ကောင်းကင်၀ါးမျိုဖားပြုပ်
Vol. 1 Ch. 3
လက်ရှိ ခေတ်ကာလ ဖြစ်သည့် သက္ကရာဇ် ၄၃၅၆ ခုနှစ်တွင် ပုံရိပ်ယောင် နည်းပညာက အလွန်အမင်း တိုးတက်လာပြီး အဓိက အထက်တန်းကျောင်း အားလုံးတွင်ပါ အသုံးပြုလာကြသည်။
တစ်ချိန်တည်းမှာပင် သာမန် အခြေခံ တည်ဆောက်ခြင်း အထက်တန်းကျောင်းများကလည်း စာမေးပွဲများတွင် အကဲဖြတ်ရန် အတွက် ပုံရိပ်ယောင် စက်ပစ္စည်းကို မရှိမဖြစ် လိုအပ်လာကြ၏။
ဝိညာဉ်စွမ်းအင် အာရုံခံကိရိယာများဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော ပုံရိပ်ယောင် စက်ပစ္စည်းများက သုံးစွဲသူများ၏ ဝိညာဥ် စွမ်းအင် ဆိုင်ရာ အချက်အလက် အမျိုးအစား အားလုံးကို စနစ်ထဲသို့ ပြည့်စုံစွာ ထည့်သွင်းပြီး ပုံရိပ်ယောင် ပတ်ဝန်းကျင်တွင် ပြန်လည် ထင်ဟပ်စေသည်။
သာမန် အထက်တန်းကျောင်းများတွင် အသုံးပြုသော ပုံရိပ်ယောင် စက်ပစ္စည်းကပင် ထိုမျှ အဆင့်မြင့်နေလျှင်အချက်အချာ ကျသော မြို့များ၏ အထက်တန်းများတွင် အသုံးပြုသော ပုံရိပ်ယောင် စက်ပစ္စည်းများက ပို၍အဆင့်မြင့်နေမည်မှာ သေချာသလောက်ပင်။
ပုံရိပ်ယောင် နည်းပညာက ကျင့်ကြံခြင်း အစီအရင်များနှင့် သုံးဖက်မြင် မြင်ကွင်းများကို ပေါင်းစပ်ကာ အချိန်နှင့် နေရာကို ချက်ချင်း ပြောင်းလဲပစ်နိုင်ပြီး တကယ့် ပတ်ဝန်းကျင်မှ နာကျင်သော ခံစားချက်များကို အခက်အခဲမရှိ ကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး ပေးထားခြင်းမျိုး ဖြစ်သည်။
သို့ရာတွင် ဝမ်လင်းကမူ ဤအရာအားလုံးကို လျစ်လျူရှုခဲ့၏။
ပုံရိပ်ယောင်နည်းပညာက မည်မျှပင် အဆင့်မြင့်ပါစေ.. ၎င်းက အခြေခံ တည်ဆောက်ခြင်း အဆင့် အတွက် ကျင့်ကြံခြင်း နှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင် အတုအယောင် တစ်ခု အဖြစ်သာ အသုံးဝင်ပေသည်။
ဝမ်လင်းက မတ်မတ်ရပ်၍ သူ၏ဗိုက်အား မကောင်းဆိုးဝါး ဘုရင်ကို လက်သီးဖြင့် ထိုးခိုင်းလျှင်ပင် နာကျင်မှု အနည်းငယ်မျှကို ခံစားရမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက သူတော်စင် ခန္ဓာကိုယ်ကို ကြာမြင့်စွာ ကတည်းက ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။
