အကြီးဆုံးစီနီယာအကိုကြီး B
Vol. 22 Ch. 242
လီဟမ်ရှန်းက သူ၏မျက်လုံးကိုပင် သူမယုံကြည်နိုင်ခဲ့ပါချေ။ ရီချင်ချန်း၏ ရှည်လျားကာ ပိတုန်းရောင်သန်းနေသည့် ဆံနွယ်ရှည်များမှာ သူ့ပုခုံးထက်မှ ကျောဘက်သို့ ကျဆင်းနေခဲ့သည်။ သူ၏ အသားအရည်မှာ ဖြူဝင်းနုမွတ်နေကာ၊ မျက်လုံးများမှာလည်း အရည်ရွှန်းလဲ့တောက်ပကာ ဝိုင်းစက်နေခဲ့သည်။ ဖြူဖွေးညီညာသော သွားအစုံရှိပြီး တချက်ပြုံးလိုက်လျှင် သွားများမှာ ကြယ်ပွင့်များလိုပင် တလက်လက်တောက်ပနေခဲ့၏။ သူ၏ သွယ်လျသော လက်များနှင့် ရှည်လျားသွယ်လျသော ခြေအစုံမှာ ကျက်သရေရှိကာ တင့်တယ်သည့်အရှိန်အဝါကို ပေးစွမ်းနေခဲ့ပါသည်။ သူက အမျိုးသမီးများထက်ပင် ပိုမို၍ပင် မိန်းမဆန်နေပါသေး၏။ သူက နှိုင်းယှဉ်၍မရနိုင်အောင် လှပသော အလှလေးတစ်ယောက်ပင် ဖြစ်ပါသည်။
သူ့ ရင်ဘက်တွင် တောင်ပူစာနှစ်လုံးမရှိသည်ကလွဲလျှင် သူက မူချင်းကောနှင့် လုရှီရန်တို့နှင့်ပင် အလှတရားက ယှဉ်ပြိုင်နိုင်ပေ၏။
အချိန်တခဏကြာသည်အထိ လီဟမ်ရှန်းမှာ ယောကျ်ားတယောက်က ထိုမျှလောက်မိန်းမဆန်ကာ လှပနေခြင်းကို လက်မခံနိုင်ဖြစ်ကာ ဦးနှောက်လေဖြတ်နေခဲ့ပါသည်။
လီဟမ်ရှန်းမှာ အကြီးဆုံးစီနီယာအကိုကြီးကို ထိုကဲ့သို့ ပုံစံဟု လုံးဝ လုံးဝ လုံးဝကို မတွေးထင်ခဲ့မိပါချေ။ ဤနေရာသို့ လာရာလမ်းတလျှောက်တွင် လီဟမ်ရှန်းက စိတ်ကူးထဲ၌ အကြီးဆုံးစီနီယာအကိုကြီး၏ ပုံရိပ်ကို စိတ်ကူးယဉ်ကာ မျိုးစုံပုံဖော်ခဲ့ပါသည်။ သို့သော် တခုမှ ယခု သူမြင်လိုက်ရသည့်မြင်ကွင်းနှင့် မကိုက်ညီနေခဲ့ပါချေ။ သူက အရမ်းကို လှပလွန်းနေပါသည်။
“မင်းက စတုတ္ထညီလေးဖြစ်ရမယ်”
သို့ပေမယ့် ရီချင်ချန်းစကားပြောလိုက်သောအခါတွင် သူ့ရုပ်ရည်နှင့် လားလားမျှမသက်ဆိုင်သည့် ယောကျာ်းဆိုမှ ယောကျာ်းဆန်လွန်းလှသော အသံကြမ်းကြီး ထွက်လာခဲ့ပါသည်။ သူ့အသံကြောင့်ပင် ရီချင်ချန်းမှာ မိန်းမအဝတ်အစားများကို ဝတ်ရာတွင် နှစ်ခြိုက်ပျော်မွေ့သူတယောက်အလားဟု လီဟမ်ရှန်းက ထင်သွားစေခဲ့မိသည်။
သူ့အသံမှာ ယောကျ်ားဆန်လွန်းလှပြီး သူ့ရုပ်ရည်နှင့် လိုက်ကို လိုက်မနေခဲ့ပါချေ။
“အကြီးဆုံးစီနီယာအကိုကြီး.. ကျွန်တော့ကို လီဟမ်ရှန်းလို့ခေါ်ပါတယ်။ အနာဂတ်မှာ အကိုကြီးဆီကနေ လမ်းညွှန်မှုတွေရမယ်လို့ မျှော်လင့်ပါတယ်”
ထိုအချိန်မှသာ ကျောက်ရုပ်ဖြစ်နေသော လီဟမ်ရှန်းက ချက်ချင်းကို သတိဝင်လာခဲ့ပါသည်။
