← Chapters

၆၀ အထက်တန်းကျောင်း၏ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီ

Vol. 1 Ch. 8

၆၀ အထက်တန်းကျောင်း၏ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီ

Vol. 1 Ch. 8

အမှတ် ၆၀ အထက်တန်းကျောင်း နယ်မြေက သုဿန်မြေ ဖြစ်ခဲ့သည့် ဇာတ်လမ်းကို လူတိုင်း ကြားသိဖူးကြသည်။

ဤသတင်းက အမှန်လော အမှားလော ဝမ်လင်းကိုယ်တိုင် တရားဝင် မစစ်ဆေးဖူးသော်လည်း သူ နင်းလျှောက်နေသော မြေပြင်က သုဿန်မြေ ဖြစ်ခဲ့ဖူးလိမ့်မည်ဟု သူ အတပ်ပြောနိုင်သည်။

သုဿန်မြေ၏ တန်ကြေးက နိမ့်ပါးလွန်းပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ခန့်က ပညာရေး အစိုးရဌာနထံမှ ဤမြေကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ၆၀ အထက်တန်းကျောင်းကို ဤမြေပေါ်တွင် တည်ဆောက်ခဲ့သည်။

ဤအတွေးကြောင့် ဝမ်လင်း၏ ဆံပင်များက အဆုံး ထိတိုင် ထောင်မတ်သွားခဲ့သည်။

ထို့ကြောင့်လည်း ဝမ်လင်း တွေဝေနေခြင်း ဖြစ်၏။

အကယ်၍ သူသာ ထူးဆန်းသော ဝိညာဉ်ကို မတော်တဆ ဆင့်ခေါ်မိလျှင် ဆရာမဖန် ရင်ဆိုင်ရ ခက်ခဲမည်ကို စိုးရိမ်နေမိသည်။

ဝမ်လင်း၏ တုံ့ဆိုင်းနေသော အပြုအမူကြောင့် ဆရာဖန်က လက်နှစ်ဖက် နောက်ပစ်ကာ သူ့ဆီသို့ ဟန်ပါပါ လျှောက်လာသည်။

သူမ၏ စိတ်ထဲတွင် ဝမ်လင်းက ကံကောင်းလွန်း၍ လက်ရွေးစင် အတန်းရောက်လာသည့် အရည်အချင်း မရှိသူဟု တွေးနေမိသည်။

"ဟိုကျောင်းသားလေး ဘာလို့ အဆောင် မရေးဆွဲသေးတာလဲ.. စောစောတုန်းက ရှင်းပြတာကို နားမလည်လို့လား.. ပြန်လမ်းညွှန်ပေးရဦးမလား"

ဆရာမဖန်၏ စကားက ဝမ်လင်း၏ ဉာဏ်ရည်ကို စော်ကားသလို ဖြစ်နေသည်။

ဝမ်လင်းက ဆရာမဖန်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် ကြည့်လိုက်သည်။

ဤကိစ္စက သေခြင်း၊ ရှင်ခြင်းနှင့် သက်ဆိုင်နေသော ကိစ္စဖြစ်နေသည်ကို သူမအနေဖြင့် မည်ကဲ့သို့ သိနိုင်မည်နည်း။

သို့သော်လည်း ဤအခြေအနေမျိုးတွင် ယခင်ကလို ဆုံးဖြတ်ချက် တစ်မျိုးတည်း မချမှတ်နိုင်ပေ။

သိုသိပ်စွာ နေထိုင်ခြင်းက အရေးကြီးသော်လည်း တခြားသူများက သူ့ကို အရှုံးသမားဟု လက်ညိုးထိုးကြမည်ကို မလိုလားချေ။

ဝမ်လင်းက အဝါရောင် အဆောင်စာရွက်ကို မျက်တောင် မခတ် ငေးစိုက်ကြည့်ရင်း သက်ပြင်းချကာ စုတ်တံကို မြှောက်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့ဝိညာဉ်စွမ်းအား ထုတ်လွှင့်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်သာ မျှော်လင့်နေမိသည်။

အဆောင် ရေးဆွဲခြင်း ပြီးဆုံးပြီနောက် ဝမ်လင်း အသက်အောင့်ထားမိသည်။

သူ့ဘေးပတ်ဝန်းကျင်မှ လူအားလုံးကမူ ပွဲကောင်းလေးကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။