ထိုအချိန်က ဝမ်လင်းမှာ ကိုးနှစ်အရွယ်သာ ရှိသေးသည်။
ယခုလက်ရှိတွင် ဝမ်လင်းအတွက် အလေးအနက် ထားနေရသော ပြဿနာက သူ၏စွမ်းအားကို စနစ်တကျ ထိန်းချုပ်ရန် ဖြစ်၏။
သို့မဟုတ်လျှင် သူ၏ သာမန်ထက် လွန်ကဲသော စွမ်းအား စက်ကွင်းက နယ်ပယ်ခြင်း ကွာခြားချက်ကြောင့် ပုံရိပ်ယောင် မျက်မှန်များကို အနှောင့်အယှက်ပေးနိုင်ပြီး ပုံရိပ်ယောင် စနစ်ကိုပါ ပျက်စီးစေနိုင်သည်။
နေရာချထားရေး စာမေးပွဲတွင် သူ၏ စွမ်းအားကို ထိန်းသိမ်းရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် အိမ်ထဲ၌ အပြင်းအထန် လေ့ကျင့်ရင်း ရာနှင့်ချီသော ပုံရိပ်ယောင် မျက်မှန်များကို ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်၏။
ယင်းအချိန်တွင် စုရုံက ပုံရိပ်ယောင် မျက်မှန်အား တပ်ဆင်ပြီး သတ်မှတ်ထားသည့် အခန်းထဲသို့ ဝင်သွားခဲ့သည်။
သူမ ဝင်သွားသည်နှင့် တပြိုင်နက် ပုံရိပ်ယောင် စက်ပစ္စည်းနှင့် ဆက်သွယ်ထားသော တယ်လီဗေးရှင်း ဖန်သားပြင် ပေါ်တွင် သူမ၏ လှုပ်ရှားမှုများကို ရုပ်ရှင်တစ်ခု အလား ရှင်းရှင်းလင်းလင်း ပြသနေ၏။
ပုံရိပ်ယောင် လောကထဲတွင်မူ စုရုံက ပုံရိပ်ယောင် စက်ပစ္စည်းကနေ ဖန်တီးထားသည့် ဧရာမ အရွယ်အစားရှိ မကောင်းဆိုးဝါး ဖားပြုပ်ကြီး တစ်ကောင်နှင့် ရင်ဆိုင်နေရသည်။
လွန်ခဲ့သည့် ၆နှစ်က "ကောင်းကင်ဝါးမျိုဖားပြုပ်" ဟု အမည်ရသည့် မကောင်းဆိုးဝါး ဘုရင်တစ်ပါး သောင်းကျန်းခဲ့၏။
ထိုနှစ်မှာပင် ခြောက်ဆယ် အထက်တန်းကျောင်း၏ ဘွဲ့ရ တစ်ဦး ဖြစ်သည့် ကျိုးရီက မကောင်းဆိုးဝါးဘုရင်ကို အနိုင်ယူခဲ့သည်။
ခြောက်ဆယ် အထက်တန်းကျောင်း စတင် တည်ထောင်ချိန် ကတည်းက စ၍ နှစ်ထောင်ပေါင်းများစွာ အတွင်း ကျိုးရီက ကျောင်းမှ မြေတောင် မြှောက်ပေးသူများ ထဲတွင် ပါရမီ အရှိဆုံး ဖြစ်၏။
ဆင်းရဲနွမ်းပါးသော နောက်ခံမှ ဆင်းသက် လာသော်လည်း ထက်မြက်သော အရည်အချင်းကောင်းများကို ပြသနိုင်ခဲ့သည်။
သူငယ်စဥ်အခါက ခြောက်ဆယ် အထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ တပည့်အဖြစ် သူ့ကို အသိအမှတ်မပြုခင် တစ်ချက် အကဲခတ်ရုံမျှဖြင့် ကျောင်းသို့ တိုက်ရိုက် ဝင်ခွင့်ပြုခဲ့သည်။
