← Chapters

အခန်း (၂၄၀)

Vol. 22 Ch. 240

အခန်း (၂၄၀)

Vol. 22 Ch. 240

“လုရှီရန်လား”

ထိုအမည်ကိုမြင်သောအခါတွင် လီဟမ်ရှန်းက အံ့အားသင့်သွားခဲ့ပါသည်။

ထိုအမည်ကိုသာမမြင်ခဲ့လျှင် ထိုမိန်းကလေး၏ တည်ရှိမှုကိုပင် သူမေ့နေလိမ့်မည်ဖြစ်သည်။

ကျပ်သိပ်မပြည့်တဲ့ ကောင်မလေး

လုရှီရန်၏ မျက်နှာကို ပြန်တွေးလိုက်မိတိုင်း လီဟမ်ရှန်း၏ တကိုယ်လုံးကို ပြောပြ၍ မရနိုင်သော ခံစားချက်များဖြင့် ဖုံးလွှမ်းသွားခဲ့ပါသည်။ ချက်ချင်းပင် သူပေးဆပ်ရန် ကျန်ရှိနေသော အကြွေးများကို သတိရသွားပြီးနောက်တွင် စိတ်ခံစားချက်များက ပြည့်လျှံလာခဲ့ပါသည်။

စိတ်နှလုံးတုန်ရီစွာနှင့် လီဟမ်ရှန်းက စာကိုဖွင့်ဖောက်ကာ ဖတ်လိုက်သည်။ စာထဲတွင် ခုနစ်ရောင်ခြယ်ဆေးလုံးကို သူသုံးလိုက်တာက ပေါ်သွားခဲ့ပြီး သူ့အား ပြသနာရှာရန် ကွမ်လန်နန်းတော်မှ ရောက်လာတော့မည် ဖြစ်သောကြောင့် ထွက်ပြေးရန်သတိပေးစာ မဟုတ်ရန်အတွက် သူဆုတောင်းနေခဲ့မိပါသည်။

‘ယောကျ်ား… ရှင်နေကောင်းရဲ့လား’

စာ၏ ပထမစာကြောင်းမှာ တွန့်လိမ်ကောက်ကွေးနေသော လက်ရေးများနှင့် ရေးထားခြင်းဖြစ်ပြီး ထိုကောင်မလေးက သူ့အား အမြဲတန်း ‘ယောကျ်ား’ ဟုခေါ်ဆိုခဲ့ခြင်းကို လီဟမ်ရှန်းက သတိရသွားခဲ့ပါ၏။

ဟူးး

စာကိုဆက်ဖတ်မယ်

လုရှီရန်က စာရေးသင်နေခြင်းပင် ဖြစ်ရမည်။ သို့သော် သူမ၏ စာအရေးအသားမှာ လွန်စွာ အရုပ်ဆိုးလှပြီး တီကောင်များလိုပင် ရှုံ့တွနေခဲ့၏။ သေချာသာ မဖတ်လျှင် ဘာကို ဆိုလိုမှန်းကို သိလိမ့်မည် မဟုတ်ပေ။

ကံကောင်းတာက လီဟမ်ရှန်းမှာ ပန်းချီသူတော်စင်များရေးဆွဲသော ပန်းချီကားများကိုပင် ကြည့်ရှုကာ ဉာဏ်အလင်းရထားသောသူ ဖြစ်သောကြောင့်ပင် လုရှီရန်၏ ကြောင်ချေးကုတ်လက်ရေးကို ဖတ်ရှုရန်အတွက် သိပ်မကြိုးစားလိုက်ခဲ့ရပေ။

‘ယောကျ်ားဆီကို ကျွန်မက စာရေးချင်ပေမဲ့လဲ ကျွန်မက စာမတတ်ဘူး။ အဲ့ဒါကြောင့် ဂိုဏ်းထဲမှာရှိတဲ့လူတွေကို ကျွန်မ အကူအညီတောင်းခဲ့ပေမယ့်လည်း ဘယ်သူကမှ ကျွန်မကို အဖက်မလုပ်သလို၊ ကူလဲမကူညီပေးခဲ့ကြဘူး။ အဲ့ဒါကြောင့် ကျွန်မတောင်အောက်ကိုဆင်းခဲ့တယ်။ တောင်အောက်မှာ စာရေးပေးတဲ့ဆရာတစ်ယောက်ကိုတွေ့ပြီး စာသင်ပေးဖို့ ငွေစဆယ်စပေးခဲ့ရတယ်။

