← Chapters

အူကြောင်ကြောင်ဖားပြုပ် နှင့် ထုံအအ ကြက်တူရွေး

Vol. 1 Ch. 9

အူကြောင်ကြောင်ဖားပြုပ် နှင့် ထုံအအ ကြက်တူရွေး

Vol. 1 Ch. 9

ဤလောကကြီးထဲ၌ မှားယွင်းသော ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားရခြင်းမှာ ကြေကွဲဖွယ် အကောင်းဆုံး အဖြစ်အပျက် ဖြစ်၏။

သာဓကအနေဖြင့် ပြရမည်ဆိုလျှင် အနောက်ဘက်သို့ ခရီးသွားခြင်း ဇာတ်လမ်းမှ "ကျူးပါကျဲ"ကို ပြရမည်ဖြစ်သည်။

ယခုလည်း ကောင်းကင်ဝါးမျို ဖားပြုပ်ကြီးက ကျူးပါကျဲ၏ ခြေရာကို ထပ်တူ နင်းနေရသည်။

သူ့နောက်ဆုံး ကျန်ရစ်ခဲ့သော ဝိညာဉ်အပိုင်းအစလေးကို ထိန်းသိမ်းချင်၍ ဟန်ဆောင်ခဲ့မိရာမှ ခွေးဘဝသို့ လုံးလုံး ရောက်သွားခဲ့ရသည်။

မျိုးစိတ် မတူညီသော ဝိညာဉ် အမျိုးအစား နှစ်မျိုးကို ပေါင်းစည်းပြီး မျိုးစိတ်အသစ် ထွင်ခြင်းက သမိုင်းတွင်နိုင်သည့် တီထွင်မှု ဖြစ်၏။

ထွင်ထျန်းဟာ အတန်းသား အဖွဲ့ဝင် ဖြစ်လာပြီးနောက် အတန်းထဲတွင် လေထု ပတ်ဝန်းကျင်က ယခင်ကထက် ပို၍ ပေါ့ပါး သွက်လက်လာခဲ့သည်။

အတန်းချိန်ပြီးဆုံးတိုင်း ကျောင်းသားများက ထွင်ထျန်းဟာ၏ ပါးဖောင်းဖောင်းလေးကို ပွတ်သပ်ပေးသည့် အလေ့အကျင့်ကို လုပ်ဆောင်ကြသည်။

အရေးကြီးဆုံး အချက်အနေဖြင့် ပြောရလျှင် ထွင်ထျန်းဟာ ရောက်လာပြီးနောက် အတန်းသားများက ဝမ်လင်း၏ ဖြစ်တည်မှုကို ရုတ်တရက် မေ့ပျောက်သွားကြသည်။

ဤအခြေအနေကို ဝမ်လင်းက အတော်အတန် ကျေနပ်နေမိသည်။

ထို့ကြောင့်လည်း ထွင်ထျန်းဟာ(အူကြောင်ကြောင်ဖားပြုပ်လေး)ကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းခန့်တွင် ကြက်တူရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က ထွင်ထျန်းဟာကို ခွေးတစ်ကောင် ကဲ့သို့ ဟောင်တတ်အောင် သင်ကြားခြင်းဖြင့် အလုပ်ရှုပ်နေသည်။

ကော်ဟောက်၏ မိသားစုက ဝိညာဉ်သားရဲ ရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်သောကြောင့် ကောက်ဟောက်က ဝိညာဉ်သားရဲများကို လေ့ကျင့်ပေးရာတွင် ဝါသနာထုံသည်။

သို့တိုင် ထွင်ထျန်းဟာကို သင်ကြားပေးခြင်းက ထင်သလောက် မလွယ်ကူခဲ့ပေ။

ထွင်ထျန်းဟာကလည်း သူ့ဘဝ နောက်ပြန်လှည့်၍ မရတော့မှန်း သဘောပေါက်၍ နုံချိစွာ လဲလျောင်းနေသည်။

လူတိုင်းက ကော်ဟောက်၏ ကြိုးစားအားထုတ်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။

ရည်မှန်းချက် မြင့်မားသော ကော်ဟောက်က အတန်းချိန်ပြီးသည်နှင့် ထွင်ထျန်းဟာကို လေ့ကျင့်ပေးရန် နည်းလမ်းမျိုးစုံ သုံးခဲ့သည်။