ကျိုးရီက ဘွဲ့ရသည့်နှစ်တွင် အသက်၁၈နှစ်သာ ရှိသေးသော်လည်း ရွှေအမြူတေ အဆင့်တွင် ပြိုင်ဘက်ကင်း သခင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ဒီနောက်တွင် ကျိုးရီက ကျင့်ကြံခြင်း ကျောင်းပေါင်း တစ်ရာ၏ အထွေထွေ စီမံခန့်ခွဲရေးပိုင်းကို ဝင်ရောက်ခဲ့ပြီး လက်ထောက် ဒါရိုက်တာ အဆင့်ထိ ဖြစ်လာခဲ့သလို သမိုင်းတစ်လျောက် အငယ်ဆုံး ဒါရိုက်တာလည်း ဖြစ်လာ၏။
သို့ရာတွင် ကျိုးရီမှာ ထိုအချိန်က နယ်မြေငယ်လေးတွင်သာ လူသိများခဲ့သည်။
သူ့ကို အမှန်တကယ် နာမည်ရစေခဲ့သည်မှာ လွန်ခဲ့သည့် ၆နှစ်က "မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း" ဖြစ်စဥ် အတွင်း သူ၏ ပြောင်မြောက်သော စွမ်းဆောင်မှုကြောင့် ဖြစ်၏။
ကောင်းကင်ဝါးမျို ဖားပြုပ်က မြို့တော်အတွင်း ဝရုန်းသုန်းကား သောင်းကျန်းနေသော အချိန်တွင် ကျိုးရီက လက်ချောင်းမှ ချီကို ထုတ်လွှတ်ကာ လီတစ်ထောင် အကွာအဝေးမှ ကောင်းကင်ဝါးမျို ဖားပြုတ်ကို လေထဲကနေ တစ်ချက်တည်း သတ်ဖြတ်ခဲ့သည်။
ထိုတိုက်ပွဲအပြီးတွင် ကျိုးရီဟူသည့် နာမည်ကို ကမ္ဘာက သိလာခဲ့သည်။
ယင်းအချိန်မှစ၍ အမှတ်၆၀ အထက်တန်းကျောင်းက ၎င်းတို့၏ အကဲဖြတ် စာမေးပွဲတွင် ကျိုးရီကို ဂုဏ်ပြုသော အားဖြင့် "ကောင်းကင်ဝါးမျို ဖားပြုပ်"ကို တိုက်ရိုက် ထည့်သွင်း၍ အသုံးပြုခဲ့သလို အခြား တစ်ဖက်တွင်လည်း ကျောင်းသူ ကျောင်းသားများက ကျိုးရီကို စံပြပုဂ္ဂိုလ်အဖြစ် ရှုမြင်လာကြသည်။
ရလာဒ်အနေဖြင့် အမှတ်၆၀ အထက်တန်းကျောင်း၏ နေရာချထားရေး စာမေးပွဲတိုင်း လိုလိုတွင် ကောင်းကင်ဝါးမျို ဖားပြုပ်ကို ပင်တိုင်အဖြစ် တွေ့လာရသောကြောင့် ကျောင်းသားများက ထိုစာမေးပွဲကို "ဖားပြုပ်မကောင်းဆိုးဝါး၏ စစ်ဆေးခြင်း"ဟုပင် နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြ၏။
"ငါသိရသလောက်တော့ စနစ်ကို ပြန်လည် မွမ်းမံလို့ အပြီးမှာ ဖားပြုပ် မကောင်းဆိုးဝါး စစ်ဆေးခြင်းကိုလည်း ထပ်ပြီး အဆင့်မြှင့်လိုက်တယ် ဆိုပဲ"
"အင်း.. ကျိုးရီက ကောင်းကင်ဝါးမျို ဖားပြုပ်ကို သတ်လိုက်ပြီးနောက်မှာ ကျောင်းက ကောင်းကင်ဝါးမျို ဖားပြုပ်ရဲ့ မူလဝိညာဥ်ကို ပိုင်ဆိုင်ထားခဲ့တယ်.. ကံမကောင်းစွာနဲ့ပဲ အဲ့ဒီအချိန်က ကျောင်းရဲ့ အသုံးအဆောင် ပစ္စည်းတွေက သူ့ရဲ့ဝိညာဥ်ကို ပုံရိပ်ယောင်စနစ်ထဲ အပြည့်အဝ မပို့နိုင်ခဲ့ဘူး"
