ကြီးမြတ်လှသော ဆရာမဖန်
Vol. 1 Ch. 7
ဝမ်လင်းက ဆရာမ ဖန်ရှန့်စုန့်၏ ကြီးမြတ်သော ဂုဏ်သတင်းကို ကြားသိခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဆရာမ ဖန်ရှန့်စုန့်မှာ ၆၀အထက်တန်းကျောင်း၏ ခေါင်းဆောင် ဆရာမ ဖြစ်ပြီး ပင်စင်ယူပြီးနောက်မှ အလုပ်ပြန်ဝင်လာသူလည်း ဖြစ်သည်။
သူမက ရွှေအမြုတေအဆင့် ရောက်နိုင်သော အလားအလာရှိသည့် ကျောင်းသားများစွာကို လေ့ကျင့် ပျိုးထောင်ပေးခဲ့ဖူးသည်။
သို့သော် ကံဆိုးစွာဖြင့် ရွှေအမြုတေ အဆင့် ရောက်ခါနီးသည့် ကျောင်းသားတိုင်းက ဘွဲ့ရသွားကြ၍ ဆရာမ ဖန်ရှန့်စုန့်၏ လက်အောက်တွင် ဤအဆင့်ကို ရောက်ခဲ့ဖူးသူ မရှိခဲ့ပေ။
ယင်းကိစ္စတွင် ဆရာမဖန်ကို အပြည့်အဝ အပြစ်တင်၍ မရပေ။
ဥပမာ ပြောရမည်ဆိုလျှင် ရေငတ်နေသော မြင်းတစ်ကောင်ကို ရေရှိရာ အရပ်သို့သာ လမ်းညွှန်ပေးနိုင်မည် ဖြစ်ပြီး ရေသောက်ခြင်း.. မသောက်ခြင်းက မြင်းနှင့်သာ သက်ဆိုင်သော ကိစ္စသာ ဖြစ်သည်။
အတင်းအကျပ် တွန်းအားသွားပေး၍ မရချေ။
အခြေတည် အဆင့်တွင် ကျင့်ကြံခြင်း လုပ်ဆောင်ရန် ပျင်းရိနေသော သူသည် အသက်အရွယ်ကြီးရင့်ကာ အိုမင်လာချိန်တွင် နောင်တရလိမ့်မည်သာ။
ဆရာမဖန်က အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သော်လည်း သူမ ဘဝ၏ နောက်ဆုံး မျှော်လင့်ချက်ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည်။
ယင်းမှာ သူမ၏ ကျောင်းသား ဖြစ်ခဲ့ဖူးသည် ကျိုးရီ ကြောင့်ဖြစ်သည်။
ကျိုးရီက ၆၀အထက်တန်းကျောင်းမှ ဘွဲ့ရတစ်ယောက် ဖြစ်ပြီး ကောင်းကင်ဝါးမျို ဖားပြုပ်ကို တစ်ချက်တည်းဖြင့် အလဲထိုးနိုင်ခဲ့သော ဟွာရှို့နိုင်ငံ၏ သူရဲကောင်းကြီး ဖြစ်သည်။
သူရဲကောင်းကျိုးက ဆရာမဖန်၏ တပည့် ဖြစ်နေသောကြောင့် ကျောင်းခေါင်းဆောင်များက ဆရာမဖန်ကို အကြွင်းမဲ့ ယုံကြည်ခဲ့ကြ၏။
ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်က ကျောင်းရှိ ဆရာများ အားလုံးတွင် အနိမ့်ဆုံး ဖြစ်သော်လည်း ခေါင်းဆောင် ဆရာများအနက် လစာအမြင့်ဆုံး ရရှိသူ ဆိုလည်းမမှားပေ။
ဆရာမဖန်က လာဘ်ထိုးမှုကြောင့် ယခုကဲ့သို့ ဂုဏ်သတင်း ကျော်စောနေသည်လား ဝမ်လင်း အနေဖြင့် မသိပေ။
ဆရာမဖန်က လာဘ်လာဘကို မျှော်ကိုးပြီး အကျိုးအကြောင်း မဆင်ခြင်ကာ သူ့ကို ပြဿနာ မရှာရန်သာ မျှော်လင့်နေမိသည်။
