လူတစ်သန်းတွင် တယောက်သာ ရှိနိုင်သော အင်ပါယာ အရှိန်အဝါ
Vol. 1 Ch. 4
လွန်ခဲ့သော ခြောက်နှစ်က ဖြစ်ပွားခဲ့သော "မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း" ဖြစ်စဥ်သည် ဟွာရှို့နိုင်ငံကို စတင် တည်ထောင်ချိန်မှစ၍ ကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် ကပ်ဆိုးများထဲမှ တစ်ခု ဖြစ်၏။
ဝိညာဥ်စွမ်းအင် အကြွင်းအကျန်များကို သင့်တင့် လျောက်ပတ်စွာ မထိန်းချုပ်နိုင်ခြင်းက အာကာသ အစိတ်အပိုင်းများကို ညစ်ညမ်းစေခဲ့ပြီး အာကာသ အကာအရံကို အပေါက်များ ပေါက်စေကာ မကောင်းဆိုးဝါးများကို အခွင့်ကောင်းယူနိုင်စေခဲ့သည်။
ထိုနှစ်က မကောင်းဆိုးဝါးများ၏ သောင်းကျန်းမှုမှာ အလွန်ဆိုးရွားခဲ့ပြီး တစ်ညထဲမှာပင် ဟွာရှို့နိုင်ငံကို ဘီလံယံပေါင်း များစွာ ဆုံးရှုံးစေခဲ့သည်။
ထူးဆန်းသော အရာတစ်ခုမှာ ကျူးကျော်နေသည့် မကောင်းဆိုးဝါးများမှာ ဦးဆောင်သူ ပျောက်သွားသကဲ့သို့ ရုတ်တရက် ပရမ်းပတာဖြစ်သွားပြီး တစ်စုံတစ်ရာကို ကြောက်ရွံ့သွားသည့် အလား ချက်ချင်းပင် ထွက်ပြေးသွားခဲ့ကြသည်။
မကောင်းဆိုးဝါးများ ကျူးကျော်သည့် ထိုရက်အနည်းငယ်က ဟွာရှို့နိုင်ငံ၏ "တစ်နှစ်တာ အကောင်းဆုံး ကျင့်ကြံသူ" ဟူသော ခေါင်းစဥ်ဖြင့် ဂုဏ်ပြုခံရသည့် သူရဲကောင်း ကျင့်ကြံသူ အများအပြားကို ပေါ်ထွက်စေခဲ့သည်။
"ကောင်းကင်ပိုင်းဖြတ်" နည်းစနစ်ဖြင့် ပဥ္စမအဆင့် ကောင်းကင်ဝါးမျို ဖားပြုပ်ကို သတ်ဖြတ်ခဲ့သည့် ကျိုးရီမှာလည်း ၎င်းတို့ထဲမှ တစ်ယောက် ဖြစ်၏။
ကျိုးရီအပြင် ဂုဏ်ပြုခံရသည့် အခြားသောပုဂ္ဂိုလ် ကိုးဦးရှိသေးသော်လည်း ဝမ်လင်းက ၎င်းတို့၏ အမည်များကို မမှတ်မိတော့ချေ။
ပုံရိပ်ယောင် ပတ်ဝန်းကျင်ထဲတွင် ဝမ်လင်းက ဧရာမ အစိမ်းရောင် ဖားပြုပ်ကြီး စူးစိုက်ကြည့်နေရင်း သူငယ်စဥ်က အဖြစ်အပျက် တစ်ခုကို အမှတ်ရလိုက်မိသည်။
ထိုနေ့က နေသာပြီး တိမ်ကင်းစင်သော နေ့တစ်နေ့ ဖြစ်၏။
ဝမ်လင်းက ဟွာရှို့နိုင်ငံ၏ မြို့တော် စတားစီးတီးကို တစ်ယောက်ထဲ လမ်းလျှောက်လာခဲ့သည်။
သူက စတားစီးတီး၏ အစွန်းပိုင်းရှိ မြို့ပြနှင့် ကျေးလက်ရောနှောနေသော နေရာဖြစ်သည့် မြို့လယ်မှ လီသုံးသောင်းကွာဝေးသော အိမ်တစ်လုံးတွင် နေထိုင်၏။
အိမ်နှင့် စတားစီးတီး မြို့လယ်က အလွန်ကွာဝေးသော်လည်း သူ့အတွက်မူ အားသွန်ခွန်စိုက် ပြေးလျှင် ငါးမိနစ်သာ လိုအပ်သည်။