"အခုစနစ်ကို ပြန်လည် မွမ်းမံပြီးတဲ့ နောက်မှာတော့ ပြီးပြည့်စုံစွာ စစ်ဆေးနိုင်ဖို့ အတွက် စနစ်ရဲ့ဗဟို အချက်အလက်တွေထဲမှာ ကောင်းကင်ဝါးမျို ဖားပြုပ်ရဲ့ ဝိညာဥ်ကို ထည့်သွင်းလို့ ရသွားခဲ့ပြီ"
စွန်းရုံ အရှေ့ရှိ ဧရာမအစိမ်းရောင် သတ္တဝါကြီးကို ကြည့်ရင်း စာမေးပွဲ ကြီးကြပ်သူ တစ်ဦးက မျက်မှောင်ကြုတ်လိုက်ပြီး
"စွန်းရုံလေးက ဒီသတ္တဝါကို ကိုင်တွယ်ရခက်မှာ ငါစိုးရိမ်မိတယ်"
ကျောင်းတော်အနေဖြင့် စာမေးပွဲကို ကောင်းကင်ဝါးမျို ဖားပြုပ်ဖြင့် စစ်ဆေး အကဲဖြတ်ရန် သတ်မှတ်ခဲ့သော်လည်း စနစ်၏ ဗဟိုချက်က လက်တွေ့ ပတ်ဝန်းကျင်ကို အတုယူနိုင်ရန် ကောင်းကင်ဝါးမျို ဖားပြုပ်၏ အချက်အလက်များ အပေါ် အခြေခံထားဆဲ ဖြစ်သောကြောင့် စာမေးပွဲက ယခင်နှစ်နှင့် နှိုင်းယှဥ်လျှင် ပိုမိုခက်ခဲနေသည်။
လက်ရှိတွင် ကောင်းကင်ဝါးမျို ဖားပြုပ်က အခြေခံတည်ဆောက်ခြင်း အလယ်အလတ် အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။
စုရုံသာ ကောင်းကင်ဝါးမျို ဖားပြုတ်၏ အားနည်းချက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခြင်း မရှိလျှင် စမ်းသပ်မှု ရလဒ်က သူမ အတွက် ကျေနပ်ဖွယ်ရာ ရှိမည် မရှိပေ။
ဖန်သားပြင်ကို ကြည့်ရင်း ဝမ်လင်းက အပီအပြင် သန်းဝေ နေသော အချိန်တွင် လူတိုင်း၏ မျက်လုံးများက စုရုံကို စိုက်ကြည့်နေကြ၏။
ကောင်းကင်ဝါးမျို ဖားပြုပ်ကို ကိုင်တွယ် ဖြေရှင်းရန် အနည်းဆုံး အခြေခံ တည်ဆောက်ခြင်း အဆင့် ရှိဖို့ လိုအပ်သည့် အပြင် အရည်အချင်းစစ် စာမေးပွဲအတွက် လုံလောက်သည့် ပျက်စီးမှုတွေ ဖြစ်စေဖို့လည်း လိုအပ်ပေသည်။
ဝမ်လင်း၏ လက်ရှိ အကဲဖြတ်စွမ်းရည်က သိပ္ပံ စက်ကိရိယာများထက်ပင် များစွာ သာလွန်နေသည်။
သူ၏ မျက်လုံးများက ဓာတ်ရောင်ခြည် ပေးစက် နှင့်ပင် တူနေပြီး တစ်ချက်ကြည့်ရုံမျှဖြင့် အခန်းထဲရှိ လူများ၏ သွေးကြောမှတ် အဆင့်ကို ဆုံးဖြတ်နိုင်ပေသည်။
အခြေခံ တည်ဆောက်ခြင်း အဆင့်ကို အပြည့်အဝ နားလည် သဘောပေါက်ရန် အတွက် စွန်းရုံက သူမ၏ သွေးကြောမှတ်များကို ၇၀ ရာခိုင်နှုန်းအထိ ဖွင့်လှစ်ပြီးပြီ ဖြစ်၏။