တခြားသူများကဲ့သို့ပင် ဝမ်လင်း၏ အဆောင်စာရွက်က လေထဲသို့ လွင့်မျောသွားပြီး တောက်ပစွာ လင်းလက်နေသည်။

ထိုနောက် ကြောက်ခမန်းလိလိ မိုးပြာရောင် အရိပ်ကြီးက လူတိုင်း၏ အရှေ့တွင် ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ဆရာမဖန်.. ဝမ်လင်း နှင့် ဘေးပတ်ဝန်းကျင်မှ ကျောင်းသားအားလုံး ကြက်သေ သေသွားကြသည်။

ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးကို ဤနည်းလမ်းဖြင့် ဆင့်ခေါ်နိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းအတွက် ဤတစ်ကြိမ်က ကောင်းကင်ဝါးမြိုဖားပြုပ်ကြီးနှင့် တတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

ဝမ်လင်း၏ စွမ်းအားဖြင့် ဝိညာဉ်စွမ်းအားကို ကောင်းမွန်စွာ မထိန်းချုပ်နိုင်လျှင်ပင် အင်ပါရာအဆင့်ဝိညာဉ်ကို ဆင့်ခေါ်နိုင်စွမ်း ရှိ၏။

၆၀ အထက်တန်းကျောင်းဝင်းထဲတွင်မူ အဆင့်အမြင့်ဆုံး ဝိညာဉ်က ဤမကောင်းဆိုးဝါး ဖားပြုပ်ကြီး ဖြစ်နေသည်။

ဤမကောင်းဆိုးဝါးကြီး၏ ဝိညာဉ် ချိတ်ပိတ် ခံရပြီးနောက် သူ့ဝိညာဉ်၏ ငွေရောင်အပိုင်းအစ တချို့က ချုပ်နှောင်မှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အနည်းငယ် အားထုတ်ရုံဖြင့် ဝမ်လင်းက သူ့ကို ဤနေရာသို့ ဆင့်ခေါ်နိုင်ခဲ့သည်။

သနားစရာကောင်းသော ဖားပြုပ်ကြီးမှာ နှလုံးသားများ တစ်စစီ ကျိုးပဲ့နေရသည်။

ဝမ်လင်းကို ငေးကြည့်ပြီး သူ၏ ဝိညာဥ် ခန္ဓာကိုယ်မှ ချွေးစေးများ မရပ်မနား ကျဆင်းလာသည်။

ဖားပြုပ်ကြီးမှာ ငိုချင်သော်လည်း ငိုစရာ မျက်ရည်ပင် ရှိမနေချေ။

ဝမ်လင်း၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒကို ခံစားမိ၍ သံသယဖြစ်ဖွယ်ကောင်းသော လှုပ်ရှားမှုကို ပြုမူမိလျှင် ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ သူ့အသက်ကို ဇီဝိန်ခြွေသွားလိမ့်မည် မဟုတ်ပါလား။

သူ၏ နောက်ဆုံး ကျန်ရှိသော ငွေရောင်ဝိညာဉ် အပိုင်းအစလေး မပျောက်ပျက်သွားစေရန် အလို့ငှာ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက သူ အနာဂတ်တွင် ရင်ဆိုင်ရမည့် သိက္ခာကျဖွယ် ဖြစ်ရပ်ကို လျစ်လျူရှုလိုက်သည်။

ထိုကြောင့် သူက အန္တရာယ် မရှိမှန်း ပြသနိုင်ရန် သာမန် ဖားတစ်ကောင်၏ အော်သံကို ထုတ်ဖော်လိုက်၏။

နံပါတ်၅အဆင့် မိစ္ဆာဘုရင် ဖြစ်ခဲ့ဖူးသော မကောင်းဆိုးဝါးဘုရင်ကြီးက အသက်ရှင်သန်ရေးအတွက် သိက္ခာကျဖွယ် လုပ်ရပ်ကို လုပ်ကိုင်လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ခဲ့ပေ။