အက္ခရာတွေက အရမ်းကိုများလိမ့်မယ်လို့ ကျွန်မမသိခဲ့ဘူး။ အဲ့ဒါကြောင့်စာတစောင်ရေးဖို့အတွက် အက္ခရာတွေကို သင်နေရင် အချိန်တအားကို ကြာမြင့်နေလိမ့်မယ်လို့ ကျွန်မတွေးလိုက်မိတယ်။ အဲ့ဒါကြောင့် ကျွန်မက ဆရာကို စာအရင်ရေးခိုင်းပြီး သူရေးထားတာတွေကို ကျွန်မက ကြည့်ပြီး ပြန်ကူးရေးခဲ့တာပါ။

ကျွန်မရဲ့ လက်ရေးကအရမ်းကိုညံ့ဖျင်းနေလို့ ကျွန်မကို အပြစ်မတင်ပါနဲ့နော် ယောကျ်ား။

ကျွန်မဘဝက ဂိုဏ်းကိုပြန်ရောက်ပြီးနောက်ပိုင်းမှာ အရင်တုန်းကနဲ့ လုံးဝကို မတူပဲ ပြောင်းလဲသွားခဲ့တယ်။

ဆရာသခင်မရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်မကို ဘယ်သူမှ အဆက်အဆံမလုပ်ကြတော့ဘူး။ ကျွန်မက တယောက်တည်းပဲ လေ့ကျင့်နေခဲ့ရတယ်။ အကြီးအကဲတွေကလည်း ကျွန်မကို အဖက်မလုပ်ခဲ့ကြဘူး။ ကျွန်မရဲ့ ဆရာတူအစ်မတွေကလည်း ကျွန်မဆီကို လုံးဝကို လာမကြည့်ကြဘူး။ ကျွန်မရဲ့ ရှင်သန်ရတဲ့ နေ့ရက်တိုင်းက အရမ်းကို အထီးကျန်လွန်းတယ်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ယောကျာ်းနဲ့အတူတူ လက်တွဲပြီး တိုက်ခိုက်ရတဲ့ နေ့ရက်တွေကို သိပ်လွမ်းမိတာပဲ ယောကျ်ားရယ်။

လွန်ခဲ့တဲ့ရက်နည်းနည်းလောက်ကပေါ့။ ထျန်းဟိုင်မြို့က ကျွန်မတောင်းဆိုထားတဲ့အရာက ရောက်လာခဲ့တယ်လေ။

ကျွန်မတောင်းခဲ့တာကတော့ နဂါးသွေးအနှစ်ပါ။

အဲ့ဒါကို သေတ္တာလေးထဲထည့်ပြီး ယောကျ်ားဆီကို ကျွန်မပို့လိုက်ပါတယ်နော်။

ဘာလို့လဲဆိုတော့ စမ်းသပ်မှုမှာ ယောကျ်ားက ခုနစ်ရောင်ခြယ်ဆေးလုံးကို ဖော်စပ်ဖို့အတွက် နဂါးသွေးအဆီအနှစ်ကို လိုအပ်နေတယ်ဆိုတာကို ယောကျ်ားရဲ့ ပူပင်နေတဲ့မျက်နှာကို မြင်လိုက်တာနဲ့ ကျွန်မသဘောပေါက်ခဲ့ပါတယ်။

ကျွန်မရဲ့ ဆရာသခင်ဆုံးပါးသွားပြီးနောက်မှာ ဘယ်သူမှ ကျွန်မကို အရင်အမြစ်တွေ ထုတ်မပေးကြတော့ဘူး။ အရင်ကလို ကျွန်မတခုခုလိုအပ်ရင် ဆရာသခင်ကို တောင်းဆိုတာနဲ့ ရရှိခဲ့တဲ့ ဘဝမျိုး ဟုတ်မနေခဲ့တော့ဘူး။

ခုနစ်ရောင်ခြယ်ဆေးလုံးရဲ့တန်ဖိုးက ဘယ်လောက်ထိ ကြီးမားလဲဆိုတာကို ကျွန်မသိပါတယ် ယောကျာ်းရယ်။ ယောကျ်ားရဲ့ ရင်ထဲမှာ ဘယ်လောက်အထိ အပူမီးတောက်လောင်နေမလဲဆိုတာကို ကျွန်မနားလည်ပါတယ်။

ဒါပေမယ့် ကျွန်မရဲ့ ယောကျ်ားက အရမ်းစိတ်မပူပါနဲ့။ ဆရာသခင်ဆုံးပါးပြီးတဲ့နောက်ပိုင်းမှာ ကွမ်ကျူးတယောက်ထဲပဲ ခုနစ်ရောင်ခြယ်ဆေးလုံးက ကျွန်မဆီမှာ ရှိတယ်ဆိုတာကို သိတာပါ။ ပြီးတော့ ကွမ်ကျူးကလည်း တံခါးပိတ်ကျင့်ကြံနေတာအချိန်အတော်လေးကြာပြီ။ အဲ့ဒါကြောင့် ဖြစ်ပျက်ခဲ့တာတွေကို သိရဖို့အတွက် အချိန်အတော်လေးကို ကြာနေခဲ့ဦးမှာ။