မည်သို့ပင် ဆိုစေကာမူ အတန်းထဲတွင် သူက သိုသိုဝှက်ဝှက် နေထိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။
ကြီးကြပ်ရေးမှူး ဆရာများ အားလုံး နည်းတူ ဆရာမဖန်၏ အမြင်က စူးရှပြီး အကင်းပါးသည်။
သာဓကအနေဖြင့် ပြောရမည်ဆိုလျှင် ဝမ်လင်းတို့ အတန်းနှင့် အလှမ်းဝေးသော သူမ၏ ရုံးခန်း၌ ရှိနေချိန်မှာပင် အတန်းထဲမှ ကျောင်းသားများ၏ စခွီထသည့် အသံများကို ကြားနိုင်စွမ်း ရှိသည်။
ဆရာမဖန် ဒေါကန်နေရခြင်းမှာ သူမ လူသွားစင်္ကြ့ဘက် လမ်းလျှောက်နေစဉ် ဘေးအခန်းမှ ကျောင်းသားများ၏ လုံ့လဝီရိယရှိစွာ သင်ယူနေခြင်းများကို မြင်တွေ့ရပြီး သူမ၏ အခန်းက ဆူညံနေခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် သူမက အခန်းထဲ ဝင်ဝင်ချင်း စားပွဲခုံကို အသံမြည်အောင် စာအုပ်ဖြင့် ရိုက်ချလိုက်သည်။
ထိုမှသာ သူမ၏ မကျေနပ်သော ခံစားချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်လိမ့်မည် မဟုတ်ပါလား။
"၆၀အထက်တန်းကျောင်းမှာ ငါစာသင်လာတာ ကြာခဲ့ပြီ.. လက်ရွေးစင်အတန်း ၁၀တန်းကို တာဝန်ယူခဲ့ဖူးတယ်.. မင်းတို့က ၁၀တန်းမြောက်ပဲ.. ငါ တာဝန်ယူခဲ့သမျှ အတန်းတွေထဲမှာ မင်းတို့အတန်းက အဆိုးဆုံးပဲ"
သူမ၏ စကားလုံးများက ကျောင်းသားများကို အံ့အားသင့် ထိတ်လန့်စေသော်လည်း ကျောင်းသားများ အနေဖြင့် ယခုလို စကားမျိုးကို ယခင်ကတည်းက ကြားဖူးပြီးသား ဖြစ်သည်။
သို့ရာတွင် ဖန်ရှန့်စုန့်က ၆၀အထက်တန်းကျောင်း၏ ရင်ဆိုင်ရအခက်ခဲဆုံး ဆရာမ ဖြစ်နေ၍ ကျောင်းစတက်သည့် ပထမဆုံးနေ့တွင် မည်သူကမှ သူမနှင့် ထိပ်တိုက် ရင်ဆိုင်ချင်သော ဆန္ဒရှိမနေပေ။
ဆရာမဖန်က မည်မျှပင် ဒေါသထွက်နေပါစေ။
စွန်းရုံကို ရန်စရဲသည် အထိတော့ မတုံးအပေ။
သူမအတွက် အတန်းထဲတွင် ကြာပန်းဖြူလေး စွန်းက ခြွင်းချက် ဖြစ်သည်။
တခြား ကျောင်းသားများ၏ မိသားစု နောက်ခံကို အသေအချာ မသိသေး၍ သူမ၏ အတန်းပိုင် လုပ်ပိုင်ခွင့်အာဏာကို ပြချင်နေခြင်းသာ။
"ကျောင်းသားဝမ်လင်းက ဘယ်သူလဲ"
ဖန်ရှန့်စုန့်၏ စကားကြောင့် အတန်းထဲရှိ ကျောင်သားအားလုံးက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လာ၍ ဝမ်လင်း လန့်ဖျပ်သွားမိသည်။
ဆရာမဖန် "အပြင်ကနေတောင် မင်းနာမည်ချည်းပဲ ကြားနေရတယ်"
ဝမ်လင်း"......."