ထိုနေ့က လီထောင်ချီ ဝေးသည့် စတားစီးတီးကို ခရီးထွက်လာရသည့် အကြောင်းရင်းမှာ ခေါက်ဆွဲခြောက်ထုပ် ရောင်းသည့် စတားစီးတီးမှ ပင်ရင်းဆိုင်က ကံစမ်းမဲ အစီအစဉ်ကို လုပ်နေသောကြောင့် ဖြစ်၏။
ကံစမ်းမဲ အစီအစဉ်မှာ ရက်ကွန်း ဝက်ဝံ အမှတ်တံဆိပ်ခေါက်ဆွဲခြောက်ထုပ်ထဲမှ ရွှေရောင် ရက်ကွန်း ကပ်လေးအား ရရှိလျှင် နှစ်ပေါင်း နှစ်ရာ တိတိ ရက်ကွန်း ခေါက်ဆွဲခြောက်ထုပ်အား အလကားရရှိမည် ဖြစ်သည်။
ထိုကဲ့သို့ ဆွဲဆောင်မှုက ခေါက်ဆွဲခြောက်ထုပ် ကြိုက်သူ ဝမ်လင်း အတွက် မလွန်ဆန်နိုင်သော အရာ ဖြစ်နေသည်။
သူ့အတွက်တော့ ရက်ကွန်းတံဆိပ် ခေါက်ဆွဲခြောက်ထုပ် ကူပွန်လေးက မည်သည့် စိတ်ဝိညာဉ်လက်နက် ရတနာပစ္စည်းများထက် မဆို ပိုတန်ဖိုးရှိနေခဲ့၏။
ဘယ်လောက်ပင် ကောင်းမွန်သည့် ပါဝင်ပစ္စည်းများနှင့်ပြုလုပ်ထားသော စိတ်ဝိညာဥ်လက်နက် ဖြစ်ပါစေ.. သူ့လက်ထဲကို ရောက်သည်နှင့် သူ့စွမ်းအားဒဏ်ကို မခံနိုင်သောကြောင့် တစစီ ဖြစ်သွားလေ့ ရှိသည်။
သို့ရာတွင် ခေါက်ဆွဲခြောက်ထုပ်တွေကမူ ထိုသို့မဟုတ်ပေ။
အစိတ်စိတ် ကွဲသွားလျှင်ပင် တဂျွတ်ဂျွတ်ဖြင့် အရသာရှိရှိ စားသုံးနိုင်ပေသည်။
သူငယ်စဥ်က ဆိုလျှင် ခေါက်ဆွဲခြောက်ထုပ် တီထွင်ဖန်တီးသူများကို သူရဲကောင်း ဘွဲ့တံဆိပ် ဆုချသင့်သည်ဟု အမြဲတွေးလေ့ ရှိခဲ့သည်။
နှစ်ပေါင်း၈၀၀ခန့် သက်တမ်းရှိ ရက်ကွန်း ခေါက်ဆွဲခြောက်ထုပ် ရောင်းသည့် ပင်ရင်းဆိုင်ကို သွားနေစဥ် တခြားကမ္ဘာနှင့် ဆက်သွယ်ထားသည့် လေဟာနယ် အက်ကွဲကြောင်းကြီးက ခေါက်ဆွဲခြောက် ရောင်းသည့် ဆိုင်အထက်ရှိ လေဟာနယ်ထဲတွင် ပွင့်လာခဲ့သည်။
သူ့အကြိုက်ဆုံး ခေါက်ဆွဲခြောက် ရောင်းသည့် ဆိုင်လေး အပေါ်တွင် ဧရာမ လေဟာနယ် အက်ကွဲကြောင်း ပေါ်ပေါက်လာသည့် အခိုက်အတန့်ကို သူတစ်သက်လုံး မေ့လို့ရမည်မဟုတ်တော့ပေ။
ကောင်းကင်ယံရှိ တိမ်များက အရောင်ပြောင်းသွားပြီး ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလာခဲ့သည်။
ထို့နောက်တွင် ဖန်တစ်ချပ်ကို ရိုက်ခွဲလိုက် သကဲ့သို့ လေထုက အက်ကွဲသွားပြီး မြေပြင်တစ်ခုလုံးကို ငလျင်လှုပ်သလို ဆက်တိုက် တုန်ခါသွားစေခဲ့၏။
ယင်းနောက်တွင် ခေါက်ဆွဲခြောက်ထုပ် ရောင်းသည့် ဆိုင်လေးမှာ တစစီ ဖြစ်သွားခဲ့ရသည်။
ဝမ်လင်းက ထိုအချိန်က သူခံစားခဲ့သမျှကို များစွာ မမှတ်မိနိုင်တော့ပေ။
သူ သတိရမိတာက ထိုစဥ်က သူအလွန် ဒေါသထွက်နေပြီး သူ့ဒေါသကို ဖြေဖျောက်နိုင်မည့် တစ်စုံတစ်ရာကို ရှာဖွေနေခဲ့ခြင်းပင်။
ယင်းအချိန်မှာပင် ကောင်းကင်ပေါ်မှ ကြီးမားသော အရာတစ်ခု ပြုတ်ကျလာသည်။
