ပထမဆုံးကျောင်းတက်ရက်
Vol. 1 Ch. 6
အမှတ်၆၀ အထက်တန်းကျောင်းသို့ ပထမဆုံး ကျောင်းတက်ရမည့်နေ့ဖြစ်သည်။
အတိအကျ ပြောရလျှင် အခြေတည် အဆင့် ကျောင်းသားများ အထက်တန်းကျောင်းသို့ တက်ရောက်သော ပထမဆုံးနေ့ ဖြစ်၏။
ဟွားရှို့နိုင်ငံ၏ ပညာရေးပေါ်လစီသည် ခေတ်မီ စည်းမျဉ်း စည်းကမ်းနှင့် အမိန့်များကို အတိအကျ လိုက်နာခြင်းမျိုး မဟုတ်ပေ။
ရာစုနှစ် တစ်ထောင်ကျော်ခန့်က ကျင့်သုံးခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များကိုသာ အဓိက အခြေခံသည်။
ကျောင်းသို့ အချိန်မီ ရောက်ခြင်း၊ မနက်ခင်း အတန်းချိန်များ တက်ရောက်ခြင်း၊ နေ့လည်စာ စားသုံးခြင်း၊ ကျောင်းမှ ထွက်ခွာခြင်း၊ ကျောင်းဝတ်စုံကို စည်းမျဉ်းစည်းကမ်း အတိုင်း ဝတ်ဆင်ခြင်း၊ ဤအချင်းအရာ အားလုံးသည် လွန်ခဲ့သော နှစ်ရာကျော်ခန့်က သတ်မှတ်ခဲ့သော ကျောင်းစည်းကမ်း စာအုပ်တွင် ရေးထိုးထားသော အချက်များ ဖြစ်သည်။
ညဉ့်အချိန်တွင် ဝမ်လင်း တစ်ယောက် သူ့ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို တဂျွတ်ဂျွတ် စားသောက်နေစဉ် ကျောင်းမှ ကျောင်းဝတ်စုံကို နယ်မြေပို့ဆောင်ရေးမှ တဆင့် သူတို့အိမ်သို့ ပို့ပေးလိုက်သည်။
ကျောင်းဝတ်စုံက အပြာရောင်နှင့် အဖြူရောင် ဖြစ်နေ၍ အားကစား ဝတ်စုံနှင် ဆင်တူသည်။
ဝတ်စုံ၏ နောက်ကျောပြင်တွင် လက်ရွေးစင် အတန်း ဟူသော စာသားကို ထူးခြားစွာ ရေးထိုးထားခဲ့သည်။
ဝမ်လင်းက သူ့စိတ်သူ အကောင်းဆုံး ကြိုတင် ပြင်ဆင်ခဲ့သော်လည်း ဝတ်စုံ ဒီဇိုင်းကို ကျေနပ်မှု မရှိိခဲ့ပေ။
ဤဝတ်စုံ၏ နောက်ကွယ်မှ အကြောင်းအရင်းကို သူ နားလည်မိသည်။
ကျောင်းက လွန်ခဲ့သော ရာစုနှစ်ခန့်က ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ရိုးရာမပျက် ဝတ်စားဆင်ယင်စေခြင်း ဖြစ်၍ အနည်းငယ်မျှ တိုးတက်မှုကို မမြင်တွေ့ရချေ။
ကျောင်းဝတ်စုံ၏ နောက်ကျောပြင်တွင် လက်ရွေးစင် ဟူသော စကားလုံးကို ရေးထိုးထားခြင်းက စိတ်ပျက်ဖွယ်အတိပင်။
ဤစာသားက အထူးတန်းအတွက် သီးသန့် အခွင့်အရေး ဖြစ်သည် မဟုတ်လော။
ဝတ်စုံကို ဘက်ပေါင်းစုံမှ ကြည့်လိုက်လည်း ဝမ်လင်းကို ကျေနပ်သော ခံစားချက် မဖြစ်ပေါ်စေပေ။
လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းကျော်ခန့်က အကျဉ်းထောင်များတွင် သေမိန့်ပေးခံရသော အကျဉ်းသားများ ဝတ်ဆင်လေ့ရှိသည့် ဝတ်စုံဟုသာ သူခံစားမိသည်။
ဝတ်စုံတွင် ပါဝင်သော အိတ်ကပ်များကလည်း ကြီးမားလွန်းလှသည်။