ထို့ကြောင့် အလျင်အမြန်ပင် ယဉ်ယဉ်ကျေးကျေးပြောလိုက်လေ၏။
သို့သော် ထိုအခိုက်မှာပင် ရီချင်ချန်းက အားရပါးရအော်ရယ်လိုက်မည်လို့ ဘယ်သူက ထင်မိကြမှာလဲ။
“အနာဂတ်မှာ ဟုတ်လား? မင်းနဲ့ငါနဲ့က အခုမှ ပထမဆုံးအကြိမ်တွေ့တာနော်။ ငါဆရာ့ဆီက ကြားတာကတော့ မင်းကို ထာဝရရှင်သန်ခြင်းဂိုဏ်းက လိုက်သတ်နေတယ်ဆို။ အနာဂတ်မှာ မင်းနဲ့ငါနဲ့ ပြန်တွေ့ရင် မင်းက အလောင်းကောင်ဖြစ်ပြီး အတွင်းအင်္ဂါတွေ စုတ်ပြတ်ပြီးတောင် သေရင်သေနေမှာကွ”
အဟွတ်
ထိုစကားကြောင့် လီဟမ်ရှန်းမှာ သွေးအန်တော့မည့်အလားပင် ခံစားလိုက်ရပါတော့သည်။
လူတွေစကားပြောတာက ဒီလိုမျိုးမှ မဟုတ်တာဟ…
“မင်းကို ငါက ဘာများ လမ်းညွှန်ပေးရမှာလဲ။ မင်းက မင်းကျင့်စဉ်ကို မင်းကျင့်၊ ငါကလည်း ငါ့ကျင့်စဉ်ကို ငါကျင့်မှာလေ။ ပြီးတော့ မင်းရဲ့ ပါရမီကိုလည်း မင်းပြန်ကြည့်ဦး။ ဒီလောက်စုတ်ပြတ်သတ်နေတာ။ မင်းကို ငါလမ်းညွှန်မပေးနိုင်ပါဘူး။ နေရင်းထိုင်ရင်း ငါပါနာမည်ပျက်နေမယ်။ မင်းရဲ့ပါရမီနဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်နေတာကပဲ တော်တော်ကြီးကို အံ့ဩဖို့ကောင်းနေခဲ့ပြီ။
ကျွတ်… ကျွတ်…သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တွေနဲ့ ယှဉ်ရင်တောင် မင်းရဲ့ ပါရမီက အမှိုက်တကာ့ အမှိုက်ထဲမှာမှ အမှိုက်ဆန်ဆုံးပဲလေ။
ငါမေးချင်တာက မင်းက ဘယ်လိုလုပ်ပြီး ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းထဲကို ရောက်လာရတာလဲ။ သတ်ဖြတ်သူတသောင်းတောင်ထိပ်က ကောင်တွေက အစေခံတပည့်ကို လက်ခံတာတွေက ဘာအဆင့်အတန်း၊ ဘာသတ်မှတ်ချက်မှ မရှိတော့ဘူးလား”
ရီချင်ချန်းက လီဟမ်ရှန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြောလိုက်ခြင်းပင်။
လီဟမ်ရှန်း၏ မျက်နှာမှာ မှောင်မည်းသွားခဲ့ပါသည်။ ထိုအကြီးဆုံးစီနီယာအကိုကြီးမှာ သူ့ကို မကျေနပ်တာများ ရှိနေလို့လား။
“သူပြောတာတွေကို စိတ်ထဲမထည့်နဲ့။ သူကအမြဲအဲ့လိုပဲ။ မင်းရဲ့ပါရမီက သူပြောသလောက်လည်း မဆိုးသေးပါဘူး”
လီဟမ်ရှန်း၏ မျက်နှာအမူအရာပြောင်းလဲသွားခြင်းကြောင့် ရှမူဟိုင်က ပြန်ချော့လိုက်သည်။
“ဟင်”
ရီချင်ချန်းက ရှမူဟိုင်အား ထူးဆန်းစွာကြည့်ရင်း ပြောလိုက်ပြန်သည်။