အစောပိုင်းက ဖြစ်ရပ်ကြောင့် ဒေါသအိုး ပေါက်ကွဲနေသည့် ဝမ်လင်းက ထိုအရာကို လှမ်းကြည့်လိုက်သောအခါ အလွန်တရာ ကြီးမားသော ဖားပြုပ်တစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဧရာမဖားပြုပ်ကြီး ကျဆင်းလာသည့် ငါးမီတာ ပတ်လည်က ချက်ချင်းပင် ချိုင့်ခွက်ကြီး အဖြစ် ပြောင်းလဲသွားသည်။
ဖားပြုပ်ကြီး၏ စိမ်းပြာရောင်ရှိသည့် ထူထဲသော အရေခွံမှာ စိတ်ဝိညာဉ် လက်နက်များဖြင့် ထိုးဖောက်ရန်ပင် မလွယ်ကူနိုင်ချေ။
၎င်း၏ သံလိုက်အိမ်မြောင် အရွယ်အစားရှိ မျက်လုံးများက ထူးဆန်းစွာ တောက်ပနေသည်။
ထိုဧရာမဖားပြုပ်ကြီးက ဝမ်လင်း မွေးဖွားလာသည့် အချိန်မှစ၍ မြင်ဖူးသမျှထဲတွင် အကြီးမားဆုံး မကောင်းဆိုးဝါးဟုပင် ဆိုနိုင်သည်။
ဖားပြုပ်ကြီး၏ ပေ၃၀၀ ရှည်လျားသော ကိုယ်ထည်က မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် အနီးတစ်ဝိုက်တွင် လီငါးဆယ်ခန့် ပြန့်ကျဲနေသော ဖုန့်မှုန့်တိမ်တိုက် တစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။
ဖားပြုပ် မကောင်းဆိုးဝါး ဘုရင် ပီသစွာပင် အရွယ်အစားရော စွမ်းအားပါ အလွန်ကြီးမားလှ၏။
ကံဆိုးစွာဖြင့် သူက ဝမ်လင်း၏ အရှေ့တည့်တည့်ကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့၏။
ဒေါသအိုး ပေါက်ကွဲနေသည့် ဝမ်လင်းနှင့်မှ တည့်တည့် လာတိုးသည့် ဖားပြုပ်ဘုရင်၏ ကံတရားကလည်း အံ့သြစရာပင် ကောင်းလွန်းလှသည်။
ကောင်းကင်ဝါးမျို ဖားပြုပ် ဘုရင်ကြီးက ဂုဏ်ယူစွာဖြင့် အော်ဟစ်လိုက်သည်။
သို့သော် သူ၏ ကျယ်လောင်လှသည့် "အုံအွမ်" ဟူသော အသံကို ပြီးဆုံးအောင် မအော်နိုင်ခင်မှာပင် ဝမ်လင်း၏ လက်သီးတစ်ချက်တည်းဖြင့် အသက်ပျောက်သွားခဲ့သည်။
ပုံမှန်အားဖြင့် ပဥ္ဧမအဆင့် ဖားပြုပ်ဘုရင်ကို ရွှေအမြူတေ အဆင့် ကျင့်ကြံသူက စိတ်ဝိညာဉ် လက်နက် ကိုင်ဆောင်၍ တိုက်ခိုက်လျှင်ပင် သတ်ရန် အလွန် ခဲယဥ်းသည်။
ဝမ်လင်းက ထိုသို့ သတ်နိုင်ခဲ့ခြင်းမှာ သူတော်စင် ခန္ဓာကိုယ်ကြောင့် ဖြစ်၏။
ဆိုရလျှင် ဝမ်လင်းက ဆယ်နှစ်သားအရွယ်မှာပင် စိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝမ်လင်း၏ လက်သီးချက်ကြောင့် ဝိညာဉ် မထွက်ခင် အချိန်လေးမှာပင် ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက သူ့အားလက်သီး တစ်ချက်တည်းနှင့် အသေသတ်သွားခဲ့သူကို ကြည့်လိုက်ရာ ဝမ်လင်းကို တွေ့လိုက်ရသည်။
"အိုး.. ကောင်လေးက ၁၀နှစ်လောက်ပဲ ရှိသေးပါလား"
