တမူထူးခြားသော ကလေး
Vol. 1 Ch. 5
ဝမ်လင်းက ကလေးဘဝ ကတည်းကပင် တတ်နိုင်သမျှ သူ့ကိုယ်သူ နှိမ့်ချစွာ နေခဲ့သည်။
နာမည်ကျော်ကြားမည့် ကိစ္စများကို အဆိပ်ပင်ကဲ့သို့ ဝေးဝေးကပင် ရှောင်ရှားခဲ့၏။
ထို့ကြောင့် အဆင့်ခွဲသည့် စာမေးပွဲတွင် နာမည်ကြီးအောင် လုပ်ရန် အစီအစဉ် မရှိသည်မှာ အသေအချာပင် ဖြစ်သည်။
ထိုစာမေးပွဲကို အေးအေးဆေးဆေး ပြီးဆုံးသွားစေရန်အတွက် သူမည်မျှ အားထုတ်ခဲ့ရသည်ကို နတ်ဘုရားများပင် သက်သေပြုနိုင်ပေသည်။
စစ်ဆေးမှု အတွင်း ရှိသည့် ပုံရိပ်ယောင် စက်ကိရိယာများကို သူ့အနေဖြင့် မဖျက်ဆီးမိစေရန် အတွက် ပုံရိပ်ယောင် မျက်မှန်များဖြင့် ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ရ၏။
သူမည်မျှပင် ကြိုးစားပြီး နှိမ့်ချစွာနေဖို့ ပြုလုပ်စေကာမူ အဆုံးသတ်တွင် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
အဆုံးသတ်တွင် လက်ရွေးစင် အတန်းသို့ ဂုဏ်ထူးဆောင် ကျောင်းသား အနေဖြင့် တက်ရောက်ခွင့် ရခဲ့သည်ကသာ အဖက်တင်ခဲ့၏။
တစ်ခြားသူတွေလို သာမာန်ကျောင်းသားဘဝ ရရန် သူ့အတွက် အဘယ်ကြောင့် အလွန်တရာ ခက်ခဲနေရပါသနည်း။
ဖေဖေဝမ်တို့ အနေဖြင့် သူခံစားနေရသည့် နာကျင်မှုများကို နားလည်ပေးနိုင်မည်ဟု ဝမ်လင်းက မမျှော်လင့်ထားခဲ့ပေ။
ဝမ်လင်း၏ မိဘများက မရယ်ရသော ဟာသ ပျက်လုံး တစ်ခုကို ကြည့်နေရသကဲ့သို့ ပညာရေးဒါရိုက်တာ ပေးလိုက်သည့် လက်ရွေးစင် အတန်းသို့ တက်ရောက်ခွင့်ရသော ဝင်ခွင့်စာရွက်ကို ထွေထွေကြီး စိုက်ကြည့်နေမိသည်။
ဝင်ခွင့်စာရွက်ပေါ်ရှိ စာလုံးတစ်လုံးမှ မလွတ်သွားအောင် ကြိမ်ဖန်များစွာ အပြန်ပြန် အလှန်လှန် ဖတ်ရှုပြီးနောက်တွင် ဝမ်မောင်နှံက သက်ပြင်းရှည်ကြီးကို ချလိုက်ကြ၏။
ယင်းနောက်တွင် အနက်ရောင် ဆံပင်ကို သေသပ်စွာ ဖီးသင်ထားပြီး ယောက်ျားပီသသော အသွင်အပြင် ရှိသည့် သက်လတ်ပိုင်း အရွယ် ဖေဖေဝမ်က ဝမ်လင်းအား စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကဲ.. ကျောင်းသားလေး ဝမ်လင်း.. ဒီကိစ္စနှင့် ပတ်သတ်ပြီးတော့ ငါတို့ကို ပြောစရာ စကား မရှိဘူးလား"
အခြေခံ တည်ဆောက်ခြင်း အဆင့်သာ ရှိသည့် ဖေဖေဝမ် ဆီမှ ထွက်လာသည့် အော်ရာနှင့် အကြည့်များက သူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့်သူ့ကို အဘယ်ကြောင့် စိတ်ကျဉ်းကျပ်စေမှန်း သူမသိပေ။