ကောင်းကင်ဝါးမျို ဖားပြုပ်က နံပါတ်၅အဆင့် မိစ္ဆာဘုရင်၏ ဝိညာဉ် အကြွင်းအကျန် ဖြစ်သောကြောင့် လူအများစု၏ အမြင်တွင် ခက်ထန်ကြမ်းကြုတ်သော မကောင်းဆိုးဝါးကြီး အဖြစ် ရှိနေပါသေးသည်။

သို့သော်လည်း ဤကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက ထက်မြက်သဖြင့် သူ့အပေါ် မကောင်းသောအမြင် အားလုံးကို ချက်ချင်း ရှင်းလင်းနိုင်ခဲ့သည်။

"ကျောင်းသားဝမ်လင်းနဲ့ ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက ဆုံတွေ့ဖို့ ကံကြမ္မာပါလာပုံပဲ"

ကောင်းကင်ဝါးမျို ဖားပြုပ်ကြီး ပေါ်လာပြီး စက္ကန့်၃၀ ကြာပြီးနောက်တွင် ဆရာမဖန် တစ်ယောက် စိတ်ရှုပ်ထွေးလာသည်။

သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ဤမကောင်းဆိုးဝါးကြီးကို မခုခံနိုင်မှန်း သိနေသည်။

သို့သော်လည်း ဖားက အသံပေးလိုက်၍ သူမ အနည်းငယ် စိတ်အေးသွားရသည်။

ထို့ကြောင့် သာမန် ဖားဝိညာဉ်လောက်ကို သူမ ကြောက်လန့်နေရန် မလိုအပ်ချေ။

"မစိုးရိမ်ပါနဲ့ ကျောင်းသားတို့ရေ.. ဒီမကောင်းဆိုးဝါးက ပြန်တိုက်ခိုက်ဖို့တောင် တော်တော် အားနည်းနေတယ်.. ဆရာမက သူ့ကို ချိတ်ပိတ်လိုက်ပါ့မယ်"

ထိုစကားကို ပြောပြီးနောက် ဆရာမဖန်က အင်မော်တယ် လမ်းညွှန်မှုကို အသုံးချပြီး ဖားပြုပ်ကြီး၏ ဝိညာဉ် အပိုင်းစကို လက်တစ်ဖက်က ယူကာ ကျန်လက်တစ်ဖက်က ခွေးအရိုးကို ယူပြီး နှစ်ခုကို ပေါင်းစည်းလိုက်သည်။

ဝမ်လင်းက ရလဒ်ကို ကောင်းကောင်း သိနေခဲ့သည်။

အင်ပါယာအဆင့် မကောင်းဆိုးဝါးနှင့် အဆင့်နိမ့် ဖန်တီးမှုတို့က ဓာတုနည်းအားဖြင့် ပေါင်းစည်းသွားလိမ့်မည်။

မိစ္ဆာဘုရင်ကြီး၏ ဝိညာဉ်အကြွင်းကျန်က ခွေးအရိုးနှင့် ပေါင်းစည်းပြီး ကောင်းကင်ဝါးမျို ဖားပြုပ်က ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားလိမ့်မည်။

ယင်းက နှစ်ဖက်စလုံးအတွက် ကောင်းမွန်သည့် အခြေအနေဖြစ်သည်။

တစ်ဖက်တွင် မိစ္ဆာဘုရင်ကြီးက ခန္ဓာကိုယ်ရပြီး သေဆုံးပြီးနောက် အသားပျောက်သည်အထိ အစားခံရသော ခွေးကလေးကို အခွင့်အရေးပေးခြင်း ဖြစ်သည်။

ခွေးအရိုးဝိညာဉ်နှင့် သူ့ကို ပေါင်းစည်းခြင်းက သူ့စွမ်းအားကို လျော့ကျစေမှန်း မိစ္ဆာဘုရင် ဖားပြုပ်ကြီးက ကောင်းကောင်းသိနေသည်။

ယင်းက သူ့ကို ခွေးဘဝ အပြီးတိုင် ရောက်သွားစေလိမ့်မည်။

သူ့အနေဖြင့် ဘာဆိုဘာမှ မသိသလို ဆက်လက် ဟန်ဆောင်သင့်ပါသလော။

ဝမ်လင်းက ဖားပြုပ်ကြီး၏ နှလုံးသားထဲမှ ဆင်းသက်လာသော စကားသံများကို ကြားနေရသည်။

ဆရာမဖန်က သူ့သိက္ခာကို အဖတ်ဆယ်ချင်၍ ကျောင်းသားများရှေ့တွင် ဝိညာဉ်နှစ်ခုကို အတူတကွ ပေါင်းစည်းပြလိုက်ခြင်း ဖြစ်သည်။

