အခန်း (၂၄၃)
Vol. 22 Ch. 243
“ဆုမိသားစု?”
ထိုအမည်ကိုကြားသည့်အခါတွင် လင်ရှင်းတောင်တွင် အနားယူနေကြသော အခြားသော ဂိုဏ်းများနှင့် မိသားစုများမှာ ကြီးကြီးမားမား တုန့်ပြန်မှု မရှိနေခဲ့ပေ။
ယခုရောက်လာသော ဆုမိသားစုဆိုတာ ဘယ်သူလဲဆိုတာလောက်ပဲ သိချင်ကြရုံဖြစ်သည်။ ယခုလိုမျိုး နောက်ကျမှ ရောက်လာတာမျိုးက စည်းလွတ်ဝါးလွတ်ဖြစ်မနေဘူးလား။
ထို့အပြင် ရောက်နေကြသူများက ထိုမိသားစု၏ အမည်ကို တခါမှမကြားဖူးကြချေ။
ဧည့်သည်များမှာ ကုန်းမြေလေးခုမှ ဂိုဏ်းများ၊ မိသားစုများဖြစ်ပြီး ဆုမိသားစုမှာမူ တောင်ဘက်ဒေသ၏ အရှင်သခင်မိသားစုဖြစ်သည်။ ရောက်နေကြသူများရှိ လူနည်းစုသာ ဆုမိသားစုကို ကြားဖူးကြ၏။
ဆုကျန်း ရောက်လာခဲ့ပြီ။
ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းရှိ စွမ်းအားရှင်များအားလုံးက မျက်မှောင်ကြုံ့သွားကြလေသည်။ သူတို့က ဆုကျန်းရောက်လာသည်က ဘာကို ကိုယ်စားပြုလဲဆိုတာကို ကောင်းကောင်းသိနားလည်ကြသည်။
လင်ရှင်းတောင်တွင် ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်း၏ ရာထူးမြင့်ပုဂ္ဂိုလ်များမှာ စင်မြင့်တခုထက်တွင် ထိုင်နေခဲ့ကြသည်။
ရွှယ်ချမ်းပိုင်ကတော့ ယခုအဖြစ်အပျက်ကို အံ့ဩမနေခဲ့ပေ။ ဆုမိသားစု ရောက်ရှိလာမည်ကို ရွှယ်ချမ်းပိုင်က သိထားပြီးသားပင် ဖြစ်၏။
သို့ပေမယ့် ဆုကျန်းကိုယ်တိုင်ရောက်လာခြင်းကမူ ရွှယ်ချမ်းပိုင်က မမျှော်လင့်ထားခဲ့မိပါချေ။ ဆုမိသားစု၏ ဘိုးဘေးနှစ်ဦးအနက်မှ တဦးဖြစ်သော ဆုကျန်းသည် တောင်ဘက်ဒေသတွင်သာ အမြဲနေထိုင်ပြီး အပြင်သို့ မထွက်ပါချေ။
လီဟမ်ရှန်းသည်လည်းပဲ မျက်မှောင်ကြုံ့လိုက်မိသည်။
ဆုမိသားစုက တကယ်ကို ရောက်လာတာပဲ
ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းရဲ့ ဂုဏ်ပြုပွဲနေ့မှာ ဆုမိသားစုက ဘာကြောင့်ရောက်လာရတာလဲ။
သူတို့က ဒီကို ဂုဏ်ပြုဖို့ရောက်လာတာမျိုးတော့ လုံးဝကို ဟုတ်မနေပါချေ။ သူတို့လုပ်ပုံက မြေခွေးတကောင်က သိုးတကောင်ရဲ့ အိမ်ကို နှစ်သစ်ကူးလက်ဆောင်လာပို့သည့်အလားပင်။ ၎င်းတို့တွင် ရည်ရွယ်ချက်ကောင်းများ ရှိမနေခဲ့ပေ။
ထိုအခိုက်တွင် လူတိုင်းက ကောင်းကင်အထက်တွင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးအိုတဦးနှင့် လူငယ်တဦးမှာ တိမ်တိုက်များကို စီးနင်းလာသည်ကို တွေ့လိုက်ကြရတော့သည်။
ထိုမြင်ကွင်းကြောင့် ရောက်ရှိနေကြသော လူများအားလုံးကို ပင့်သက်ရှိုက်သွားစေတော့သည်။
တိမ်စီးနေတာ
