အခန်း (၂၄၅)
Vol. 22 Ch. 245
လင်ရှင်းစမ်းချောင်းသို့ လီကျင်းစုန့်က စစ်ဆေးမှုပြုလုပ်နေပါသည်။
ကျန်သောသူများမှာ အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ပြီး သံသယဖြစ်ဖွယ်ရာလူများကို ပိုက်စိပ်တိုက်ကာ ရှာဖွေနေကြသည်။
“ခန်းမသခင်လီ… လင်ရှင်းစမ်းချောင်းက အဆိပ်ခပ်ခံထားရတာလား”
လီဟမ်ရှန်းက အနားသို့လာကာ မေးလိုက်သည်။
လီကျင်းစုန့်က လင်ရှင်းစမ်းချောင်းထဲမှ ရေနည်းနည်းကို ခပ်ကာ အနံ့ခံကြည့်လိုက်သည်။ ထို့နောက်မှ ခေါင်းခါယမ်းလိုက်ပြီး
“လင်ရှင်းစမ်းချောင်းကို ဘယ်သူမှ အဆိပ်မခပ်ထားဘူး”
ထိုကဲ့သို့ပြောဆိုပြီးသည့်နောက်တွင် သူက ရေအနည်းငယ်ကို မြေပြင်ပေါ်သို့ သွန်ပြလိုက်သည်။ ရေများမှာ ကြည်လင်နေခဲ့ပြီး မျှော်လင့်ထားသလိုမျိုး အနက်ရောင်မီးခိုးများ ထွက်မလာခဲ့ပါချေ။
“အဆိပ်က လက်ဖက်ခြောက်ရွက်တွေပေါ်မှာ ခပ်ထားတာပဲ ဖြစ်လိမ့်မယ်”
လီကျင်းစုန့်က လုံးဝကိုသေချာနေသည့် မျက်နှာထားအမူအရာနှင် ပြောလိုက်ပါသည်။
“လက်ဖက်ခြောက်ရွက်ပေါ်မှာတဲ့လား” လီဟမ်ရှန်း၏ မျက်နှာအမူအရာက ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါတော့သည်။
လက်ဖက်ခြောက်ရွက်တွေကို အဆိပ်ခပ်ထားတာတဲ့
ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ။
ထိုလက်ဖက်ခြောက်ရွက်များကို သူကိုယ်တိုင်ပင်လျှင် သွားရောက်ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ထိုလက်ဖက်ရွက်များကို အဆိပ်ခပ်စရာအကြောင်းတော့ မရှိပါချေ။ ဖြစ်နိုင်တာက သူတို့ လက်ဖက်ခြောက်များကို ဝယ်ယူပြီး ဂိုဏ်းကို ပြန်လာတဲ့အချိန် သိုလှောင်ခန်းထဲမှာ သိမ်းထားတုန်းက ဖြစ်သွားခဲ့တာများလား။
အဲ့ဒါဆိုရင် သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တွေက သံသယဝင်စရာ လူတွေ မဖြစ်သွားဘူးလား
ထာဝရရှင်သန်ခြင်းဂိုဏ်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၌ သူလျိုထည့်သွင်းထားခြင်းကို လီဟမ်ရှန်းက သိပါသည်။
အဲ့ဒီ့လူက ဘယ်သူများလဲ
ယခုအချိန်တွင် လင်ရှင်းတောင်ပေါ်ရှိ လေထုမှာ တော်တော်လေးကို လေးလံနေခဲ့ချေပြီ။ တောင်ထိပ်သခင်၃၆ပါးစလုံးက ဆုကျန်းကို စိုက်ကြည့်နေကြသည်။ ရွှယ်ချမ်းပိုင်ကမူ ဆုကျန်းကိုအေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့၏။
အခြေအနေအရ သူတို့နှစ်ယောက်အကြားတိုက်ပွဲမှာ အချိန်မရွေးပင် ဖြစ်သွားနိုင်ခြေရှိသည်။
“ချင်းရွှယ်အာဏာဓါးအရှင်က တိုက်ခိုက်ချင်တယ်ဆိုမှတော့ ကျုပ်ဆုကျန်းကလည်း ချင်းရွှယ်အာဏာဓါးအရှင်က ဘယ်လောက်အထိ စွမ်းအားကြီးလဲဆိုတာကို စမ်းကြည့်ပြီး အဖော်ပြုပေးရတာပေါ့” ဆုကျန်းက မခိုးမခန့်ပြုံးရင်း ဆိုလိုက်သည်။
ထိုစကားကိုပြောပြီးနောက်တွင် ဆုကျန်းက ခြေတလှမ်းတိုးလိုက်ပါသည်။
ထိုခြေတလှမ်းနှင့်ပင် ရောက်ရှိနေကြသည့် စွမ်းအားရှင်များ၏ မျက်နှာအမူအရာကို ချက်ချင်းပင် ပြောင်းလဲသွားစေခဲ့ပါသည်။
