ့ပါသည်။
လူတိုင်း၏ အကြည့်မှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါသည်။
ရှုလုံ၏ အသက်ရှုသံပင်လျှင် အလွန်တရာမှကို ပြင်းထန်လာခဲ့ပါသည်။ သူသာထိုလူငယ်လေးနှင့် ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ခဲ့ပါလျှင် ရှုမိသားစု၏ အနာဂတ်မှာ အကြီးအကျယ်ကို ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။
ယခုရောက်လာသောသူ၏ ဖိအားမှာ လုံလောက်နေပြီ ဖြစ်သည်။
ထိုဂုဏ်ပုဒ်ကို ကြားသော် ယန်ယွီရှစ်က ပြုံးနေသည့်တိုင် စိတ်ထဲတွင်တော့ သက်ပြင်းများကို အခါခါချနေခဲ့မိတော့သည်။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ သခင်လေးဆိုသော ဂုဏ်ပုဒ်ကို တကယ်ပိုင်ဆိုင်သူမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ရှိနေလေသည်။ သူကတော့ အမည်ခံသခင်လေးသာ ဖြစ်၏။
ယန်ယွီရှစ်က ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် ရှုလုံက အလျင်အမြန်ပင် ပြောလိုက်ပါသည်။
“ယန်သခင်လေးက ခရီးဝေးက လာရတာဆိုတော့ ပင်ပန်းနေမှာပဲ။ ကျုပ်တို့အိမ်တော်မှာ စားသောက်ဖွယ်ရာနဲ့ ဝိုင်အရက်တွေကို ပြင်ဆင်ထားပါတယ်။ သခင်လေးရဲ့ ရောက်ရှိလာမှုနဲ့ ကျုပ်တို့အိမ်တော်ကို ဂုဏ်ပြုပေးဖို့ မျှော်လင့်နေပါတယ်”
“ကောင်းတာပဲ။ ကျုပ်လည်း ဗိုက်နည်းနည်းဆာနေပြီ”
ယန်ယွီရှစ်က မငြင်းဆန်ခဲ့ပါချေ။ ပြီးတော့ ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ လက်ဖက်ရည်ကြမ်းလုပ်ငန်းအတွက် အေးဂျင့်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျုပ်က ခင်ဗျားနဲ့ဆွေးနွေးချင်ပါသေးတယ်။ ကျုပ်ကို လမ်းပြပေးဦး”
“ကောင်းပါပြီ။ ကောင်းပါပြီ”
အေးဂျင့်နေရာအတွက် ရွေးချယ်မည်ကို ကြားသဖြင့် လူတိုင်းက စိတ်လှုပ်ရှားကုန်ကြသည်။ ရွေးချယ်ဖို့က တခြားထူးခြားတဲ့ နည်းလမ်းတွေ ရှိသေးလို့လား။
ထိုအချိန်တွင် ယန်ယွီရှစ်က ဆန်းကြယ်စွာ တချက်ပြုံးကာ ပြောလိုက်သည်။
“အေးဂျင့်ဖြစ်ဖို့ လိုအပ်ချက်တွေက လူတိုင်းက ဝင်ယှဉ်ပြိုင်လို့ ရတယ်။ လူတိုင်းကလည်း အေးဂျင့်ဖြစ်ဖို့ အခွင့်အရေးကို ရနိုင်တယ်။ စိတ်ဝင်စားတဲ့ဘယ်သူမဆို လာနားထောင်နိုင်တယ်။ ပြောလို့မရဘူးနော်, ကျုပ်တို့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ လက်ဖက်ရည်ကြမ်းလုပ်ငန်းက ခင်ဗျားတို့လက်ထဲကို ရောက်လာနိုင်တယ်”
“သိပ်ကောင်းတာပဲ”
လူတိုင်း၏ မျက်ဝန်းများက အရောင်တောက်ပသွားခဲ့သည်။ လူတိုင်းက အခွင့်အရေးရနိုင်တယ်ဆိုမှတော့ ငါတို့တွေ ရတဲ့အခွင့်အရေးကို ယူရမှာပေါ့။ ငါတို့ အနိုင်ရသွားရင် ဘဝသစ်တခုကို ပိုင်ဆိုင်သွားမှာပဲ။
ယင်းမှာ အလွန်ကို ကောင်းမွန်လွန်းလှပါသည်။
ရှုလုံတယောက်တည်းသာ မျက်မှောင်အနည်းငယ်ကြုံ့သွားခဲ့သည်။ သို့သော် သူက ဘာမှတော့ မပြောပါချေ။