ယင်းသို့ဖြစ်ရခြင်းမှာ သားအဖ တော်စပ်ခြင်းကြောင့်လည်း ဖြစ်နိုင်၏။
ဝမ်လင်းက အဆူခံရတော့မည်ကို သိ၍ သူ့စိတ်ကို ကြိုတင် ပြင်ဆင်ထားလိုက်သည်။
ဖေဖေဝမ်ဆီမှ စိတ်ပျက်နေသော လေသံဖြင့်
"ငါ မင်းကို စိတ်ပျက်သွားပြီ"
ဟူသော စကားကို ပထမဆုံး အနေဖြင့် ကြားရလိမ့်မည်ဟု သူခန့်မှန်းလိုက်၏။
သူ မျှော်လင့်ထားသည့် အတိုင်းပင် အတိအကျ ဖြစ်လာခဲ့သည်။
"ငါ မင်းကို စိတ်ပျက်သွားပြီ"
ဖေဖေဝမ်က တစ်ဖြည်းဖြည်း ဒေါသထွက်လာပြီး ပိုမို ကျယ်လောင်စွာ အော်ဟစ် ကြိမ်းမောင်းလိုက်၏။
"မင်း အတွက် အဲ့ဒီ စာမေးပွဲ စမ်းသပ်ချက်လေးက အရမ်းကြီး ခက်ခဲနေလို့လား.. သာမန် အဆင့်လောက်ပဲ ရအောင်တောင် မင်းမလုပ်နိုင်ဘူးလား.. မင်းအခုလို လက်ရွေးစင်အတန်းကို ဝင်ခွင့်ရတော့ရော မင်းအမေနဲ့ ငါက ပျော်နေမယ်များ ထင်နေလား"
ဝမ်လင်းက ခေါင်းကို ငုံ့ထားလိုက်ပြီး ဖေဖေဝမ်တို့နဲ့ အကြည့်ချင်း မဆုံမိစေရန် ကြိုးစားလိုက်သည်။
ယခုလို အသေအချာ သူစီစဉ်ထားသည့်ကြားမှ လွဲချော်သွားရခြင်းမှာ နတ်ဘုရားများ၏ ကျီစယ်မှုကြောင့် ဖြစ်ရသည်ဟုသာ သူ့စိတ်ထဲတွင် တွေးမှတ်ထားလိုက်၏။
"မင်း သိတဲ့အတိုင်းပဲ.. မင်းအမေနဲ့ ငါက အခုမှ အခြေခံတည်ဆောက်ခြင်း အဆင့်မှာပဲ ရှိသေးတယ်.. မင်းအလှည့်ကျမှ အသက်ငယ်ငယ်လေးနဲ့ အဲ့လောက်ထိ စွမ်းအားကြီးနေရင် မင်းက ငါတို့ရဲ့ သားပါလို့ တစ်ခြားသူတွေကို ဘယ်လိုလုပ် ယုံအောင် ပြောရတော့မှာလဲ"
ထိုစကားကို ပြောနေသည့်အချိန်တွင် ဖေဖေဝမ်က မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ငိုယိုနေခဲ့၏။
"ဒီလို ပါရမီရှင် မွန်းစတားဆန်တဲ့ သားတစ်ယောက်ရှိလို့ ငါတို့ကို ဂုဏ်ယူကြောင်း လာပြောရင်တော့ ကိစ္စမရှိဘူး.. ငါတို့ကို သဘောမကျတဲ့သူတွေက မင်းကို ငါတို့ရဲ့ သားအရင်း မဟုတ်ဘဲ အမှိုက်ပုံကနေ ကောက်ပြီး မွေးစားထားတယ်လို့ လာပြောရင် ဘယ်လိုလုပ်မလဲ"
ဝမ်လင်း"......."
"နောက်တစ်ကြိမ် ကျရင် ငါ့သားလေး အရမ်းကြိုးစားပြီး အဆင့်ကောင်းအောင် လုပ်စရာ မလိုဘူး.. ဒီအတိုင်း စာရွက်အဖြူချည်းပဲလည်း အမေ အဆင်ပြေတယ်.. ကျရှုံးခဲ့ရင်တောင် အမေ့အနေနဲ့ အဆင်ပြေပါသေးတယ် သားရယ်.. ငါ့သားလေး အမေပြောတာကို သေချာ နားထောင်ရမယ်နော်"
ဝမ်လင်း "......."
