← Chapters

အကြီးဆုံးစီနီယာအကိုကြီး A

Vol. 22 Ch. 241

အကြီးဆုံးစီနီယာအကိုကြီး A

Vol. 22 Ch. 241

“သူမကို ပေးဝင်လိုက်”

ရှယွဲ့ယွဲ့က သူမ၏ ကျေးဇူးတင်မှုကို ပြသရန်အတွက် လီဟမ်ရှန်းထံသို့ လာလည်ခြင်းပင် ဖြစ်ပါသည်။

ရှယွဲ့ယွဲ့သည် ဖခင်ဖြစ်သူမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လုပ်ဆောင်ပေးမှုကို စာထဲတွင်အပြည့်အစုံရေးကာ ပို့လိုက်သောကြောင့် အခြေအနေများကို သိရှိပြီးနောက်တွင် ရောက်လာခဲ့ခြင်းဖြစ်သည်။

တနေ့တွင် လီဟမ်ရှန်းက သူမအားထိုကဲ့သို့ အကြီးအကျယ်ကူညီပေးနိုင်လိမ့်မည်ဟု သူမလုံးဝကို မတွေးထားခဲ့မိပါချေ။ ရှမိသားစု၏ ပြသနာများက ပြေလည်သွားရုံတင်မကပဲ သူတို့က မူလကထက်ပင် ပို၍ ချမ်းသာကြွယ်ဝလာခဲ့သည်။ သူမ၏ စိတ်အခြေအနေမှာလည်း နဂိုမူလကထက် များစွာတက်ကြွလာခဲ့တော့သည်။ သူမကလည်း ရှုချင်းကျီကို လက်မထပ်ချင်ပါချေ။

ယခုအခြေအနေအရဆိုလျှင် သူမ၏ ဖခင်ဖြစ်သူမှာ သူမ၏ လက်ထပ်ပွဲကို အနာဂတ်တွင် အလျင်စလိုစီစဉ်တော့လိမ့်မည်မဟုတ်ချေ။ ယခုလိုမျိုး ရှမိသားစု၏ စီးပွားပြန်တက်လာမှုမှာ သူမ ရှယွဲ့ယွဲ့ကြောင့်ပင် မဟုတ်ပါလား။

သူမက အချိန်ကြာကြာမနေခဲ့ပါချေ။

သူမ၏ ကျေးဇူးတင်မှုကို ပြောကြားပြီးနောက်တွင် ပြန်ထွက်သွားခဲ့ပါသည်။

ရှယွဲ့ယွဲ့၏ ထုံးထမ်းစဉ်လာအတိုင်း ကျေးဇူးတင်မှုနှင့် အပြောအဆိုတို့ကြောင့် လီဟမ်ရှန်းက သက်တောင့်သက်သာ ဖြစ်မနေခဲ့ပါချေ။

သူက ကျင့်ကြံရန်အတွက် တွေးလိုက်သော်လည်း ဒီနေ့မှ တစုံတယောက်က သူ့အားမကျင့်ကြံစေခိုင်းလိုသည့်အလားပင်။ အနှောင့်အယှက်တခုက ထပ်ရောက်လာခဲ့ပြန်သည်။

“ညီ၄ တံခါးဖွင့်၊ အခုတံခါးမြန်မြန်ဖွင့်”

အပြင်မှ တကျော်ကျော်အော်ဟစ်နေသူမှာ ကျိုးကျွင်းသာဖြစ်သည်။

“ကျင့်ကြံရတာ သိပ်ခက်တာပဲ။ သူတို့တယောက်ချင်းစီက ငါ့ရဲ့ကျင့်ကြံမှုလမ်းကြောင်းမှာ လာပိတ်ဆို့နေကြတာပဲ။

လီဟမ်ရှန်းက ခါးသက်စွာ ပြုံးလိုက်ပြီး အစေခံများအား ကျိုးကျွင်းကို သွားခေါ်စေခိုင်းလိုက်သည်။

“အကို၃၊ ဘာများ အလောတကြီးဖြစ်နေတာလဲဗျ။ အရသာရှိတဲ့ မုန့်တခုခုကို တွေ့ခဲ့လို့လား”

“မဟုတ်ဘူး။ ဆရာသခင့်တောင်ကို သွားရအောင်” ကျိုးကျွင်းက လီဟမ်ရှန်း၏ လက်ကိုဆွဲကာ ထွက်သွားရန် ဟန်ပြင်လိုက်လေသည်။

“ဆရာ့ဆီသွားပြီး ဘာလုပ်မလို့လဲ”

လီဟမ်ရှန်းက အနည်းငယ်နားမလည်နိုင်ဖြစ်နေခဲ့တော့သည်။ ပုံမှန်ဆိုလျှင် တိုက်ရိုက်တပည့်များသည် ဆင့်ခေါ်မှုမရှိလျှင် ဆရာသခင်ဆီသို့ သွားလေ့သွားထ မရှိပါချေ။

“အကိုကြီး ပြန်ရောက်လာပြီလေ။ ဒါပေါ့သူ့ကို သွားတွေ့ဖို့အတွက် မင်းကို ငါက လာခေါ်ရမှာပေါ့” ကျိုးကျွင်းက သာမန်ထက်ကိုပိုပြီး စိတ်လှုပ်ရှားနေခဲ့သည်။

“အကိုကြီးက ပြန်လာပြီလား”

လီဟမ်ရှန်းကလည်း ဝမ်းသာနေခဲ့သည်။ သူက ထိုဆန်းကြယ်သော အကိုအကြီးဆုံးနှင့် တခါဖူးမှ မတွေ့ဆုံခဲ့သေးပေ။