လိုအပ်ချက်များကို စမ်းသပ်စစ်ဆေးမှုများက မည်သို့ပင်ဖြစ်ပါစေ၊ နောက်ဆုံးတွင် လက်ဖက်ရည်ကြမ်း အေးဂျင့်နေရာကို ပိုင်ဆိုင်ရမည်မှာ မိမိတို့ ရှုမိသားစုသာ ဖြစ်သည်။ ရှုမိသားစုက တခုခုကို လိုချင်ပြီဆိုလျှင် အခြားသူများက လုံးဝကို ရနိုင်လိမ့်မည်မဟုတ်ပေ။
ယန်ယွီရှစ်အား စားသောက်ဆိုင်သို့ ခေါ်သွားပြီးနောက် တန်ဖိုးကြီးသော အစားအသောက်အပြင်အဆင်များကို ခမ်းနားစွာ ပြင်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသည်။
ယန်ယွီရှစ်က အရင်ဆုံး အစားအသောက်များကို စိတ်တိုင်းကျ စားသောက်လိုက်သည်။ ထို့နောက်တွင်မှ စည်းကမ်းချက်များကို ကြေညာခဲ့လေသည်။
သို့သော် စည်းကမ်းချက်များကို ကြေညာပြီးသည့်အခါတွင် လူတိုင်းက တယောက်ကို တယောက်ထူးဆန်းစွာ ကြည့်လိုက်ကြပါ၏။
စည်းကမ်းချက်များမှာ ရိုးရှင်းလှပေသည်။ မိမိတို့၏ မိသားစုမျိုးရိုးနာမည်ကို စာရွက်ပေါ်တွင်ရေးကာ သေတ္တာငယ်တလုံးတွင် စုကာ ထည့်ရမည်။ ယန်ယွီရှစ်က မဲနှိုက်ပြီး ရရှိသော မိသားစုကို ကိုယ်စားလှယ်လုပ်ကိုင်နိုင်ရန် အခွင့်အရေးပေးလိမ့်မည် ဖြစ်သည်။
ထိုစည်းကမ်းချက်မှာ လွန်စွာမှကို ရိုးရှင်းလှသောကြောင့် ကလေးတယောက်ပင်လျှင် ထိုစည်းကမ်းချက်ကို နားလည်ပေ၏။ ယခုအခြေအနေမှာ အနိုင်ရရှိရန်အတွက် ကံတရားကိုသာ ယုံမှတ်ပုံအပ်ရတော့မည့် အခြေအနေမျိုးဖြစ်ပါသည်။
ဒါပေမယ့် အခြေအနေတချို့တော့ရှိပေသည်။ မိသားစုနာမည်ကို တကြိမ်ထည့်သွင်းရန်အတွက် ငွေစငါးထောင်ပေးရမည်။ ငွေစတသောင်းပေးပါက မိသားစုနာမည်ကို နှစ်မဲထည့်သွင်းနိုင်မည်ဖြစ်ပြီး မိမိတို့မိသားစုအမည်ကို နှိုက်မိရန် အခွင့်အရေးကို ပိုတိုးသွားစေလိမ့်မည်ဖြစ်သည်။
ထိုစည်းမျဉ်းကြောင့် လူတိုင်း၏ အမူအရာများမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့ပြန်သည်။
ထိုသို့သော စည်းမျဉ်းများကို သူတို့က တခါဖူးမှ မကြားဖူးခဲ့ပေ။ မဲတကြိမ်ထည့်ရန် ငွေစငါးထောင်ဆိုတာက နည်းနည်းတော့ ဈေးမကြီးနေဘူးလား။
ဒါပေမယ့် များများရင်းနှီးလေလေ အရွေးချယ်ခံရမည့် ရာနှုန်းကလည်း များမည်ဖြစ်သောကြောင့် ငွေအများကြီးသုံးကာ မဲများဝယ်လိုက်ပြီး မိမိအရွေးခံလိုက်ရပါက ဆုံးရှုံးသွားသော ငွေကြေးများကို အချိန်မရွေးပင် ပြန်ရလာလိမ့်မည် ဖြစ်သည်။
အရှေ့ပိုင်းကုန်းမြေဒေသကြီးတခုလုံးကို ကျော်ကြားနေသည့် လက်ဖက်ရည်ကြမ်းမှာ ဟာသမဟုတ်နေပေ။
အချိန်တခဏကြာသည်အထိ လူတိုင်းက တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းက မိမိတို့၏ အခွင့်အရေးတိုးမြှင့်နိုင်ရန်အတွက် မည်သို့လုပ်ဆောင်ရမည်နည်းဆိုသည်ကို တွက်ချက်နေခဲ့ကြတော့သည်။
တချိန်တည်းမှာပင် သူတို့အနိုင်မရရှိခဲ့လျှင် ရင်းနှီးမြုတ်နှံလိုက်သော ငွေကြေးများမှာ အကုန်လုံးသဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်မဟုတ်ပါလား။ သူတို့အနေနဲ့ အကြီးအကျယ်ကို ဆုံးရှုံးမှုဖြစ်သွားနိုင်ပေသည်။
သူတို့က ရင်းနှီးမည်ဆိုလျှင်တောင်မှ သူတို့၏ အခွင့်အရေးကို အမြင့်ဆုံးရောက်ရှိအောင် ရင်းနှီးချင်ကြသည်သာ ဖြစ်သည်။