ဝမ်လင်း၏ ပုံရိပ်နှင့် ငယ်ရွယ်လှသော အသက်အရွယ်အား တွေ့လိုက်ရသည့် ကောင်းကင်ဝါးမျို ဖားပြုပ်ဘုရင်၏ ရင်ထဲတွင် မြင်းကောင်ရေ တစ်ထောင်လောက် ဖြတ်ပြေးသွားသလို ခံစားလိုက်ရ၏။
"ဘယ်လိုလုပ် ဒီကမ္ဘာမှာ ဒီလိုမျိုး အစွမ်းထက်တဲ့ ကလေးမျိုးက ရှိနေရတာလဲ"
ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက သူမသေဆုံးခင် သူ၏ နောက်ဆုံး လက်ကျန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ၏ လက်အောက်ငယ်သား မကောင်းဆိုးဝါးများကို ဝမ်လင်း၏ လက်ချက်မှ လွတ်ကင်းစေရန် အတွက် ပြန်လည် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ထို့ကြောင့် လွန်ခဲ့သော ခြောက်နှစ်က ဖြစ်ပွားခဲ့သော "မကောင်းဆိုးဝါး ဝရုန်းသုန်းကား သောင်းကျန်းခြင်း" ဖြစ်စဥ် တစ်ညတည်းနှင့် ချုပ်ငြိမ်း သွားခဲ့သည့် အဓိက လက်သည်တရားခံမှာ ဖားပြုပ်ဘုရင်ကို သတ်လိုက်သည့် ဝမ်လင်းဟုပင် ဆိုနိုင်ပေသည်။
ဝမ်လင်းက ဖားပြုပ်ဘုရင်ကို သတ်ပြီးနောက် ဝမ်းနည်းစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။
ယင်းနောက်တွင် ကျိုးရီက မည်သို့မည်ပုံ လုပ်လိုက်သည် မသိ။
ပဥ္စမအဆင့် ဖားပြုပ်ဘုရင်ကို လက်ညိုးတစ်ချောင်းတည်းဖြင့် သတ်ဖြတ်ခဲ့သည့် လုပ်ကြံဇာတ်လမ်းက ပေါ်ပေါက်လာခဲ့သည်။
တစ်စုံတစ်ယောက်က သူရဲကောင်း ဘွဲ့တံဆိပ်ရပြီး နာမည်ကြီးနေချိန်တွင် ကျန်တစ်ယောက်က ခေါက်ဆွဲခြောက် ကံစမ်းမဲ အခွင့်အရေးနှင့် လွဲချော်ခဲ့သည့် အတွက် အချိန်အတော်ကြာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့၏။
ယခုတော့ ကံတရား၏ ကျီစယ်မှုဖြင့် တစ်ချိန်က ရန်ဘက်နှစ်ဦးမှာ ပုံရိပ်ယောင် ပတ်ဝန်းကျင် ထဲတွင် ပြန်လည် ဆုံတွေ့နေကြသည်။
ကောင်းကင်ဝါးမျို ဖားပြုပ်ကို ကြည့်နေရင်းမှာပင် ဝမ်လင်း တစ်ယောက် ခံစားချက်မျိုးစုံကို ခံစားနေရသည်။
သူရွေးချယ်လိုက်သည့် အမှတ်၆၀ အထက်တန်းကျောင်းမှာ သူသတ်ခဲ့သည့် ဖားပြုတ်ဖြင့် နာမည်ကြီးသွားခဲ့သည့် လူလိမ်ကျိုးရီ တက်ခဲ့သော ကျောင်း ဖြစ်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ထိုထက် ပို၍ဆိုးသည်မှာ သူငယ်စဉ်က စိတ်ပေါက်ပေါက်ဖြင့် ထိုးသတ်ခဲ့သော ဖားပြုပ်ဝိညာဉ်၏ စစ်ဆေးမှုကို ခံယူနေရခြင်းပင်။
ဝမ်လင်းက စိတ်ရှုပ်ထွေးနေသောကြောင့် သူ၏ အော်ရာကို မထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ် လွတ်ထွက်သွားခဲ့သည်။
ထိုအော်ရာ အရှိန်အဝါက ကောင်းကင်ဝါးမျို ဖားပြုပ် အတွက်တော့ တစ်သက် မမေ့နိုင်စရာများထဲမှ တစ်ခု ဖြစ်သည်။