ဝမ်လင်း တစ်ယောက် မဟုတ်မမှန် စွပ်စွဲခံနေရသည်။
သူတစ်ခါမှ စာမေးပွဲတွင် အဆင့်ကောင်းရရန် ကြိုးကြိုးစားစား မလုပ်ခဲ့ကြောင်း သူ့အနေဖြင့် သတ္တိရှိရှိဖြင့် ကျိန်ဆိုရဲသည်။
"နောက်တစ်ခါ ထပ်ပြီး မင်းအနေနဲ့ အဆင့်ကောင်းကောင်း ရအောင် လုပ်လာခဲ့လို့ကတော့ မင်းကို စုတ်ပြတ်သတ်နေအောင် ရိုက်ပြမယ်.. စောင့်ကြည့်နေလိုက်"
ဖေဖေဝမ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
ဖေဖေဝမ်၏ စကားကို ကြားလျှင် ဝမ်လင်း၏ မျက်နှာက မည်းမှောင်သွားသည်။
ယင်းနောက်တွင် သူက ခွန်အားကို မထိိန်းချုပ်နိုင်တော့ဘဲ ထမင်းစားတူကို အလန့်တကြား ဆုပ်လိုက်မိသောကြောင့် ထမင်းစားတူက နှစ်ပိုင်းကျိုးသွားခဲ့သည်။
ဖေဖေဝမ်က တူ ကျိုးသွားသည်ကို မြင်လိုက်ရလျှင် နှမြောတသ ဖြစ်သော အသံဖြင့် အလန့်တကြား အော်ဟစ်လိုက်သည်။
"ဒီဘုံကိုးပါး သံမဏိနဲ့ လုပ်ထားတဲ့ ထမင်းစားတူကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဝယ်ခဲ့တာလေ.. အခုတော့ မင်းကြောင့် ပျက်စီးသွားရပြီ.. ဟေ့ကောင် ဒါနဲ့ဆို မင်း ဖျက်ဆီးတာ နှစ်စုံရှိပြီနော်"
"တော်ပါတော့ ရှင်ရယ်.. ရှင့်ရဲ့ စိတ်ကိုလည်း ထိန်းစမ်းပါဦး.. အဲ့ဒီ တူကိစ္စကိုလည်း မေ့ထားလိုက်တော့.. အခုက ထမင်းစားနေတုန်း တန်းလန်းကြီးပဲ ရှိသေးတယ်လေ.. ကျမတို့ရဲ့ လင်းလင်းလေးကလည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာပဲဟာ.. ရှင့်စိတ်ကို လျော့လိုက်ပါ.."
ဖေဖေဝမ်နဲ့ ယှဉ်လျှင် မေမေဝမ်က ဝမ်လင်းကို များစွာ အလိုလိုက်ခဲ့၏။
ဝမ်လင်းက သူနှင့်ပတ်သက်လျှင် အလွန်အဖြစ် သည်းသော မိခင်ကို ကြည့်ရင်း ရှက်ရွံ့သလို ခံစားလိုက်ရ၏။
"အဲဒီ တူတွေထက် အရေးကြီးတာက ကျွန်မတို့ လင်းလင်းလေးကို စွမ်းအား ထိန်းချုပ်တတ်အောင် သင်ပြပေးဖို့ပဲ.. မတော်တဆ သူ့အားကို မထိန်းချုပ်နိုင်ဘဲ ထမင်းကို လက်နဲ့ပဲ စားလိုက်ရတဲ့ အဖြစ်မျိုးကိုတော့ ထပ်မဖြစ်စေချင်ဘူး"
"သိတဲ့အတိုင်းပဲလေ.. ဒီနေ့ခေတ်မှာ ပစ္စည်းတွေက စျေးတအား ကြီးလာတော့ အရည်အသွေးတွေက တစ်ဖြည်းဖြည်း နိမ့်ကျလာတာပဲ အဖတ်တင်လာတယ် "
ဖေဖေဝမ် တစ်ယောက် အိမ်စရိတ် တစ်ဖြည်းဖြည်း တက်လာသည့် အတွက် စိတ်ပျက်လက်ပျက်ဖြင့် ညီးတွားလိုက်သည်။
ဝမ်လင်းက ငယ်စဥ်ကပင် အလွန်ကြီးမားသည့် ခွန်အားက်ို ပိုင်ဆိုင်ထားခဲ့သည်။