ဒီလူတွေရဲ့ နောက်ခံက ဘာများလဲ
ဒီနည်းလမ်းက သာမန်မဟုတ်ပေ။
တိမ်စီးနိုင်သောအဆင့်သည် သူတို့မရောက်နိုင်သောအဆင့်ဖြစ်သည်။ ထိုသူက ကိုယ်တိုင်စီးနေရုံတင်မကပဲ အခြားသူကိုပါ ခေါ်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်ရန်က ပိုမို၍ခက်ခဲလွန်းလှပါ၏။
ဆုမိသားစု
ထိုအခိုက်တွင် တယောက်ယောက်က အလန့်တကြားနှင့် ထအော်လိုက်သည်။
“တောင်ပိုင်းဒေသက ဆုမိသားစုလား”
“အဲ့ဒီ့မိသားစုကဘာလဲ”
“တောင်ပိုင်းဒေသရဲ့ အုပ်စိုးသူမိသားစုလေ။ သူတို့မိသားစုမှာ မဟာသိုင်းဂိုဏ်းအဆင့်တွေ ရှိကြတယ်။ အရမ်းစွမ်းအားကြီးကြတယ်”
“အဲ့လောက်တောင်မှ စွမ်းအားကြီးကြတာလား”
လူတိုင်းက အံ့အားသင့်ကုန်သည်။ မဟာသိုင်းဂိုဏ်းအဆင့်ရှိတဲ့ မိသားစု…
ထိုမိသားစုနှင့် သူတို့အကြားကွာခြားချက်မှာ ကောင်းကင်နှင့် မြေပြင်အလားပင်။
ဆုကျန်းနှင့် ဆုရှန်းချီတို့ ရောက်ရှိလာသည့်အခါတွင် စင်မြင့်ထက်ရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်တို့မှာ တယောက်ပြီးတယောက် မတ်တပ်ထရပ်လိုက်သည်။ သူတို့အားလုံး၏ အကြည့်ထဲတွင် သတိထား၊လေးနက်မှုများကို မြင်တွေ့ကြရမည် ဖြစ်သည်။
အကြီးအကဲအဖွဲ့ထဲမှ အကြီးအကဲနှစ်ဦးမှာ တယောက်မျက်နှာတစ်ယောက်ကိုကြည့်ကာ အကြီးအကဲတဦးမှာ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့သည်။
ရွှယ်ချမ်းပိုင်က တိတ်ဆိတ်စွာထိုင်နေရင်းနှင့် ဆုကျန်းကိုသာ စိုက်ကြည့်နေသည်။ ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းသည် လူအများရှေ့တွင် ယဉ်ကျေးသိမ်မွေ့သော အပြုအမူကိုတော့ ထိန်းသိမ်းထားရလိမ့်မည် ဖြစ်သည်။
“မဖိတ်ခေါ်ပဲ ရောက်လာလို့ ကျူးကျော်မိသလိုဖြစ်သွားလား”
ဆုကျန်းက ဆုရှန်းချီနဲ့ အတူတူ အားလုံးဝိုင်းဝန်းကြည့်နေသည့် အရှေ့မှာပင် ဆင်းသက်လိုက်ခဲ့သည်။
သူက အားနာသည့်စကားကိုပြောလိုက်သည့်တိုင် သူအပြုအမူမှာ လုံးဝအားမနာသည့်အပြင် အားလုံးကို မျက်လုံးထဲမထည့်သည့် အလားပင်။
“မဖြစ်ဘူး” ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာပြောသည်။
“အကြီးအကဲ ဆုကျန်းလိုလူကတောင်မှ လာပြီး ဂုဏ်ပြုလို့ ကျုပ်တို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းက ဂုဏ်တောင်ယူရမှာပါ”
“လာကြစမ်း… မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဧည့်သည်တွေအတွက် ကုလားထိုင်ယူခဲ့”
ရှမူဟိုင်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။