၆နှစ်ကြာပြီးသည့် နောက်တွင် သူတို့နှစ်ဦးက နောက်တစ်ကြိမ် ထပ်မံ ဆုံခဲ့ကြသည်။
ပထမအကြိမ်နှင့်် မတူညီသည့် အချက်မှာ ကောင်းကင်ဝါးမျို ဖားပြုပ်က ယခင်ကကဲ့သို့ မကောင်းဆိုးဝါး ဘုရင်အဆင့် မဟုတ်တော့ဘဲ အခြေခံ တည်ဆောက်ခြင်း အဆင့်သာရှိသည့်စိတ်ဝိညာဥ် တစ်ခုမျှသာ ဖြစ်နေသည်။
ဝမ်လင်းကမူ လွန်ခဲ့သည့် ၆နှစ်ကထက် ပိုမို အစွမ်းထက်လာခဲ့၏။
ကောင်းကင်ဝါးမျို ဖားပြုပ်က ပုံရိပ်ယောင် ပတ်ဝန်းကျင်ထဲတွင် ဝမ်လင်းအား မြင်လိုက်သည်နှင့် တပြိုင်နက် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။
"အရင်တုန်းကတောင် ဒီကောင်လေးရဲ့ လက်သီးတစ်ချက်ကို ငါမခံနိုင်ခဲ့တာ.. အခုလို စိတ်ဝိညာဉ်ပဲ ကျန်တော့တဲ့ အချိန်မှာ ဒီကောင်လေးဆီက လက်သီးတစ်ချက်သာ ထပ်ထိုးခံရရင် ငါ့မှာ စိတ်ဝိညာဉ်တောင် ကျန်ရှိတော့မှာ မဟုတ်ဘူး"
အရိုးသားဆုံး ဝန်ခံရလျှင် ဝမ်လင်းက ကောင်းကင်ဝါးမျို ဖားပြုပ်နှင့် မျက်နှာချင်းဆိုင် တွေ့ပြီးတဲ့နောက်တွင် ဘာဆက်လုပ်ရမလည်းဆိုတာ စဉ်းစားရ ခက်နေခဲ့သည်။
ထို့နောက် ဝမ်လင်းက စာမေးပွဲ အောင်ဖို့အတွက်သာ ဦးစားပေးရန် ဆုံးဖြတ်လိုက်၏။
ဝမ်လင်း လက်သီးဆုပ်လိုက်သည်ကို မြင်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ဝါးမျို ဖားပြုပ်က အလွန်အမင်း လန့်ဖြန့်သွားခဲ့သည်။
ယင်းနောက်တွင် ကောင်းကင်ဝါးမျို ဖားပြုပ်က သူ၏ ခွန်အားကို အကုန်သုံး၍ မြေပြင်ပေါ်သို့ နောက်လှန် လှဲချလိုက်သည်။
ထို့နောက်တွင် မြေပြင်နှင့် ဖားပြုတ်ခေါင်း ဆောင့်မိသည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ဖားပြုပ်က သေချင်ဟန် ဆောင်နေလိုက်သည်။
သို့မှသာ သူ့အနေဖြင့် ဝမ်လင်း၏ အသက်ခံရမည့်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည် မဟုတ်ပါလား။
ပုံရိပ်ယောင်စနစ်က ဝမ်လင်းကို ချက်ချင်းပင် S သုံးလုံး အဆင့် တန်းပေးလိုက်သည်။
ထိုမြင်ကွင်းကို မြင်ရသူတိုင်းက ပြောစရာစကား မရှိတော့သည် အထိ ဆွံ့အနေပြီး စက္ကန့်ပိုင်းလောက် မှင်တက်နေခဲ့ကြ၏။
"ဒါက ဘယ်လိုဟာသမျိုးလဲ.. အတန်းဖော်ဝမ်လင်းက လက်သီးတောင် မထိုးရသေးဘူးလေ"
"စနစ်က အမှားအယွင်း ဖြစ်သွားတာများလား "
စာမေးပွဲ ကြီးကြပ်သူများပင် ၎င်းတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။
"စနစ်က အမှား လုပ်မိတယ် ဆိုတာလည်း မဖြစ်နိုင်ပါဘူး.. ငါ မနေ့က တစ်ရက်လုံး အချိန်ပေးပြီး စစ်ဆေးထားတာပဲလေ.."