ဟွားရှို့နိုင်ငံတွင် ကျင့်သုံးသော ပညာရေးပေါ်လစီ၏ စစ်မှန်သော အောင်မြင်မှုက ကျောင်းဝတ်စုံ ဆင်တူ ဝတ်ဆင်ခိုင်းခြင်း ဖြစ်သည်။
ထိုသို့ဝတ်ဆင်စေခြင်းဖြင့် ကျောင်းသားများကြား လူနေမှု အဆင့်အတန်း ကွာခြားခြင်းကို လျော့ချနိုင်ခဲ့၏။
တကယ်တမ်း ဤသည်ကား သူ ပြောချင်ခဲ့သည့် အဓိက အကြောင်းချင်းရာ မဟုတ်ခဲ့ပေ။
ဝမ်လင်းအတွက် အကြီးမားဆုံး အခက်အခဲ အတားအဆီးက မနက်ဖြန် ရင်ဆိုင်ရမည့် အဆိုးရွားဆုံး နေ့ရက်ဖြစ်သည်။
ဝမ်လင်းတို့မိသားစု နေထိုင်သော အိမ်ငယ်လေးသည် မြို့တွင်း နှင့် မြို့ပြင်ကြားတွင် တည်ရှိပြီး ၆၀ အထက်တန်းကျောင်း နှင့် လီ သုံးသောင်းခန့် ကွာဝေးသည်။
သို့သော် လေအလျင်ကဲ့သို့ နှုန်းဖြင့် ဝမ်လင်း သွားခဲ့လျှင်မူ ၂မိနစ်ခန့်ပင် မကြာလိုက်ဘဲ ကျောင်းသို့ ရောက်နိုင်ပေသည်။
သူ ငယ်ငယ်တုန်းက ခေါက်ဆွဲခြောက်ထုပ် ဝယ်ရန် လီ ၃သောင်းခန့် အကွာအဝေးသို့ပင် ပြေးသွားခဲ့ဖူးသည်။
ထို့ကြောင့် လီတစ်သောင်းခန့် အကွာအဝေးက သူ့အတွက် အေးအေးလူလူ ဖြစ်ပြီး မျက်နှာကို နီမြန်းစေခြင်းနှင့် မောဟိုက်သော ခံစားချက်များ ဖြစ်ပေါ်စေမည် မဟုတ်ပေ။
ယနေ့သည် ကျောင်းတက်ရသော ပထမဆုံးနေ့ ဖြစ်သည်။
ကျောင်းသားခေါင်းဆောင်များနှင့် အတူ ဝန်ထမ်းများက ဂိတ်ပေါက်ဝတွင် ကိုယ်တိုင်ကိုယ်ကျ ကျောင်းသားသစ်များကို ကြိုဆို၍ လမ်းညွှန်ပေးကြသည်။
ဝမ်လင်းက ထောင့်တစ်နေရာသို့ လှည့်ထွက်သွားလိုက်စဉ် ခပ်လှမ်းလှမ်း တစ်နေရာမှ လူတစ်စု ပြောနေသော အသံကို ကြားလိုက်သည်။
"မနေ့က ကျောင်းသားသစ် တစ်ယောက် Sသုံးလုံး အဆင့်ကို ရခဲ့တယ် ကြားတယ်"
"ဟုတ်ပါတယ် ကျောင်းအုပ်ကြီးချန်း.. အဲဒီကျောင်းသားရဲ့ နာမည်က ဝမ်လင်းပါ.. အဲဒီကျောင်းသားက လက်ရွေးစင် အတန်းကို တက်မှာပါ"
"ငါသဘောပေါက်ပြီ.. အဲဒီကျောင်းသားက နောင်အနာဂတ်မှာ ထွန်းပေါက်မယ့် အလာအလား ရှိတယ်.. ကျောင်းသားဝမ်လင်းက ယောက်ျားလေးလား မိန်းကလေးလား"
ကျောင်းအုပ်ကြီးချန်းက မေးမြန်းလိုက်သည်။
"ယောက်ျားလေးပါ ကျောင်းအုပ်ကြီး"
ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးချန်း၏ မျက်နှာအမူအရာက နောင်တများဖြင့် ပြည့်နှက်သွားသည်။
"ဒီနေ့ခေတ် ကျောင်းသားတွေက အရမ်းကို အကင်းပါးကြတယ်.. အဲဒီကျောင်းသား ဝမ်လင်းက မိန်းကလေးသာဆိုရင် ငါ့ရုံးခန်းထဲ ခေါ်ပြီး ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပေးလို့ ပြဿနာ မရှိဘူး.. ယောကျာ်းလေးဆိုတော့.. ဟူး.."