ထို့ကြောင့် သူမက ကံမကောင်း အကြောင်းမလှ၍ ဖားပြုပ် မကောင်းဆိုးဝါးကို ထိခိုက်ပျက်စီးအောင် မပြုလုပ်နိုင်လျှင်ပင် သူမ၏ အဆင့်က အလွန်တရာ ဆိုးဝါးသွားလိမ့်မည် မဟုတ်ပေ။
အားလုံးက သူမအပေါ် အာရုံစူးစိုက်၍ ကြည့်နေသော အချိန်တွင် စုရုံက ဧရာမ အစိမ်းရောင် ဖားပြုပ်ကို စိုက်ကြည့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။
ထို့နောက်တွင် သူမက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ယုံကြည်ချက် အပြည့်ဖြင့် အရှေ့ကို တွန်းထုတ်လိုက်သည်။
"ဝုန်း"
ပေါက်ကွဲသံနှင့် အတူ သူမ၏ လက်သီးက ကောင်းကင်ဝါးမျိုဖားပြုပ်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားသည်။
လက်သီးချက် ထိမှန်သော နေရာက ကျိုးရီ၏ တိုက်ကွက် ထိမှန်ခဲ့သည့် အတိတ်က ဒဏ်ရာဟောင်း တစ်ခု ဖြစ်၏။
ယင်းနောက်တွင် စွန်းရုံ၏ လက်သီးချက်ထဲမှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
ထိုသို့ဖြစ်ရခြင်းက လက်သီးနှင့် လေထုကြားက ထွက်လာသည့် အားကောင်းသော ပွတ်တိုက်မှု၏ အကောင်းဆုံး သက်သေ ဖြစ်ပြီး ထိုလက်သီးချက် တစ်ချက်ထဲတွင် သူမ၏ ခွန်အား အလုံးစုံကို အသုံးပြုခဲ့ကြောင်း ထင်ရှားစွာ ပြသနေသည်။
များမကြာမီမှာပင် အင်္ဂလိပ်အက္ခရာ "S"စာလုံးက ဧရာမစာလုံးကြီး အဖြစ် ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာသည်။
"အတန်းဖော် စုရုံရဲ့ လက်သီး ထိုးနှက်ချက်က အက်စ်အဆင့်ကို ရခဲ့တယ်လား"
တစ်စုံတစ်ယောက်က အံ့သြစွာ အော်ဟစ်လိုက်၏။
ထိုအချင်းအရာကို မြင်လျှင် စာမေးပွဲ ကြီးကြပ်သူ သုံးဦးက မရှက်ဘဲ မနေနိုင်တော့ချေ။
သူတို့က စုရုံ ဘာကိုမှ မစွမ်းဆောင်နိုင်မည်ကို စိုးရိမ်နေခဲ့ကြသည် မဟုတ်ပါလား။
"သူမက S အဆင့်ကို တန်းရသွားတာလား"
တကယ်တမ်းတွင် ဟွာကော ရေတံခွန် အုပ်စု၏ အနာဂတ် ဆက်ခံသူ အနေဖြင့် သူမ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်က အံ့သြစရာတော့ မဟုတ်ပေ။
ပုံရိပ်ယောင်စနစ်ကို အဆင့်မြင့်ပြီးသည့် နောက်တွင် ပါ၀င်သော ကျောင်းသား ကျောင်းသူတွေ၏ တစ်ရာခိုင်နှုန်းကသာ S အဆင့်ကို ရရှိခဲ့သည်။