"ငါသိပြီ "
စာမေးပွဲ ကြီးကြပ်သူ တစ်ယောက်က ယုံကြည်မှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။
"ဒါက တိမ်မြုပ် ပျောက်ကွယ်နေတဲ့ ဒဏ္ဍာရီလာ မကောင်းဆိုးဝါး နှိမ်နင်းတဲ့ အကြည့်ပဲ ဖြစ်ရမယ်"
ဝမ်လင်း"......."
ကောင်းကင်ဝါးမျိုဖားပြုပ် "........"
"ဒီသုံးသပ်ချက်က ဖြစ်နိုင်ချေရှိတယ် "
နောက်ထပ် ကြီးကြပ်သူ တစ်ယောက်ကပါ ထောက်ခံလိုက်သည်။
"တချို့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ မွေးရာပါ သန္ဓေစွမ်းရည် ရှိတဲ့ ပါရမီရှင်တွေ ရှိတယ်လို့ မှတ်သားဖူးတယ်.. အဲ့လိုလူတွေမှာက ကောင်းကင်ကနေ ကောင်းချီးပေးထားတဲ့ အင်ပါယာ အော်ရာတွေ ရှိကြတယ်.. အဲ့လိုလူတွေက မကောင်းဆိုးဝါးတွေကို အကြည့်တစ်ချက်နဲ့တင် မူးဝေအောင် လုပ်နိုင်တယ်လို့ ကျင့်ကြံခြင်း စွယ်စုံကျမ်းမှာလည်း ဖော်ပြထားတယ်"
"အင်ပါယာ အရှိန်အဝါလား"
စာမေးပွဲ ကြီးကြပ်သည့် ဆရာသုံးယောက်က အံ့သြမှုတို့နှင့်အတူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကြသည်။
ထို့နောက် စိတ်လှုပ်ရှားသော အမူအရာဖြင့် မျက်ရေများပင် စိုစွတ်လာကြ၏။
"ဟုတ််တယ်.. ဒါက အင်ပါယာ အရှိန်အဝါပဲ"
ဤအရာက ၎င်းတို့အတွက် ဖားပြုပ် မကောင်းဆိုးဝါး မေ့လဲသွားသည့် တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်နေသည်။
ဝမ်လင်း တစ်ယောက် တွေဝေနေစဉ်မှာပင် စာမေးပွဲကြီးကြပ်သူ တစ်ယောက်က ဝမ်လင်း၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
"ကျောင်းသား ဝမ်လင်း.. မင်းက ငါတို့ ခြောက်ဆယ်အထက်တန်း ကျောင်းရဲ့ အနာဂတ် မျှော်လင့်ချက်ပဲ"
ဝမ်လင်း "........."
"စည်းမျဉ်းတွေအရ ကျောင်းသား ဝမ်လင်းကို ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းရဲ့ အထက်တန်းလွှာ အတန်းထဲကို ဝင်ရောက်ခွင့် ပြုလိုက်ပြီ"
"ကျောင်းသား ဝမ်လင်းကို အထက်တန်းလွှာ အတန်းမှာ အထူး အခွင့်အရေးတွေနဲ့ စာသင်ကြားစေရမယ်.. ပြီးတော့ ကျောင်းသား ဝမ်လင်းကို အကောင်းဆုံး ဆက်ဆံဖို့ ကျောင်းသားတွေနဲ့ ဆရာတွေကို အသိပေးထားလိုက်"
ဝမ်လင်း "........"
ညနေစောင်းအချိန်တွင် ဝမ်လင်း တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် အိမ်ကို လမ်းလျှောက်၍ ပြန်လာခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ ပညာရေး ဒါရိုက်တာမှ အထက်တန်းလွှာ အတန်း(ဝါ) လက်ရွေးစင် အတန်းသို့ ဝင်ရောက်ခွင့်ပြုသည့် စာကို ကြည့်ရင်း သူ့စိတ်ဓါတ်တွေ တဘုန်းဘုန်း ကျလာခဲ့ရသည်။
ဝမ်လင်း အနေဖြင့် ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိအောင် ဖြစ်နေခဲ့၏။
ယခုကဲ့သို့ ထင်ပေါ်လာသည့် အဖြစ်ကြောင့် ဖေဖေဝမ်နှင့် မေမေဝမ်တို့အား မျက်နှာချင်း ဆိုင်ရမည်ကိုပင် ထိတ်လန့်နေခဲ့သည်။