“ဆရာပဲ ပြောတော့ လီဟမ်ရှန်းရဲ့ ပါရမီက ဆိုးဝါးလွန်းလို့ ကျင့်ကြံနိုင်တာပဲ ကံကောင်းနေပြီဆို”
ရီချင်ချန်း၏ နှုတ်မှ ထိုစကားထွက်လာသောကြောင့် ရှမူဟိုင်၏ မျက်နှာသည်လည်း မဲနက်သွားခဲ့၏။ သူကတော့ငါ့ကို ထုံးစံအတိုင်း ရောင်းစားပြန်ပြီ။
ရီချင်ချန်းမှာ အမြဲထိုသို့သာ ဖြစ်သည်။
ကျိုးကျွင်းမှာ သူ၏ ပါးစပ်ကို လက်နှင့်ကွယ်ရင်း နံဘေးတွင်သာ ရယ်မောနေခဲ့သည်။
“စကားမစပ် ညီ၃ ဒီမှာမင်းအတွက် ငါလက်ဆောင်ဝယ်လာတယ်”
ရီချင်ချန်းက သူ့အနောက်မှ တစုံတခုကို ဆွဲထုတ်လိုက်သည်။ ထို့နောက်တွင် ထိုအထုပ်အား ကျိုးကျွင်းထံသို့ ကမ်းပေးလိုက်သည်။
“မင်းက စားသောက်ရတာကြိုက်တာကို ငါသိလို့ ကျန်းကောတောင်ရဲ့ အထူးအစားအစာတခုကို ပြန်ယူလာခဲ့တယ်”
ထို့နောက်တွင်တော့ သူက အစားအစာတခုကို ထုတ်ယူကာ ကျိုးကျွင်းကို ပေးလိုက်ပါသည်။
“အို… ကျေးဇူးပါပဲ အကိုကြီး” ကျိုးကျွင်းက ပျော်ရွှင်စွာဖြင့်လက်ခံလိုက်သည်။
“ဒါက ဘာလဲ” သူဖွင့်ကြည့်လိုက်ရာ အတွင်းတွင် အသီးကဲ့သို့သော အရာတခုကို တွေ့လိုက်ရသည်။ ယင်းသည် အနက်ရောင်ဖြစ်နေပြီး ပန်းသီးတလုံး၏ ပုံစံရှိနေခဲ့သည်။ ကျိုးကျွင်းက တကိုက်ကိုက်လိုက်ရာ “ချိုချဉ်လေးပဲ။ ကောင်းလိုက်တာ”
“အလုပ်ရှုပ်သွားပြီ။ ကျေးဇူးပါပဲ အကိုကြီး”
“အလုပ်မရှုပ်ပါဘူးကွာ။ ဒီဟာက ကျန်းကောတောင်မှာ အရမ်းကို ပေါများလွန်းနေတာ။ နေရာတိုင်းမှာ ရှိလွန်းလို့ကို ခွေးတောင်မစားတဲ့အရာကွ။ မင်းက အရင်တုန်းက မစားဖူးလောက်ဖူးလို့ တွေးမိလို့ အပြန်ကျတော့ ငါယူလာခဲ့တာပဲ” ရီချင်ချန်းက ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။
ကျိုးကျွင်းမှာမူ ရီချင်ချန်း၏ စကားပြောဆိုသည့်ပုံစံနှင့် ရင်းနှီးနေပြီ ဖြစ်သောကြောင့် ဘာမှမဖြစ်ပဲ စားစရာများကို အားပါးတရ ဆက်စားနေခဲ့၏။ သူက လီဟမ်ရှန်းကို စားရန်အတွက်ပင် ကမ်းပေးလိုက်သေး၏။
“ညီ၄ စားကြည့်ကွာ။ သိပ်ကောင်းတယ်”
“ကျွန်တော်မစားတော့ဘူး။ အကိုပဲ စားပါ”
လီဟမ်ရှန်းက ဆွံ့အစွာ ပြောလိုက်သည်။
“မြင်လား ငါပြောသားပဲ။ ခွေးတောင်မှမစားပါဘူးလို့ မင်းတကောင်ထဲပဲ လောဘတကြီးစားနေတာ” ရီချင်ချန်းက ခေါင်းကို ခါယမ်းပြီး ပြောလိုက်၏။
ဘောပဲ။ ဘယ်မလဲ ငါ့ရဲ့ အင်မော်တယ်သတ်ဖြတ်ခြင်းလှံ…
လီဟမ်ရှန်းမှာ ချက်ချင်းပင် လူသတ်ချင်လာခဲ့သည်။