"မင်းတို့ရဲ့အရည်အချင်းကြောင့်ပဲ ဖြစ်ဖြစ်.. ကံကောင်းလို့ပဲ ဖြစ်ဖြစ် မင်းတို့က ငါ့အတန်းထဲကို ရောက်နေပြီ.. ဒါကြောင့်မို့ ငါ ချမှတ်ထားတဲ့ အတန်းစည်းကမ်းကို လိုက်နာရမယ်.. မင်းတို့က လက်ရွေးစင် ကျောင်းသားဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း နေနိုင်ဖို့ ငါမျှော်လင့်တယ်.. မင်းတို့ ကျောင်းနောက်ကျလို့ မရဘူး.. စောစော ပြန်လို့လည်း မရဘူး.. အခန်းထဲ အသံကျယ်ကျယ် စကား မပြောရဘူး.. မင်းတို့က ငါ့ကို စိန်ခေါ်ချင်တယ် ဆိုရင်တော့ မင်းတို့မိဘတွေကို ကျောင်းခေါ်ပြီး သတိပေးဖို့ အဆင်သင့်ပဲ"
ဤသည်ကား အတန်းသစ် မစတင်ခင် သူမ ပြောလေ့ပြောထ ရှိသော မိန့်ခွန်း ဖြစ်သည်။
အတန်းထဲတွင် စကားနည်းသော ဝမ်လင်းက ငယ်စဥ်ကတည်းကပင် ယခုလို အတွေ့အကြုံမျိုးကို တွေ့ကြုံဖူးပြီသား ဖြစ်သည်။
သူငယ်စဥ်က အဖြစ်အပျက် တစ်ခုကို သူ မှတ်မိနေသေးသည်။
ချီစုဆောင်းခြင်း သင်ခန်းစာကို ဆရာမက သင်ပေးနေစဥ် အဆိုးရွားဆုံး အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
သူက ဥက္ကာခဲကို ဆင့်ခေါ်မိ၍ ကျောင်း၏ အားကစားကွင်း ပျက်စီးခဲ့သည်။
ဤအဖြစ်အပျက်ကြောင့် အတန်းသုံးရက် ပိတ်ခဲ့ဖူးသည်။
ကံကောင်းစွာဖြင့် ဝမ်လင်းက ယခုအချိန်တွင် သူ့ကိုယ်သူ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုသို့သာ မဟုတ်လျှင် သူ ရူးသွားလျှင် သူ့ကိုယ်သူပင် ပြန်ကြောက်ရသော အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပါလား။
ဆရာမဖန်က ဝမ်လင်းတို့ကို တာအိုအဆောင် သင်ခန်းစာကို အဓိက ကြီးကြပ် သင်ကြားပေးလိမ့်မည် ဖြစ်သည်။
တာအိုအဆောင် ရေးဆွဲခြင်း၏ အခြေခံ ရည်မှန်းချက်က ပို၍ အဆင့်မြင့်သော သင်ခန်းစာများကို သင်ကြားနိုင်ရန် ဖြစ်သည်။
အနီရောင်အမှုန့်.. အဝါရောင်စာရွက်.. ဝိညာဉ်ရေ နှင့် ရေးဆွဲသော စုတ်တံတို့က အဆောင်ရေးဆွဲခြင်း၏ အခြေခံ ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။
လက်ရွေးစင် အတန်းက အခြေခံသင်ခန်းစာဖြင့် အချိန်ဖြုန်းမည့် အတန်း မဟုတ်ပေ။
သင်ခန်းစာကို မိတ်ဆက်သည့် သဘောဖြင့် ပထမဆုံး အတန်းချိန်မှာပင် စတင် သင်ကြားပေးခဲ့သည်။
ဆရာမဖန်က သင်ခန်းစာပို့ချရန် သူမနှင့် အတူတူ ကုန်ကြမ်းပစ္စည်းများကို တပါတည်း ယူဆောင်လာခဲ့သည်။
"မင်းတို့ အရင်တုန်းက အဆောင်ဆွဲဖူးလား မသိပေမဲ့ မင်းတို့ကို အခြေခံကနေ သင်ပေးမယ်.. အခုတော့ မင်းတို့ကို တစ္ဆေဆင့်ခေါ်တဲ့ အဆောင် ဘယ်လို ရေးဆွဲရလည်း ဆိုတာ အရင်ဆုံး သင်ပေးမယ်"
တိုက်ခိုက်ရေးအဆောင်၊ အကာကွယ်အဆောင်၊ တခြားလုပ်ဆောင်ချက် အဆောင်များနှင့် ယှဉ်လိုက်လျှင် ဤအဆောင်ရေးဆွဲခြင်းက ရိုးရှင်းပြီး အောင်မြင်ရန် လွယ်ကူသည်။