နတ်ဆိုးဓါးကို တစ်နှစ်သားအရွယ်တွင် ရိုက်ချိုးပြီး ကတည်းက ဝမ်မောင်နှံက အိမ်ရှိ ပစ္စည်းများ နေရာတွင် စိန်များနှင့် သံမဏိများဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို အစားထိုးခဲ့ရသည်။
သို့မှသာ ဝမ်လင်းလေး မတော်တဆ ဖျက်ဆီးမည့် အန္တရာယ်နှင့် ကင်းဝေးမည် မဟုတ်ပါလား။
ဝမ်လင်းကို တူကိုင်နည်း သင်ပေးစဉ် အခါကလည်း သံမဏိဖြင့် ပြုလုပ်ထားသည့် ထမင်းစားတူ များစွာကို ဝမ်လင်းက ထောင်နဲ့ချီ ဖျက်ဆီးပစ်ခဲ့သည်။
ဝမ်လင်း ဖျက်ဆီးပစ်ခဲ့သည့် ပစ္စည်းများကို ပြန်မြင်ယောင်ကြည့်လျှင် ဝမ်မောင်နှံ အနေဖြင့်
"ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းတာကြီးလဲကွာ"
ဟူသည့် စကားကို ညီးတွားရုံသာ တတ်နိုင်မည် ဖြစ်၏။
ထိုသို့ ဝမ်လင်း တစ်ခုခုကို ဖျက်ဆီးမိတိုင်း ဖေဖေဝမ် ပြောနေကြ ဖြစ်သည့်
"ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းတာကြီးလဲကွာ "
ဟူသော စကားမှာ ဝမ်လင်းပင် သတိမထားမိဘဲ သူ့ဘဝတစ်လျှောက်လုံး ဖေဖေဝမ် အများဆုံး ပြောလေ့ ရှိသည့် လက်သုံး စကားပင် ဖြစ်လာသည်။
"စွမ်းအား အရမ်းကြီးတဲ့ လူတွေက ဘယ်လိုမျိုး ဘဝတွေမှာ နေထိုင်ကြတာလဲ.. သူတို့ရဲ့ အိမ်မက်တွေကရော ဘာတွေများ ဖြစ်နေမလဲ"
ယင်းကဲ့သို့ အတွေးများကို ဝမ်လင်း တစ်ယောက် အမြဲလိုလို တွေးတောနေမိသည်။
အိမ်စရိတ် ကာမိအောင် သူ့ကိုယ်သူ လူတစ်သန်းမှာ တစ်ယောက်သာ ရှိသည့် ပါရမီရှင် ဟူ၍ လမ်းပေါ်မှာ ဆပ်ကပ်ပြစားရင်း ပိုက်ဆံရှာစား လိုက်ရမည်လော။
ဝမ်လင်း အနေဖြင့်ဆိုလျှင် တောင်တစ်လုံးကို ရင်ဘက်ပေါ် တင်ပြီး ရိုက်ခွဲပြလိုက်သည်နှင့် တစ်ခါတည်း ကမ္ဘာကျော် ဖြစ်သွားနိုင်သည်။
တစ်ခုရှိသည်မှာ တောင်ကို ရင်ဘတ်ဖြင့် ရိုက်ခွဲပြသော ပြကွက်ကို ပြစားနိုင်သော်လည်း သူတို့နိုင်ငံတွင် တောင်တန်းပေါများစွာ ရှိမနေခြင်းပင်။
မြေပေါ်မြေအောက် သယံဇာတ အားလုံးက နိုင်ငံပိုင်ပစ္စည်းများသာ ဖြစ်သည်။
ထိုတောင်များကိုသာ ဖျက်ဆီးမိလျှင် နိုင်ငံပိုင်ပစ္စည်း ဖျက်စီးမှုဖြင့် အနိမ့်ဆုံး ထောင်ဒဏ် သုံးနှစ် သို့မဟုတ် သေဒဏ်အထိပင် ကျနိုင်ပေသည်။
ထောင်ကျမခံဘဲ ဒဏ်ငွေဖြင့် ပေးဆောင်ရန် အတွက်မှာလည်း အိမ်တိုင်ကို ချွတ်၍ ရောင်းလျှင်ပင် လိုအပ်သည့် ငွေပမာဏကို ပြည့်မီမည် မဟုတ်ချေ။
အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စွမ်းအားလား...