ဝမ်လင်း၏နောက်ကွယ်တွင် ကျောင်းသားခေါင်းဆောင်များ နှင့် ကျောင်းဝန်ထမ်း တစ်ဦး တစ်ယောက်ချင်းစီက သူ့အကြောင်းများ ပြောဆိုပြီး စိတ်မကောင်းသော အမူအရာဖြင့် သက်ပြင်းချနေကြသည်။
ဝမ်လင်း"......"
ဝမ်လင်းက သူ့ကျောင်းဝတ်စုံကို သေသပ်အောင် ပြင်ဆင်ပြီး ကျောင်းဝင်ပေါက်ကို တည်တည်ငြိမ်ငြိမ် လျှောက်သွားလိုက်သည်။
မည်သူမှ သူ့ကို သတိမပြုမိအောင် ခေါင်းကလေးငုံ့၍ ခပ်ရို့ရို့ လမ်းလျှောက်သွားသည့်အပြင် ကြီးမြတ်သော ကိုယ်ဖျောက်ဂါထာကိုပါ အသုံးပြုခဲ့သည်။
သာမန် ကိုယ်ဖျောက်သော နည်းစနစ်နှင့် ယှဉ်လိုက်လျှင် သူ ယခု အသုံးပြုခဲ့သော နည်းစနစ်က ပို၍သာလွန်သည်။
သူ၏နည်းစနစ်က သူ့ပုံပန်းသွင်ပြင်.. လက်ဗွေရာ နှင့် DNAကိုပင် ပြောင်းလဲနိုင်စွမ်း ရှိ၍ ယနေ့ခေတ်၏ အတိုးတက်ဆုံး နည်းပညာရပ်နှင့်ပင် သူ့ကို ခြေရာခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ရိုးရိုး ရုပ်ဖျက် နည်းစနစ်ကမူ ရှေးယခင်က အသုံးပြုခဲ့သော နည်းစနစ်ကို အခြေခံထားသောကြောင့် လမ်းမပေါ်တွင် တပ်ဆင်ထားသော လျှပ်စစ်ခြေရာခံများဖြင့် အလွယ်တကူ ခြေရာခံနိုင်၍ ရဲဌာန၏ ဖမ်းမိခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက ကျောင်းဂိတ်ပေါက်တွင် စောင့်ကြပ်နေသော ခေါင်းဆောင်များ၏ သတိပြုမိခြင်းမှ လွတ်မြောက်ပြီးနောက် ကျောင်းဝန်းထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်သွားနိုင်ခဲ့သည်။
ဤသည်ကား ငြီးငွေ့ဖွယ်ကောင်းလွန်းသော ကြိုးစားအားထုတ်မှုမှန်း သိသာသော်လည်း သူ့အတွက် ထိုက်တန်သည်ဟု သူခံစားမိသည်။
ဝမ်လင်းအတွက် ချီးမွမ်း ဂုဏ်ပြုမှုများက မလိုအပ်ပေ။
သူ ငယ်စဥ်ကတည်းက ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် တိတ်တဆိတ် ပညာသင်ယူနိုင်ရန်သာ မျှော်လင့်ခဲ့သည် မဟုတ်ပါလား။
သို့သော် ကံဆိုးစွာဖြင့် သူ့ဆန္ဒ တစ်ခုတလေမျှ မပြည့်ဝခဲ့ပေ။
ပထမနှစ် အခန်း၃သည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ပညာသင်ကြားရေး အဆောက်အဦး ပထမထပ်တွင် တည်ရှိသည်။
ထို့အပြင် ကျောင်းစားသောက်ဆိုင်နှင့် အနီးဆုံးတွင် ရှိသော အတန်းလည်း ဖြစ်သည်။
အတန်း၏ အရှေ့တံခါးမကြီးနားတွင် မိန်းကလေးအိမ်သာ ရှိပြီး အနောက်ဘက် တံခါးနားတွင် ယောက်ျားလေး အိမ်သာ ရှိသည်။
ယခင်ခေတ်နှင့် မတူညီသည့် အချက်မှာ သင်ကြားပေးသော သင်ခန်းစာ နည်းပါးပြီး ကျောင်းတက်ချိန် များပြားခြင်း ဖြစ်သည်။
အတန်းထဲတွင် ခေတ်ရေစီးကြောင်းနှင့် လိုက်ဖက်ညီသော သင်ခန်းစာများကို သင်ကြားပေးသည်။