ထိုအခိုက်တွင် တပည့်အချို့မှာ ခပ်မြန်မြန်ပင် ဆုကျန်းနှင့် ဆုရှန်းချီတို့အတွက် စားပွဲများနှင့် ကုလားထိုင်များကို ပြင်ဆင်ပေးလိုက်ကြသည်။
သို့သော် ဤနေရာသို့ ရောက်လာပြီးကတည်းက ဆုရှန်းချီ၏ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများမှာ တစုံတဦးအပေါ်သို့သာ ကျရောက်နေခဲ့သည်။
ထိုသူမှာ လီဟမ်ရှန်းပင်ဖြစ်သည်။
သူ့အကြည့်ထဲမှာ သတ်ဖြတ်လိုစိတ်မှာ ထင်ရှားလွန်းနေပြီး ဖုံးကွယ်ထားခြင်းမျိုးလည်း မရှိနေပါချေ။
လီဟမ်ရှန်းက သူလိုချင်သော ပန်းချီကားအပါအဝင်၊ ချန်ချင်းကုန်သွယ်ရေးနှင့် ဆက်ဆံမှုများကို ဖြတ်ခုတ်သွားသည့်အပြင် ချန်ဝမ်အန်းကိုပါ သေဆုံးစေခဲ့သည်။ ဆုရှန်းချီ၏ ဘဝတလျှောက်တွင် အခြားသူများကြောင့် ထိုမျှအထိ ကြီးကြီးကျယ်ကျယ် လုံးဝကို ဆုံးရှုံးကာ မခံစားခဲ့ဖူးပါချေ။ ထို့ကြောင့် ယခုအချိန်တွင် ဆုရှန်းချီက လီဟမ်ရှန်းအား ခေါင်းဖြတ်သတ်ကာ
ဤနေရာတွင်ပင် အပိုင်းပိုင်းဖြတ်ကာ ခွေးကျွေးပစ်ချင်နေခဲ့သည်။
လီဟမ်ရှန်းကလည်း ဆုရှန်းချီ၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်တိုင် နားမလည်နိုင်အောင်တော့ ဖြစ်နေခဲ့သည်။
အဲ့လောက်ထိ သတ်ဖြတ်ချင်နေရအောင် မင်းကို ငါက ဘာလုပ်ခဲ့မိလို့လဲ။ မင်းမိဘတွေကိုသတ်၊ မင်းဇနီးလောင်းကို မင်းအရှေ့မှာ မုဒိန်းအကြိမ်ကြိမ်ကျင့်ခဲ့တာလည်း မဟုတ်ဘူး။
ပန်းချီကားကြောင့်လား ပန်းချီကားလေးကို လုဝယ်မိလို့လား။ အဲ့ပန်းချီကားကို လုဝယ်မိတာက အဲ့လောက်ထိကို သတ်ပစ်ချင်လောက်တဲ့အထိ ဖြစ်နေဖို့လိုအပ်လို့လား။
ထိုဖြစ်ရပ်မှာ ရှင်းမပြနိုင်လောက်သည်အထိ ဖြစ်နေခဲ့သည်။ မိသားစုကြီးတွေက သခင်လေးတွေက အဲ့သလို အစွန်းရောက်တာတွေပဲလား။
လီဟမ်ရှန်းမသိသည်က သူ့ဖခင်ဖြစ်သူ လီချန်ချင်းအား သတ်ဖြတ်ရန် လွှတ်လိုက်သော လူသတ်သမားချန်ဝမ်အန်းမှာ သူ့ဖခင်၏ ခြံဝင်းထဲတွင် အလုပ်လုပ်နေသော သွေးအရိပ်ဂိုဏ်းမှ ပညာရှင် ကျန့်ဖုကွမ်း၏ လက်ချက်နှင့် ချန်ထင်မြို့ပြင်တွင် ရက်ရက်စက်စက် အသတ်ခံခဲ့ရခြင်းကိုပင် ဖြစ်သည်။
ဆုရှန်းချီက သူ့ဖခင်အားသတ်ဖို့ကြိုးစားထားသည်ကိုသာ လီဟမ်ရှန်းသာ သိလျှင် ဆုရှန်းချီထက်ပြင်းထန်သော လူသတ်ငွေ့ကို လီဟမ်ရှန်းက ထုတ်လွှတ်ရုံတင်မက ဤနေရာတွင်ပင် အင်မော်တယ်သတ်ဖြတ်ခြင်းလှံနှင့် ဆုရှန်းချီ၏ ခေါင်းခွံပေါက်ထွက်အောင်ပင် ဆွဲထိုးလိမ့်မိမည် ဖြစ်သည်။
ဤနေရာတွင် သတ်ဖြတ်၍ မရလျှင်တောင်မှ ဆုရှန်းချီကို အရှေ့ပိုင်းဒေသမှ အသက်ရှင်ရက် ပြန်ထွက်သွားနိုင်စေလိမ့်မည် မဟုတ်ပေ။