← Chapters

အခန်း (၂၄၄)

Vol. 22 Ch. 244

အခန်း (၂၄၄)

Vol. 22 Ch. 244

ဆုကျန်းနှင့် ဆုရှန်းချီတို့က ထိုင်ချလိုက်ပါသည်။ သို့သော် ဆုရှန်းချီ၏ အကြည့်မှာ လီဟမ်ရှန်းထံမှ လုံးဝ မခွာခဲ့ပေ။

ဆုကျန်းကမူ ခံစားချက်မဲ့စွာ ရှိနေခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ လူအများစု၏ အာရုံမှာ သူ့အပေါ်တွင်သာ ရှိပါသည်။

မဟာသိုင်းဂိုဏ်းအဆင့်သို့ရောက်နေသည့် ကျင့်ကြံသူ..

သူတို့၏ဘဝတလျှောက်လုံးတွင် ထိုအဆင့်ကျင့်ကြံသူကို လုံးဝမမြင်ဖူးခဲ့ပါချေ။

“အားလုံးပဲ… လက်ဖက်ရည်ကြမ်းကို သုံးဆောင်ကြပါဦး”

ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်း၏ အကြီးအကဲတဦးဖြစ်သည့် ကျိုးထျဲနန်က လူတိုင်းကို ပြောလိုက်ပါသည်။

“ဒီလက်ဖက်ရည်ကြမ်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကနေ ဝယ်ယူလာတဲ့ သင်းပျံ့လက်ဖက်ရည်ကြမ်းပဲဖြစ်ပါတယ်။ အရှေ့ပိုင်းကုန်းမြေဒေသကြီးမှာ ဒီလက်ဖက်ရည်ကြမ်းက အရမ်းကို နာမည်ကြီးလှပါတယ်။ မြည်းစမ်းကြည့်ကြပါဦး”

“ကျုပ်က ဒီနာမည်ကို ကြားဖူးတယ်။ မှာရခက်တယ်တဲ့”

တယောက်ယောက်က ထပြောလိုက်သည်။

သင်းပျံ့လက်ဖက်ရည်ကြမ်းကို မှာယူနိုင်ဖို့ မပြောနှင့်၊ အသင့်စားစားသောက်ကုန်များပင်လျှင် လေးလခန့်စောင့်ဆိုင်းရလိမ့်မည် ဖြစ်သည်။ လီချန်ချင်းက ကုန်စည်များ၏ စီးဆင်းမှုလမ်းကြောင်းကို ကောင်းကောင်းထိန်းချုပ်ထားခဲ့ပါ၏။

သူတို့က တကြိမ်တည်းတွင် အများကြီး ရောင်းချနိုင်လိမ့်မည် မဟုတ်ပေ။

ယခုနည်းနှင့်ဆိုလျှင် ရောင်းချမှုမှာပို၍ပင် ကောင်းမွန်လှပါသေးသည်။

သူတို့သည် ကြိုတင်မှာယူထားသော ငွေလက်မှတ်များကို လက်ခံထားရလွန်းသောကြောင့် လက်များပင် ညောင်းနေခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် ကုန်းမြေလေးခုမှ မိသားစုများနှင့် ဂိုဏ်းကြီးများသည်၊ သူတို့က ချန်ချင်းကုန်သွယ်ရေးမှလာသော သင်းပျံ့လက်ဖက်ရည်ကြမ်းကို မြည်စမ်းရန်အတွက် အခွင့်အရေးရလာသည့်အခိုက်တွင် နာမည်ကြီးနေတာ ဘာကြောင့်များလဲဆိုတာကို သိချင်နေခဲ့သည်။

ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းမှ တပည့်များသည် ရေနွေးကရားထဲသို့ ရေများကိုလောင်းထည့်နေကြ၏။ လက်ဖက်ရည်ကြမ်းကို ဖျော်ရန် အသုံးပြုသောရေများမှာ ဝိဉာဉ်နှလုံးသားတောင်တန်းမှ ဝိဉာဉ်နှလုံးသားစိတ်ဝိဉာဉ်ရေကို အသုံးပြုနေကြခြင်းဖြစ်သည်။