ကမ္ဘာကြီးကို အုပ်စိုးဖို့ ရည်မှန်းချက်လား..
သူသာ ဆန္ဒရှိလျှင် ထိုအရာအားလုံးကို လုပ်ဆောင်နိုင်သော်လည်း ဝမ်လင်းက အိမ်မှာနေပြီး ကာတွန်းဖတ်ရသည်ကိုသာ ပိုနှစ်သက်သူဖြစ်၏။
သူ့တွင် အကန့်အသတ်မရှိသည့် မှော်စွမ်းအားများ.. အချိန်နှင့် နေရာအား ဇောက်ထိုးလှန်နိုင်သော စွမ်းရည်ကောင်းများ ရှိသည်။
ဆိုရလျှင် ဝမ်လင်းသာ ခွန်အားကုန်သုံး၍ လေဟာနယ်ကို ဆုပ်ဖြဲကာ အက်ကွဲကြောင်းကို ဖန်တီးမည် ဆိုလျှင် အချိန်ကို အနည်းငယ်မျှ ရပ်တန့်ခြင်းနှင့် နောက်ဆုတ်နိုင်စွမ်း ရှိပေသည်။
S သုံးလုံးရရှိသည့်ဖြစ်စဥ်ကို အချိန်နောက်ပြန်ဆွဲ၍ သူလိုချင်သည့် သိုသိပ်သော ဘဝကို သူကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိသော်လည်း မလုပ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိ အဆင့်ဖြင့် ကမ္ဘာဂြိုလ်ပေါ်တွင် ဆရာကြီးလုပ်၍ ရသော်လည်း စကြဝဠာ တစ်လုံးနှင့်ယဉ်လျှင် ဘာမျှ မဟုတ်သေးချေ။
စကြဝဠာ၏ အချိန်နှင့် လေဟာနယ်ကို ကာကွယ် စောင့်ရှောက်နေသည့် စည်းကမ်း ထိန်းသိမ်းရေးမှူး တစ်ယောက်ကသာ သူအချိန် နောက်ပြန်ဆုတ်လိုက်သည်ကို မတော်တဆ သိသွားခဲ့လျှင် သူ့အဖြစ်က မတွေးဝံ့စရာပင်။
ထိုစည်းကမ်းထိန်းသိမ်းရေးမှူးသာ လျှော်ကြေး ပြစ်ဒဏ်ချမှတ်ခဲ့လျှင် သူတို့လို မိသားစုလေးအနေဖြင့် ခွက်ဆွဲရမည့်ကိန်း ဆိုက်သွားနိုင်သည် မဟုတ်ပါလား။
အဆုံးသတ်တွင် သူကဲ့သို့ ကျင့်ကြံခြင်း အဆင့် မြင့်မားနေသူတွေ၏ ဘဝတွေက အရမ်းကြီး လွယ်ကူမနေခဲ့ချေ။
၎င်းတို့ တာဝန်ယူရမည့် အရာများနှင့် စောင့်ထိန်းရမည့် အရာများကို သာမန်လူများ အနေဖြင့် တွေးကြည့်၍ပင် ရမည် မဟုတ်ပေ။
အင်မော်တယ် အဆင့် ရှိသူ တစ်ယောက်သာ စွမ်းအားကို မထိန်းနိုင်ဘဲ နှာချေမိလျှင် ဂြိုလ်တစ်ခုလုံးပင် အသာလေး ပျက်စီးသွားနိုင်၏။
သူ့အနေဖြင့် ကျင့်ကြံခြင်း လောက၏ စွမ်းအားအကြီးဆုံးသူ ဖြစ်လာခဲ့ရင်ရော ဘာအရေးနည်း။
ထိုသို့ဖြစ်လာခဲ့လျှင်ပင် သူ့အနေဖြင့် ပြဿနာ ရှာမိတိုင်း သူ့မိဘတွေ၏ အဆူအငေါက်ကို ခံရဦးမည်သာ ဖြစ်၏။
ယင်းအပြင် သူကဲ့သို့ သိုသိုသိပ်သိပ် နေချင်သူ အတွက် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းနေရသော ဘဝမျိုးက သူနှင့် ကိုက်ညီမှု မရှိချေ။