သို့သော်လည်း ထွင်ထျန်းဟာက ခွေးတစ်ကောင်၏ အခြေခံ အပြုအမူဖြစ်သော ဟောင်ခြင်းကိုပင် မလုပ်ဆောင်တတ်ဘဲ ကြမ်းပြင်ပေါ်တွင် ပျင်းရိနုံခွေစွာသာ လှဲလျောင်းနေသည်။

ထို့ကြောင့် ကော်ဟောက်က သူ့သင်ကြားခြင်းတွင် မှားယွင်းသော နည်းလမ်းကို အသုံးပြုမိသည်ဟု တွေးလိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ ထွင်ထျန်းဟာမှာ ယခင်က ဂုဏ်သရေမြင့်မားသော အဆင့်ငါးဆင့်ရှိ မကောင်းဆိုးဝါး ဘုရင်ကြီး ဖြစ်သည်။

သူ့နေရာမှာ ကော်ဟောက် ဆိုလျှင်လည်း ခွေးတစ်ကောင်လို မည်ကဲ့သို့ ပြုမူချင်မည်နည်း။

သူသည်လည်း အလွန်အမင်း အရှက်ရသော ခံစားချက်ကို ခံစားရပေလိမ့်မည်။

ထို့ကြောင့် ဉာဏ်ထက်သော ကော်ဟောက်က အကြံသစ်တစ်ခု ရုတ်တရက် ရလာသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ကော်ဟောက် တစ်ယောက် ရုပ်ပုံကားချပ် တစ်ချပ် ယူဆောင်လာခြင်းကို လူတိုင်း မြင်တွေ့ခဲ့ရသည်။

ယင်းနောက် ကော်ဟောက်က ထိုကားချပ်ကို အနောက်ဘက် တံခါးတွင် ချိတ်ဆွဲထားလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် အားလုံး၏ မေးရိုးများ မြေပေါ်သို့ ပြုတ်ကျသွားရသည်။

"ခွေးနတ်ဘုရား ရုပ်ပုံကားချပ်ပါလား"

ကော်ဟောက်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး ထွင်ထျန်းဟာကို ရုပ်ပုံကားချပ် ချိတ်ထားသော နေရာသို့ ခေါ်လာသည်။

ထို့နောက် ကားချပ်ထဲမှ ထောင့်တစ်နေရာကို ညွှန်ပြလိုက်၏။

"မြင်လား.. ဒါက ကောင်းကင်ဘုံခွေး.. ခွေးနတ်ဘုရားတွေပဲ.. မင်းလို မကောင်းဆိုးဝါးဘုရင် အဆင့်နဲ့ မတူဘူး.. ဒါကြောင့် အခုကစပြီး မင်းရဲ့ ရည်မှန်းချက်က ဒါပဲ ဖြစ်သင့်တယ်"

ထွင်ထျန်းဟာ"........"

ပတ်ဝန်းကျင်မှလူများ"......."

အဆုံးသတ်တွင် လိုချင်သော ရလဒ် မရခဲ့၍ ကော်ဟောက် ကိုယ်စား လင်းရှောင်ယုက ထွင်ထျန်းဟာကို ဆက်လက် လေ့ကျင့်ပေးခဲ့သည်။

သူမက ဝမ်လင်း သတိထား ဆက်ဆံရမည့် ဆဌမမြောက် ပုဂ္ဂိုလ်လည်း ဖြစ်သည်။

သူမက ဆရာမဖန်ထက် ပို၍ ကြောက်လန့်စရာ ကောင်း၏။

အကြောင်းမူကား သူမသည် ဝါရင့်ဖူဂျိုရှီ ဖြစ်နေ၏။

တစ်စုံတစ်ယောက် (ဝါ) တစ်စုံတစ်ရာက အထီး (ဝါ) အမျိုးသား ဖြစ်နေခဲ့လျှင် သူမက အထက်ငနဲ နှင့် အောက်ငနဲကို အတိအကျ ဆုံးဖြတ်နိုင်သည်။

ကြက်တူရွေးလေး ဒိုပီ၏ သခင် ကော်ဟောက်က ထွင်ထျန်းဟာကို ချော့ချော့မော့မော့ လေ့ကျင့်ပေးနေ၍ သူမက ကြက်တူရွေးလေး နှင့် ထွင်ထျန်းဟာကို အောင်သွယ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ဦးတွင် မည်သူက အထက်ငနဲ ဖြစ်သည် မည်သူကအောက်ငနဲ ဖြစ်သည်ကို သူမက ဆုံးဖြတ်နေသည်။

ရှောင်ယုက ထွင်ထျန်းဟာကို သန်မာကြံ့ခိုင်သော အထက်ငနဲ အယောင်ဆောင် ထားသော အောက်ငနဲဟု ယူဆသည်။