“ကောင်းပြီ ကောင်းပြီ။ မင်းက ဟမ်ရှန်းနဲ့တွေ့ပြီးပြီဆိုမှတော့ .. ဟမ်ရှန်းရေ မင်းလုပ်စရာရှိရင် သွားလုပ်တော့လေ”
ရှမူဟိုင်က အလျင်အမြန်ပင် ပြောလိုက်သည်။ သူ၏ တပည့်အချင်းချင်း ထသတ်တော့မည်ကို ရှမူဟိုင်မလိုလားပါချေ။
“ဟုတ်ကဲ့ဆရာ ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်”
လီဟမ်ရှန်းက ခေါင်းညိတ်လိုက်ပြီးနောက်တွင် သူ၏ လက်ကို လက်ဟန်ပြုကာ
“အကြီးဆုံးစီနီယာအကိုကြီးနဲ့ အကို၃၊ ညီလေးပြန်လိုက်ပါဦးမယ်”
“ညီ၄ မင်းအားလို့ရှိရင် ကျန်းကောတောင်ကို အချိန်မရွေးလာလည်လို့ရတယ်နော်။ ဒါပေမယ့် သတိတော့ထားနော်၊ ခရီးက ဝေးတာမို့လို့ လမ်းတဝက်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းက သတ်ဖြတ်တာကို မခံရစေနဲ့ဦး”
ရီချင်ချန်းက ပြုံးရင်းပြောလိုက်သည်။
လီဟမ်ရှန်းက ဘာမှမပြောပဲ လှည့်ထွက်လာခဲ့သည်။
“ညီ၄က ဘာဖြစ်နေတာလဲ” ရီချင်ချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
ရှမူဟိုင်ကော ကျိုးကျွင်းပါ မကြားဟန်ဆောင်နေလိုက်ကြသည်။
“ဒါနဲ့ ညီ၂ကော ဘယ်မှာလဲ” ရီချင်ချန်းက ရှမူဟိုင်ကို မေးလိုက်သည်။
“သူက မင်းကိုတွေ့ရင် ရိုက်သတ်မိမှာစိုးလို့ မလာတာပဲ” ရှမူဟိုင်က ဒေါသကိုမျိုသိပ်ထားရသည့် လေသံနှင့် ဆိုလိုက်သည်။ သူ၏ တပည့်ကြီးမှာ နေရာတိုင်းတွင် ထူးချွန်ကောင်းမွန်လှသော်လည်း သူ၏ ပါးစပ်တပေါက်က အလွန်ထက်မြနေသည်က ပြသနာဖြစ်နေခဲ့သည်။ ဆရာဖြစ်သူကိုယ်တိုင် ဘယ်လောက်ပဲ ဆူဆူ၊ သူက လုံးဝကို မပြောင်းလဲပါချေ။
ဆံပင်နှစ်ခွနဲ့ ချစ်စရာကလေးမလေးကို မင်းမို့လို့ ညီ၂လို့ခေါ်တယ်။ ဟိုက လုပ်သတ်ချင်ရင်လည်း လုပ်သတ်ချင်စရာပဲလေ။
“အော် ညီ၂က အခုထက်ထိ အတိုက်အခိုက် ဝါသနာထုံတုန်းပဲလား”
ရှမူဟိုင်က သူ့နဖူးကိုသာ သူရိုက်လိုက်မိတော့သည်။
ထိုသို့နှင့်ပင် နေ့ရက်များမှာ တရက်ပြီးတရက် ကုန်ဆုံးသွားသည်မှာ မျက်တောင်တခတ်အတွင်း ကုန်ဆုံးသွားသည့်အလားပင်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ဂုဏ်ပြုပွဲကျင်းပမည့်နေ့ရက်မှာလည်း တဖြေးဖြေးနှင့် နီးကပ်လာခဲ့ပါတော့သည်။
ကုန်းမြေလေးခုရှိ မိသားစုများစွာနှင့် ဂိုဏ်းများစွာတို့သည် မနက်အစောကတည်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှိရာသို့ တောင်တက်လာခဲ့ကြသည်။
ယနေ့သည် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အလုပ်အများဆုံးနေ့များထဲမှ တနေ့ဖြစ်ပါသည်။