ဝမ်လင်းက အတွေး ရေယာဥ်ကြောတွင် စီးမျှောရင်းဖြင့် စားပွဲပေါ်ရှိ ဟင်းများနှင့် ထမင်းတစ်ပန်းကန်ကို တူအသစ် တစ်စုံဖြင့် စားသောက်နေ၏။
ထိုကဲ့သို့ စားလိုက်မှသာ သူ၏ရင်ထဲရှိ စိတ်ကျဉ်းကျပ်နေသော ဝေဒနာများ သက်သာသွားသလို ခံစားလိုက်ရသည်။
တကယ်တမ်း ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်ဖြင့် ဆိုလျှင် သာမန် ထမင်းဟင်းများ အစား စိတ်ဝိညာဉ် စွမ်းအား ဖြည့်တင်းသည့် စားစရာများ စားလျှင်ပင် အကျိုး သိပ်မရှိပေ။
မစားဘဲနေသည်က သူ့အတွက် ဘာ ဘေးထွက်ဆိုးကျိုးမှ ဖြစ်မလာနိုင်သော်လည်း မေမေဝမ် ဆူမည်ကို ကြောက်၍ စားနေရခြင်း ဖြစ်၏။
ထို့ကြောင့် ထမင်းစားခြင်းက သူ့အတွက် မိသားစုနှင့်အချိန်ဖြုန်းသည့် နည်းလမ်း တစ်ခုထက် မပိုခဲ့ပေ။
ပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်ချီများကို စုပ်ယူနေရမည့် အစား ယခုလို မိဘများနှင့် နေ့စဉ် ထမင်းစားရသည့် အလုပ်ကို သူပို၍ နှစ်သက်၏။
အိပ်ရာထဲ ရောက်သည်နှင့် ဝမ်လင်း အကြိုက်ဆုံး အလုပ်မှာ သူ့ကုတင် သေးသေးလေးပေါ်တွင် အားရပါးရ လဲလျောင်း၍ ကြယ်များ ပြည့်နှက်နေသည့် ကောင်းကင်ကြီးအား မျက်နှာကျက်ကို ဖောက်ထွင်းကာ ရှုစားသည့် အလုပ်ပင် ဖြစ်သည်။
ထိုသို့ သန်းခေါင်ယံ အချိန်တွင် ကောင်းကင်ယံမှ ကြယ်တာရာများကို ကြည့်ရှုခြင်းက ဝမ်လင်းအတွက် အပန်းဖြေစရာ တစ်ခုလိုပင်။
သူ၏ စိတ်ဖတ်နိုင်သည့် စွမ်းရည်ကြောင့် တစ်နေ့လုံး ယင်ကောင်များကဲ့သို့ "တဝီဝီ" နှင့် ကြားနေရသည့် စကားသံများ တိတ်ဆိတ်ချိန် ဖြစ်သော ဤအချိန်လေးကို သူအလွန်ပင် နှစ်သက် သဘောကျ၏။
နေ့အချိန်နှင့် ယှဉ်လိုက်လျှင် ဤအချိန်လေးက သူ့အတွက် အလွန်ပင် ငြိမ်းချမ်းမှု ရှိသည်ဟု ခံစားမိသည်။
အကြိမ်ပေါင်းများစွာပင် သူ့ကိုယ်သူ ဇာတ်ကားများထဲကလို အခြားဂြိုလ်က လာသည့် ဂြိုလ်သားဟုပင် ထင်ခဲ့မိ၏။
သို့ရာတွင် ဝမ်မောင်နှံက မျိုးရိုးဗီဇ(DNA) စစ်ဆေးမှု အထောက်အထားများကို ပြ၍ သူ၏ သံသယများကို ဖယ်ရှားပေးခဲ့သည်။
ဝမ်လင်း တစ်ယောက် အတွေးနယ်ချဲ့ရင်း ညအချိန်ပင် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။