လူသစ်တိုင်း အောင်မြင်နိုင်ချေ မြင့်သောကြောင့် ပထမဆုံးရက်တွင် ရွေးချယ် သင်ကြားပေးခြင်း ဖြစ်၏။
ထိုစကားကို ပြောပြီးနောက် ဆရာမဖန်က အနီရောင်အမှုန့် နှင့် ဝိညာဉ်ရေကို ရောနှောပြီး အဝါရောင် အဆောင်စာရွက်ကို ဖြန့်ကာ စုတ်တံကို လေထဲသို့ မြှောက်လိုက်သည်။
"အခုကစပြီး တစ္ဆေဆင့်ခေါ် အဆောင် ဘယ်လို ရေးဆွဲရမလဲ သင်ပေးတော့မယ်"
လူတိုင်းက ဆရာမဖန်ကို မျက်တောင်မခတ် ကြည့်နေစဉ် သူမက စုတ်တံကို ကျွမ်းကျင်စွာ ကိုင်မြှောက်လိုက်ပြီး အဝါရောင် စာရွက်ပေါ် ရေးဆွဲလိုက်သည်။
ဤသို့ဖြင့် ဆရာမဖန်က သာမန် အဆောင်လေးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
နောက်ဆုံးအဆင့် အနေဖြင့် သူမက ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး အဆောင်စာရွက်ကို လေပေါ် မြှောက်လိုက်သည်။
ယင်းအချိန်မှာပင် ဆန်းကြယ်သော အဖြစ်အပျက်ကို တစ်ခန်းလုံး မြင်တွေ့လိုက်ရသည်။
လေထဲ လွင့်မြောနေသော တစ္ဆေဆင့်ခေါ် အဆောင်က ရုတ်တရက် ရပ်တန့်သွားပြီး တိုးလျသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ကျောင်းသားများက လေထဲတွင် လွင့်မြောနေသော ထိုးဖောက်မြင်နိုင်သည့် အရိပ်လေး တစ်ခုကို တွေ့လိုက်ရသည်။
ဤအရာသည်ကား တစ္ဆေ ဖြစ်သည်။
ဆရာမဖန်က အစိမ်းရောင် တစ္ဆေကို ညွှန်ပြလိုက်သည်။
"ဝိညာဉ်စွမ်းအားထုတ်တာကို ထိန်းချုပ်ထားလို့ အားအနည်းဆုံး တစ္ဆေ ပေါ်လာတာပဲ.. သူ့မှာ သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒ မရှိဘူး.. ကျောင်းသားအသစ်တွေက ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအားကို မထိန်းချုပ်နိုင်ဘဲ ရန်လိုတဲ့ တစ္ဆေကို ဆင့်ခေါ်မိလဲ မစိုးရိမ်ပါနဲ့.. ဆရာမက ဖြေရှင်းပေးပါမယ်.. အခုငါက သူ့ကို ဆင့်ခေါ်ပြီးပြီ ဆိုတော့ ပြန်လွှတ်ပေးလိုက်တော့မယ်"
ထိုစကားကို ပြောလိုက်စဉ် သူမက စားပွဲခုံပေါ် တင်ထားသော အနီရောင်မှုန့်နှင့် ဝိညာဉ်ရေ အရောအနှောထဲ လက်ချောင်းထိပ်ကို နှစ်လိုက်ပြီး တစ္ဆေ၏ မျက်ခုံး နှစ်ဖက် အလယ်ကို ထိလိုက်သည်။
တစ္ဆေက နာကျင်စွာ အော်ဟစ်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
"မျက်ခုံးနှစ်ဖက်ကြားက သူတို့ရဲ့ပျော့ကွက်ပဲ.. အဆောင် ရေးဆွဲတဲ့ နေရာမှာ သုံးတဲ့ ရေနဲ့ ဝိညာဉ်စွမ်းအားကို သုံးပြီး သူတို့ကို ပြန်လွှတ်ပေးလို့ရတယ်.. ဈေးကွက်ထဲမှာ လွယ်လွယ်ရနိုင်တဲ့ ဆား.. ကျင်ငယ်ရေ နဲ့ ကြက်သွေးတို့က ယုံကြည်လို့ မရဘူး"