ရေနွေးများလောင်းထည့်လိုက်သည့်အခါတွင်တော့ လက်ဖက်ခြောက်များ၏ ရနံ့မှာ အတွင်းဖက်မှာ အပြင်သို့ လျှံတက်ကာ ပျံ့နှံ့သင်းပျံ့လာခဲ့ပါသည်။

“တကယ့်ကို လက်ဖက်ခြောက်ကောင်းပဲ”

လူတိုင်းက ခေါင်းတငြိမ့်ငြိမ့်နှင့် ရှိနေခဲ့ကြသည်။ အနံ့ကို ရှုရှိုက်လိုက်ရုံနှင့်ပင် ထိုလက်ဖက်ရည်ကြမ်းက တကယ်ကို ကောင်းမွန်မည်ကို သူတို့ ခန့်မှန်းမိကြပါသည်။

ရှမူဟိုင်၏ တိုက်ရိုက်တပည့်ဖြစ်သော လီဟမ်ရှန်းကလည်း လူတိုင်း၏ အကြမ်းပန်းကန်ခွက်ထဲသို့ ရေနွေးများလိုက်ထည့်ပေးရလေသည်။

လီဟမ်ရှန်းက ဆုရှန်းချီအနားသို့ရောက်သည့်အခါတွင် သူက ဘာမှမပြောပဲ ရေနွေးသာလောင်းထည့်ပေးလိုက်ပါသည်။

အနီးသို့ရောက်လေလေ ဆုရှန်းချီ၏ သတ်ဖြတ်လိုစိတ်မှာပိုမို၍ ပြင်းထန်လာခဲ့ပါသည်။ ထို့ကြောင့် လီဟမ်ရှန်းမှာပိုမို၍ပင် သတိထားလာခဲ့ရတော့၏။ ထိုကောင်က သူ ရေနွေးထည့်နေသည့်အခိုက်တွင် ရုတ်တရက် ဓားနှင့်ထထိုးမည်ကို စိုးရိမ်နေခဲ့၏။

သူ့အားအရှင်လတ်လတ် ဝါးစားတော့မည့်မတက် ကြည့်နေသည့်အကြည့်ကိုမူ လီဟမ်ရှန်းက သောက်ဖက်ပြန်မလုပ်ပါချေ။

လီဟမ်ရှန်း၏ ထိုအပြုအမူကြောင့် ဆုရှန်းချီက ပိုမို၍ပင် ဒေါသူပုန်ထလာခဲ့လေသည်။ ချန်ဝမ်အန်းက မင်းရဲ့ ချန်ထင်မြို့မှာ သေသွားခဲ့တာ အဲ့ဒါကို မင်းက ဘာမှမသိတဲ့ပုံစံလုပ်နေသေးတယ်။ တော်တော်လေးကို စက်ဆုပ်ဖို့ကောင်းတဲ့မိစ္ဆာကောင်…

ဆုရှန်းချီက သူ၏ဒေါသကို ထိန်းချုပ်မထားနိုင်ခဲ့တော့ပေ။

သူ့အရှေ့တွင် ရှိသော ရေနွေးကရားကို ကြည့်ရင်းနှင့် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ဖြစ်ပျက်ခဲ့သည်များက သူ့ခေါင်းထဲတွင် ရုပ်ရှင်ပြလိုက်သလို အစီအရီမြင်လာခဲ့သောကြောင့် ဆုရှန်းချီမှာ ရေနွေးကရားကို ဒေါသတကြီးနှင့် ကိုင်လိုက်ကာ မြေပြင်ပေါ်သို့ ဖောက်ခွဲချလိုက်ပါသည်။

ခွမ်းး

အက်ကွဲသံတသံထွက်ပေါ်လာသည်။

ရေနွေးအိုးမှာ မြေပြင်ပေါ်သို့ အစိတ်စိတ်အမြွာမြွာနှင့် ကျကွဲသွားခဲ့သည်။

“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လက်ဖက်ရည်ကြမ်းကို ကျုပ်မသောက်နိုင်ဘူး”

ဆုရှန်းချီက ဒေါသတကြီးနှင့်ဆိုလိုက်သည်။

ထို ပြောဆိုမှုမှာ ရှိနေကြသူတိုင်းကို နားမလည်နိုင်ဖြစ်သွားစေခဲ့ပါသည်။

ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်း၏ ပိုင်နက်အတွင်းတွင် ဖြစ်ရုံသာမက ဂုဏ်ပြုပွဲနေ့တွင် လက်ဖက်ရည်အိုးကို ရိုက်ခွဲသော လုပ်ရပ်…