သူက ဂိုဏ်းသို့ ရှားရှားပါးပါးပြန်လာသဖြင့် ကျိုးကျွင်းက လီဟမ်ရှန်းကို ခေါ်ကာ သွားတွေ့ရမည်ဖြစ်သည်။ အကြီးဆုံးအကိုပြန်လာသည့်အခိုက်တွင် သူတခါမှမတွေ့ဖူးသေးသည့် ဂျူနီယာညီလေးက လာမတွေ့လျှင် မကောင်းပါချေ။

လီဟမ်ရှန်းက ကျိုးကျွင်းအနောက်မှ မူဟိုင်ဖုန်း၏ အဓိကတောင်မကြီးကို လိုက်ပါသွားခဲ့သည်။

“အကို၃၊ အကိုကြီးက ဘယ်လိုလူမျိုးလဲဗျ။ ကျွန်တော်အရင်က အစ်မ၂ကိုမေးတာ။ သူက ကျွန်တော့်ကို မပြောပြဖူးဘူး”

“သူက ဆန်းကြယ်တဲ့ပုံစံနဲ့ ကျွန်တော်က အကိုကြိးကိုမြင်ရင် သိလိမ့်မယ်လို့ပဲ ပြန်ပြောခဲ့တယ်။ အဲ့ဒါဘာလို့လဲဗျ” လီဟမ်ရှန်းက အလျင်အမြန်ပင် မေးလိုက်ပါသည်။

“အကိုကြီး…” ကျိုးကျွင်းက တခဏမျှကြာအောင် တွေးတောလိုက်ခဲ့သည်။ ထို့နောက်မှ ပြော၏။

“သူ့ပုံစံကို မျက်လုံးထဲမြင်အောင် ဘယ်လိုပြောပြရမလဲ။ အကိုကြီးက စကားပြောရင် တဲ့တိုးပဲပြောတတ်တယ်။ သူ့စကားလုံးတွေကို လှပနေအောင် တန်ဆာမဆင်တတ်ဘူး။ သူက မင်းမကြိုက်တာတခုခုကို ပြောနေပြီဆိုရင်၊ အရေးမပါတဲ့စကားတွေလို့ပဲ သတ်မှတ်လိုက်ပြီးတော့ စိတ်ထဲအထိ မယူတာ ကောင်းလိမ့်မယ်”

“ဟင်?”

ထိုရှင်းပြမှုက လီဟမ်ရှန်းကို နားမလည်နိုင်အောင် ဖြစ်သွားစေခဲ့သည်။

ဒါကြီးက ဘယ်လိုကြီးရှင်းပြလိုက်တာလဲ။

“ပြီးတော့ အကိုကြီးရဲ့ ရုပ်ရည်သွင်ပြင်က နည်းနည်း…”

ကျိုးကျွင်း၏ ပုံစံမှာ ပြောစရာစကားများ ပျောက်ရှနေသည့်အလားပင်။

“သူ့ ရုပ်ရည်လား”

ဖြစ်နိုင်တာက သူက အရမ်းကို ရုပ်ဆိုးလို့များလား။

အဲ့ဒါက ပြသနာမရှိပါဘူး။ ယောကျ်ားတယောက်ရဲ့ ရည်မှန်းချက်က နေရာမျိုးစုံမှာ တည်ရှိနေတာပဲ။ ရုပ်ရည်သွင်ပြင်က အရေးမကြီးဘူး။ ဒီလောကမှာ ခွန်အားက အရာရာပဲ။

လီဟမ်ရှန်းနှင့်ကျိုးကျွင်းတို့ ရှမူဟိုင်၏ နေရာသို့ ရောက်လာသည့်အခါတွင် ရှမူဟိုင်က တစုံတယောက်နှင့် စကားပြောဆိုနေသည်ကို တွေ့လိုက်ရတော့၏။

“မင်းတို့ရဲ့ အကြီးဆုံးစီနီယာအကိုနဲ့ လာတွေ့ကြဦး။ အခုက ပထမဦးဆုံးတွေ့တာမဟုတ်လား” ရှမူဟိုင်က လီဟမ်ရှန်းကိုကြည့်ကာ အပြုံးနှင့်ဆိုလိုက်သည်။

“မင်းတို့အကိုကြီးက အခုလေးတင်ပဲပြန်ရောက်တာကြောင့် မင်းဆီကို လာမတွေ့နိုင်သေးတာပဲ”

“အကြီးဆုံးစီနီယာအကိုကြီး?”

လီဟမ်ရှန်းက သူ့အရှေ့ရှိ လူကို ကြက်သေသေရင်း စိုက်ကြည့်နေခဲ့မိသည်။

အကြီးဆုံးစီနီယာအကိုကြီး၏ အမည်မှာ ရီချင်ချန်း ဖြစ်သည်ကို သူကြားဖူးခဲ့ပါ၏။

လီဟမ်ရှန်း၏ ကြက်သေသေနေသော အမူအရာကိုမြင်သော ကျိုးကျွင်းမှာ အသံပြဲနှင့် ထမရယ်မိစေရန် အတော်လေးကို ထိန်းချုပ်ထားနေရပါသည်။

အကြီးဆုံးစီနီယာအကိုကြီးကို ပထမဦးဆုံးအကြိမ် သူမြင်ခဲ့စဉ်တုန်းက လီဟမ်ရှန်းနှင့် တပုံစံတည်းသော အမူအရာကို သူကိုယ်တိုင်လည်း ပြုလုပ်ခဲ့မိသည်မဟုတ်ပါလား။

All Chapters