ဆရာမဖန်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အဆောင်ရေးဆွဲခြင်းအတွက် လိုအပ်သော အခြေခံ ကုန်ကြမ်းများကို ကျောင်းသားများအား မျှဝေပေးလိုက်သည်။
"ငါ သရုပ်ဖော်ခဲ့တဲ့ အတိုင်း ကြိုးစားကြည့်ပါ"
တစ္ဆေပေါင်းစုံကို တစ်ပြိုင်နက် ဆင့်ခေါ်လျှင် ဝရုန်းသုန်းကားဖြစ်သွားနိုင်သဖြင့် ဆရာမ ဖန်ရှန့်စုန့်က တစ်ယောက်ချင်းစီသာ ဆင့်ခေါ်စေသည်။
စွန်းရုံ ဆင့်ခေါ်ခဲ့သော ဝိညာဉ်က ၆၀ အထက်တန်းကျောင်း၏ အဆောက်အဦး အပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော ကျောင်းသူဖြစ်သည်။
နည်းလမ်းကျကျ ပြောရမည်ဆိုလျှင် ထိုတစ္ဆေက သူတို့၏ စီနီယာအစ်မ ဖြစ်သည်။
ချန်းချောင်က ခေါင်းကို ဓားကိုးချောင်းဖြင့် ထိုးခံထားရသော တရားသူကြီးကို ဆင့်ခေါ်မိသည်။
ထိုတရားသူကြီးမှာ သေမိန့်ပေးခံရသော အကျဉ်းသား၏ မိသားစုဝင်များနှင့် သေမိန့်ပေးသော မြေနေရာတွင် အငြင်းပွားရာမှ ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကြက်တူးရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က ခွေးကလေး၏ အရိုးကို ဆင့်ခေါ်မိရာ အတန်းထဲမှ ခွေးချစ်သူများက သူ့ကို ရှုတ်ချတော့သည်။
နှလုံးသား နှင့် စိတ်ဖြူစင်သူက ဆိုးယုတ်သော အရာများကို ဆွဲဆောင်နိုင်သည်ဟူသော ဆိုရိုး ရှိဖူးသည်။
စာလေ့လာခြင်းကို စိတ်ဝင်စားသော မြေပဲလေးက သွေးအေးရက်စက်သော တစ္ဆေကို ဆင့်ခေါ်မိသည်။
ထိုတစ္ဆေက မကျေနပ်သော ခံစားချက်များဖြင့် သေဆုံးခဲ့၍ မျက်လုံးများက နီရဲတောက်နေသည်။
သို့သော်လည်း ၆၀အထက်တန်းကျောင်း၏ ခေါင်းဆောင် ဆရာမဖန်က သူမ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရန် ဆိုးယုတ်သော တစ္ဆေကို ဖယ်ရှားပေးခဲ့သည်။
တစ်ခန်းလုံးနီးပါးက သူတို့လက်ထဲ ရောက်နေသော ကုန်ကြမ်းပစ္စည်းများဖြင့် အဆောင်ကို အောင်မြင်စွာ စီရင်နိုင်ခဲ့သည်။
ဝမ်လင်း တစ်ဦးတည်းကသာ တက်ကြွမှုမရှိဘဲ ဖြစ်နေသည်။
သူက ဤကျွမ်းကျင်မှုကို မိခင်၏ ဝမ်းဗိုက်ထဲမှာတည်းက တတ်မြောက်ခဲ့ပြီးသား ဖြစ်၏။
အဆောင် စီရင်ရန်မှာ သူ့အတွက် အနည်းငယ်မျှ မခက်ခဲပေ။
သူသာ တကယ်တမ်း ရေးဆွဲလျှင် သူရေးဆွဲသော သာမန်အဆောင်ကပင် ဤကျောင်းရှိ ဆရာအားလုံး၏ ဝိညာဉ်စွမ်းအား ပေါင်းစည်းပြီး ရေးဆွဲထားသော အဆောင်ထက် သာလွန်လိမ့်မည် ဖြစ်သည်။
သူ့ကို တက်ကြွမှုမရှိ ဖြစ်စေသည့် အဓိက အကြောင်းအရင်းမှာ သူ ထုတ်လိုက်သော ဝိညာဉ်စွမ်းအားကို မထိန်းချုပ်နိုင်မည့် အချက် ဖြစ်သည်။
စားပွဲပေါ် ရှိနေသော ကုန်ကြမ်းလေးမျိုးကို ငေးစိုက်ကြည့်ရင်း ဝမ် လင်း တစ်ယောက် အတွေးရေယာဥ်ကြောထဲ နစ်မြောနေမိသည်။
သူ ဆင့်ခေါ်မိသော ဝိညာဉ်က မည်သို့သော ဝိညာဉ်မျိုး ဖြစ်နေမလည်း သူကိုယ်တိုင်လည်း မသိပေ။