တနေ့မှာ ကွမ်ကျူးက သိသွားခဲ့ရင်တောင်မှ ခုနစ်ရောင်ခြယ်ဆေးလုံးကို စမ်းသပ်မှုမှာ ကျပျောက်ခဲ့တယ်လို့ ကျွန်မလိမ်ပြောမှာပါ။ ကျွန်မရဲ့ယောကျ်ားကို ဒုက္ခမရောက်အောင် ကျွန်မက အစွမ်းကုန်လုပ်ပေးမှာမို့လို့ စိတ်အေးအေးထားနေပေးပါ။

စာကတော့ ဒီလောက်ပါပဲ။ ယောကျ်ားစာပြန်မှာကို မျှော်လင့်နေမယ့်…

လုရှီရန်’

“စာတစောင်ကို ရေးခိုင်းဖို့အတွက် ငွေစဆယ်စတောင်ပေးခဲ့ရတာလား” လီဟမ်ရှန်းက သူ၏ ခေါင်းကို ခါယမ်းပြီး ခါးသက်စွာ ပြုံးလိုက်သည်။ ဒီကောင်မလေးတော့ ညှပ်ချခံလိုက်ရပြီ။

ချန်ထင်မြို့တွင်သာဆိုလျှင် ငွေစဆယ်စဆိုလျှင် စာရေးပေးမည့်သူသည် စုတ်တံတခုလုံးပါးသွားသည်အထိ ရေးပေးလိမ့်မည် ဖြစ်၏။

လီဟမ်ရှန်းက စာကိုချလိုက်ပြီး နံဘေးရှိ ဘူးလေးကို ဖွင့်ကာ ကြည့်လိုက်သည့်အခါတွင် နဂါးသွေးအဆီအနှစ်ကို တွေ့လိုက်ရပါသည်။

သန့်စင်သော နဂါးအရှိန်အဝါက လီဟမ်ရှန်း၏ မျက်နှာကို ရိုက်ခတ်သွားခဲ့သောကြောင့် လီဟမ်ရှန်းက အတော်လေးကို တုန်လှုပ်သွားခဲ့ပါသည်။ ဘယ်လိုပဲကြည့်ကြည့် ဤအရာက ရတနာတပါးဖြစ်သည်ကို အသေအချာကို သိနိုင်ပေသည်။

ဟူးးး

လီဟမ်ရှန်းက အသက်ကို အမောတကောရှုကာ မှုတ်ထုတ်နေရသည်။

လုရှီရန်က ဆုအဖြစ်တောင်းဆိုသည့် နဂါးသွေးအဆီအနှစ်က သူ့အတွက် ဖြစ်နေလိမ့်မည်ဟု လီဟမ်ရှန်းက လုံးဝကို မမျှော်လင့်ထားခဲ့မိပါချေ။

ထိုနည်းအရဆိုလျှင် သူ့၌ နဂါးသွေးအဆီအနှစ်နှစ်စက်ရှိနေပြီဖြစ်သည်။

သို့သော် လုရှီရန်၏ အခြေအနေကမူ ထိုသို့ဖြစ်မည်ကို လီဟမ်ရှန်းက တွေးထားပြီးသား ဖြစ်၏။

ချင်းလဲ့ဓားသခင်က လုရှီရန်ကို ထိလျှင် ကွမ်လန်နန်းတော်ကို လာတိုက်ခိုက်မည်ဟု ဟယ်ကျူမင်အား ခြိမ်းခြောက်ခဲ့သဖြင့် လုရှီရန်အား မည်သူကမှ ခက်ခဲအောင်မလုပ်သည့်တိုင် အဆက်အဆံလည်း မလုပ်ကြတော့ခြင်းပင် ဖြစ်သည်။

သူ့အား အဆက်အဆံမလုပ်သော ပတ်ဝန်းကျင်တွင် တကိုယ်တည်းနေရသောဘဝကို ခန့်မှန်းကြည့်ရုံသာ တတ်နိုင်ပါသည်။