ငယ်စဉ်ကပင် ဝမ်လင်းက စွမ်းအားများကို အသုံးပြု၍ အလိုအလျှောက် အဆင့်တက်နေသည့် သူ၏ အံ့သြဖွယ်ရာ ဖြစ်စဥ်ကြီး ပြီးဆုံးသွားမည့် အချိန်အား ရှာဖွေကြည့်ဖူးသည်။
အရွယ်ရောက်လာလျှင် ထိုဖြစ်စဥ် ရပ်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသော်လည်း ယခုအချိန်ထိ ရပ်တန့်သွားမည့် အရိပ်အယောင်ကိုပင် မပြခဲ့ချေ။
သူ၏ စွမ်းအားက အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ နှစ်နှစ်ကြာတိုင်း နယ်ပယ်တစ်ခုစီ အလိုအလျောက် ကျော်ဖြတ်နေသည်။
ယင်းက သူကဲ့သို့ သိုသိုသိပ်သိပ် နေချင်သူ အတွက် ကြောက်စရာ ကောင်းသော ပြဿနာကြီး တစ်ခုလို ဖြစ်နေ၏။
သို့သော် ထိုအရာထက် ပိုကြောက်စရာကောင်းသည့် အရာမှာ သူ့အနာဂတ် ဖြစ်သည့် အထက်တန်း ကျောင်းသား ဘဝပင် ဖြစ်သည်။
သူ၏ အထက်တန်း ကျောင်းသား ဘဝ တစ်ခုလုံးတွင် မည်ကဲ့သို့ ကြောက်စရာ ကောင်းသည့် ဖြစ်ရပ်များ စောင့်ကြိုနေမည်ကို နတ်ဘုရားတွေကသာ သိလိမ့်မည် ဖြစ်၏။
အထက်တန်း ကျောင်းသားဘဝကို သိုသိပ်စွာဖြင့် ရိုးရိုးရှင်းရှင်း ဖြတ်သန်းမည်ဟု စီစဉ်ထားသော အရာအားလုံးမှာ လက်ရွေးစင် ကျောင်းသားဘဝ ရောက်ရှိသွားခြင်းနှင့် အတူ ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် စွန်းရုံဟု အမည်ရသော မိန်းကလေး..
ထိုမိန်းကလေးက သူ၏ အထက်တန်း ကျောင်းသား ဘဝ တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်မည့်သူဟု ကြိုတင်၍ အာရုံရနေခဲ့သည်။
ပထမဆုံးအကြိမ်ဖြင့် ဝမ်လင်းက ကြိုတင် စီစဉ်ထားခြင်း မရှိသည့် အခြေအနေကို ဖြစ်သလို ဖြတ်သန်းရတော့မည် ဖြစ်၏။
ပြဿနာက အိမ်တံခါးကို လာခေါက်နေမှတော့ သူ့အတွက် ထိပ်တိုက် ရင်ဆိုင်ဖို့သာ ကျန်ရှိတော့သည် မဟုတ်ပါလား။
ဝမ်လင်းက ကုတင်ပေါ်တွင် ထိုင်နေရင်း ခေါင်းနောက်လာသဖြင့် မျက်ခုံးကြားရှိ အရေပြားကို နှိပ်နယ်လိုက်သည်။
သိပ်မကြာခင်မှာပင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အံဆွဲထဲမှာ သိမ်းထားသည့် ခေါက်ဆွဲခြောက်ထုပ်ကို လှမ်းယူလိုက်၏။
"မနက်ဖြန်မှာ ဘာတွေပဲ ဖြစ်နေပါစေ.. အခုချိန်မှာ စိတ်မသက်မသာမှုတွေကို ပြေပျောက်ဖို့ အတွက် ခေါက်ဆွဲအကြွပ်ထုပ်လေး စားပြီးတော့ အနားယူနေလိုက်တာ အကောင်းဆုံးပဲ"