ဆုမိသားစုက အတော်လေးကို ရဲတင်းလွန်းနေတယ်မဟုတ်ဘူးလား။

ဂုဏ်ပြုပွဲနေ့တွင် ထိုလုပ်ရပ်ကို ပြုလုပ်လိုက်ခြင်းသည် လူအများရှေ့တွင် ထိုကောင်လေးက ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းကို မျက်နှာဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်ပါလား။

လီဟမ်ရှန်း၏ မျက်နှာမှာလည်း အေးစက်သွားခဲ့သည်။

ထိုဆုမြေးအဖိုးမှာ ပြသနာရှာရန်ရောက်လာသည်မှာ မှန်သည့်တိုင် ထိုမျှ လျင်မြန်စွာ ပြသနာရှာမည်ဟု သူမထင်ခဲမိလိုက်ပေ။

ဆုရှန်းချီ၏ အပြုအမူက ဆိုးရွားသွားခဲ့သည်တိုင် နံဘေးရှိ ဆုကျန်းက ဘာတခွန်းမှ ဝင်မပြောပေ။ အခြေအနေကို ပြေရာပြေကြောင်းပြောဖို့ကို နံဘေးချိတ်ထားဦး။ ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းကိုပင် သူ့မျက်စိထဲ မထည့်ထားသည့် မျက်နှာထားအမူအရာ ရှိလေသည်။

“ဆုမိသားစုက မိတ်ဆွေလေးက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ အကြမ်းရည်ကို သဘောမကျမှတော့ သူ့အတွက် မတူညီတဲ့ လက်ဖက်ရည်ကြမ်းကို ပြင်ဆင်ပေးရတာပေါ့”

ကျိုးထျဲနန်က ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။

သူက ဆုမိသားစုက ပြသနာလာရှာသည်ကို သိသည့်တိုင် ကုန်းမြေတိုက်လေးခု၏ မိသားစုများအရှေ့တွင် မျက်နှာမပျက်ချင်သောကြောင့် အခမ်းအနားကို အရုပ်မဆိုးစေရန် ထိန်းသိမ်းနေရခြင်းပင် ဖြစ်သည်။ ဧည့်သည်များပြန်သွားပြီးမှသာ ဆုမိသားစုနှင့် ထိုကိစ္စကို ရှင်းပစ်ရမည် ဖြစ်၏။

“ကြည့်ကြစမ်း”

ထိုအခိုက်တွင် အထိတ်တလန့်နှင့် အော်ဟစ်သံတခုထွက်ပေါ်လာခဲ့သည်။ ဧည့်သည်တစ်ယောက်က ထရပ်လိုက်ပြီး ကြောက်လန့်တကြားနှင့် မြေပြင်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

လူတိုင်း၏ အကြည့်မှာ ထိုသူ၏ လက်ညှိုးညွှန်ရာသို့ ရောက်ရှိသွားချိန်၌ ယင်းမှာ ဆုရှန်းချီ ဖောက်ခွဲလိုက်သော ရေနွေးကရားအိုးဖြစ်နေခဲ့သည်။ လက်ဖက်ရည်ကြမ်းများမှာ မြေပြင်ပေါ်သို့ စိမ့်နေခဲ့ပြီး အနက်ရောင်မီးခိုးများမှာ လက်ဖက်ရည်ကြမ်းများမှ ထွက်နေခဲ့ပါသည်။

ယင်းတွင် ပြင်းထန်သော တိုက်စားမှုအဆိပ်ပါရှိနေသည့်ပုံစံပင်။

ထိုဖြစ်ရပ်ကြောင့် လူတိုင်း၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကုန်တော့သည်။

ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းမှ လူများ၏ မျက်နှာအမူအရာပင် လွန်စွာမှကို ထိတ်လန့်သွားခဲ့ပါသည်။

လက်ဖက်ရည်ကြမ်းထဲမှာ အဆိပ်ခပ်ထားတာလား

ရှမူဟိုင်က ဒေါသတကြီးနှင့် မတ်တပ်ထရပ်ကာ သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက်တွင် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဖောက်ခွဲချလိုက်၏။