အထူးသဖြင့် ပထမနှစ် အတန်းတွင် အခြေခံ အရေးကြီးသော အကြောင်းအရာများကိုသာ သင်ကြားပေးသည်။
အင်းချပ်ရေးဆွဲခြင်း.. စိတ်ဝိညာဉ်ရေထုတ်လွှတ်ခြင်း.. ဆေးဖော်စပ်ခြင်း အစရှိသည်တို့ကို သင်ကြားပေးသည်။
သို့သော်လည်း ဝမ်လင်းအတွက်က မိခင်၏ ဝမ်းဗိုက်ထဲမှာတည်းက ၎င်းပညာရပ်များကို သင်ကြားခဲ့ပြီသား ဖြစ်နေသည်။
သို့သော်လည်း သူက ပျင်းရိငြီးငွေ့စွာဖြင့် လိုက်ပါသင်ကြားခဲ့ပြီး မည်သူမှ အထင်မကြီးအောင် ကြိုးစားခဲ့သည်။
ဝမ်လင်း၏ အားနည်းချက်တစ်ခုမှာ မိတ်ဆွေဖွဲ့ခြင်း ဖြစ်သည်။
အမှတ်၆၀ အထက်တန်းကျောင်းတွင် လက်ရွေးစင်အတန်း ၂တန်း ရှိပြီး သူတို့အတန်းထဲတွင်မူ ကျောင်းသား ၁၅ယောက် ရှိသည်။
သို့တိုင် ဝမ်လင်းက လက်တစ်ဖက်စာမျှ အတန်းဖော်နာမည်ကိုသာ မှတ်မိသည်။
သူ မှတ်မှတ်ရရ သိနေသူများအနက် အထင်ရှားဆုံးသူမှာ ဟွာကောရေတံခွန် အုပ်စု၏ ဆက်ခံသူ သခင်မလေး စွန်းရုံ ဖြစ်သည်။
သူမက ကြော့ရှင်းလှပသော ဟန်အမူအရာဖြင့် လူသိများ ထင်ရှားအောင် နေထိုင်ပြီး အတန်းခေါင်းဆောင် ဖြစ်ချင်နေသူ ဖြစ်၏။
ဒုတိယတစ်ယောက်မှာ အားကစား လုပ်ငန်းများကို ဦးစီးဦးဆောင် လုပ်ဆောင်တတ်သော စူပါချန်(ဝါ)ချန်ချောင်ဖြစ်သည်။
သူသည်လည်း အခြေတည်အဆင့်၏ ထိပ်ဆုံး အဆင့်ကို ရောက်နေသော ကျောင်းသားတစ်ယောက် ဖြစ်၏။
ဆိုရလျှင် ရွှေအမြူတေအဆင့်ကို တက်လှမ်းနိုင်မည့် အလာအလား ရှိသော လူငယ်မျိုးဆက်သစ်လည်း ဖြစ်သည်။
ရှေးဟောင်းသိုင်းပညာရပ်ကို လိုက်စားသော မိသားစုမှ ဆင်းသက်လာ၍ ချန်ချောင်၏ ခန္ဓာကိုယ်က ကျန်းမာကြံ့ခိုင်သည်။
တတိယမြောက်ပုဂ္ဂိုလ်က သူရဲကောင်းကော်(ဝါ)ကော်ဟောက် ဖြစ်သည်။
သူသည်လည်း အခြေတည်အဆင့် နောက်ဆုံးအဆင့်ကို ရောက်နေသောသူ ဖြစ်၏။
သူတို့မိသားစုက တိရိစ္ဆာန် အရောင်းဆိုင်လေးကို ဖွင့်ထားသည်။
သူတို့ဘိုးဘေးမျိုးဆက်များက ဝိညာဉ်သားရဲလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။
သူက ဒိုပီအမည်ရှိသော ကြက်တူရွေးလေးကို သွားလေရာတွင် ခေါ်သွားတတ်သည်။
ထို့အပြင် တစ်တန်းလုံး၏ အတင်းအဖျင်း သတင်းများကိုလည်း ဒိုင်ခံ ပြောတတ်၍ သူ့ကို ကြက်တူရွေးလေး ဒိုပီ၏ သခင်ဟုလည်း ခေါ်ကြသည်။
စတုတ္ထမြောက်တစ်ဦးက ဝမ်လင်း အထင်ကြီး လေးစားရသော လီရွှမ်ကျင်း ဖြစ်သည်။
သူ့အမည်က မိန်းကလေးအမည်နှင့် ဆင်သော်လည်း အရပ် ၁၉၀ စင်တီမီတာ ရှိသော ရုပ်ကြမ်းကြီးနှင့် ယောက်ျားတစ်ယောက် ဖြစ်သည်။
သူ့အမည်ကဲ့သို့ပင် လီရွှမ်ကျင်းက စကားနည်းသည်။