"ဆရာမက မိစ္ဆာကို နှိမ်နင်းလိုက်ပြီ.. သူ့ဝိညာဉ်က ချိတ်ပိတ်ခံထားရပေမဲ့ သူ့ဝိညာဉ်အပိုင်းစက လွတ်ထွက်လာတာပဲ.. ဒါပေမဲ့ အခုတော့ ဘာမှ မဖြစ်တော့ဘူး.. သူက ခန္ဓာကိုယ် ရသွားတော့ ဝိညာဉ်စွမ်းအား အနည်းငယ်ကိုပဲ သုံးနိုင်တော့တယ်"

ဆရာမဖန်က ရှင်းပြလိုက်သည်။

"ဒီကနေ့က စပြီးတော့ သူ့ကို ငါတို့အတန်းရဲ့ လာဘ်ကောင်လေး အဖြစ် သဘောထားပေးပါ"

လူတိုင်း၏ မျက်စိရှေ့တွင် အစိမ်းရောင် အမွေးနှင့် ခွေးတစ်ကောင် ပေါ်လာသည်။

"အမ်.. ဂျပန်ခွေးပုံစံပါလား"

စွန်းရုံ ထအော်လိုက်သည်။

"ဒါပေမဲ့ ခွေးအရောင်က ထူးဆန်းနေတယ်.. ဘာလို့ အစိမ်းရောင် ဖြစ်နေတာလဲ"

"ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးနဲ့ ပေါင်းစည်းလိုက်လို့များလား"

ကြက်တူးရွေးလေးဒိုပီ၏ သခင်က မျက်မှန်ကို ပင့်လိုက်ပြီး သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဒီကနေ့ခေတ်မှာ ငါတို့တွေက ပုံပန်းသွင်ပြင် ကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်.. မင်းသာ ကြည့်ကောင်းရင် မင်းရဲ့အမွေးအရောင်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ"

ချန်းချောင်က ခွေးလေးကို ပျော်ရွှင်ကြည်နူးစွာ ကောက်ချီလိုက်ပြီး ခွေးကလေး၏ ပါးဖောင်းဖောင်းလေးများကို ဖျစ်ညှစ်လိုက်သည်။

"ငါတို့တွေ သူ့ကို နာမည်ပေးသင့်တယ်.. အူကြောင်ကြောင်ဖားပြုပ်(ထွင်ထျန်းဟာ)လို့ နာမည်ပေးရင်ရော"

ဝမ်လင်း"......."

ကောင်းကင်ဝါးမျို ဖားပြုပ်"......."

"ဟေ့ မင်းက အသံတိတ်လှချည်းလား.. မင်းက ဝုတ်ဝုတ်လို့ အော်သင့်တယ်လေ နားလည်လား.. အခု မင်းက ခွေးဖြစ်သွားပြီနော်.. ဖားမဟုတ်တော့ဘူး"

ကောင်းကင်ဝါးမျို ဖားပြုပ်"......."

ကောင်းကင်ဝါးမျို ဖားပြုပ် တစ်ဖြစ်လည်း ခွေးကလေးက အနီးနားတွင် ရှိသော ဝမ်လင်းကို တိတ်တဆိတ် ကြည့်လိုက်သည်။

ယနေ့မှစ၍ သူ၏အမည်က အူကြောင်ကြောင်ဖားပြုပ်(ထွင်ထျန်းဟာ)ဖြစ်သွားပြီ ဖြစ်၏။

သူ၏ ဘဝတွင် ဝမ်လင်းနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခြင်းက အဆိုးရွားဆုံး ဖြစ်ရပ်မှန်း ရုတ်တရက် သဘောပေါက်လိုက်မိသည်။

ဤအဖြစ်ပျက်ကို တွေးမိတိုင်း သူဒေါသထွက်မိသော်လည်း ဝမ်လင်း၏အရှေ့တွင်မူ ဟန်မပျက် ပြုံးနေခဲ့ရသည်။

All Chapters