တခဏအကြာတွင် အနက်ရောင်မီးခိုးများမှာ ရေနွေးကြမ်းမှ ထွက်လာခဲ့သည်။

လက်ဖက်ရည်ကြမ်းတွင် တကယ်ပဲ အဆိပ်ရှိနေခဲ့ပါ၏။

ထိုဖြစ်ရပ်ကြောင့် အားလုံးက တုန်လှုပ်သွားခဲ့၏။ သူတို့အရှေ့ရှိ ရေနွေးကရားထဲရှိ လက်ဖက်ရည်ကြမ်းများမှာ အဆိပ်ရှိနေခဲ့သည်။

ဆုကျန်းပင်လျှင် မျက်ခုံးတဖက်မြင့်တင်လိုက်သည်။ သူက ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းသို့ လာပြီး ပြသနာရှာသည်မှာ မှန်သော်လည်း သူက ပြသနာရှာရန် အကြောင်းပြချက်ကို မဖန်တီးရခင်မှာပင် ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းမှ ယခုလို အခွင့်အရေးကို ဖန်တီးပေးလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပါချေ။

“တယောက်ယောက်က အဆိပ်ခပ်ထားတယ်”

လေထုမှာ ချက်ချင်းကို တင်းကြပ်လာခဲ့သည်။

အခြေအနေများမှာ ထိုကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု လီဟမ်ရှန်းက မထင်ထားခဲ့ပေ။

“လီဟမ်ရှန်း… မင်းက ငါ့ကို အဆိပ်ခပ်ပြီး လုပ်ကြံချင်တာလား”

ထိုအခိုက်တွင် ဆုရှန်းချီက ဒေါသတကြီးနှင့် ထရပ်ကာ လီဟမ်ရှန်းကို လက်ညှိုငေါက်ငေါက်ထိုးကာ စွပ်စွဲလိုက်ပါသည်။

“မင်း အဆိပ်ခပ်တာ”

“မင်း ဦးနှောက်ကို ခွေးစားသွားတာလား”

လီဟမ်ရှန်းက ဒေါသထွက်စွာ ဆိုလိုက်ပါသည်။

“အားလုံးပဲ မကြောက်ကြပါနဲ့”

ကျိုးထျဲနန်က အခြေအနေကို ဝင်ထိန်းသည်။

“အားလုံးပဲ… ဒီနေ့ရဲ့ အခမ်းအနားကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့။ ကျုပ်တို့ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းက ဒီအဖြစ်အပျက်ကို သေချာစုံစမ်းပြီးတော့ ခိုင်မာတဲ့ အကြောင်းပြချက်တခုကို ပြန်ပေးပါ့မယ်”

“အကြောင်းပြချက်ပေးမယ် ဟုတ်လား”

ထိုအခိုက် အကွက်တွေ့သွားသော ဆုကျန်းက လှောင်ရယ်လျက် ဝင်ပြောလိုက်သည်။

“မင်းတို့ ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းက လူတိုင်းကို သေစေချင်လို့ အဆိပ်ခပ်တာလေ။ ဒီက ရောင်းရင်းတွေအားလုံးကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာပဲ။ ဘာကို ထပ်ရှင်းပြဖို့ လိုနေသေးတာလဲ”

“ဒါက တစ္ဆေမျိုးနွယ်တွေရဲ့ ဝိဉာဉ်စုပ်မြက်ရဲ့ အနှစ်နဲ့ ဖော်ထားတဲ့အဆိပ်ပဲ”

ထိုအခိုက်တွင် လီကျင်စုန့်က အရှေ့သို့ ထွက်လာပြီး ခွက်ထဲရှိ ကျန်သေးသော လက်ဖက်ရည်ကြမ်းများကို ကြည့်ကာ ပြောလိုက်သည်။

“ကျုပ်တို့ ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းမှာ ဒီလိုမျိုး အဆိပ်က ရှိမနေဘူး”

“အဲ့ဒီ့အဆိပ်က ဝယ်ဖို့အတွက် ခက်ခဲတယ်လို့များထင်နေတာလား” ဆုကျန်းက အေးစက်စွာနှင့် ပြောလိုက်ပါသည်။

“ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းက အရင်တုန်းကလည်း အဆိပ်သုံးပြီး မညစ်ပတ်ဖူးတာကျနေတာပဲ”