ထိုခြေလှမ်းက အချိန်နှင့် လေဟာနယ်ကို ကျော်ဖြတ်လာသည့်ခြေလှမ်းနှင့် တူညီလေ၏။
ဆုကျန်းက ထိုခြေလှမ်းကို လှမ်းလိုက်သည့်အချိန်တွင် လောကကြီးတခုလုံးက မှောင်မိုက်သွားပြီး သူတို့၌ ခုခံနိုင်စွမ်းကင်းမဲ့သွားသည်ဟု လူတိုင်းက ခံစားလိုက်ကြရသည်။
ထိုစွမ်းအားမှာ သူတို့နားလည်နိုင်သည်များထက်ကို ကျော်လွန်နေခဲ့ချေပြီ။
ယခုအချိန်တွင် သူတို့က ဆုကျန်းနှင့်ယှဉ်လျှင် ပုရွက်ဆိတ်တကောင်အလားပင် ခံစားနေခဲ့ရတော့၏။ ဒါက မဟာသိုင်းဂိုဏ်းအဆင့်တယောက်ရဲ့ စွမ်းအားလား။
“ခင်ဗျားက စမ်းကြည့်ချင်ရင် စမ်းကြည့်လိုက်လေ”
ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားမှာလည်း ဓားအိမ်ထဲမှ ဆွဲထုတ်လုဆဲဆဲပင်။ မဟာသိုင်းဂိုဏ်းအဆင့်နှင့် ရင်ဆိုင်ရသည့်အချိန်မှာပင် ရွှယ်ချမ်းပိုင်မှာ အကြောက်တရားကင်းမဲ့နေဆဲပင်။
သို့သော် ထိုအခိုက်မှာပင် ရုတ်တရက် ဆုကျန်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီးနောက် စိုးရိမ်ပူပန်သောအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။
ကောင်းကင်ထက်ရှိလေဟာနယ်မှာ စုတ်ပြဲသွားပြီး ရွှေရောင်အလင်းတန်းတခုမှာ ကြိုတင်သတိပေးထားခြင်းမရှိပဲ ရုတ်ခြည်းကို ကျဆင်းလာခဲ့ပါသည်။
ထိုရွှေအလင်းတန်းမှာ မြေပြင်ပေါ်သို့ ကျယ်လောင်သောတုန်ခါမှု အသံလှိုင်းနှင့်အတူတူ ကျလာခဲ့၏။
ပြင်းထန်ကာ ကြောက်ရွံ့ဖွယ်ကောင်းသော အရှိန်အဝါတရပ်က ချက်ချင်းထွက်ပေါ်လာပြီး ရှေ့သို့ ခြေလှမ်းထားသော ဆုကျန်းအား အတင်းအကြပ်ပင် ဖိအားပေးပြီး နောက်သို့ ချက်ချင်း ခြေလှမ်းပြန်ဆုတ်သွားစေခဲ့၏။
သို့သော် ထိုအားလှိုင်းက ရောက်နေကြသော မိသားစုများအပေါ်ကိုမူ နွေးထွေးသော လေပြေလေညှင်က ဖြတ်တိုက်သွားသည့်အလားပင်။
ထိုဖြစ်ရပ်ကြောင့် လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပြန်သည်။
ဒီနေ့က ထိတ်လန့်စရာတွေ တော်တော်များနေတော့တာပဲ။
ရွှေအလင်းတန်းကျဆင်းရာနေရာတွင် တွင်းနက်ကြီးဖြစ်သွားခဲ့ပြီး ရွှေတောင်ဝှေးတခုက စိုက်ဝင်နေခဲ့ပါသည်။
ထိုရွှေတောင်ဝှေးမှာ တဆတ်ဆတ်တုန်ရီနေပြီး နားကျိန်းစေမည့်အသံတသံမှာလည်း ရွှေတောင်ဝှေးထံမှ ထွက်ပေါ်နေခဲ့ပါသည်။
“ကောင်းကင်ပြောင်းလဲ ရွှေတုတ်တံ”
ထိုလက်နက်ကို မြင်သည့်အခါတွင် ဆုကျန်း၏ သူငယ်အိမ်များမှာ ပြူးကျယ်သွားခဲ့၏။
နတ်ဘုရားလက်နက် အဆင့်တစ်ဆယ်တွင်ရှိသော ကောင်းကင်ပြောင်းလဲ ရွှေတုတ်တံ…
“လောရှောင်ချွမ်… ခင်ဗျားက ဘယ်တုန်းကတည်းက အခုလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့ အကွက်တွေ ထုတ်သုံးတတ်နေတာလဲ” ဆုကျန်းက ပတ်ဝန်းကျင်ကို သူ၏ စိတ်အာရုံနှင့် ဖုံးလွှမ်းကာ လှည့်ကြည့်ပြီး လှောင်ပြောင်လိုက်၏။
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရှက်လွန်းလို့ သူ့မျက်နှာကို ထုတ်ပြရမှာကိုတောင် ကြောက်နေတာလား”