အတန်းချိန် ပြီးဆုံးသည့် နောက်ပိုင်းတွင် လင်းရှောင်ယုက ထွင်ထျန်းဟာ၏ ဆန္ဒကို ဆန့်ကျင်ပြီး အောင်သွယ် စကားများကို ပြောဆိုလေ့ရှိသည်။

"ဟိုအရင်တုန်းကဆို ကြက်နဲ့ ခွေးကို စုံတွဲလို့ အသိအမှတ်ပြုခဲ့ကြတယ်.. ဒါကြောင့်မို့ ကြက်နဲ့ မိတ်လိုက်မယ် ဆိုရင်လည်း ရတယ်နော်"

ထွင်ထျန်းဟာ"........ "

"ကြက်နဲ့ မိတ်လိုက်ရမယ်.. ဟုတ်လား.. ဟိုကောင်က ကြက်တူရွေးဆိုတာ အသိအသာကြီးလေ"

ရှောင်ယုက အဓိပ္ပါယ်မဲ့သော စကားများကို ထပ်တလဲလဲ ပြောဆိုနေ၍ ထွင်ထျန်းဟာ ဒေါကန်လာသည်။

ထို့ကြောင့် 'ဝုတ်'ဟု ထဟောင်လိုက်သည်။

သူ၏ စိတ်ဝိညာဉ်က ခွေးသဘာဝကို မဖော်ပြချင်သော်လည်း ခန္ဓာကိုယ်၏ ကြွက်သားများ နှင့် မှတ်ဉာဏ်ကို ပြောင်းလဲနိုင်စွမ်း မရှိပေ။

ထွင်ထျန်းဟာကို ရန်စခြင်း နည်းလမ်းဖြင့် သူတို့အားလုံး လိုချင်သော ရလဒ် ရခဲ့၍ လင်းရှောင်ယု တမင်တကာ ခနဲ့လိုက်သည်။

"သေချာပြီ.. ဒီကောင်က အပေါ်ယံကြည့်ရင် အေးစက်စက်နိုင်တယ်လို့ ထင်ရပေမဲ့ ကြင်နာတဲ့ နှလုံးသားရှိတဲ့ အောက်ငနဲပဲ"

ထွင်ထျန်းဟာ"........"

လက်ရှိအချိန်တွင် ဝမ်လင်း ကျောင်းတက်ခြင်း တစ်ပတ်ပြည့်ခဲ့ပြီ ဖြစ်သည်။

သူ့အထက်တန်း ကျောင်းသားဘဝ အစီအစဉ်ကို သွေဖယ်ပြီး ရူးကြောင်ကြောင် အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသည်။

သူ မတက်သင့်သည့် အတန်းကို တက်ရပြီး မတွေ့ချင်သူများနှင့် တစ်တန်းတည်း အတူနေရသည်။

သို့တိုင် ငြိမ်သက်အေးချမ်းသော ပတ်ဝန်းကျင်ဟု မှတ်ယူနိုင်ပါသေးသည်။

အဘယ်ကြောင့်ဆိုသော် ထွင်ထျန်းဟာတို့ စုံတွဲကို စိတ်ဝင်စားနေကြ၍ သူ၏ ဝင်ခွင့် ရမှတ်ကို စိတ်ဝင်စားသူ လျော့ပါးလာခဲ့သည်။

သို့သော်လည်း ကောင်းမွန်သော အချိန်များက မကြာလိုက်ပေ။

ပြဿနာက သူ့ရှေ့မှောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြန်သည်။

သောကြာနေ့ ကျောင်းဆင်းချိန်တွင် ဝမ်လင်းက မူမမှန်သော ခံစားချက်ကို ခံစားနေမိသည်။

တစ်စုံတစ်ယောက်က သူ့နောက်သို့ နောက်ယောင်ခံ လိုက်နေမှန်း နားလည်လိုက်သည်။

သူ၏ အာရုံခံစားနိုင်စွမ်းမှ တဆင့် သူ့ကို ကြည့်နေသော ရန်လိုသည့် အကြည့်ကို ခံစားမိသည်။

ယင်းအဖွဲ့က အဆင့်မြင့်နည်းလမ်းများကို အသုံးချပြီး သူ့နောက်သို့ လိုက်လာသည်။

၎င်းတို့က အဆင့်တန်းမြင့်မားသည့် ခြေရာခံပစ္စည်းများ နှင့် ၎င်းတို့၏ အော်ရာကို ဖုံးကွယ်ကို အဆောင်မျိုးစုံကို အသုံးပြုထားသည်။