အထူးဆန်းဆုံး ဖြစ်ရပ်မှာ ဝမ်လင်း၏ စိတ်ဖတ်နိုင်စွမ်းက သူ့အပေါ် သက်ရောက်မှု မရှိခြင်းပင်။
ဝမ်လင်းက လီရွှမ်ကျင်း အတွေးကို ဖတ်နိုင်စွမ်း မရှိပေ။
ဤကဲ့သို့သော အခြေအနေမျိုးက ရှားရှားပါးပါး ဖြစ်ရပ် ဖြစ်သည်။
ဝမ်လင်းကို စိတ်ဖတ်နိုင်စွမ်းမှ တားဆီးနိုင်သော အခြေအနေ နှစ်ရပ်သာ ရှိသည်။
ပထမအချက်မှာ တစ်စုံတစ်ယောက်က ဝမ်လင်း၏ စိတ်စွမ်းအား အချက်ပြမှုကို ဟန့်တားရန် သူနှင့်အတူတူ တန်ဖိုးကြီးသော မှော်ရတနာကို ကိုယ်နှင့်မကွာ ဆောင်းထား၍ ဖြစ်နိုင်သည်။
ဒုတိယအချက်မှာမူ တစ်စုံတစ်ယောက်က အရမ်းကို ရိုးသားခြင်း(ဝါ) စိတ်ထား ဖြူစင်လွန်းနေလျှင် ထိုလူ၏စိတ်ကို ဖတ်နိုင်ရန် မလွယ်ကူပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်လင်း၏အမြင်တွင် လီရွှမ်ကျင်းက အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးဟု မှတ်ယူထားသည်။
လီရွှမ်ကျင်းထံတွင် ထိခိုက်နစ်နာစေလိုသော အကြံအစည် တစ်ခုခု ရှိနေ၍ ဖုံးကွယ်ထားသည်ဟု သူယူဆထားသည်။
ဤလူလေးဦး အရှေ့ရောက်လျှင် အထူးသတိပြုကာ နေထိုင်ရမည်
ဟု ဝမ်လင်းက ဆုံးဖြတ်လိုက်သည်။
အတန်းချိန် ကျော်လွန်သွား၍ အခန်းတစ်ခန်းလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။
ဆူညံလွန်းသော ပတ်ဝန်းကျင်ကို ငေးကြည့်လျက် ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤစိတ်မချမ်းမြေ့ဖွယ်ကောင်းသော နေရာတွင် သူ့ကိုယ်သူ ဖုံးကွယ်ရန် ကြိုးစားနေရခြင်းက တကယ်ကို ခက်ခဲလွန်းလှ၏။
နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်လင်းက သူ့နယ်မြေအိတ်ကပ်ထဲမှ အင်းချပ်စာအုပ်ကို ထုတ်လိုက်ပြီး စားပွဲခုံပေါ် တင်လိုက်သည်။
ထိုစဥ် နောက်ထပ် အတန်းချိန် စတင်မည့် ခေါင်းလောင်းသံ မြည်လာသည်။
စက္ကန့်ပိုင်းမျှပင် မကြာလိုက်ချေ။
ရွှေရောင်မျက်မှန်ကိုင်း နှင့် ဆံပင်ခပ်မြင့်မြင့် စည်းထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်က စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။
"ငါ့ရုံးခန်းထဲကနေတောင် မင်းတို့အသံတွေကို ကြားနေရတယ်.. မင်းတို့က ကျောင်းရဲ့ လက်ရွေးစင်တွေလေ.. ဒီလိုသာ အကျင့်ပျက် ဆူညံနေရင် သင့်လျော်ပါ့မလား.. နောက်နောင် မင်းတို့ ဘယ်လိုလုပ်ကြမလဲ"
သက်လတ်ပိုင်း အမျိုးသမီးက ဖန်ရှန့်စုန့်ဖြစ်ပြီး ပထမနှစ် လက်ရွေးစင် အတန်းကို ကြီးကြပ်ရသော အတန်းပိုင် ဆရာမလည်း ဖြစ်၏။
ထို့အပြင် ဝမ်လင်း သတိထား ဆက်ဆံရမည့် ငါးယောက်မြောက် ပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။