A အဆင့်က ငါးရာခိုင်နှုန်း နှင့် B အဆင့်က တစ်ဆယ် ရာခိုင်နှုန်းသာ ရရှိခဲ့ကြပြီး ကျန်ကျောင်းသူ ကျောင်းသားများကမူ အများအားဖြင့် C. D နှင့်F တို့သာ ရလေ့ ရှိကြသည်။
ပုံရိပ်ယောင် စာမေးပွဲစစ်သည့် သက်တမ်း တစ်လျှောက်တွင် မည်သူ တစ်ဦးတစ်ယောက်မှ S အဆင့်ထက် ပိုမြင့်သော S နှစ်လုံး အဆင့်နှင့် Sသုံးလုံး အဆင့်တို့အား မရရှိဖူးခဲ့ချေ။
စွန်းရုံ တက်ရမည့် အတန်းကို သတ်မှတ်ပြီးသည့် အခါတွင် စာမေးပွဲ ကြီးကြပ်သူက နာမည် စာရင်းစာအုပ်ကို ကြည့်လိုက်ပြီး နောက်ထပ် နာမည်တစ်ခုကို အော်ခေါ်လိုက်သည်။
"ဒုတိယမြောက်.. ကျောင်းသား ဝမ်လင်း.. ကျေးဇူးပြုပြီး စာမေးပွဲ ဖြေဆိုဖို့ လာခဲ့ပါ"
ဝမ်လင်းက ပျင်းရိသော အမူအယာဖြင့် ခေါင်းကို မော့လိုက်သည်။
မကြာမီမှာပင် သူ့အလှည့်ကို ရောက်လာလိမ့်မည်ဟု မမျှော်လင်ထားခဲ့ပေ။
ဝမ်လင်းက စာမေးပွဲ စစ်မည့်နေရာသို့ လျှောက်လာစဥ် သူ့ကို ကြည့်နေသည့် စွန်းရုံ၏ အပြုံးကို တိုက်ရိုက် လျစ်လျူရှုလိုက်ပြီး ပုံရိပ်ယောင် မျက်မှန်ကို ဂရုတစိုက် ဝတ်ဆင်လိုက်သည်။
ထို့နောက်တွင် ပုံရိပ်ယောင် မျက်မှန်ကို မပျက်စီးစေရန် သူ၏ မြင့်မားသော စွမ်းအားကို ထိန်းချုပ်ထားလိုက်၏။
ကံကောင်းထောက်မစွာပင် လွန်ခဲ့သည့် ရက်အနည်းငယ်က စွမ်းအား ထိန်းချုပ်ရန် လေ့ကျင့်ရင်း ပုံရိပ်ယောင် မျက်မှန် ရာချီကို ဖျက်ဆီးထားသဖြင့် ယင်းအတွေ့အကြုံက ဝမ်လင်းကို အထောက်အပံ့ ပေးနေသည်။
သို့သော် ထိုအရာက ဝမ်လင်း အတွက် အကြီးမားဆုံး ပြဿနာတော့ မဟုတ်ပေ။
သူက သူ့ရှေ့မှ ဧရာမ အစိမ်းရောင် ဖားပြုပ်ကြီးကို စူးစိုက်ကြည့်နေမိ၏။
ရိုးရှင်းစွာ ပြောရလျှင် သူ့ရှေ့မှ မြင်ကွင်းကို ဝမ်လင်းက နည်းနည်းလေးမှ မမျှော်လင့်ထားခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့် ၆နှစ်က "မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း" ဖြစ်စဥ်အတွင်း ဒဏ္ဍာရီလာ သူရဲကောင်း ကျိုးရီ သတ်ဖြတ်ခဲ့သည် ဆိုသော ကောင်းကင်ဝါးမျို ဖားပြုပ်မှာ သူဆယ်နှစ်သားအရွယ်က မုန့်ဆိုင်သွားရင်း လမ်းတွင်ရှုပ်နေ၍ သတ်ဖြတ်ခဲ့သော ဖားပြုတ် မကောင်းဆိုးဝါး၏ ဝိညာဥ် ဖြစ်နေခြင်းပင်။