ကံဆိုးစွာဖြင့် ဤခိုးကြောင်ခိုးဝှက်နည်းလမ်းက ဝမ်လင်း၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်စွမ်း မရှိပေ။

သူ့မျက်လုံးများက အရည်အသွေး အမြင့်ဆုံး လေဆာစက် ထက်ပင် အာရုံခံစားနိုင်စွမ်း ရှိပြီး သူ့နားနှစ်ဖက်က ကမ္ဘာမြေကြီး၏ နက်ရှိုင်းသော အပိုင်းမှ ထွက်လာသော အသံကိုပင် ကြားနိုင်စွမ်း ရှိသည်။

သူ၏ စိတ်ဖတ်နိုင်သော စွမ်းရည်ဖြင့် ကမ္ဘာမြေပေါ်ရှိ လူတစ်ဦးချင်းစီ၏ စိတ်ကို ဖတ်နိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူ့လက်ရှိ အဆင့်ကို ယှဉ်နိုင်သူ မရှိပေ။

"သခင်လေး.. ပစ်မှတ်က ကျောင်းဂိတ်က ထွက်လာပါပြီ"

အနက်ရောင် မျက်မှန်ကိုင်း နှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက ဟွားရှို့နိုင်ငံ၏ နောက်ဆုံးပေါ် ကားအနားသို့ လာကာ သတင်းပို့လိုက်သည်။

ထို့နောက် ကား၏ မှန်ပြတင်းပေါက်က တစ်ဝက် ဖွင့်ဟလာပြီး ကားထဲမှ ကြည်လင် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"သူ့အိမ်လိပ်စာရအောင် သူ့နောက် ဆက်လိုက်ပါ.. သဲလွန်စ မကျန်စေနဲ့.. သတိမထားမိစေနဲ့"

"ဟုတ်ကဲ့ပါ သခင်လေး"

"ဒါပေမဲ့ သခင်လေးကို သတင်းပို့နေတုန်း ပစ်မှတ်က ပျောက်သွားပြီ"

"ပျောက်သွားပြီ ဟုတ်လား"

"ဘာလို့များ သခင်လေးက အဲဒီလူနောက်ကို ဇွဲကောင်းကောင်းနဲ့ လိုက်နေရတာလဲ"

ကားပြတင်းပေါက်နား ထိုင်နေသော လူငယ်က သက်ပြင်းချသည်။

"မင်းတို့ ငါ့ခံစားချက်ကို နားမလည်ပါဘူး"

ဝမ်လင်းကို ရှာဖွေရန် အချိန် ၆နှစ် ကုန်ဆုံးခဲ့ရသည်။

သူက လွန်ခဲ့သော ၆နှစ်ခန့် မကောင်းဆိုးဝါး သောင်းကျန်း ခဲ့သော ကာလ နောက်ပိုင်းကတည်းက ဝမ်လင်း၏ နောက်ကြောင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့သည်။

ယခုမှသာ သတင်းအစအန အနည်းငယ်ကို စုံစမ်းမိခြင်း ဖြစ်သည်။

"ဘာလို့များ အဲဒီလူကို လိုက်ရှာနေတာလဲ"

ကားထဲမှ လူက သက်ပြင်းချ၍ ရှင်းပြလိုက်သည်။

"သူက ငါ့ဆရာ ဖြစ်နေလို့ပဲ"

"ဘယ်လို.. သူက သခင်လေးရဲ့ ဆရာ ဟုတ်လား"

သတင်းလာပို့သူနှင့် ကားဒါရိုက်ဘာတို့၏ မျက်နှာများတွင် အလွန်တရာ အံ့ဩသော အမူအရာများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသည်။

ကားထဲမှာ တခြားသူ ရှိနေသေးလျှင်လည်း သူတို့နှင့် ထပ်တူ ခံစားရလိမ့်မည်သာ။

သခင်လေး(ဝါ) ဤလူငယ်က တခြားသူ မဟုတ်နေပေ။

ကျင့်ကြံခြင်းကျောင်း ၁၀၀ကို အုပ်ချုပ်ရသော လက်ထောက်ညွှန်ကြားရေးမှူးချုပ်၊ အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသားဟောင်း၊ ကမ္ဘာမြေကြီးကို ကယ်တင်ခဲ့သော ကျော်ကြားသည့် သူရဲကောင်းကြီး ကျိုးရီပင် ဖြစ်၏။

All Chapters