တောင်ထိပ်သခင်၃၆ပါးစလုံးက မပျက်မကွက် ရှိနေကြရသည်။
မြောက်မြားစွာသော လက်ဆောင်ပစ္စည်းများမှာ မြစ်ရေများစီးဆင်းသလို ရှမူဟိုင်ထံသို့ ရောက်လာကြ၏။ အားလုံးမှာ သူက အဆင့်မြင့်ဆရာသခင်အဆင့်သို့ အဆင့်တက်သွားသောကြောင့်ပင် ဖြစ်သည်။
လီဟမ်ရှန်း၊ ယန်ထျန်းထျန်းနှင့် ကျိုးကျွင်းတို့သည် ရှမူဟိုင်၏ တပည့်များဖြစ်သောကြောင့် ဧည့်သည်များကို ဖျော်ဖြေကြရသည်မှာ ပုံမှန်သာဖြစ်သည်။
ရီချင်ချန်းကတော့ ဧည့်သည်များကို မဖျော်ဖြေခိုင်းပါချေ။ ရီချင်ချန်း၏ ပါးစပ်တပေါက် လျှမ်းလျှမ်းတောက်မှုကြောင့် ဧည့်သည်တိုင်းက ထပြန်ကုန်ကြမည်ကို ရှမူဟိုင်က စိုးထိတ်နေခဲ့ပါသည်။
ချန်ချင်ကုန်သွယ်ရေးလုပ်ငန်းမှ ဝယ်ယူထားသည့် အသင့်စား အစားအသောက်များကို ဧည့်သည်များက လွန်စွာနှစ်ခြိုက်လွန်းလှပါသည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကလည်း မိမိတို့၏ ခွန်အားကို အဆုံးစွန်အထိ ပြသထားခဲ့ပါသည်။
ထိုအခိုက်တွင်တော့ ဆုကျန်းနှင့် ဆုရှန်းချီတို့ မြေးအဖိုးမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှိရာ တောင်ခြေသို့ ရောက်ရှိလာကြချေပြီ။
ဆုကျန်း၏ အဆိုအရတွင်တော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဂုဏ်ပြုပွဲတခု ကျင်းပနေသည့်အချိန်တွင် မိတ်ဆွေဟောင်းဖြစ်သော ဆုမိသားစုက ဂုဏ်လာပြုသည်ဟုသော ခေါင်းစဉ်ကို သုံးနှုန်းထားခဲ့ပါသည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အခမ်းအနားကို တက်ရောက်သော ဧည့်သည်တော်များက စားသောက်ဖွယ်ရာများကို စားသောက်ပြီးသည့်အခိုက်တွင်တော့ သူတို့အားလုံးကို လင်ရှင်းတောင်သို့ ဖိတ်ခေါ်ခဲ့ပြီး လင်ရှင်းစိတ်ဝိဉာဉ်စမ်းချောင်းနံဘေးတွင် လက်ဖက်ရည်သုံးဆောင်ရန် ပြင်ဆင်ထားကြသည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ လင်ရှင်းစိတ်ဝိဉာဉ်စမ်းချောင်းနှင့် ချန်ချင်ကုန်သွယ်ရေးလုပ်ငန်းမှ လက်ဖက်ရည်ကြမ်းတို့မှာ လွန်စွာပနံသင့်သော ရသကို ပေးစွမ်းနိုင်ခဲ့ပါသည်။
အားလုံးက အချိန်ကောင်းကို ပျော်ရွင်စွာ ခံစားနေကြချိန်တွင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးကို အသံတသံက လွှမ်ခြုံသွားခဲ့ပါသည်။
“ဆုမိသားစုက ဆုကျန်းက ဂုဏ်လာပြုပါတယ်”