သို့သော် ထိုအခြေအနေကို ပြောင်းလဲရန်အတွက် လီဟမ်ရှန်းတတ်နိုင်သည်မှာ ဘာမှ မရှိပေ။ လီဟမ်ရှန်းက လုရှီရန်အား ဂိုဏ်းတွင် နောက်လိုက်များနှင့်တကွ အင်အားတရပ်ကို ထူထောင်ရန်အကြံပေးရင်တောင်မှ လုရှီရန်၏ စရိုက်နှင့်ဆိုလျှင် ထိုအင်အားကို အောင်မြင်အောင် ထူထောင်နိုင်ခြင်းမှာ မြေလျှောက်အင်မော်တယ်အဆင့်ကို ချိုးဖြတ်တက်ရောက်ခြင်းထက် ပိုမိုခက်ခဲနေပေလိမ့်မည်။

သူက နဂါးသွေးအဆီအနှစ်ကို သိမ်းဆည်းလိုက်သည်။

နံဘေးရှိ ရှုခွေမှာ သည်းမခံနိုင်တော့ပဲ ဝင်မေးလိုက်သည်။

“သခင်လေးက ကောင်မလေးကို စာပြန်မရေးတော့ဘူးလား”

လီဟမ်ရှန်းက တခဏကြာအောင်တွေးတောပြီးသည့်နောက်တွင် “စာမပြန်လူးလေ။ ဒီကောင်မလေးက တဖြေးဖြေးနဲ့ လောကကြီးအကြောင်းကို သိနားလည်စပြုလာပြီ။ အချိန်နည်းနည်းကြာရင် ကျုပ်က သူ့ကိုတာဝန်ယူရမယ့် ယောကျ်ားမဟုတ်ဘူးဆိုတာကိုပါ သိလာလိမ့်မယ်။ နောက်ပိုင်းဖြစ်လာမယ့် ပြသနာတွေကို ရှောင်ရှားဖို့အတွက် ကျုပ်က သူ့ကို စာမပြန်တာပဲ ကောင်းလိမ့်မယ်”

“နားလည်ပါပြီ”

ရှုခွေက ခေါင်းညိတ်လိုက်သည်။ လီဟမ်ရှန်းက စကားကုန်ပြောပြီးပြီဖြစ်သောကြောင့် သူ့အနေနှင့် ဝင်ရောက်ပြောဆိုရန် မသင့်တော်တော့ပါချေ။

လီဟမ်ရှန်းက နောက်လှည့်ပြီး ကျင့်ကြံရန် ဟန်ပြင်လိုက်သည်။

ခြေနှစ်လှမ်းခန့် လှမ်းပြီးသော် လီဟမ်ရှန်းက သက်ပြင်းအရှည်ကြီးကို မှုတ်ထုတ်လိုက်၏။ ထို့နောက်တွင်မှ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဦးလေးရှု၊ ကျုပ်ကို စာရွက်နဲ့ စုတ်တံလေး ပေးပါဦး”

သူက လုရှီရန်အပေါ်မအေးစက်နိုင်ပါချေ။

သူက လုရှီရန်နှင့် မပတ်သက်လိုပါဟု ပြောခဲ့သည့်တိုင်၊ ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာနှင့် လုံခြုံနွေးထွေးမှုကို မရရှိခဲ့သည့်အပြင် သူမအား ချစ်မြတ်နိုးသည့် ဆရာသခင်မှာလည်း ဆုံးပါးသွားသည့်အတွက်ကြောင့် သူမ၏ ဘဝသည် ယခုအချိန်က အထီးကျန်အဆန်ဆုံး၊ အအေးစက်ဆုံးအချိန်ပင် ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် လုရှီရန်အား လွန်စွာ ဂရုစိုက်ကာ နွေးထွေးသော စာတစောင်ကို သူပြန်ရေးခဲ့၏။

စာ၏ အဆုံးသတ်တွင်တော့ လီဟမ်ရှန်းက လုရှီရန်၏ ကြောင်ချေးကုတ်လက်ရေးကို မကျေမနပ်စွာ အပြစ်တင်လိုက်သည်။ သူမ အားလပ်သည့်အချိန်တွင် ထိုတီကောင်ကဲ့သို့ လက်ရေးကို တိုးတက်အောင် လေ့ကျင့်သင့်သည်ဟု သူ အကြံပြုလိုက်၏။

သူစာရေးပြီးသည့်အခိုက်တွင် ရှုခွေအား စာကို ပို့ဆောင်ပေးရန်အတွက် အကူအညီတောင်းခဲ့ပါသည်။

ထိုအချိန်တွင် အစေခံတယောက်ရောက်လာပြီး ရိုသေစွာ ပြောသည်။

“သခင်လေး ဂိတ်တံခါးဝမှာ တပည့်တယောက်က သခင်လေးကို လာတွေ့ပါတယ်။ သူ့နာမည်က ရှယွဲ့ယွဲ့ ပါ”

All Chapters