ဆုမိသားစုနှင့် ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းတို့အကြားရှိ လေထုမှာ လေးလံကာ အန္တရာယ်ရှိသည့်အနေအထားသို့ ပြောင်းလဲလာပြီဖြစ်သောကြောင့် ကျန်ရှိနေသည့် သာမန်မိသားစုများမှာ အသက်ပင်ရဲရဲမရှုရဲကြတော့ပေ။

အင်မော်တယ်နှစ်ပါး၏ တိုက်ခိုက်မှုအကြားတွင် သူတို့လို သေမျိုးများက ဘာကြောင့် ဝင်ပါရမှာလဲ။

အခုလိုမျိုးအချိန်မှာ ထပြန်ဖို့ရခက်၊ ထိုင်နေဖို့ကလည်း ခက် ဖြစ်နေတာတော့ အမှန်ပဲ မဟုတ်ဘူးလား။

“စီနီယာဆု၊ ခင်ဗျားရဲ့ စကားတွေက စည်းကျော်လာပြီ”

ကျိုးထျဲနန်က အေးစက်စွာဖြင့် ပြန်တုန့်ပြန်လိုက်သည်။

“ငါပြောတာမှားလို့လား”

ဆုကျန်းက ရွှယ်ချမ်းပိုင်ကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။ သူက ရွှယ်ချမ်းပိုင်၏ ဓားအရှိန်အဝါများထွက်ပေါ်နေသည့် မျက်ဝန်းအစုံကို ထွင်းဖောက်လုမတက် စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ချင်းရွှယ်အာဏာဓားအရှင်၊ ကျုပ်တို့ ဆုမိသားစုကို ခင်ဗျားပေးရမယ့် သွေးကြွေးနှစ်ခုကို ကျုပ်မေ့နေပြီလို့ မထင်နဲ့။ ဒီနေ့ ကျုပ်က ရှေးဟောင်းတာအိုတောင်တန်ဂိုဏ်းကို လာတာက အဲ့ဒီ့အကြွေးကို ပြန်ယူမလို့ပဲ။ မမျှော်လင့်ထားမိဘူး။ ခင်ဗျားက ကျုပ်တို့ကို အဆိပ်ခပ်သတ်ဖို့ စီစဉ်နေခဲ့တာပဲ။ ကျုပ်တို့ကို သတ်ရတဲ့ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“အဆိပ်ခပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိကျတဲ့ အဖြေတခုကို ကျုပ်တို့ဘက်ကနေ ပြန်ပေးမယ်” ရွှယ်ချမ်းပိုင်က ဆုကျန်းကို ကြည့်ရင်းပြောလိုက်သည်။

“ခင်ဗျားတို့ ဆုမိသားစုက အသက်နှစ်ချောင်းအတွက်ကတော့… ကျုပ်ဆီကနေ ဘယ်လိုဖြေရှင်းချက်မျိုးကို ခင်ဗျား ကြားချင်တာလဲ”

“ငါနဲ့အတူတူ ဆုမိသားစုကို ပြန်လိုက်ခဲ့။ အဲ့အချိန်ကျရင် အားလုံးရှင်းလင်းသွားစေရမယ်” ဆုကျန်းက ပြော၏။

“ကျုပ်က ငြင်းရင်ကော”

ရွှယ်ချမ်းပိုင်က အမှုမထားသလိုပြောလိုက်သည်။ သူက လက်ဖက်ရည်သောက်ရန်ခွက်ကို ယူလိုက်ပြီးမှ အဆိပ်ခပ်ထားသည်ကို သတိရသောကြောင့် ပြန်ချလိုက်ရသည်။

ရွှယ်ချမ်းပိုင်နှင့် ဆုကျန်းတို့ စကားအခြေအတင်ဖြစ်နေစဉ်မှာပင် လီဟမ်ရှန်းနှင့် ကျန်သူများမှာ ဝင်ရောက်စွက်ဖက်ရန်အတွက် စိတ်ကူးမရှိနေပါချေ။ အဆိပ်မှာ တစ္ဆေမျိုးနွယ်ထံမှဟု သိပြီးကတည်းက ယနေ့အဖြစ်အပျက်၏ နောက်ကွယ်မှ တရားခံမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းဖြစ်သည်မှာ သေချာသွားချေပြီ။

All Chapters